Nine Nine Sanay @ နိုင်းနိုင်းစနေ
ဆိုက်ဘေးရီးယား ဝံပုလွေခုနစ်ကောင် ဇာတ်သိမ်း
____________________________
နေစောင်းမှခရီးစထွက်ခဲ့သော ညလမ်းခရီးတစ်ခုတွင် ဝံပုလွေများ စိတ်ဓာတ်တက်ကြွနေကြသည်။ ညလုံးပေါက် ခရီးဆက်ရန် Ivan ဆုံးဖြတ်လိုက်သည်။ ညနက်သန်းခေါင်တွင် လရောင်ဖွေးဖွေးက ကောင်းကင်ယံကနေတဆင့် နှင်းများဖုံးလွှမ်းနေသော ဆိုက်ဘေးရီးယားနှင်းလွင်ပြင်ပေါ် ဖြာကျနေသည်။
ရုတ်တရက် ဝံပုလွေတို့၏ခြေလှမ်းများ ရပ်တန့်ကုန်ကြပြီး နောက်သို့ဆုတ်ခွာလိုက်ကြသည်။ စွတ်ဖားက ရွေ့နေသောအရှိန်နှင့် ဝံပုလွေများကို ရှေ့သို့တွန်းပို့နေသည်။ အာဒံထံမှ ကြောက်ရွံ့ထိတ်လန့်သံ ထွက်ပေါ်လာသည်။ မကောင်းဆိုးဝါးတစ်ကောင်ကောင်နှင့် ထိပ်တိုက်တွေ့ပြီဆိုသည်ကို Ivan သိလိုက်သည်။ ကြမ်းကြုတ်သောဝံပုလွေများပင်ကြောက်ရသည်မှာ မကောင်းဆိုးဝါးငယ်တစ်ကောင်တော့ မဖြစ်နိုင်။ အာရုံစိုက်ပြီး ရှေ့ကို သူသေချာကြည့်လိုက်သည့်အခါ ဖြူလုံးလုံးအရာတစ်ခုက စွတ်ဖားလှည်းဆီ ချည်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။ ထိုဖြူဖြူအရာမှာ အလေးချိန် ပေါင်တစ်ထောင်ခန့်ရှိသည့် ဆိုက်ဘေးရီးယားကျားတစ်ကောင်ဖြစ်သည်။ ဆိုက်ဘေးရီးယားရှိ သားရိုင်းတိရစ္ဆာန်များကို မျိုးဆက်တုံးစေသော ဆိုက်ဘေးရီးယားအရိုင်းဘုရင်ဘွဲ့ရ ကျားကြီးဖြစ်သည်။ ထိုကျားသားရေမှာ တန်ဖိုးကြီးမားသည်။ ကျားသားရေတစ်ချပ်ပိုင်ဆိုင်ထားလျှင် မော်စကိုကျေးလက်တွင် မြေပိုင်ရှင်တစ်ဦးဖြစ်နိုင်သည်။
Ivanက Rory၏ပုဆိန်ကို ဆုပ်ကိုင်ထားလိုက်သည်။ ဤကျားက သူနှင့်ယှဉ်ပြိုက်ဖက်မဟုတ်မှန်း Ivan သိသည်။ ရုတ်တရက် သူ့ခေါင်းထဲ အကြံတစ်ချက် လက်ခနဲဝင်သွားသည်။ Rory၏ အမွေးထူလပျစ် ပေါင်တစ်ဖက်အား ကျားကြီးရှိရာဆီသို့ သူအားကုန်ပစ်ထည့်လိုက်သည်။ ငတ်မွတ်နေသောကျားကြီးမှာ လေထဲကပေါင်ကိုခုန်ဟပ်ကိုက်ချီပြီး ပြေးထွက်သွားတော့သည်။
