Min Din
ကြောင်ချော့တေး
(မင်းဒင်)
(၁)
အနေမပျော် အခင်းဆွေး စာရင်းထုတ်၊ ရွှေနားတော်သွင်း ဧချင်းတစ်ပုဒ်လို့သာ မှတ်ပေတော့ ကြောင်ကလေးတွေရေ့။ ဘာလိုလိုနဲ့ မင်းတို့ ငါ့အိမ်ကနေ အစအန ပျောက်သွားတာ ဆယ်ရက်တောင် ကျော်ပြီဟေ့။မင်းတို့မောင်နှမ သုံးယောက် ပျောက်သွားတဲ့ နေ့ကစပြီး တကယ့်ကို တနေ့မှ မေ့မရဘူးကွာ။ ငါ့ကိုယ်ငါတောင် အံ့သြမိပါရဲ့။
အေးလေ။ မင်းတို့လို တလသား ကြောင်ပေါက်စလေးတွေကို ငါက မမေ့စရာ ဘာအကြောင်းမှ မရှိတာ။ နောက် ငါကလည်း ခွေးချစ်သူ၊ကြောင်ချစ်သူ စာရင်းထဲမှာ မပါပြန်ဘူး။ဒါပေမဲ့ ငါ့ကို ဒုက္ခပေးနေတာ ငါ့စိတ်ကွ။ မင်းတို့များ ငါ့ကို အထင်လွဲသွားလေသလား၊ ဝဋ်ကြွေးတုန့်ငင်၊ တင်ကျန်လေမလား၊ တွေးတွေးနေမိလို့။အထင်လွဲမယ်ဆိုလည်း လွဲစရာပဲကွာ။ မင်းတို့မောင်နှမတွေနဲ့ ငါ့လူတွေ ရုန်းရင်းဆန်ခတ် ဖြစ်သွားတာကလည်း နည်းနည်းတော့ ပွဲကြမ်းသွားတယ်ထင်ပါရဲ့။ အဲဒါ မင်းတို့ နဲ့  ငါ နောက်ဆုံးတွေ့ လိုက်တဲ့ ညပဲကွ။
မင်းတို့ထင်သလောက် ငါမရိုင်းပါဘူးကွာ။ မယုံရင် မင်းတို့အမေကိုသာ မေးကြည့်ပေတော့ကွာ။ တကယ်ဆို မင်းတို့အမေကလည်း ငါ့အိမ်မှာနေတာ မဟုတ်ပါဘူး။ ဘေးချင်းကပ် ဆွီဒင်ကြီး အိမ်ကကွ။ မင်းအဖေက ငါ့မျက်စောင်းထိုး အိမ်၊ ထိုင်းအဘိုးကြီး အဘွားကြီး လင်မယားအိမ်က။ဘယ်လိုလုပ် ငါ့အိမ်မှာလာပြီး နဖူးစာ အိမ်လည်ကြသလဲ မပြောတတ်တော့ပါဘူး။
ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက မင်းအဖေနဲ့မင်းအမေ ညည ချိန်းတွေပြီး ငါ့အိမ်မှာ ဗြောင်းဆန်အောင် ပလူးခဲ့ကြတာ၊ ငါတောင် အိပ်ကောင်းခြင်း မအိပ်ရတဲ့ညတွေ အများကြီးပါ။ ဒီလိုကွ။ မင်းအမေကို မင်းအဖေက စ ရစ်တော့ အစပိုင်းမှာ မင်းအမေက ငြင်းပုံရတယ်။ ဝုန်းဒိုင်းကို ကြဲနေတာပဲ။ နောက်ပိုင်း မင်းအဖေကပဲ အတင်းအဓမ္မ နသားပါရ လုပ်လေသလား။ မင်းအမေကပဲ အလိုတူကြည်ဖြူလေသလား။ ဒါတော့ ငါလည်း ရှင်းမပြတတ်တာ အမှန်။ မင်းတို့မွေးလာမှ သြော်၊ သူတို့ အဆင်ပြေသွားကြသကိုးလို့သိတာ။အေးပါ၊ ဒါ မင်းတို့်ကလေးတွေကိစ္စ မဟုတ်ပါဘူး။ အခုပြောပြနေတာက မင်းတို့သိသင့်တယ်ထင်လို့  နည်းနည်း နောက်ကြောင်းပြန်ပြတာ။ ဒါမှ ငါ့ စိတ်ကို မင်းတို့ ခန့် မှန်းနိုင်မယ်လေ။
