နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အခြေအနေကို ကြည့်လိုလျှင် အလုပ်အကိုင်ကို ကြည့်ကြရသည်။ ထိုသို့ဆိုလျှင် မြန်မာ့ အလုပ်အကိုင်သည် မြန်မာ့စီးပွားရေးကို ပြောပြလိမ့်မည်။
အချက်အလက် ရှားပါး၊ သုတေသန မတွေ့ရသော မြန်မာနိုင်ငံတွင် ဖျတ်ခနဲ့ ကြည့်ရုံဖြင့်ပင် အလုပ်အကိုင် ပြဿနာ ရှိနေကြောင်း တွေ့ရသည်။ အိမ်နီးချင်း နိုင်ငံများတွင် စုစုပေါင်း သန်းနှင့်ချီသော မြန်မာတို့ သွားရောက် လုပ်ကိုင်ကြသည်မှာ ပြည်တွင်းမှ ကန်ထုတ်ခြင်းရော ပြည်ပမှ ဆွဲအားကြောင့်ပါ ဖြစ်သည်မှာ ထင်ရှားသည်။ ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းသည်၊ ပြည်ပတွင် အလုပ်အကိုင် အခွင့်အလမ်း ပေါသည်။ ထိုသို့သော Push နှင့် Pull Factor နှစ်ခု ပေါင်းစပ်သောအခါ ပြည်တွင်းမှ အလုပ်သမားများသည် ထိုင်း၊ မလေးရှားနှင့် စင်ကာပူတို့သို့ ရောက်သွား ကြသည်။ နိုင်ငံခြားသို့ အလုပ်သွားလုပ်ခြင်းသည် မြန်မာ့အလုပ်အကိုင် အခြေအနေကို ပေါက်ကွဲ မသွားအောင် ဖြေလျှော့ပေးသော ဂယ်ပေါက်သဖွယ် ဖြစ်သည်။ သို့မဟုတ် သန်းနှင့်ချီသော လူအုပ်ကြီး နိုင်ငံတွင်းတွင် ယောင်ခြောက်ဆယ် ဖြစ်နေလျှင် နိုင်ငံအတွက်ရော သူတို့အတွက် မိသားစု အတွက်ပါ မကောင်း။
အလုပ်အကိုင် အခြေအနေကို သိလိုလျှင် အလုပ်လက်မဲ့နှုန်းသည် အဓိက ပေတံတစ်ချောင်း ဖြစ်သည်။ သုတေသန တစ်ခုအရ(ကုလသမဂ္ဂကဟု ထင်ပါသည်) မြန်မာနိုင်ငံတွင်း အလုပ်လက်မဲ့ နှုန်းသည် ၁ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။ ထိုအတိုင်းဆိုလျှင် အလုပ်လက်မဲ့နှုန်းသည် မများလှ။ သို့သော် မြန်မာနိုင်ငံတွင် အလုပ်နှင့် ပတ်သက်လျှင် အဓိက အရေးမှာ အလုပ်လက်မဲ့ ပြဿနာ ဟုတ်ချင်မှ ဟုတ်မည်။ အလုပ် လုံးဝ မရှိသည့် အလုပ်လက်မဲ့ (Unemployed) မဟုတ်ဘဲ အလုပ်ရှိလိုက် မရှိလိုက် (ဝါ) အလုပ်လုပ်နိုင်သလောက် မလုပ်ရခြင်း (Underemployed) ဖြစ်နိုင်သည်။ မေးလိုက်လျှင် အလုပ်မရှိဟုလည်း ပြောမရ၊ တကယ်တမ်းကျ အလုပ်က ပြတ်တောင်း ပြတ်တောင်း။ ရာသီအလိုက် အလုပ်ရခြင်းမျိုး၊ နွေကာလတွင် အလုပ်ရှိသည်၊ မိုးတွင်း ထိုင်နေရ မည်ဆိုလျှင် ပြတ်တစ်လှည့် ငတ်တစ်လှည့် ဖြစ်မည်။ အချိန်ပိုင်း အလုပ်သာ လုပ်ရသည်၊ အချိန်ပြည့်အလုပ် မရခြင်းသည်လည်း ထိုသဘောပင်။ ဘောက်အလုပ်များ သည်လည်း ယနေ့ အလုပ်ရှိ၊ မနက်ဖြန် အိမ်မှာ ထိုင်နေရ တတ်သည်။