“အာ.. ကျေးဇူးတင်ပါတယ်.. ကယ်တင်ရှင်ကြီးရေ” Ivan ဆိတ်ဆိတ်ငြိမ်ငြိမ် ဆုတောင်းလိုက်သည်။
Ivanက အာဒံအား ကြိမ်တစ်ချက်တို့လိုက်သည့်နှင့် စွတ်ဖားစတင်လှုပ်ရှားလာပြန်သည်။ အရှိန် ပိုမြန်ခဲ့သည်။ ဒါကလည်း ဆိုက်ဘေးရီးယားကျားကြီးက ကြောက်ရွံ့ခြင်းကို ဝံပုလွေ၏စိတ်ထဲသို့ ထည့်ပေးလိုက်ပုံရသည်။ အရှိန်မြှင့်ပြီး အားကုန်ပြေးလွှားနေသည်မှာ သူတို့၏စိတ်ကို အထိတ်တလန့်ဖြစ်စေသောကယ်တင်ရှင်ကို ရှောင်တိမ်းလို၍လည်းဖြစ်သည်။
နေမင်းက အရှေ့ဖက်ဆီကနေ တရွေ့ရွေ့တက်လာနေသည်။ နှေးကွေးသော ခြေလှမ်းများဖြင့် သူတို့ခရီးဆက်နေကြသည်။ ရှေးနှစ်များစွာ လူသူကင်းမဲ့ခဲ့သော ဆိုက်ဘေးရီးယားနှင်းလွင်ပြင်ပေါ်တွင် စွတ်ဖားတရွေ့ရွေ့ သွားနေခဲ့သည်။ ဘေးပတ်ဝန်းကျင်ကို Ivan မျက်စိကစားလိုက်သည်။ နွေးနွေးထွေးထွးနားနိုင်ရန် လေကွယ်ရာအရပ်တစ်ခုကို သူရှာလိုက်သည်။ လေကြမ်းတစ်ချက်က ခြောက်ကပ်ကပ်ရေခဲပြင်ကို ရုတ်တရက် ဝှေ့သိမ်းလိုက်သည်။ လေဝှေ့ရမ်းလိုက်သော ရေခဲပြင်ပေါ်တွင် ပုံစံမပျက်လဲလျောင်းနေသော လူရိုးစုဖြူဖြူက ဘွားခနဲပေါ်လာသည်။ ဒါဟာ ဆိုက်ဘေးရီးယား ထောင်ပြေးတစ်ဦး၏အရိုးစုမှန်း သိသာသည်။ ရှင်သန်ရန်မျှော်လင့်ချက်နှင့် ပင်ပင်ပန်းပန်း အစွမ်းကုန်ကြိုးစားခဲ့လည်း နောက်ဆုံးမှာ ဆိုးဝါးသည့် သဘောဝဥတုဆိုးဒဏ်ကို မလွန်ဆန်နိုင်ဘဲ ဤနေရာအရောက်တွင် လဲကျသေဆုံးပြီး ဘဝဇာတ်နိဂုံးကို အဖြစ်ဆိုးနှင့်အဆုံးသတ်ခဲ့ရသည်။ Ivan က ဆောင်းထားသော ခွေးသားရေဦးထုပ်ကို ချွတ်ပြီး အရိုးစုဖြူကို အလေးပြုလိုက်သည်။ ငြိမ်းချမ်းသောအရပ်မှာ ဝိညာဉ်နားခိုနိုင်ပါစေ…
Ivanနှင့် သူ၏ဝံပုလွေတပ်တို့မှာ နားလိုက် သွားလိုက်နှင့် ခရီးဆက်ခဲ့သည်မှာ လဝက်မျှပင်ရှိခဲ့ပြီ။ ပါလာသော အသားခြောက်များလည်း ကုန်သလောက်ရှိခဲ့ပါပြီ။ ဆာလောင်ငတ်မွတ်ခြင်းက သူတို့ကို ခြိမ်းခြောက်နေခဲ့သည်။ အာဒံနှင့်ဧဝတို့ဆွဲသောကြိုးက အမြဲတင်းရင်းနေသည်။ ထမ်းပိုးသောဝန် ပိုလေးသောကြောင့် ခွန်အားလည်း ပိုကုန်ခမ်းခဲ့သည်။ နောက်ဆုံးမှာ ယိုင်တိယိုင်တိုင်ဖြစ်လာသောကြောင့် Ivan က သူတို့နှစ်ကောင်အား စွတ်ဖားပေါ်တင်ပြီး အနားယူစေခဲ့သည်။ စွတ်ဖားကို ပျိုရွယ်သောဝံပုလွေငါးကောင်နှင့်သာ ဆွဲခိုင်းခဲ့ပြီး နှေးနှေး မြန်မြန် သူတို့ဆန္ဒဖြစ်စေခဲ့သည်။
