မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်
ရေးသားသော " အိုမှုနှင့်ဆိုင်ရာ ပြဿနာများ "စာအုပ်မှ
"၀မ်းတစ်လုံးကောင်း ခေါင်းမခဲ"
မြန်မာ့ရိုးရာအစဉ်အလာ၌ကား ထိုဂဏဟီ၏ အရေးပါပုံကို ပဓာနကျကျ အတိုချုံးပြီး
"၀မ်းတစ်လုံးကောင်း ခေါင်းမခဲ"ဟု ဆိုထားလေသည်။
ထိုဝမ်း တစ်လုံးဟူသော
ဂဟဏီအတွက် အရေးကြီးဆုံးစောင့်ရှောက်နိုင်သည်မှာ အခါး ဟု ဆိုထားလေသည်။
ထိုဆိုထားသော အခါးသည် မည်သည့်အခါးဖြစ်သည် ကို သိရှိယူငင်တတ်ကြရန်အတွက်ဆက်လက်ဖော်ပြလိုပါသေးသည်။
ထိုဝမ်းမီးသည် ကြေကျက်ခြင်း၊ ထောက်ပံ့ခြင်းဟူသော ၎င်းကိစ္စရပ်များ ကို
လုပ်ဆောင်ရလေသည်။
တစ်ဖန်စားသမျှသော အစာတို့ကို ရသတစ်သွယ်
ကျင်ကြီးကျင်ငယ်ဟု တစ်သွယ်၊ သွေးသားဖြစ်စေခြင်းသည်တစ်ပါး စားသမျှ
သောအစာတို့ကို ခွဲဝေတတ်လေသည်။
ထိုသို့ခွဲဝေပြီးနောက် ကျင်ကြီး၊ ကျင် ငယ်
စသောမလတို့ကို ထုတ်ပယ်ရန်အတွက် စွမ်းအားသည် လိုလာပြန်၏။
ထို နေရာတွင်
အခါးအရသာသည် လေကိုဖြစ်စေတတ်၏။ ထိုလေတို့သည် ၅- မျိုးပြားကုန်၏။
ထိုလေ ၅-မျိုးတို့တွင်
"ပါနလေ" အမည်ရသောလေသည်ဦးခေါင်းတွင်တည်ရှိပြီး အသက်ရှူခြင်းစသည်တို့ကိုပြုလုပ်၏။
"အဗျာနလေ" အမည်ရသောလေသည်နှလုံးနှင့်တကွဝမ်းခေါင်းတွင်တည်ပြီး
တစ်ကိုယ်လုံးသို့လှည့်ပတ်တတ်သည်။
"ဥဒါနလေ"ဟု အမည်ရသောလေသည် ခံတွင်း မှ အစာတို့ကို အစာအိမ်သို့ရောက်အောင် ဆောင်ယူတတ်၏။
"သမာန"မည်သောလေသည်ကား ခန္ဓာကိုယ်မှ အပုပ်အခိုး
အကင်းတို့ကို မွေးညင်းပေါက် စသော ဆိုင်ရာဌာနတို့မှ ထွက်အောင်
ဆောင်ရွက်တတ်လေသည်။
"အပါနလေ" အမည်ရသောလေသည် ကျင်ကြီး၊ ကျင်ငယ်၊ ဥတု၊ သွေး၊
သုက်၊ ကိုယ်ဝန် စသည်တို့ကို ကိုယ်ခန္ဓာ၏ အပြင်သို့ ထုတ်ဆောင်တတ်၏။
ထိုလေ ၅-မျိုးလုံးအားရှိအောင်
ဝမ်းမီးပါအားရှိအောင်အတွက် ထိုအခါးသည် အရေး ပါလှသည်ကိုp သိသာပြီဖြစ်သည်။
ထိုအခါးအရသာမှ ရရှိအပ်သော လေဓာတ် ကို ပိဋကစာပေ၌ ဗလရုဂ်ဟု
သတ်မှတ်တော်မူလေသည်။
ထို့အတူပင်လျှင် မြန်မာ့ရိုးရာ၌ သွေးအားလေအား
ရှေးစကားဟု ဆိုထုံးရှိခဲ့လေသည်။