အမှန်အတိုင်းပြောရရင် မင်းတို့အမေ ကိုယ်လေးလက်ဝန် ဖြစ်နေလည်း ငါမသိလိုက်ဘူး။ ငါလည်း ငါ့အလုပ်နဲ့ငါ ရှုပ်နေတာ။ ရှုပ်နေတဲ့ငါ့ အလုပ် ဆိုတာက၊ သက်ခိုင်ဆိုတဲ့ငါ့သူငယ်ချင်း တစ်ယောက်အကြောင်းကို အင်တာနက်မှာ ရေးရေးနေလို့။ ထားလိုက်ပါကွာ။ ဒါလည်း မင်းတို့နဲ့ မဆိုင်ပါဘူး။လွန်ခဲ့တဲ့ တစ်လကျော်လောက်ပေါ့ကွာ။ မင်းတို့ မီးတွင်းထဲမှာ ရှိတုန်းပေါ့။ မီးတွင်းဆိုတာ မီးဖွားတာ တစ်ပါတ်မပြည့်သေးတာကို ပြောတာကွ။“ဆရာ၊ အိမ်မှာ ကြောင်လေးတွေ ပေါက်နေပြီ”ဆိုပြီး ငါ့အိမ်မှာနေတဲ့ မောင်ဖြိုးဆိုတဲ့ ချာတိတ်လေး ၊ငါ့ကို လာပြောမှ မင်းတို့ မိသားစုကို ငါသတိပြုမိတာ။ မင်းအမေက တော်တော်လည်တာပဲကွ။ မင်းတို့မွေးဖို့ မီးနေခန်းကို ငါ့ဘုရားစင်နောက်မှာ လာရွေးသတဲ့ကွာ။ တမျိုးလည်း အန္တရာယ်ကင်းတာပဲကွ။ ဘုရားစင်နောက်ဆိုတော့ တွေ့တဲ့လူက ရုတ်တရက် ဒေါသ မထွက်နိုင်ဘူး၊ ရန်မပြုနိုင်ဘူးပေါ့။ မင်းတို့ကြောင်ဘဝရောက်တာ ငါသိတော့ မင်းတို့ဘာသာ မင်းတို့နေ၊ ငါ့အလုပ်ငါလုပ်ပဲလို့အစက သဘောထားခဲ့တာလည်း အမှန်ကွ။ အပ်ကြောင်းထပ်တယ်တော့ မထင်ပါနဲ့။ ငါက ခွေးတွေ ကြောင်တွေ ချစ်တတ်တဲ့အထဲတော့ မပါဘူးကွာ၊ ဒါပေမဲ့ မင်းတို့မိသားစုကို ငါ ကိုယ်ချင်းစာပါတယ်။ မင်းတို့ငါ့အိမ်ရောက်နေသလို ငါလည်း သူများနိုင်ငံ ရောက်နေတာပါပဲ။ ပိုဆိုးတာက အခု ငါ ရောက်တဲ့ ထိုင်းဆိုတာက ငါမွေးခဲ့တဲ့ မြန်မာပြည်နဲ့ ဟိုးရှေးရှေးတုန်း ကတည်းက ရန်ဘက်ကွ။
(၂)
တို့မြန်မာဘုရင် အလောင်းဘုရား၊ ဘုရင့်နောင်တို့လက်ထက်တွေတုန်းက ထိုင်းတွေကို ဟိုဒင်းကို ဟိုဒင်း နိုင်သလိုကို နိုင်ခဲ့တယ် ဆိုပဲကွာ။ ထိုင်းဆိုတာ မြန်မာတွေ နိုင်ဖတ်။ ထိုင်းတွေက အမြဲတမ်း ခံဖက်က။ အခု တို့နေတဲ့ ဖူးခက်မြို့အဝင်၊ လမ်းမကြီးပေါ်မှာ ကျောက်တိုင်ကြီးတခု ရှိလေရဲ့။အဲဒီ ကျောက်တိုင်ထိပ်က ဓားကိုင်ထားတဲ့ မိန်းမရုပ်တု နှစ်ခုဟာ မြန်မာဘုရင် ကျူးကျော်တာကို ရွံ့ရွံ့ချွံချွံတွန်းလှန်ခဲ့တဲ့၊ ဖူးခက်သူ ထိုင်းအမျိုးသမီး သူရဲကောင်းတွေတဲ့ကွ။ ထိုင်းလိုတော့ အနုစာဝါရီတဲ့။ တို့မြန်မာတွေကတော့ အမြင်ကတ်လေသလား မပြောတတ်ဘူး။ အရုပ်နှစ်ကောင်လို့ ခေါ်ကြလေရဲ့။ ဖူးခက်ရောက် မြန်မာအလုပ်သမားတွေကတော့ အဲဒီမိန်းမတွေဟာ မြန်မာဘုရင် အလောင်းဘုရားကို တွန်းလှန်ခဲ့ကြတာ ဆိုပြီး ရမ်းတုတ်နေတာကွ။ စာတတ်တဲ့  ထိုင်းတစ်ယောက်ကို ငါ သေချာမေးတော့ ဘိုးတော်ဘုရားလို့ ပြောပါသကွာ။