အာဒံနှင့်ဧဝက Rory၏ သားရေအင်္ကျီအောက်တွင် မလှုပ်မယှက် ဝပ်နေကြသည်။ ဒီဝံပုလွေအိုနှစ်ကောင်မှာ အားပြတ်နေမှန်း သိသာလှသည်။ ခဏအကြာတွင် အာဒံထံမှ ညည်းသံတိုးတိုးထွက်ပေါ်လာသည်။ ဦးခေါင်းကို သူခါရမ်းလိုက်ပြီး ခြုံထားသောသားရေအင်္ကျီကို ဖယ်ရှားလိုက်သည်။ မျက်လုံးနှစ်လုံးက Ivan အား မမှိတ်မသုန် စိုက်ကြည့်နေပြီး “ခြေနှစ်ချောင်းအရှင်ရယ်… ငါ မရတော့ဘူး”ဟု ဆိုနေသယောင်ပင်။ Ivan လက်ကို ဆန့်ထုတ်ပေးလိုက်သည်။ အာဒံက ခြောက်ကပ်သောသူ့လျာဖြင့် Ivan၏လက်ဖမိုး၊ လက်ဖဝါးကို လျက်လိုက်သည်။ ထို့နောက် ပင်ပန်းနွမ်းနယ်သော မျက်စိအစုံကိုပိတ်ချပြီး အသက်ပျောက်သွားတော့သည်။ Ivan က အာဒံဘေးတွင်ရှိသော ဧဝကို ပွတ်သပ်လိုက်သည်။ ဧဝ၏ကိုယ်မှာ အေးခဲတောင့်တင်းနေသည်။ အာဒံအလျင် သူသေဆုံးသွားခဲ့ပါပြီ။
လေငြိမ်သော ကုန်းစောင်းတစ်နေရာတွင် သူတို့နားလိုက်ကြသည်။ Ivanက ဝံပုလွေများကို ကြိုးဖြည်ပေးလိုက်သည်။ ဝံပုလွေငါးကောင်မှာ စီတန်းပြီး ရေခဲပြင်ပေါ်တွင် ထိုင်ချလိုက်ကြသည်။ Ivan အား သူတို့စိုက်ကြည့်နေလိုက်ကြသည်။ ဝံပုလွေတို့၏မျက်ရိပ်ကို Ivan နားလည်သည်။ “သခင်… ငါတို့ ဆာနေကြပြီ.. ရှေ့ဆက်သွားဖို့ အင်အားကုန်ခမ်းနေပြီ”ဟုဖြစ်သည်။
Ivan က သူတို့အကြည့်အား ရှောင်လွဲလိုက်သည်။ သူ့စိတ်ထဲတွင် အကြံတစ်ခုရှိသည်။ ဝံပုလွေလောကတွင် သတ်မှတ်ချက်တစ်ခုရှိသည်။ အသက်နေရှင်သော ဇာတ်တူသားမစားဟုသော သတ်မှတ်ချက်ဖြစ်သည်။ သို့သော် သေဆုံးသွားသောအသားကို ဆိတ်တစ်ကောင်စားသကဲ့သို့ သူတို့စားနိုင်သည်။ Ivan က အာဒံနှင့်ဧဝတို့၏ဦးခေါင်းကို ပုဆိန်ဖြင့် ခုတ်ချလိုက်သည်။ ထို့နောက် ဦးခေါင်းနှစ်လုံးအား