စက်တင်ဘာလ တတိယပတ် အတွင်းမှာ စာရေးဆရာ ညီပုလေးက ကျနော့်ဆီ ဖုန်းဆက်တယ်။ မန္တလေး တက္ကသိုလ် ဘူမိဗေဒဌာနက အငြိမ်းစားဆရာကြီး ဦးဘမော်ကို သူငယ်ချင်းတွေနဲ့ အတူ ကန်တော့ကြမှာမို့ လိုက်ခဲ့ဖို့ အဖော်ညှိတယ်။ ညနေပိုင်း ၃ နာရီမှာ ဆရာဦးဘမော်အိမ်မှာ ဆုံကြဖို့ ကျနော်တို့ ပြောဖြစ်ကြတယ်။
ဆရာဦးဘမော်အိမ်က မင်္ဂလာလမ်း (၇၃ လမ်း) ပေါ်မှာ ရှိပြီး ချမ်းအေးသာစံမြို့နယ် မင်္ဂလာဈေး၊ ဆေးတက္ကသိုလ်၊ ဗထူးကွင်း စတဲ့နေရာတွေနဲ့ နီးလို့ နေရာအကွက်အကွင်း ကောင်းတယ်။ ဆရာ့အိမ် ကျနော်ရောက်တော့ ဘူမိဗေဒ တပည့်ဟောင်းတွေက ဆရာဦးဘမော်အနီးမှာ ထိုင်နေကြတယ်။
ခဏနေတော့ စာရေးဆရာညီပုလေး ဆိုင်ကယ် တစီးနဲ့ ရောက်ချလာတယ်။ စာရေးဆရာ ညီပုလေးနဲ့ သူ့မိတ်ဆွေတွေ က ဘူမိဗေဒပါမောက္ခ အငြိမ်းစား ဆရာဦးဘမော်ကို ကန်တော့ကြတာပါ။ မန္တလေး တက္ကသိုလ်ထွက် ဘူမိဗေဒ စာရေးဆရာတွေက အများသား။ ညီပုလေး၊ ကိုရိုးကွန့်၊ ဦးဘုန်း (ဓာတု) တို့က မန္တလေးတက္ကသိုလ် ဘူမိဗေဒ ကျောင်းဆင်းတွေ ဖြစ်ကြတယ်။ စာရေးဆရာ ညီပုလေးက တက်ရောက်လာတဲ့ မြို့ခံသတင်းသမားတွေကို ဆရာ ဦးဘမော်နဲ့ မိတ်ဆက်ပေးတယ်။
ဆရာ ဦးဘမော်အကြောင်း ပရိုဖိုင်းရေးဖို့ ဆုံးဖြတ်ရတာ ကျနော့်အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားမှုတခုပဲ။ ဆရာ့လို ပညာရပ်နယ်ပယ်မှာ ကမ္ဘာက အသိအမှတ်ပြု ထားတဲ့ ပညာရှင်တယောက်ကို ရေးဖို့ အတွက် ဖတ်ထား မှတ်ထားတာတွေ ပြန်ဖော်ရတယ်။ စာရေးဆရာ မောင်သစ်ဆင်းက သင့်ဘဝ မဂ္ဂဇင်း ၁၉၉၅ ခုနှစ် စက်တင်ဘာလ ထုတ်မှာ အံသွားနှစ်ချောင်း၏ အတ္ထုပ္ပတ္တိဆိုပြီး လူရဲ့မူလ ဇာစ်မြစ် နေရာအကြောင်း မျက်နှာဖုံးဆောင်းပါးထဲမှာ ဆရာဦးဘမော်ရဲ့ တွေ့ရှိချက်တွေ ထည့်သွင်းရေး သားခဲ့ဖူးတယ်။
စာရေးဆရာ ကျော်ရင်မြင့်ကလည်း မော်ဒန်ဂျာနယ်ရဲ့ ဘဝဇာတ်ခုံကဏ္ဍမှာ ကမ္ဘာကျော် ပေမယ့် မြန်မာ မကျော်တဲ့သူ ဆိုတဲ့ ဆောင်းပါး ၂၀၁၃ ခုနှစ် ဩဂုတ်လ ၃၀ ရက်ထုတ် ဂျာနယ်မှာ ရေးသားခဲ့သေးတယ်။
အသက် ၈၀ ကျော် အငြိမ်းစား ပါမောက္ခ ပညာရှင်တယောက်ရဲ့ ဘဝနေဝင်ဆည်းဆာ ဖြတ်သန်းမှုကို ကျနော် စိတ် ဝင်စားတယ်။ အဲဒီလို နေဝင် ဆည်းဆာချိန် ရောက်နေတဲ့ ပညာရှင်တွေရဲ့ နိုင်ငံအတွက် မျှော်လင့်ချက်က ဘာဖြစ်မလဲ ကျနော် မေးကြည့်ချင်တယ်။
