ဟောဗျာ…လုပ်ချလိုက်ပြန်ပြီ။
ဘယ်က ကုလားမကြီးကို ပွဲထုတ်လာပြန်တာဒုန်း…
သူက နှယ်နှယ်ရရတော့ မဟုတ်ဖူးခင်ဗျ၊ ကမ္ဘာကျော် ဖော့ဘ်စ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ်များ စာရင်းမှာ နံပါတ် ၂၁၊ ဩဇာအရှိဆုံး အမျိုးသမီးများစာရင်းမှာ နံပါတ် ၃၊ ဝန်ကြီးချုပ် နာမည်မခံပဲ အိန္ဒိယနိုင်ငံကြီးကို တစ်ကယ်လက်တွေ့ အုပ်ချုပ်နေသူလို့ ထင်ရှားကျော်ကြားတဲ့ ဆိုနီယာ ဂန္ဒီပဲ ဖြစ်ပါတယ်။
ပြီးတော့ သူက အိန္ဒိယပြည်ပေါက် ကုလားမကြီး မဟုတ်ဖူး၊ ဥရောပတိုက်သူ အီတလီလူမျိုး၊ ရိုမန် ကက်သလစ် ခရစ်ယာန်ဘာသာဝင်ပါ။ အင်္ဂလန်မှာ ပညာသင်နေတုန်း ဂရိစားသောက်ဆိုင်တစ်ခုမှာ ဆင်းဆင်းရဲရဲ စားပွဲထိုးလုပ်ရင်းနဲ့ အိန္ဒိယလူငယ်တစ်ယောက်နဲ့ ဖူးစာဆုံရာက သူ့ရဲ့ ကံကြမ္မာတစ်ကွေ့ အပြောင်းအလဲ ဖြစ်ခဲ့ရပါတယ်။
အဲဒီအချိန်က အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီရဲ့ သားကြီး ရာဂျေ့ဗ် ဂန္ဒီနဲ့ တူနှစ်ကိုယ် မေတ္တာမျှလို့ ထိမ်းမြားလက်ဆက်ပြီး အိန္ဒိယ နိုင်ငံသား ခံယူခဲ့တဲ့ အီတလီအမျိုးသမီးလေး အက်ဒ်ဗစ် အန်တိုနီယာ မိုင်နိုဟာ ဆန်းကြယ်တဲ့ ကံတရားစေ့ဆော်မှုကြောင့် ဆိုနီယာ ဂန္ဒီဆိုတဲ့ နာမည်သစ်နဲ့ နိုင်ငံရေးလောကမှာ ထင်ရှားကျော်ကြား တန်ခိုးထွားလာခဲ့ပါတယ်။
သူ့ရဲ့ ယောက္ခမကြီး အင်ဒီရာ ဂန္ဒီဟာ အဲဒီအချိန်က အိန္ဒိယနိုင်ငံရဲ့ အာဏာအရှိဆုံး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ သားဖြစ်သူ ရာဂျေ့ဗ်က နိုင်ငံခြားသူနဲ့ လက်ထပ်လို့ ဝန်ကြီးချုပ်ရဲ့ ရာထူးအရှိန်အဝါ ဘာမှ မထိခိုက်ပါဘူး။
ရာဂျေ့ဗ်ရဲ့ မိခင်က ဝန်ကြီးချုပ် ဖြစ်ပေမယ့် သူတို့ ဇနီးမောင်နှံဟာ နိုင်ငံရေးနဲ့ ခပ်ကင်းကင်းနေကြပါတယ်။ ရာဂျေ့ဗ်က လေယာဉ်မှူး ပိုင်းလော့၊ ဆိုနီယာက အိမ်ရှင်မအဖြစ် သားသမီးနှစ်ယောက် ထွန်းကားခဲ့တယ်။
ကံတရားရဲ့ ဖန်တီးမှုကြောင့် ၁၉၈၄ ခုနှစ်မှာ ဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီ လုပ်ကြံခံရပြီး ရာဂျေ့ဗ် ဂန္ဒီဟာ မမျှော်လင့်ပဲ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ၊ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့ အိန္ဒိယရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာသူ ရာဂျေ့ဗ် ဂန္ဒီမှာ အီတလီပြည်ဖွား ဇနီးမယား ဆိုနီယာ ဂန္ဒီ ရှိပေမယ့် ပြည်ပ ဩဇာခံ၊ ဘာသာခြား လက်ကိုင်ဒုတ်ဆိုတဲ့ အခြေခံဥပဒေဆိုင်ရာ ပြဿနာ ဘာမှ မရှိခဲ့ပါဘူး။