ရေခဲပြင်ပေါ်ထားပြီး အရှေ့မြောက်အရပ်ဆီ မျက်နှာမူလိုက်သည်။ ဦးထုပ်ကိုချွတ်ပြီး သူနှင့် ဝံပုလွေသားသမီးများ ဤဆိုက်ဘေးရီးယားဖုန်းဆိုးမြေမှ လွတ်မြောက်နိုင်ရန် အာဒံနှင့်ဧဝထံ ဆုတောင်းလိုက်သည်။ ထို့နောက် အသားများကိုခုတ်ဖြတ်ပြီး အသားတချို့ကို ဝံပုလွေတို့ထံ ပစ်ပေးလိုက်သည်။ ကျန်အသားများကို သိမ်းထားလိုက်ပြီး သုံးရက်စာလောက်တော့ ဖူလှုံနိုင်တယ်ဟု ခန့်မှန်းလိုက်သည်။ Ivanက အချိန်ကို တင်းတင်းကြပ်ကြပ် တွက်ချက်ထားသည်။ တစ်ကြိမ်မှာ တစ်ညတာနားပြီး နောက်တစ်နေ့မှာ ခရီးဆက်ဖို့ဖြစ်သည်။ အချိန်ဆွဲထားလေ ခွန်အားဆုတ်လျော့လေနှင့် နောက်ဆုံးမှာ သေဆုံးကြရမည်ဖြစ်သောကြောင့် ဖြစ်သည်။
သုံးရက်မြောက်နေ့ မနက်ပိုင်း နားနေရာမှ မထွက်ခွာမီ Ivan က သူ့အတွက် ဝံပုလွေသားအနည်းငယ်ယူပြီး အားကုန်ဝါးစားလိုက်သည်။ နောက်ဆုံးကျန်ရှိသည့်အသားကို ဝံပုလွေများအားကျွေးလိုက်သည်။ သူတို့စားကုန်သည်အထိ ရပ်ကြည့်နေလိုက်ပြီး လက်နှစ်ဖက်ကို သူဆန့်တန်းကာ ဝံပုလွေငါးကောင်အား ရင်ခွင်ထက်ထွေးပွေ့ထားလိုက်သည်။ ထို့နောက် အရိုင်းအစိုင်း ဤသတ္တဝါများကို လှိုက်လှဲသောအသံဖြင့် “ကလေးတို့ရေ… ငါတစ်ဆောင်းဦးလုံး စုဆောင်းခဲ့တဲ့ အစာတွေကို မင်းတို့စားလိုက်ကြပြီ။ ဟို လူယုတ်မာ ထောင်မှူးRoryကိုလည်း မင်းတို့စားလိုက်ကြပြီ။ မင်းတို့ မိဘကိုလည်း မင်းတို့စားလိုက်ကြပြီ။ အခု ငါတို့မှာ ဘာရိက္ခာမှမရှိတော့ဘူး။ နှင်းတွေဖုံးလွှမ်းနေတဲ့ ဒီဆိုက်ဘေးရီးယားဖုန်းဆိုးမြေမှာ ပုရွတ်ဆိတ်တစ်ကောင်တောင် ငါတို့ရှာမတွေ့ခဲ့ဘူး။ နောက်တစ်ကြိမ်မှာ ငါ့ကို စားပါ။ ကလေးတို့ရေ…. အချိန်ကျရင် ငါ့ကို စားလိုက်ကြပါ…..” Ivan ပါးပြင်ပေါ် မျက်ရည်များစီးကျလာသည်။ ဝံပုလွေတစ်ကောင်ချင်းစီ၏ ဦးခေါင်းကို သူပွတ်သပ်လိုက်သည်။ အငယ်ကောင် ဘေဘီက Ivan၏မျက်ရည်ကို လျာဖြင့်လျက်ပေးလိုက်သည်။
Ivanနှင့် သူ့ဝံပုလွေတို့ ခရီးဆက်ခဲ့ကြပြန်သည်။