" ၀မ်းမှာခါး (အခါး) "
ယခုဖော်ပြရမည့် အကြောင်းမှာလည်း ၀မ်းမှာခါး (အခါး)ဟူသော အပိုဒ်
ပင်ဖြစ်သည်။
ထိုအပိုဒ်၏ အဓိပ္ပါယ်ကို သိလွယ်မှတ်လွယ်၊ ယူလွယ်အောင်
ရှင်းလင်းရန်လိုပေသည်။
ဝမ်းဟူသည် မည်သည်ကို ခေါ်သည်။ အစာသစ် အိမ်ကိုလော၊
အစာဟောင်း အိမ်ကိုလော အူသိမ်တစ်လျှောက်ကိုလော၊ ၀မ်း
ခေါင်းတစ်လျှောက်လုံးကိုလော ဟူသည်ကို ကွဲပြားသိရှိရန် လိုပေသည်။
တစ်ဖန် အခါးဟူရာ၌လည်း အခါးဟူသည် မည်သည့်အခါးနည်း၊ ကြက် ဟင်းခါးလော၊
ကြောင်လျှာ၊ တမာ၊ ကန့်ကလာတို့လော မည်သည့်အခါးနှင့် မည်သည့်ဝမ်းကိုတွဲ၍
ယူရမည် စသည်တို့ကိုလည်း ရှင်းလင်းဖော်ပြရန် လို ပေသည်။
ထိုသို့ ရှေးအစဉ်အလာကပင်လျှင် အရေးပါခဲ့သော လေအားကိုရရှိစေရန် အတွက်
အာဟာရကို စွဲယူသည်ရှိသော "ခါး၊ ငန်နှစ်ပါး၊ ၀ါယောထား"ဟူ သော
ရိုးရာဆောင်ပုဒ်ကို တွေ့ရပေသည်။
အခါးနှင့် ၀ါယောစာဟု သတ်မှတ် ထားလေသည်။
ဤ၌ အညစ်အကြေး မလစသည်တို့ကို ထုတ်ပယ်ရာ၌ အငန် အရသာသည်
များစွာအထောက်အကူပေးလေသည်။
ထိုအငန်၏ အကျိုးကို သာသိသောသူတို့သည် အပုပ်ကို
ကြေစေရန်အတွက်ဟုဆိုကာ အစာစားပြီး နောက် ဆားကိုလက်သုံးချောင်းဖြင့်
ယူပြီးမျိုလေ့ရှိကြ၏။
အချို့လည်း စားဖို လယ်ပြာကို သုံးကြသည်ကိုတွေ့ရသည်။
ထိုအပြုအမူသည် ငယ်ရွယ်စဉ်တွင် အပြစ်မရှိသော်လည်း အသက်ကြီး
ရုပ်ခံ၊ ဓာတ်ခံ အားညံ့လာသောအခါ၌ ကား ကြီးစွာသော အပြစ်ဖြစ်တတ်လေသည်။
ထိုကိုမျှော်ပြီး သိဟိုဠ်ကျွန်း ဒုတိယပရက္ကမ ဗာဟုမင်းလက်ထက်တွင်
သာသနာပိုင် ဆရာတော်ဖြစ်တော်မူသော "အနောမဒဿီ"ဘွဲ့တော်ရှိ ဆရာ တော်သည်
၎င်း၏ "ဘေသဇ္ဇမဉ္ဇူသာ" ဆေးကျမ်းကြီးတွင် မီး၊ ဓား၊ ပြာဆား ထို ၃-ပါး
ကြီးငြား မပြုအပ်ဟု လမ်းညွှန်ဖော်ပြတော်မူခဲ့လေသည်။
အဓိပ္ပါယ်မှာ အသက်ကြီးသော သူတို့သည် မီးကင်သော ကုထုံးတို့ကို လည်းကောင်း၊
ခွဲစိတ်သော ကုထုံးတို့ကိုလည်းကောင်း ပြာဆားတို့ကို စား
သောက်အသုံးပြုခြင်းကိုလည်းကောင်း ရှောင်ကြဉ်ရမည်ဟု ဆိုလိုခြင်းဖြစ်ပါ
သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။