နိုင်ငံတစ်နိုင်ငံတွင်းရှိ လူအများ ပျော်ရွှင် မရွှင်ကို အလုပ်အကိုင်အတွက် စိတ်ချရမှု (Job
လုပ်နိုင်ကိုင်နိုင်သည့် အရွယ်များ အလုပ်လက်မဲ့ ဖြစ်နေခြင်းသည် အန္တရာယ်ကြီးလှမှန်း လူတိုင်း သိသည်။ နိုင်ငံအတွက် လုပ်အား ဆုံးရှုံးသလို မိသားစုတွင်းတွင်လည်း တစ်ဦးနှင့်တစ်ဦး မကြည်မလင် ဖြစ်နိုင်သည်။ သေမထူး နေမထူးစိတ်များ ပေါ်လာကာ ရာဇဝတ်မှုများ ပေါ်လာနိုင်သည်။ ဗိုက်ဆာလျှင် စိတ်တိုလွယ်သည့်အတွက် သန်းနှင့်ချီသော လူစိတ်တိုများ ပေါ်လာလျှင် နိုင်ငံ့ နိုင်ငံရေး၊ စီးပွားရေး၊ မည်သည့် အရာမျှ မကောင်းပါ။ အရာရာသည် ပေါက်ကွဲလွယ်သော အခြေသို့ နီးကပ်နေမည် ဖြစ်သည်။
အလုပ်သည် အရွယ်ရောက်ပြီး လူအများ၏ ဘဝကို ပြဋ္ဌာန်းသည်။ တစ်ယောက်နှင့် တစ်ယောက်တွေ့လျှင် မေးတတ်ကြသည့် နှုတ်ဆက် စကားမှာ ‘ဘာလုပ်နေလဲ’ ဖြစ်သည်။ ကိုယ်လုပ်နေသော အလုပ်ကိုကြည့်ပြီး ကိုယ်ဘာကောင် ဆိုသည်ကို အများစုက ဆုံးဖြတ်သည်။ အလုပ်လုပ်လျှင် အပေါင်းအသင်း နယ်ကျယ်သည်၊ ဗဟုသုတ မြင့်မားသည်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသည်။ အလုပ်လုပ်နေလျှင် စိတ်ရော ကိုယ်ပါ လှုပ်ရှားနေရသဖြင့် သွက်လက်သည်။ ဆုံးဖြတ်ချက်များ ချနေရသဖြင့် စဉ်းစားဉာဏ် ထက်မြက်သည်။ အငြိမ်းစားယူပြီး တစ်လနှစ်လ အတွင်းတွင်ပင် အချို့သူတို့ ချက်ချင်း လက်ငင်း အိုစာသွားတတ်သည်မှာ ထိုသဘောပင်ဖြစ်သည်။ ထို့ကြောင့် အိုခြင်းကို ရွှေ့ထားလိုသူတို့သည် အငြိမ်းစား ယူပြီးသော်လည်း ပေါ့ပေါ့ပါးပါး အလုပ်များကို ဆက်လက် လုပ်ကိုင်တတ်ကြသည်။ စီးပွားရေးလုပ်ငန်း များတွင် အကြံပေးအဖြစ် လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင် ပါဝင်ပြီး လည်းကောင်း၊ မိသားစုကို ကူညီခြင်းဖြင့် လည်းကောင်း အလုပ် ဆက်လုပ်တတ်ကြသည်။
အလုပ်ဟု ဆိုလိုက်လျှင် ဝင်ငွေရသော အလုပ်ကိုသာ အများအပြားက ပြေးမြင်တတ်ကြသည်။ ဝင်ငွေမရသော အလုပ်တို့သည်လည်း အလုပ်ပင် ဖြစ်သည်။ ရပ်ကျိုးရွာကျိုး လုပ်လျှင် ငွေရချင်မှ ရမည်။ သို့သော် လူတို့ အကျိုးရှိမည်၊ စိတ်တွင်လည်း ပီတိဖြစ်မည် ဆိုလျှင် ကောင်းသောအလုပ်ပင် ဖြစ်သည်။ လူမှုရေး လုပ်ငန်းများ၊ သာရေးနာရေး အသင်းအဖွဲ့များမှ အလုပ်များသည် ငွေရချင်မှ ရမည်ဖြစ်သော်လည်း အလုပ်ပင် ဖြစ်သည်။