ဆရာ့အိမ်မှာ နိုင်ငံတကာက ပေးတဲ့ ဂုဏ်ပြုလက်မှတ်တွေကို တိုက်နံရံမှာ မှန်ပေါင်သွင်း ချိတ်ဆွဲထားတယ်။ ကျနော်တို့ ဓာတ်ပုံမှတ်တမ်း တင်ဖို့ ကင်မရာထုတ်တော့ တိုက်ပုံအဖြူရောင်လေး ကပျာကယာ ဝတ်ပေးရှာတယ်။ ဆရာက မုံရွာဒေသ ကြာပိုင်ရွာသား တယောက်ဖြစ်ပေမယ့် ကမ္ဘာသိ ပညာရှင် ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀ က ရုပ်ကြွင်းကို ရှာဖွေနိုင်ခဲ့တဲ့ မြန်မာပညာရှင် တယောက်ဖြစ်တယ်။ အာဖရိကမှာ ပညာရှင်တွေ တွေ့တဲ့ ရုပ်ကြွင်း ထက် နှစ် ၁၀ သန်းလောက် စောတဲ့ ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်တယ်။
ဆရာ ဦးဘမော်ကို ကိန်းဘရစ်တက္ကသိုလ်က International Man of the Year အဖြစ် ၁၉၉၉ ခုနှစ်မှာ သတ်မှတ်ခဲ့ တယ်။ နိုင်ငံတကာ အတ္ထုပ္ပတ္တိ ပြုစုရေး စင်တာက ၂၀ ရာစုအတွင်း ထင်ရှားတဲ့ သိပံ္ပပညာရှင် ၂၀ဝ၀ စာရင်းမှာ ဆရာဦးဘမော် ထည့်သွင်း ခံခဲ့ရတယ်။ အမေရိကန်ပြည်ထောင်စု အခြေစိုက် စမစ်ဆိုနီးယန်း အင်စတီကျု (Smithsonian Institute) က ရွှေတံဆိပ် ချီးမြှင့်ခံရတဲ့သူ ဖြစ်တယ်။ စမစ်ဆိုးနီယန် အင်စတီကျုက ပညာရှင်တွေ အချင်းချင်းကြားမှာ မော့ကြည့်ရတဲ့ အထိ အစဉ်အလာရှိတဲ့ အင်စတီကျုဖြစ်တယ်။
ဆရာကြီးရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေကြောင့် တွေ့ဆုံမေးမြန်းမှုကို အကြာကြီး လုပ်ခွင့် မသာခဲ့ဘူး။ ဆရာကြီးနဲ့ တွေ့ဆုံခဲ့တာတွေ ထဲက တချို့ကို ကောက်နုတ် ဖော်ပြ လိုက်ပါတယ်။
“ကျနော့်ကိုမွေးတာ မုံရွာမြို့နယ်ထဲက ကြာပိုင်ရွာ။ မုံရွေး – ကြေးမုံ အနီးမှာ ရှိတယ်။ ၁၉၃၅ ခုနှစ်မှာ မွေးတယ်။ အဖေက ဦးထွန်းမြိုင်၊ အမေက ဒေါ်အေးတင်။ မွေးချင်းတွေထဲမှာ ကျနော်က အကြီးဆုံး။ မူလတန်းကျောင်းကတော့ ရွာဘုန်းကြီးကျောင်းမှာ နေခဲ့ရတာပါပဲ”
ဆရာကြီးက သူ့မြေးအရွယ် ကျနော်တို့ကို လေးလေးစားစား ပြောနေတာနားထောင်ရတော့ ကျောချမ်းမိတယ်။ သူက ပြောရိုးပြောစဉ် ပြောသလို လေသံ ခပ်အေးအေးနဲ့ ပြောနေတာပါ။ ကျနော်တို့ ဆရာကြီးစကားကို အာရုံစိုက် နားထောင်နေမိတယ်။