တစ်ကယ်တော့ ဆိုနီယာ ဂန္ဒီဟာ ၁၉၈၃ ခုနှစ်၊ ဧပြီ ၂၇ ရက်ကမှ အီတလီသံရုံးမှာ သူရဲ့ အီတလီနိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ခင်ပွန်း ဝန်ကြီးချုပ် ဖြစ်ဖို့ တစ်နှစ်အလိုလောက်ပေါ့လေ။ (သူကြုံတွေ့ရတဲ့ ဥပဒေ ပြဿနာကတော့ အိန္ဒိယနိုင်ငံသား ဖြစ်မလာမီ ၁၉၈၀ ခုနှစ် မဲဆန္ဒရှင် စာရင်းမှာ သူ့နာမည် ပါတဲ့ကိစ္စပါ။)
တစ်ခါ ၁၉၉၁ ခုနှစ်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ခင်ပွန်းသည် ရာဂျေ့ဗ် ဂန္ဒီ ရုတ်တရက် ကွယ်လွန်သွားပြန်တယ်။ အာဏာရ ကွန်ဂရက်စ်ပါတီက သူ့ကို ဝန်ကြီးချုပ်လုပ်ဖို့ တိုက်တွန်းပေမယ့် လက်မခံခဲ့ပါဘူး။
သူ့ဖာသာ သားသမီးတွေကို ပြုစုစောင့်ရှောက်ရင်း အိမ်ရှင်မအဖြစ် နေလာခဲ့ချိန်မှာ ပါတီကလည်း သူ့ကို အကြိမ်ကြိမ် တိုက်တွန်း နားချနေပါတယ်။ ဒီအတောအတွင်း ကွန်ဂရက်စ်ပါတီလည်း မဲတွေရှုံးပြီး အခြေမလှ ဖြစ်လာနေတော့ ၁၉၉၇ ခုနှစ်မှာ ဆိုနီယာ ဂန္ဒီဟာ အိန္ဒိယ နိုင်ငံရေးထဲကို ပါဝင်လာပါတော့တယ်။
ဆိုနီယာဟာ ပါတီကို ဦးဆောင်ပြီး အိန္ဒိယပြည်တစ်လွှား မဲဆွယ်စည်းရုံးမှုတွေ လုပ်ရာမှာ ၂၀၀၄ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရသွားပါတယ်။ ဒီတော့ သူဟာ ပါတီဥက္ကဋ္ဌအဖြစ်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာတော့မယ်လို့ အများက မျှော်လင့်နေကြပါပြီ။
ဒါပေမယ့် ရွေးကောက်ပွဲ ရှုံးတဲ့ NDA ပါတီက တိုင်းတစ်ပါးသား၊ လူမျိုးခြားကို ဝန်ကြီးချုပ်ရာထူး မပေးဖို့ တရားစွဲဆို ကန့်ကွက်ခဲ့ပါတယ်။ ၁၉၅၅ ခုနှစ် အိန္ဒိယနိုင်ငံသားခံယူမှု အက်ဥပဒေ ပုဒ်မ ၅ ကို ထောက်ပြပြီး တရားစွဲဆိုခဲ့ပေမယ့် အိန္ဒိယ တရားရုံးချုပ်က အမှုကို ပယ်ချလိုက်လို့ ဆိုနီယာဟာ အာဏာအကြီးဆုံး ဝန်ကြီးချုပ် လုပ်ချင်ရင် လုပ်လို့ ရပါပြီ။ (အိန္ဒိယဟာ သမ္မတနိုင်ငံဖြစ်ပေမယ့်၊ ဝန်ကြီးချုပ်က အာဏာအရှိဆုံး ဖြစ်ပါတယ်။)