အိမ်တွင်း အလုပ်သည် ငွေမရသော်လည်း အရေးကြီးသည့် အလုပ်ဖြစ်ပြီး မည်သို့ အချိန်ကုန်သွားမှန်းပင် မသိလောက်အောင် ထူးထွေများပြားသော အလုပ်ဖြစ်သည်။ အမျိုးသမီးများသည် အိမ်တွင်းအလုပ်ကို အဓိက တာဝန်ယူရသူများ ဖြစ်လေ့ရှိသဖြင့် ဝင်ငွေရသော အလုပ်မလုပ်လျှင်ပင် အရေးကြီးသော အလုပ်လုပ်နေသူများ ဖြစ်သည်။ အိမ်တွင်းအလုပ်တွင် သားသမီးများကို ပျိုးထောင် ထိန်းသိမ်းရသော အလုပ်လည်း ပါဝင်သည့်အတွက် မိခင်များသည် တိုင်းပြည်၏ လူသားရင်းမြစ်ကို တည်ဆောက်ရာတွင် အဓိကကျသော နေရာမှ ပါဝင်သည်။ ‘ပုခက်လွှဲသော လက်သည် ကမ္ဘာကို အုပ်စိုးသည်’ ဆိုခြင်းမှာ ခေါင်းဆောင်တိုင်းသည် ပုခက်တွင်းမှ လာခြင်းကြောင့် ဖြစ်သည်။ အမျိုးသမီးများ အိမ်တွင်းအလုပ်ကိုပင် ယခုထက် ကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန် လေ့ကျင့်ပေး၊ အခြေအနေများ ဖန်တီးပေးလျှင် နိုင်ငံ့လူသားရင်းမြစ် အရည်အသွေး တက်လာမည် ဖြစ်သည်။ယခုအချိန်တွင် မိန်းမတို့သည် ယောက်ျားများနှင့် ရင်ပေါင်တန်းကာ အလုပ်လုပ်လာ ကြရသည်။ ယခင်က မိန်းမက အိမ်ထောင်ထိန်း၊ ယောက်ျားက ဝင်ငွေ ရှာရုံဖြင့် မိသားစု လောက်ငသော်လည်း ယခုအခါ နှစ်ယောက် တွဲရုန်းမှ လောက်ငရုံ ဖြစ်လာချိန်တွင် အမျိုးသမီးတို့၏ အလုပ်အကိုင်သည် မိသားစုဘဝ သာယာရေးကို ပြဋ္ဌာန်းလာသည်။ ထို့ကြောင့် အမျိုးသမီးတို့၏ ဝင်ငွေရှာနိုင်အား၊ လုပ်ငန်းခွင်တွင်း သူတို့ ကြုံရသည့် အခြေအနေတို့သည် မိသားစု ဘဝမှ တစ်ဆင့် မိသားစုတို့ဖြင့် တည်ဆောက်ထားသော နိုင်ငံကို ရိုက်ခတ်သည်။
အလုပ်လက်မဲ့၊ အလုပ်ရှိလိုက် မရှိလိုက်တို့သည် အလုပ်ကလည်း လုပ်မယ့်သူကိုရှာ၊ လုပ်မယ့်သူကလည်း အလုပ်ကို လိုက်ရှာပြီး ကြားတွင် ဟနေသောကြောင့်လည်း ဖြစ်နိုင်သည်။ လုပ်ငန်းက လိုသော အရည်အသွေးမျိုး လုပ်သားတွင် မရှိလျှင် သူတို့နှစ်ယောက် မည်မျှပင် နီးနီးနေကြသော်လည်း အလုပ်မဖြစ်နိုင်။ မြန်မာနိုင်ငံ၏ အားသာချက်သည် လုပ်သားပေါများခြင်း ဆိုသော်လည်း အရည်အသွေးနှင့် လုပ်နိုင်စွမ်းအား (Productivity) တို့တွင် အားရဖွယ် မရှိပါ။
အထူးသဖြင့် နိုင်ငံတံခါး ဖွင့်လိုက်ပြီး အပြိုင်အဆိုင် များလာချိန်၊ စီးပွားရေး လုပ်ငန်းများသည် ‘မရှိလို့ လုပ်စား၊ ဖြည်းဖြည်းပေါ့’ နှင့် နေလာရာမှ နိုင်ငံတကာ အဆင့်ဖြစ်အောင် ထရုန်းလာရချိန်တွင် အရည်အချင်းများ ပိုလိုလာသည်။ မြန်မာနိုင်ငံမှ ကုမ္ပဏီများ၏ လုပ်သား လိုအပ်ချက်အတွက် စင်ကာပူ နိုင်ငံတွင် ‘အလုပ်အကိုင်ပွဲတော်’ ကျင်းပပြီး လူသွားရှာရခြင်းမှာ သက်သေပင် ဖြစ်သည်။ စောစောရောက်သူများက ဦးအောင် ခေါ်ယူသွားပြီး ဖြစ်သည့်အတွက် နောက်လာသည့် ကုမ္ပဏီများ၊ NGO များသည် မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် လုပ်သားများကို ခက်ခက်ခဲခဲ လိုက်လံရှာဖွေနေ ကြရသည်။