“အလယ်တန်း ရောက်တော့အဖေ့ဇာတိ ချောင်းဦးက High School ကိုသွားနေတယ်။ ကိုးတန်းနှစ်မှာ မုံရွာ အမျိုးသားကျောင်း ပြောင်းတက်တယ်။ ဆယ်တန်းလည်း အဲဒီကျောင်းက အောင်ခဲ့တာပါ။ ကျနော်က ရွာသားဆိုတော့ တောအလုပ်တွေ လုပ်ရတယ်။ တခါတော့ တောသွားရင်း ချော်လဲပါ လေရော။ အဖေ့ကို တောင်သူတော့ မလုပ်ပါရစေ နဲ့၊ ပညာပဲ သင်ပါရစေလို့ ပြောလိုက်တယ်”
ဆရာကြီး သူ့အဖေကို ပညာပဲ သင်တော့မယ် ဆိုတဲ့အကြောင်း ပြောနေတဲ့ ဟန်ကိုကျနော် မြင်ယောင်မိတယ်။ ဆက်ပြီး ဆရာ့ရဲ့ တက္ကသိုလ်ဘဝကို ကျနော်မေးခွန်း ထုတ်တယ်။
“မန္တလေးတက္ကသိုလ်မှာ ၂ နှစ် တက်တယ်။ ရန်ကုန်တက္ကသိုလ်မှာ ၂ နှစ် တက်တယ်။ ၁၉၆၀ ခုနှစ်မှာ ဘီအက်စီ ဘွဲ့ ရတယ်။ ကျောင်းပြီးဘွဲ့ရတော့ တက္ကသိုလ်မှာ ကျူတာလုပ်ဖို့ လျှောက်တော့ ရတယ်။ ၁၉၆၈ ခုနှစ်မှာ အမ်အက်စ်စီ ဘွဲ့ ထပ်ရတယ်”
မန္တလေး တက္ကသိုလ်ရဲ့ ဘူမိဗေဒ မဟာဘွဲ့ရတဲ့ ပထမသုတ် ကျောင်းသားတွေထဲမှာ ဆရာကြီး ပါတယ်လို့ ဘေးနားမှာရှိနေတဲ့ တပည့်ဟောင်း တယောက်က ဝင်ပြောတယ်။ ဆရာဦးဘမော်ရဲ့ မန္တလေးတက္ကသိုလ် ဆရာ ဘဝမှာ ကျောင်းသားတွေနဲ့ ကွင်းဆင်းခဲ့တဲ့ အတွေ့အကြုံတွေ ကျနော်မေးတယ်။
“၁၉၇၈ ခုနှစ် ဧပြီလမှာ ကျောင်းသား ၉ ယောက်နဲ့ ကျနော် ပုံတောင်ဒေသ မိုးကောင်းရွာအနီး သံတောင်ဒေသမှာ ပရိုင်းမိတ် ရုပ်ကြွင်းတွေ ရခဲ့ တယ်။ ဧပြီ ၁၂ ရက်နေ့မှာ ပုံတောင်ဂျီးယား ရုပ်ကြွင်း အံသွားနဲ့ ဧပြီ ၁၃ ရက်နေ့မှာ မိုးကောင်း ဂျင်းနစ်ရုပ်ကြွင်း အံသွားတွေကို ဆက်တိုက် တွေ့ခဲ့ရတယ်။ ကျစ်မြေတွေထဲမှာ တွေ့ခဲ့ရတာ။ ကျစ်မြေ ဆိုတာ မြေနီတွေ ချောင်းဘေးမှာ ပေါ်နေရင်း တွေ့ခဲ့ရတာ။ အခုခင်ဗျားတို့ကို လက်ခံစကားပြော သလောက်ပဲ ကြာတာ။ (ကျနော်တို့ စကားပြောနေ တာ မိနစ် ၂၀ လောက် ရှိနေပြီ)။ စားထားတဲ့ သစ်ရွက် အစအနတွေတောင် ဒီအတိုင်း ကျောက်ဖြစ်နေတာ။ ကျနော် တွေ့ခဲ့တဲ့ မေးရိုးခွံနှစ်ခုက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀ က ပရိုင်းမိတ်တွေ ပါပဲ။ အဲဒီ ပုံတောင်ဒေသကို ဘူမိဗေဒ တိုင်းတာမှု လုပ်ငန်းတွေ ၁၉၁၆ ခုနှစ် ဝန်းကျင်မှာ ဘူမိဗေဒပါမောက္ခ ဒေါက် တာ ကော့တာ (G. Dc. P. Cotter) ကွင်းဆင်းခဲ့ဖူးပြီး ကျောက်ဖြစ်ရုပ်ကြွင်း အနည်းငယ် ရခဲ့ဖူးတယ်။ ဆရာဦးဘမော် ၁၉၇၈ ခုနှစ်မှာ တွေ့ရတဲ့ ပရိုင်းမိတ်က ဒေါက်တာကော့တာ တွေ့ခဲ့တာထက် ပိုပြည့်စုံတယ်”