ဒါပေမယ့်၊ သူဟာ အိန္ဒိယနိုင်ငံအရေး အရှည်ကို မျှော်တွေးလို့ သူကိုယ်တိုင် ဝန်ကြီးချုပ် မလုပ်ပဲ ယခုလက်ရှိ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ်ကို ရွေးချယ် တာဝန်ပေးခဲ့ပါတယ်။
နိုင်ငံတကာ အမြင်ကတော့ ဆိုနီယာ ဂန္ဒီဟာ ဝန်ကြီးချုပ်အဖြစ်သာ နာမည်မခံပေမယ့် တစ်ကယ့်လက်တွေ့မှာ အိန္ဒိယနိုင်ငံကို စီမံခန့်ခွဲ အုပ်ချုပ်နေသူ ဖြစ်တယ်လို့ ယူဆကြပါတယ်။
ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံတွေမှာ အမျိုးသမီးခေါင်းဆောင်တွေ ဖြစ်တဲ့ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျဲလာ မာကယ်လ်၊ ဘရာဇီး သမ္မတ ဒီလ်မာ ရိုးဆက်ဖ်တို့ ပြီးရင် ဆိုနီယာ ဂန္ဒီကို တတိယ သြဇာအာဏာအရှိဆုံး အမျိုးသမီးအဖြစ် ရွေးချယ် သတ်မှတ်တာ ဖြစ်ပါတယ်။
ဒါကတော့၊ ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၁,၂၀၀ ကျော် ရှိတဲ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယမှာ တိုင်းတစ်ပါးသား၊ လူမျိုးခြားတစ်ယောက်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍ ဖြစ်ပါတယ်။ လိုရင်းအချက်တွေကို ထောက်ပြရရင် ဆိုနီယာရဲ့ ယောက္ခမ အင်ဒီရာ ဂန္ဒီဟာ သားဖြစ်သူ နိုင်ငံခြား အမျိုးသမီးနဲ့လက်ထပ်လို့ ဝန်ကြီးချုပ်ရာထူး ဘာမှ မထိခိုက်ဖူး။ နိုင်ငံခြားသူနဲ့ လက်ထပ်ထားတဲ့ ရာဂျေ့ဗ် ဂန္ဒီလည်း ဝန်ကြီးချုပ် လုပ်ဖို့ ဘာမှ ပြဿနာမရှိဘူး။
ကျနော်တို့ မြန်မာနိုင်ငံမှာ တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေ၊ ပြည်သူတွေ လေးစားကြည်ညိုကြတဲ့ ကိုယ့်လူမျိုး ခေါင်းဆောင်တစ်ယောက် ထွန်းပေါက်နေတာ မလိုလားပဲ၊ အဖျက်အမှောင့်တွေ လုပ်ဆောင်နေတာကို ပြည်သူလူထုက သိမြင်သဘောပေါက်သင့်ပါတယ်။ ဒီလိုမှ မသိတတ် မမြင်နိုင်ရင် စစ်အာဏာရှင်တွေ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေအောက်မှာ ခေါင်းပေါင်းနဲ့ ဗိုလ်ချုပ်တွေ ကျွန်ပြုအုပ်ချုပ်တာကို သားစဉ်မြေးဆက် ခံသွားကြရမှာပါ။ (မျိုးစစ်မှ မျိုးချစ်မှ ဆိုပြီး တစ်လွဲဆံပင်ကောင်းနေရင် စစ်အာဏာရှင် သံခွာအောက်မှာ ပြားပြားမှောက်နေကြပေတော့။)
Notes by Min Myat Maung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။