မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်နှင့် တွေ့ဆုံခြင်း
..........................
(ေဇယ်သူ)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒကို တစ်ဆစ်ချိုး ပြောင်းစေခဲ့သူဟု လူပြောများကြသည့်၊ နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဦးဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်မှာ ဆယ်လ ရှိပြီဖြစ်သည့် ဒဲရစ်မစ်ချယ် မိတ္ထီလာမှအပြန်... သူ၏ နေအိမ်တွင် The Voice က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သည်။
Voice : သံအမတ်ကြီး ဒီကို ရောက်လာတဲ့အကြောင်းက စလိုက်ရအောင်။ ၂၀၀၇ က Foreign Affairs (အမေရိကန် နိုင်ငံခြားရေးမူဝါဒ အထူးပြုသြဇာကြီး မဂ္ဂဇင်း) မှာ ခင်ဗျားရေးလိုက်တဲ့ ပညာရပ် ဆိုင်ရာ ဆောင်းပါးကြောင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေး မူဝါဒ လမ်းကြောင်း ပြောင်းသွားတယ်လို့ ပြောကြတယ်။ အဲဒီဆောင်းပါးကို ဘာလို့ ရေးလိုက်တာလဲ။
DM : ၁၉၉၀ ပြည့်နှစ်တွေတုန်းက National Democratic Institute မှာ ကနဦးကတည်းက ပါဝင်ပတ်သက်ခဲ့တဲ့ သူတစ်ယောက် အနေနဲ့ ဒီဆောင်းပါးကို ကျွန်တော်ရေးခဲ့တာ။ အဲဒီတုန်းက မြန်မာပြည်မှာ ဖြစ်နေတဲ့ကိစ္စတွေကို ကြုံတွေ့ သိမြင်ရတဲ့ တခြားအမေရိကန်တွေ၊ ကမ္ဘာက တခြားပုဂ္ဂိုလ်တွေလိုပဲ ကျွန်တော်လည်း စိတ်ရောကိုယ်ပါ ဝင်စားမိတယ်။ ဒီလို လူတွေထဲက တစ်ယောက် အနေနဲ့ပါ။ မူဝါဒ ရေးရာတွေကို အဲဒီတုန်းက ကျွန်တော် စိတ်ဝင်စား နေခဲ့တာကြောင့်လည်း ပါတယ်။ ၁၀ နှစ်လောက် ကျွန်တော် တခြားအလုပ် တွေလုပ်ခဲ့တယ်။ ကျွန်တော် ပင်တဂွန် စစ်ဌာနချုပ်ကို ရောက်တယ်။ တခြား Think Tank တွေကို ရောက်တယ်။ မြန်မာနိုင်ငံ တစ်ခုတည်းကို အာရုံစိုက် လုပ်ခဲ့တာ မဟုတ်ပေမယ့် မြန်မာနိုင်ငံ ဆိုင်ရာတွေက တန့်နေမှန်း ၂၀၀၇ လောက်ကျ ကျွန်တော်သဘောပေါက် လာတယ်။ အမေရိကန်မူဝါဒ တန့်သွား တယ်။ ကျွန်တော်တို့ တကယ့်ကို တီထွင်ကြံဆ စဉ်းစားတတ်ဖို့ လိုလာတာပေါ့။
အရေးယူပိတ်ဆို့မှုနဲ့ ထိတွေ့ဆက်ဆံရေး နှစ်ခု၊ ဘာလုပ်ရင် ကောင်းမလဲလို့ ကျွန်တော်တို့ တကယ့်လှေကြီးထိုး ရိုးရိုးကြီး စဉ်းစား ငြင်းခုံကြတယ်။ ဒီလိုငြင်းခုံနေတာက ဘာမှဖြစ်မလာဘူး။ အခုဆိုရင် နိုင်ငံ တစ်နိုင်ငံ အနေနဲ့ အမေရိကန်ပြည်ထောင်စုက ဒီကတိုးတက်မှုတွေကို ကူညီပေးနေပြီ။ အဲဒါနဲ့ပဲ ကျွန်တော့်စိတ်ထဲက ရေးချင်လာလို့ ဒီဆောင်းပါးကို ရေးဖြစ်သွားခဲ့တယ်။ မြန်မာကိစ္စနဲ့ ပတ်သက်ရင် အမေရိကန် ပြည်ထောင်စုက ဘယ်လိုတစ်မျိုးပြောင်း စဉ်းစားသင့်လဲဆိုတဲ့ ကျွန်တော့်အမြင်ကို ရေးထားတာပါ။ (၂၀၀၈ ခုနှစ်မှာ) အနည်းဆုံးတော့ အိုဘားမားအစိုးရသစ် တက်လာတဲ့အခါ ကျွန်တော့်ဆောင်းပါးက သူတို့ကို အကြံဉာဏ်တွေ ပေးခဲ့တယ်လို့ ကျွန်တော်မြင်တယ်။ နောက်ဆုံးတော့ ဒီက လူတွေ၊ အစိုးရနဲ့ စစ်တပ်က လူတွေက အပြောင်းအလဲ လုပ်ကြမယ်လို့ ဆုံးဖြတ်ချက် ချလိုက်လို့ ဒီလိုတွေ ဖြစ်လာတာပါ။ ဒါပေမဲ့ အမေရိကန် မူဝါဒ၊ အမေရိကန် အစိုးရကို ဒီဆောင်းပါးက အကြံဉာဏ်ကောင်း ပေးနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။
Voice : ဒီဆောင်းပါးကြောင့် မြန်မာနိုင်ငံကို ရောက်လာခဲ့တယ်လို့ ဆိုနိုင်တာပေါ့။
DM : ဟုတ်တယ်။