“ဆရာကြီး နှစ်သန်းပေါင်းလေးဆယ်လို့ ဘာကြောင့် ပြောနိုင်တာလဲဗျ” လို့ ကျနော် မေးခွန်းထုတ်တော့ ဆရာကြီးက ခပ်အေးအေးပဲ ရှင်းပြတယ်။
“သက်တမ်းဖော်ပြတဲ့ နည်းစနစ်တွေ အများကြီးရှိတယ်။ ကာဗွန်စမ်းသပ်နည်း၊ ပိုတက်စီယမ် အာဂွန် စမ်းသပ်နည်း၊ ရေဒီယိုသတ္တိကြွ နည်းတွေ ရှိတယ်။ ကျနော်တို့ကတော့ မြေလွှာစမ်းသပ်နည်းနဲ့ စစ်ဆေးခဲ့တယ်။ ယော၊ ပုံတောင်၊ တပြင်၊ ထီးလင်း၊ လောင်းရှည်၊ ပေါင်းကြီးဆိုပြီး ဘီအိုစီ (ဗြိတိသျှ ရေနံကော်ပိုရေး ရှင်း) က သတ်မှတ်တဲ့မူနဲ့ မြေလွှာ စစ်ဆေးချက်တွေ အရ နှစ်သန်းပေါင်း ၄၀ လို့ ပညာရှင်တွေက သတ်မှတ်ခဲ့ကြတယ်”
ဆရာ ဦးဘမော် တွေ့ခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ပရိုင်းမိတ်ကြောင့် အမေရိကန်အပါအဝင် ဥရောပက ပညာရှင်တွေ အာရှဘက်ကို မော်ကြည့်လာခဲ့ရတယ်။ လူသားအစ အာဖရိကကလို့ တလျှောက်လုံး ပုံသေတွက်ခဲ့ရာက ဆရာ ဦးဘမော်က လူသားအစ မြန်မာကလို့ ကိုင်လှုပ်လိုက်တာပါ။ မုံရွာသားဆရာ ဦးဘမော် လူသားအစကို မွေးရပ်မြေ အနီး ပုံတောင်ဒေသက တွေ့ခဲ့တော့ ဘယ်လောက် ဂုဏ်ယူလိုက် မလဲ။
ပရိုင်းမိတ်တွေတွေ့ဖို့က ကံ၊ ဉာဏ်၊ ဝီရိယ၊ သုံးပါးစလုံး စုံဖို့ လိုတယ်။ ဆရာဦးဘမော် ကတော့ သူ့တွေ့ရှိချက်က ကံကောင်းလွန်းလို့သာ တွေ့ခဲ့တာလို့ ဆိုတယ်။ ၁၉၇၆ ခုနှစ်မှာလည်း ပုံတောင် တောင်တန်းတလျှောက် ကွင်းဆင်း လေ့လာမှုတွေ လုပ်ခဲ့ပေမယ့် ထူးထူးခြားခြား ဘာမှ မတွေ့ခဲ့ရပါဘူး။ ဆရာဦးဘမော်က သူတွေ့ခဲ့ရတဲ့ မေးရိုးတွေ အကြောင်း စိတ်ရှည်လက်ရှည် ဆက်ပြောတယ်။ ကျနော်တို့ သတင်းသမားတွေဖတ်ဖို့ သူ့ရဲ့ စာတမ်းတွေ ဝေငှတယ်။
ဆရာဦးဘမော် ပုံတောင်ဒေသ မိုးကောင်းရွာ အနီး ကျစ်မြေမှာ တွေ့ရတဲ့ ပရိုင်းမိတ်က အဆင့်မြင့် ပရိုင်းမိတ် ဖြစ်တယ်။ အဆင့်မြင့် အဆင့်နိမ့် ဘယ်လို ခွဲပါလဲဆိုတော့ ဆရာက ဆက်ရှင်းပြတယ်။
“လူ၊ လူဝံ၊ မျောက်၊ မျောက်ဝံတို့ဟာ အဆင့်မြင့် ပရိုင်းမိတ်က ဆင်းသက်လာကြတာ။ အဆင့်မြင့် ပရိုင်းမိတ် (Higher primates) က အံသွား ၂ ချောင်းပဲ ရှိပြီး အဆင့်နိမ့်ပရိုင်းမိတ် (Lower Primate) က အံသွား သုံးချောင်းရှိတယ်။ ။
irrawaddy

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။