အမှန်က ထိုင်းကို ရောက်တဲ့ မြန်မာတွေက မရှိတော့တဲ့ ဇာတိမာန်ကို ကျားပိန်တွယ်တွယ်ပြီး ရမ်းတုတ် မှန်းတုတ် ရာဇဝင်တွေနဲ့ အားတင်းနေကြတာပါကွာ။တကယ်တော့ အလောင်းဘုရားက ထိုင်းကို မြန်မာ သက္ကရာဇ် ၁၁၂၁ ခုနှစ်မှာ တိုက်ရုံသာ တိုက်ခဲ့တာ အောင်မသွားရှာဘူး။
ဗဒုံမင်းခေါ် ဘိုးတော်ဘုရားဟာ ကုန်းဘောင်ဆက်မှာ နန်းသက်အရှည်ဆုံးဘုရင်ဆိုပဲ။ကုန်းဘောင်ခေတ်ဘုရင်တွေထဲမှာ အကျယ်ပြန့်ဆုံး၊မြန်မာ့အင်ပါယာကြီးကို စိုးစံခဲ့သတဲ့ကွ။သူ ထီးနန်းစိုးစံခဲ့တဲ့အချိန်ဟာ ကုန်းဘောင်ခေတ်ရဲ့ အထွဋ်အထိပ် နေမွန်းတည့်ချိန်မို့ သူ့ကို ကုန်းဘောင်ပရမေလို့တောင် တင်စားခဲ့ကြသတဲ့။ တကယ်တော့ အင်္ဂလိပ်တွေဟာ အဲဒီအချိန်ကတည်းက မြန်မာပြည်ကို ထိပါးလာခဲ့ပေမဲ့ ဗဒုံမင်းဟာ “ကျားကဲ့သို့ ရက်စက်ကြမ်းကြုတ်သူ”လို့ ယူဆကြ တာကြောင့် အနားမကပ်ဝံ့ဘူးတဲ့ကွာ။ ဖူးခက်ကို ဘိုးတော်ဘုရားတပ်တွေ ရောက်လာတာဟာ ခရစ်သက္ကရာဇ် ၁၇၈၅ ဆိုတော့ သမိုင်းမှတ်တမ်းတချို့အရ ထားဝယ်ဘက်မှာ ယိုးဒယားနဲ့ပေါင်းပြီး ပုန်ကန်ကြလို့ နှိမ်နှင်းရာကနေ ဖူးခက်အထိ ရောက်လာဟန်ရှိသကွ။
(၃)
သြော်။ လူမှာ လူ့သမိုင်းရှိသလို မင်းတို့ကြောင်တွေမှာလည်း ကြောင်ရာဇဝင် ရှိပါသကွာ။ မင်းတို့ ကြောင်တွေက ဟိုတုန်းက ကျားတွေရဲ့ ဆရာတဲ့ကွ။ အေးလေ၊ ကျားဆရာ ကြောင်ဆိုတဲ့ စကားပုံတောင် ရှိသေး။ တကယ့် အကောင်ကြီးကြီး အဝါအနက် အစင်းကြားကြီးနဲ့ မင်းတို့ခန္ဓာကိုယ် အကြီးစား၊ ကျားဆိုတဲ့ကောင်တွေလေ။ ကျားဆိုတဲ့မောင်တွေက အကောင်သာ ကြီးတယ် ပညာကျတော့ မင်းတို့ မျိုးနွယ်တွေလောက် မစွံဘူး ဆိုပဲ။ အသားစားတဲ့ အကောင်ကြီးတွေ အမဲ မလိုက်တတ်တော့ ငတ်ပေါက်ကြုံပြီး မင်းတို့ အဖိုးအဖွားတွေဆီမှာ အဲဒီကျားတွေက ပညာသင်ခဲ့ ရတာတဲ့။ ခုန်ပျံကျော်လွှားတာ ခြေသံလုံအောင် လျှောက်တာတွေကအစ သင်ခန်း စာတော်တော်များများကို ပို့ချခဲ့တာတဲ့။ နောက်ဆုံး တော့၊ အမြီးကို ဘယ်လို ထိန်းရတယ် ဆိုတဲ့ သင်ခန်းစာကို မင်းတို့  ဘိုးဘွားတွေက ဆရာစား ချန်ခဲ့လို့  ကျား တွေက ရာဇဝင်စဉ်ဆက် အခဲမကြေဘဲ၊ မင်း တို့ကိုတွေ့ရာ သင်္ချိုင်း ဓားမဆိုင်းလက်တုန့်ပြန်မယ် ကြိမ်းထားခဲ့ကြသတဲ့။ မင်းတို့ဆွေစဉ် မျိုးဆက်ကလည်း ငါတို့ကို ရှာတွေ့ဖို့မပြောနဲ့ ငါတို့စွန့်တဲ့မစင်တောင် မတွေ့စေရဘူး ဆိုပြီး ချဲလင့် ပြန်လုပ်ခဲ့တယ် ဆိုပဲကွာ။အမှန်တော့ကွာ။ ဆရာတပည့် ပြေပြေလည်လည် မညှိနှိုင်းပဲ ရန်ကြွေးကို သားစဉ်မျိုးဆက် သယ်လာတာလည်း ကောင်းတဲ့အလုပ်တော့ မဟုတ်ပါဘူး။
ငါနဲ့ မင်းတို့မောင်နှမတွေ အထင်အမြင်လွဲစရာဖြစ်ရတာ မင်းတို့ကြောင်ရာဇဝင်နဲ့တောင် လာဆက်စပ် နေသလို ပါပဲကွာ။ဟုတ်တယ်ကွ။ အခုလို မင်းတို့နဲ့ ငါ တို့ အကြားမှာ ပြဿနာဖြစ်ရတာက ရာဇဝင်ထဲက မစင်စွန့် နည်းနဲ့ ဆိုင်တယ်၊ မင်းတို့ အမေက မင်းတို့ငယ်သေးတော့ မစင်ဘယ်လို စွန့်ရမယ်ဆိုတာ သင်မပေးသေးလို့။ ငါတို့ကလည်း သဲနည်းနည်းကို ဇကောလေးထဲ ထည့်ပြီး မင်းတို့ဇက်ကိုကိုင်။ မင်းတို့ဖင်နဲ့  သဲဗန်းနဲ့ဆောင့်။ ဒီမှာ ပါ၊ ဒီမှာ ယိုဆိုပြီး ကျင့်မပေးရသေးလို့ ဇာတ်တွေ မရှုပ်သင့်ပဲ ရှုပ်သွားတာကွ။ ဒါကို အစက ငါလည်း မသိပါဘူး။မင်းတို့ဥစ္စာက မခံစားနိုင်အောင် အနံ့ ဆိုးလွန်းလို့ တောင်မေးမြောက်မေးနဲ့ မေးမှသိတာ။မင်းတို့ကလည်း အကောင်သာငယ်တာ ပါတဲ့မစင်က လေသင့်ရာမွှေး တော်တော်လေးကို နံတာပဲကွာ၊ ဒါကြောင့် လူတွေက မင်းတို့ ပါတဲ့ဟာကို သီချင်းတောင်လုပ်ဆို ကြတဲ့ အထိကွ။ ဘာတဲ့။ ကြောင်ကို ဝမ်းနှုတ်ဆေးကျွေးမိသလို ကျွေးမိသလို ပျော့ပျော့လေးနဲ့  နံမဲ့  ပုံပေါ်တယ် တဲ့။
စာဖွဲ့မယ်ဆိုလည်း ဖွဲ့လောက်ပါရဲ့ကွာ။ လေတင်လေညာ ဘယ်လိုမှ မခံသာအောင် မင်းတို့က ဖင်သရမ်းထားတော့ ငါလည်း နှစ်ဦးနှစ်ဖက် ကောင်းအောင် စီစဉ်ရတော့တာပေါ့၊ ဒါကို မင်းတို့က အကြောက်လွန်ပြီး အထင်လွဲသွားတာကွ။
တကယ်ပါကွာ။ မင်းတို့ကို ငါလိမ်စရာ မရှိပါဘူး။ ခက်တာက အဲဒီရုန်းရင်းဆန်ခတ်ဖြစ်တဲ့ညက မင်းအမေကလည်း မင်းတို့နဲ့အတူ ရှိမနေဘူး။မင်းအမေရှိနေရင်လည်း ဒီလို ဖြစ်ချင်မှ ဖြစ်မှာပါကွာ။အမှန်က မင်းတို့ကို မစင်စွန့်နည်း သင်မလို့ကွ။ ဒဲ့ဒိုးပြောရရင် ကြောင်ချေးပါနည်း ပေါ့ကွာ။ မင်း တို့ကို သင်တန်းပေးဖို့ သဲကော ဗန်းပါ ရှာလာပြီးသား။ တလက်စတည်း မင်းတို့ တွေ့ရာ လျောက်ပါထားတဲ့ အီအီးတွေပါ ကျုံးမလို့။