စွတ်ဖားပေါ်တွင် လိုက်ပါလာသော Ivan က ကံကောင်းပါစေဟုသာ ဆုတောင်းနေခဲ့သည်။ ပင်ပန်းလိုက် ငိုက်သွားလိုက်နှင့် အိပ်မက်ဆိုးကနေ သူလန့်လန့်နိုးခဲ့သလို အိပ်မက်ထဲမှာရယ်ရင်း လန့်နိုးခဲ့ရတာလည်းရှိသည်။ နောက်တစ်ကြိမ် သူလန့်နိုးလာချိန် ရုတ်တရက် သူအံ့သြဝမ်းသာ ထရပ်မိသည်။ ဟား …. ရှေ့မှာ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော အပြာရောင်အလင်းတန်းများ… နေရောင်ကြောင့် ကျယ်ပြန့်သောရေခဲပြင်တစ်ခုပေါ်မှ အလင်းပြန်နေသော အပြာရောင်အလင်းတန်းများ… ဒါ Baikal ကန်ကြီးဖြစ်သည်။ Baikal ရေကန်ရောက်လျှင် ကန်အနီးတစ်ဝိုက်တွင် ရွာများကိုတွေ့မည်။ ရွာတွေ့လျှင် လူတွေ့မည်။ သာမာန်လူများကဲ့သို့ အသက်ရှင်ရပ်တည် နေထိုင်ကြသော လူများကိုတွေ့မည်။ ကြိမ်လုံးကို Ivan တစ်ချက်မြှောက်လိုက်သည်။ စွတ်ဖားက မြားအလျင်လို လူကိုမျက်စိစူးစေသော အပြာရောင်အလင်းတန်းဖက်ဆီ တရှိန်ထိုးပြေးသွားတော့သည်။
တစ်နှစ်ခန့်ကြာသောအခါ Baikalရေကန်မြောက်ဖက်အရပ်ရှိ ရွာလေးတစ်ရွာတွင် Stepan Konev ဟုခေါ်သော ရွာသားတစ်ဦးအား လူအများတစစ ရင်းနှီးလာခဲ့သည်။ ထိုရွာသားမှာ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်သည်။ တခြားသူတွေထက် အချိန်ပိုပေးပြီး အလုပ်ကို အထူးကြိုးစားလုပ်သူဖြစ်သည်။ သူအလိုရှိသော လုပ်အားခမှာ စားသောက်ဆိုင်မှကျွင်းကျန်သည့် အရိုးအကျန်များဖြစ်သည်။ သူ့တွင် ဝံပုလွေငါးကောင် မွေးထားသောကြောင့်ဖြစ်သည်။
Stepan Konevမှာ Ivan Mikhail ဟုတ်ပါသလား။ ဝံပုလွေများကို လေ့ကျင့်ပေးပြီး ဆိုက်ဘေးရီးယားမှ ထွက်ပြေးလာသော ခြေနှစ်ချောင်းဝံပုလွေအရှင်ဟုတ်ပါသလား….. အဖြေမှာ ဟုတ်သည်ဟု ပြောရပါမည်။
ပြီးပါပြီ
မူရင်းရေးသားသူ -- တရုတ်စာရေးဆရာ Cai Zhen Xing (蔡振興)
မူရင်းလင့် -- http://www.zenofang.com/china/7wolves.htm
နိုင်းနိုင်းစနေ( 14.July.2013)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။