ယခု ဝင်လာသည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ အလုပ်အကိုင် ခေါ်ယူမှုများမှာ အားရစရာ ဖြစ်သော်လည်း ယင်းတို့သည် ရုံးခန်းဖွင့်စ၊ လုပ်ငန်း အခြေတည်စသာ ဖြစ်သဖြင့် တကယ် စတင်လုပ်ကိုင်ပြီ ဆိုလျှင် ယခုထက် အဆပေါင်းများစွာ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာလိမ့်မည်။ မြန်မာထဲမှ လုပ်နိုင်သူ မရှိလျှင် ရာထူးကြီး ရာထူးကောင်းများကို ပြည်ပမှသာ ခေါ်ယူ တင်သွင်းရလိမ့်မည်။ နိုင်ငံခြားမှ ခေါ်ယူရသည်မှာ စရိတ်ကြီးသည်ဟု ယူဆလျှင် လုပ်ငန်းတို့ လာကြမည် မဟုတ်။ သင်တန်း လိုအပ်က သင်တန်းတက်၊ ငွေမရလည်း အတွေ့အကြုံရအောင် အခမဲ့ လုပ်အားပေးသင့် ပေးခြင်းဖြင့် လုပ်တတ်ကိုင်တတ်အောင် ကိုယ့်အရည်အချင်း ကိုယ်မြှင့်ထားသည့် မြန်မာတို့ စားသာမည် ဖြစ်သည်။
နိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရာတွင် အစိုးရသည် အဓိကကျသည်။ အလုပ်အကိုင် အခွင့်အလမ်းများ သယ်ဆောင်လာမည့် လုပ်ငန်းများကို ဖိတ်ခေါ် နေရာချထားခြင်းများ ဆောင်ရွက်ရန် လိုသလို သူတို့အတွက် လိုအပ်မည့် ဝန်ထမ်း အင်အားကို ဖြည့်ဆည်းပေးရန်လည်း လိုသည်။ စက်ရုံသစ် အလုပ်ရုံသစ်တို့က လိုအပ်မည့် အရည်အချင်းများကို မြန်မာနိုင်ငံသား တို့အား ဖြည့်ဆည်းပေးရန် စက်မှုလက်မှု ကျောင်းများ၊ အသက်မွေး ပညာသင်ကျောင်းများ အုံနှင့်ကျင်းနှင့် ဖွင့်လှစ်ရန် လိုသည်။ ဝင်လာမည့် ကုမ္ပဏီများနှင့် တိုက်ရိုက် ချိတ်ဆက်ပြီး သင်တန်းပေးနိုင်လျှင် ကောင်းသလို တက္ကသိုလ်များမှ တစ်ဆင့်လည်း သွားနိုင်သည်။ အတန်အသင့် လုပ်နိုင်ကိုင်နိုင်သော ပညာရှင်အဆင့် မဟုတ်သည့် လုပ်တတ်ကိုင်တတ် လုပ်သားများ တစ်နှစ် ၂ နှစ် အတွင်းတွင်ပင် မွေးထုတ်ရန် လိုသည်။
အလုပ်အကိုင်သည် လူတစ်ယောက်ချင်း ဘဝကိုသာမက တိုင်းပြည်၏ ဘဝကိုပါ ပြဋ္ဌာန်းနေသည်။ အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ရန်လိုသလို လုပ်သားတို့၏ အရည်အချင်း တင်ရန်လည်း အရေးတကြီး လိုအပ်နေသည်။ဇေယျသူ
http://thevoicemyanmar.com/voice/မြန်မာတွေ-ဘာလုပ်/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။