ပြဿနာဖြစ်မှ သူများလွှဲချတာတော့မဟုတ်ဘူး။ပြည်ပန်းညို ချိုပါရက် ဆားဖျက်သလို လုပ်လိုက်တဲ့အဓိက တရားခံက စံလွင်ဆိုတဲ့ မောင်ကွ။ သူက ငါနဲ့ကျောင်းနေဘက် သူငယ်ချင်းပါကွာ။ သူလည်း သူ့ဘဝသူ့အကြောင်းနဲ့ ငါ့ဆီ ဘယ်လိုလုပ် မျက်စေ့လည် လမ်းမှားလာသလဲ မပြောတတ်တော့ပါဘူး။ အခု သူက ငါဖွင့်ထားတဲ့ ဆိုင်က မန်နေဂျာ ဆိုပါတော့။ သူက ငါပြောသမျှ ဟုတ်ကဲ့။ မသိဘူး ဆိုတာချည်း ပြောနေတတ်တဲ့ မောင်။
အဲဒီညက ကြောင်လေးတွေကို ချေးပါနည်း သင်ရအောင်၊ ကြောင်ချေး စစ်ဆင်ရေး လုပ်ရအောင် လာခဲ့ပါ ဆိုတော့ ချီတက်လာလိုက်ကြတာ၊ သူကော၊ သူ့မိန်းမကော၊ အောင်ချိုဆိုတဲ့ချာတိတ်ကော၊ အိမ်က မောင်ဖြိုးနဲ့ပါဆို လေးယောက် တောင်။
နောက်တော့ ကြည့်အုံး။ စံလွင့်မိန်းမကလည်း ကြောင်ချေးဆိုတာ အသံကြားတာနဲ့ ဘီလူး သံပုရာသီး ကိုက်ထားတဲ့ ရုပ်နဲ့၊ အောင်ချိုကလည်း အာဏာပါးကွက်သား ပုံစံ။ စံလွင်က မင်းတို့ကို ဒိုင်ဗင်ထိုး ဖမ်းတယ်။ အောင်ချိုက တံမြက်စည်းတ ချောင်းနဲ့ ရိုက်မယ်နှက်မယ် ဆိုတဲ့ ဒီဇိုင်း။မောင်ဖြိုးကလည်း အားပေးကူညီ၊အမှုတွဲအိုက်တင်နဲ့။ကြောင်ချေးကျုံးပြီး ကြောင်ကို အပေါ်ထပ်ကနေ အောက်ထပ်ကို ရွှေ့တာများကွာ တိုင်းပြည်ပျက်သလို ဟိုအတန်း ပုလိပ်ဝင်သလိုပါပဲ။ အမှန်က မင်းတို့ဂုတ်ကို အသာလေးဆွဲပြီး ကိုင်လိုက်ရင် ပြီးပါတယ်။ အခုဟာက အမဲဖျက်သလို ကြောင်သတ်ပွဲလို ဖြစ်ကုန်တော့ မင်းတို့လည်း ဟိုချောင်၊ ဒီချောင် ဂျက်ဆီဂျိန်းလိုက်တာ ပွဲက ဆူသထက် ဆူကုန်တော့တာပေါ့။
မင်းတို့မောင်နှမတတွေ ဘီဒိုအောက် ပြေးပုန်းတဲ့ကောင်က ပုန်း၊ အဲယားကွန်းနောက် ဝင်တဲ့ကောင်ဝင်၊ ခံကိုက်တဲ့ကောင်ကကိုက်။ စံလွင်လည်း ဒဏ်ရာရ။ မင်းတို့လည်း လန့်မသေတာ ကံကောင်း။ ဇာတ်ကတော့ တကယ့်ကို ရှုပ်ကုန်တာပဲကွာ။နာရီဝက်လောက်နေမှ သမ္မတလူကြမ်းတွေက မင်းတို့မောင်နှမသုံးကောင်ကို အောက်ထပ်ရွှေ့နိုင် တော့သဟေ့။
