တရုတ်ဟာ ဆီးရီးယားရဲ့ တတိယအကြီးဆုံး ကုန်တင်ပို့နေတဲ့နိုင်ငံလို့ ဥရောပ ကော်မရှင်မှတ်တမ်းတွေက ဖော်ပြပါတယ်။ ဒါကြောင့် တရုတ်က စီးပွားရေးအရ အရေးကြီးတဲ့ ကုန်သွယ်ဖက်အနေနဲ့ ဆီးရီးယားကို ဆက်ဆံတယ်လို့ ယေဘုယျအားဖြင့် မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ့နောက်ကွယ်မှာ ပိုပြီး ကြီးမားတဲ့အချက်တွေက ရှိနေပါတယ်။
ဆီးရီးယားအရေးမှာ ပြည်ပနိုင်ငံတွေ ၀င်မစွက်ဖက်သင့်ဘူးလို့ ဆိုနေတဲ့ တရုတ်...ဟာ တိဘက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ မူဝါဒရေးရာ၊ လူ့အခွင့်အရေးရာတွေမှာ ပြောစရာဖြစ်နေသူပါ။ နောက်တခုကတော့ လစ်ဗျားကိစ္စပါ။
ကုလ လုံခြုံရေးကောင်စီက လစ်ဗျားကို ၀င်တိုက်ဖို့ ဆွေးနွေးရာမှာ တရုတ်က မဲမပေးခဲ့ပါဘူး။ ဒါကြောင့် နေတိုးအဖွဲ့က လစ်ဗျားကို စစ်ရေးအရ ၀င်ခွင့်ရခဲ့ပါတယ်။ ဟိုမရောက်ဒီမရောက်ကြားနေလုပ်ခဲ့တဲ့ တရုတ်ရဲ့ လုပ်ရပ်ကို အနောက်နိုင်ငံတွေက စိတ်ပျက်ခဲ့သလို လစ်ဗျားပြောင်းလဲရေးကောင်စီကလည်း မနှစ်သက်တဲ့အတွက် တရုတ်မှာ နာမယ်ပျက်ပြီး မိတ်ဖက် ဆုံးခဲ့ရဖူးပါတယ်။

တရုတ်က သူဟာ ဓာတုလက်နက်အသုံးပြုမှုကို လုံးဝကန့်ကွက်တယ်၊ ကုလ ရဲ့ဓာတုလက်နက် လေ့လာရေးအဖွဲ့ကို ထောက်ခံတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာမှာ တရုတ်ရဲ့ အနေအထားကို တရားဝင်ပြထားတဲ့ အခင်းအကျင်းပါ။ နောက်ပြီး ဆီးရီးယားမှာ နိုင်ငံရေးအရဖြေရှင်းမှုကိုပဲ လိုလားတယ်လို့ ဆိုထားပါတယ်။ ရုရှလိုပဲ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကုလ လုံခြုံရေးကောင်စီအစည်းအဝေးကနေ ဆန္ဒပြထွက်ခွာသွားပါတယ်။
တရုတ်က လုံခြုံရေးကောင်စီအမြဲတန်းအဖွဲ့ဝင်ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရုရှနဲ့အတူ ဆီးရီးယားကို အရေးယူနိုင်ရေး ဆွေးနွေးချက် မှန်သမျှကို ပိတ်ပင်ပယ်ချနိုင်ခဲ့ပါတယ်။
စီးပွားရေးအကျိုးအမြတ်တခုကတော့ တရုတ်ရဲ့ လက်နက်တင်ပို့မှုလည်း ပါဝင်ပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ အထိ တရုတ်လက်နက် ဒေါ်လာ သန်း ၃၀၀ ဖိုး ဆီးရီးယားကို ရောင်းချခဲ့ပါတယ်။ အမေရိကန်က ဒီကိစ္စကို ထုတ်ပြန်လာတဲ့အချိန်မှာတော့ တရုတ်က နောက်ဆုတ်သွားခဲ့ပြီး ရုရှနဲ့ အီရန်က လက်နက်ရောင်းချတာတွေကို ကျေကျေနပ်နပ် လွှတ်ထားလိုက် ပါတယ်။ နိုင်ငံတကာမြင်ကွင်းမှာ တရုတ်ရဲ့ လက်ရာမပေါ်တော့ပါဘူး။
တဖက်မှာတော့ တရုတ်ဟာ ရုရှ၊ အီရန်တို့နဲ့ အတူ ဆီးရီးယားကို ရေနံနဲ့
ငွေကြေး အထောက်အပံ့တွေ တလကို ဒေါ်လာသန်း ၅၀၀ ဖိုး ပံ့ပိုးနေတယ်လို့ ဆီးရီးယား ဒုတိယ၀န်ကြီးချုပ် ကာဒရီဂျမေးကိုယ်တိုင်က Financial Times သတင်းစာနဲ့ ဇွန်လ အင်တာဗျူးမှာ ထုတ်ဖော်ပြောသွား ခဲ့တာပါ။ ဆီးရီးယားရဲ့ ဒီပြည်တွင်းစစ်ကြောင့် ရေနံထုတ်လုပ်မှုက ၉၅%လောက်ကျဆင်းသွားခဲ့တဲ့အတွက် တရုတ်နိုင်ငံရဲ့ ကူညီပံ့ပိုးမှုက အရေးပါနေပါတယ်။ ရုရှ၊ အီရန်နဲ့ တရုတ်တို့ရဲ့ ထောက်ပံ့မှုတွေကြောင့် အာဆတ်အစိုးရ စစ်အင်အားတောင့်တင်းပြီး အာဏာမြဲနေနိုင်တာပါ။
ဒါ့အပြင် တရုတ်ပြည်ထဲမှာရှိတဲ့ ဆွန်နီမွတ်စလင်တွေ ဆီးရီးယား သူပုန်နဲ့ ပေါင်းပြီး အင်အားကြီးလာမှာ အကြမ်းဖက်လာမှာကို တရုတ်က စိုးရိမ်ပါတယ်။ နောက်ပြီး ဆီးရီးယားကို ပံ့ပိုးခြင်းအားဖြင့် အရှေ့အလယ်ပိုင်းမှာ အနောက်တိုင်းသြဇာလွှမ်းမိုးမှုကို ဟန့်တားနိုင်မယ်လို့ တရုတ်က တွက်ပါတယ်။ ရုရှနဲ့ အီရန်လောက် ပေါ်ပေါ်ထင်ထင် ၀င်ရောက်ပတ်သက်တာ မရှိပေမဲ့ တရုတ်ရဲ့ အခန်းကဏ္ဍကို လျှော့မတွက်သင့်ဘူးလို့
နိုင်ငံရေးလေ့လာသူတွေက သတိပေးထားပါတယ်။ Z/Burma-Newselite

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။