မင်းတို့ကလည်း မင်းတို့အမေ ပြန်လာတော့ တန်းစီဝိုင်းတိုင်ကြမှာပေါ့။အမေရယ်။ ဒီလူတွေ လူယုတ်မာတွေ အမေရဲ့။ ကျနော်တို့မောင်နှမ ကြောင်ပေါက်လေး သုံးကောင်ကို သတ်မဲ့ဖြတ်မဲ့ပုံတွေနဲ့ဗျ။ ဘီလူးသဘက် စီးနေသလား မှတ်ရ တယ်။အဖွဲ့လိုက်ကို အကြမ်းဖက်ကြတာဗျ..ပေါ့။မင်းတို့ညီမလေးကလည်း၊အမယ်လေး မာမီရယ်၊ သမီးတော့ အခုထိ ရင်တွေပန်းတွေ တုန်တုန်း။ သမီး သိပ်ကြောက်တယ် မာမီရယ်။ သမီးကို ချစ်ရင် ဒီလူရမ်းကားတွေအိမ်မှာ ဆက်မနေပါနဲ့။ လူတွေဖြစ်ပြီး လူစိတ်မရှိတဲ့သူတွေပါ မာမီရယ်၊ လုပ်မှာပဲ ပေါ့ကွာ။အေးကွာ၊တကယ်ဆို ငါ့အပြစ်လည်း ကင်းလှတယ်တော့ မဟုတ်ဘူး။ ဒီလောက် အကွပ်အကဲ ညံ့တဲ့ မောင်တွေကို ဒီလို စစ်ဆင်ရေးကို တာဝန်ပေးမိလို့ပေါ့ကွာ။
မင်းတို့အမေကလည်း မင်းတို့တိုင်တာတောတာ ယုံပြီး မင်းတို့ကို ဂုတ်ကနေ ကိုက်ချီပြီး ညတွင်းချင်းကို ပြောင်းသွားကြ ထင်ပါရဲ့ကွာ။ မနက်မိုးလင်းတော့ ငါလိုက်ရှာပါသေးတယ်။ ငါတို့ လွန်သွားတာကို ပြန်ချော့မလို့ ကွ၊ မင်းတို့က နို့ဆီ ကြိုက်တတ်တယ် မဟုတ်လား။မင်းတို့ကတော့ ငါ့ကို ခြေရာလည်းပျောက်၊ ရေလည်းနောက်အောင်ကို လုပ်သွားခဲ့တာ ကလား။ ဆွီဒင်ကြီး အိမ်ကို ပြန်လေသလား၊ ထိုင်းအဘိုးကြီး အဘွားကြီးအိမ်ကိုပဲ မြန်းလေသလား။ အစအနကို ရှာမရတော့ပါဘူးကွာ။
(၄)
ပွင့်ပွင့်လင်းလင်း ပြောရရင် ငါလည်း တစ်ယောက်တည်း နေလာတာ ကြာလို့လား မသိဘူး။ မင်းတို့ကို သံယောဇဉ် ဖြစ်သွားသလိုပဲကွ။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ နှစ်ပါတ်ဝန်းကျင် ညတစ်နာရီထိုးလောက် ငါတရားထိုင်ပြီး ထွက်လာတော့ မင်းအမေက ငါ့ကို သူ့နှုတ်သီးနဲ့ ပွတ်သီးပွတ်သပ် လာလုပ်နေတယ်။တရားထိုင်တယ် ဆိုတာကလည်း ကိုသက်ခိုင် ပြောလို့ပါကွာ။ ဘာရယ်တော့ ဟုတ်တိပါတ်တိ မရှိလှပါဘူး။ ကိုသက်ခိုင်ကတော့၊သူ့နည်းနဲ့သူ ဖြစ်ပျက်ကို မြင်တယ် ဆိုလားပဲ။ ငါကတော့ နှာသီးဝက လေတောင် အနိုင်နိုင် ဖမ်းနေရတုန်းပါ။
ထူးထူးဆန်းဆန်း မကပ်စဖူး လာကပ်တဲ့ မင်းအမေရဲ့  အမူအယာကို ငါသဘောပေါက်တယ်ကွ။ သူက ကျမကလေးတွေ နို့ဆွဲလွန်းလို့ စားစရာလေး ဘာလေး ရှိရင် ကြည့်လုပ်အုံးလို့ပြောတာကွ။ အစတော့ ငါလည်း မျက်နှာလွှဲလိုက်မလို့။ နောက်ပြန်စဉ်းစားကြည့်တော့ ငါတို့လူတွေကသာ ဆဲဗင်းအလဲဗင်းမှာ နှစ်ဆယ့်လေးနာရီ ထွက်ဝယ်လို့ ရတာ မင်းအမေက မင်းတို့ကို ထားပြီး ဘယ်မှာ ဘာထွက်ရှာမလဲ။ ကြည့်၊ အချိန်ကလည်း ညတစ်နာရီလေ။ဒါနဲ့ မင်းတို့အတွက် ဘာများသင့်တော်မလဲ စဉ်းစားတယ်။နောက် ငါနဲ့မောင်ဖြိုး မနက်ဖက် လက်ဖက်ဖျော်သောက်တဲ့ နို့ဆီဗူးထဲက တဝက်လောက်ကို အချိုပန်းကန်အောက်ခံပြားထဲ ထည့်ပြီး တိုက်လိုက်တော့တာပဲကွာ။အေးလေ။ မင်းတို့မောင်နှမ သုံးကောင်က အစတော့ ခပ်လှမ်းလှမ်းက အခြေအနေ အကဲခတ်နေတယ်။ မင်းတို့အမေလည်း လေးငါးခါလျက်ပြီးရော မင်းတို့လည်း ဘာသာနဲ့ထုထားမှတ်လို့ အတင်းဝိုင်းတွယ်ကြတယ်လေ။နောက်ရက်တွေလည်း မင်းတို့ကလည်း ငါ့တွေ့တာနဲ့ တညောင်ညောင်နဲ့ နို့ဆီခွဲတမ်း တောင်းတော့တာပဲလေ။ တခါတခါ ငါ ချတိုက်တာများပြီး အန်ထွက် ကုန်တာတောင် ရှိသေး။သြော်၊ကြံဖန်ပြီး ဂုဏ်ဖော်တာ မဟုတ်ရပါဘူး။ ငါမှာလည်း သံယောဇဉ်ဆိုတာရှိတယ်လို့ ပြောချင်တာက အဓိကပါ။
ဝဋ်မှာအမြဲ ငရဲမှာအပ တဲ့။ဝဋ်ဆိုတာတော့ ကြောက်သဟေ့။မြန်မာရှေးဘုရင်တွေ လုပ်ချင်ရာလုပ်ခဲ့တာ ငါတို့လက်ထက်မှာ ကောင်းကောင်းကြီး ဝဋ်လည်နေတော့တာပဲ။ မြန်မာပြည်မှာ ဘယ်လိုမှ ရှာဖွေ စားသောက်လို့မရတဲ့ အဆုံး နယ်စုံက မြန်မာပြည်ဖွား တိုင်းရင်းသားမျိုးစုံဟာ ထိုင်းကို ရောက်လာပြီး ထိုင်းတွေ မလုပ်ချင်တဲ့ အလုပ်ကြမ်း မှန်သမျှ လုပ်နေကြရပြီကွ။ တိုတိုပြောရရင် မြန်မာတွေက ထိုင်းတွေရဲ့ ကျွန် ပြန်ဖြစ်နေတယ် ဆိုပါတော့ကွာ။ မင်းတို့အိမ်ပြောင်းတာ တို့မြန်မာတွေနေရာရွှေ့ နိုင်ငံကူးပြီး အလုပ်လုပ်ရသလောက်တော့ မဆိုးသေးဘူးကွ။မြန်မာအလုပ်သမားတွေက ကျွန်လာခံတယ် ဆိုတာတောင် လာရေးသွားရေးက မလွယ်လှဘူးမောင်။ နှစ်နိုင်ငံ နယ်စပ်ကိုကျော်ဖို့ နှစ်နိုင်ငံလုံးက ပိုင်ရာဆိုင်ရာတွေကို တံစိုး လက်ဆောင် လိုင်းကြေး လမ်းခင်းပြီး လာကြရတာ။ပတ်စပို့လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ်ထုတ် ပေးတဲ့ခေတ်မှာလည်း ထင်သာထင် မဝင်ဘူးကျောင်းအမရေ ပြောရမလို၊ ဒုက္ခမီးကတော့ လောင်နေတုန်းပါပဲ။ ပတ်စပို့စာအုပ်ရဖို့ ပွဲစားအဆင့်ဆင့်ကို ပေးရကမ်းရတာ ဗမာငွေလေးသိန်းကျော် ကုန်ကျတယ်ဆိုပဲ။မင်းတို့မမွေးခင် တစ်နှစ်ကျော်လောက်က ရနောင်းကနေ ဖူးခက်ကို အလုံပိတ် အအေးခန်းကားထဲမှာ မြန်မာအလုပ်သမား တစ်ရာကျော် တင်လာလိုက်တာ လေအေးစက် ခလုပ်မဖွင့်မိလို့ ငါးဆယ့်လေးယောက်တောင် မချိမဆန့်အသက်ထွက် ကုန်ကြပါပကော။ မင်းတို့ကြီးရင် မြို့ထဲရောက်ရင် မြင်ပါလိမ့်မယ်ဗျာ။ တကယ့်မိုးထိတိုက်တွေ ပြည့်နေတဲ့ မြို့ကြီးမှာ မဒမတိုင်မျောတိုင်တွေနဲ့  သွပ်ပြားဟောင်း မိုးထားတဲ့ ယာယီတဲတွေဟာ မြန်မာအလုပ်သမား စံနန်းတော်တွေ ပေါ့။
(၅)
တို့မြန်မာနိုင်ငံက အစိုးရမင်းများကိုလည်း တို့က ဘယ်ဘဝကများ ဘာတွေ ငြိုငြင်အောင် ဘယ်လောက် လုပ်ခဲ့မိသလဲ ဇာတိဿရ ဥာဏ်မရတော့ မပြောတတ်ဘူး။ငါတောင် မြန်မာပြည်မှာ မတောင့်မတ နေနိုင်ပါရက်ကနဲ့ ဖူးခက်မှာ သောင် လာတင်ပြီး သောင်ပြင်ကမောင်လို ဝဋ်ပြန်လည်နေလေရဲ့။ ကိုသက်ခိုင် ပြောတာတော့သံသရာဆိုတာတကယ်ရှိကြောင်း သူယုံတယ် ဆိုပဲ။အဲဒီ သံသရာတို့ ဝဋ်တို့ဆိုတာတွေကြောင့် ငါဒီလောက် လေကြောရှည်နေတာပေါ့ ကွာ။မင်းတို့သာ အမြီးနဲ့ဖုန်လုံးတောင် မမြင်ရတော့တာ မင်းတို့အမေတော့ ငါ့အိမ်ဘက်ကို ရံဖန်ရံခါ လာ လာနေတုန်းကွ။ ငါလည်း မျက်နှာပူနေတော့ မင်းတို့သတင်းမေးရမှာ နည်းနည်းတော့ ရှိန်နေသလိုပဲ။အေးလေ။ဒါကြောင့် မင်းတို့မောင်နှမကို ပြောပါရစေ။ အဲဒီနေ့က အဖြစ်အပျက်နဲ့ပါတ်သက်လို့မင်းတို့ မောင်နှမတွေ မလိမ္မာတခါ မိုက်တဲ့ ငါတို့လူမိုက်တွေကို ဗွေမယူပါနဲ့ ။ ရန်ငြိုးရန်ကြွေး၊ ဝဋ်ကြွေး ဆိုတာမျိုး ဖြစ်အောင် ဘယ်ဘဝမှသယ် မသွားကြပါနဲ့ ။
မင်းတို့သတင်းကိုလည်း ငါ အမြဲနားစွင့်လျက်ပါ။ စကားကုန်ကုန် ပြောရရင် ငါ့အိမ်မှာ ပြန်မနေကြရင်တောင် အဝင်အထွက် လောက်တော့ လုပ်ကြကွာ။နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သံသယတို့ ရန်ငြိုးးတို့ဆိုတာ ဘယ်သူ့အတွက်မှ အကျိုးမပြုပါဘူးကွာ။ အခု တို့မြန်မာပြည်ဒီမိုကရေစီစံနစ်ဆီကို ပြောင်းလဲနေသတဲ့။ခက်တာက ခေတ်ဟောင်းမှာ ရှိခဲ့တဲ့ ကြီးမား တဲ့သံသယတွေရဲ့ အရိပ်မဲကြီးအောက်ကနေ မလွတ်နိုင်ကြသေးတာပါပဲ။အဲသလိုအချိန်မျိုးမှာ ရန်ငြိုးတွေပယ် ဖျောက်ဖို့ စံ နမူနာကို မင်းတို့နဲ့ငါက ၊စပြလိုက်တာ အကောင်းဆုံးထင်ပါရဲ့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။