Voice : သံအမတ်အဖြစ်နဲ့ ရောက်လာတာ ကိုးလ၊ ဆယ်လလောက် ရှိပြီ။ ဒီတော့ ဒီရောက်ပြီး ပထမဆယ်လက ဘယ်လိုနေ ပါလဲ။ မှန်းချက်နဲ့ နှမ်းထွက်ကိုက်ရဲ့လား။
DM : ကျွန်တော် (သံအမတ်မဖြစ်ခင်) အမေရိကန်ပြည်ထောင်စုရဲ့ အထူးကိုယ်စားလှယ် အဖြစ်နဲ့ တစ်နှစ်လောက် တာဝန်ယူခဲ့တယ်။ တစ်လ တစ်ခေါက်လောက် အထူးကိုယ်စားလှယ် အဖြစ်နဲ့ ဒီကိုရောက်တယ်။ ဒါပေမဲ့ တစ်ခေါက်လာ တစ်ပတ်လောက်နေတာနဲ့ ဒီမှာ အမြဲနေရတာနဲ့ ကွာပါတယ်။ ကျွန်တော် အံ့အားသင့်တယ်လို့ ပြောလို့တော့ မရပါဘူး။ ဒီကလူတွေက ကြိုကြိုဆိုဆို ရှိတယ်၊ ရင်းရင်းနှီးနှီးရှိတယ်ဆိုတ
နိုင်ငံခြားရေးဝန်ကြီး ဌာနက လူတိုင်းက ကျွန်တော့်ကို ပြောတယ် “ခင်ဗျားကို ကျွန်တော် မနာလိုဘူးဗျာ” တဲ့ (ရယ်လျက်)။ ပြီးတော့ သူတို့အားလုံးက ဒီမှာ ဖြစ်နေတာတွေကို သဘောပေါက် ကြတယ်၊ အသိအမှတ်ပြုကြတယ်။ ရင်ခုန်စရာ ကောင်းတယ်၊ ခက်တယ်၊ စိန်ခေါ်မှုတွေ ရှိတယ်။ ဘယ်လိုအဆုံးသတ်မယ် ဆိုတာ မသေချာမရေရာဘူး။ ဒါပေမဲ့ ကမ္ဘာမှာ အများကြီး ဖြစ်နေပျက်နေကြတဲ့ အထဲ ဒီနေရာက တကယ့်ကောင်းတဲ့ အပြောင်းအလဲ ဖြစ်လာနိုင်တယ်ဆိုပြီး လူတွေ စိတ်အားတက်ကြွကြတယ်။ ဒီလို ဖြစ်ပေါ် နေတာတွေရဲ့ အလယ်မှာ၊ အရေးကြီးနေတဲ့ အချိန်မှာ ကျွန်တော့်နိုင်ငံကို ကိုယ်စားပြုရတာ တကယ့်ကို ဂုဏ်ယူပါတယ်။
Voice : မြန်မာ-အမေရိကန် ကုန်သွယ်ရေး၊ စီးပွားရေးတိုးမြှင့်ဖို့ လွန်ခဲ့တဲ့တစ်ပတ် လောက်က ရောက်လာခဲ့တဲ့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တော် Marantis ကို ကျွန်တော် သီးသန့် တွေ့ဆုံ မေးမြန်းခဲ့တယ်။ သူပြန်သွားပြီးမကြာခင် ရက်ပိုင်းလောက်ပဲ ရှိသေးတယ် အရေးယူ ပိတ်ဆို့မှုကို အမေရိကန်က တစ်နှစ် သက်တမ်းတိုးကြောင်း ကြေညာလိုက်တယ်။ တစ်ခုနဲ့တစ်ခု ဆန့်ကျင်သလိုလို မညီညွတ်သလိုလို ဖြစ်နေတဲ့ ဒီမူဝါဒတွေက ဘာကိုဆိုလိုတာလဲ။
DM : မနေ့တစ်နေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်က အရေးယူပိတ်ဆို့မှု တွေကို လေ့လာသုံးသပ် ပြင်ဆင်နိုင်ဖို့ နှစ်စဉ်ဆောင်ရွက်ရမယ့် ဟာကို သမ္မတက လုပ်ဆောင်တာပါ။ (လိုရင် လိုသလို) အရေးယူပိတ်ဆို့မှုတွေ အာဏာမသက် ရောက်အောင်၊ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်နိုင်အောင် လုပ်ရတဲ့အစီအစဉ်ပါ။ ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ကုန်သွယ်ရေး ဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ၊ ပိုတိတိကျကျ ပြောရရင် “ရွေးပြီးလုပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ” ကို ကျွန်တော်တို့ အာဏာမသက်ရောက်အောင် လုပ်ခဲ့တယ်။ အဲဒီနေ့က ကြေညာချက်က သမ္မတအနေနဲ့ အရေးယူပိတ်ဆို့မှု တွေကို ဆက်ပြီး လေ့လာသုံးသပ် ပြင်ဆင်နိုင်အောင် ဆောင်ရွက်ပေး တာပါ။ ဒီတော့ ရှေ့နောက်မညီတာ မဟုတ် ပါဘူး။ “တာဝန်ယူမှုရှိတဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု” ဆိုင်ရာ ဆက်ဆံမှုကို တည်ဆောက်ချင်တဲ့ မူဝါဒကို ကျွန်တော်တို့ စွဲမြဲထားဆဲပါ။ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ ပြုပြင်ပြောင်းလဲရေးတွေ ဆက်သွားနိုင်ဖို့ ဖွံ့ဖြိုးမှုတွေ ဖန်တီးပေးဖို့ ဒါတွေကို ဆက်လုပ်ချင်တယ်။ ဒါပေမဲ့ နှစ်တိုင်းနှစ်တိုင်း သမ္မတက ဒီစနစ်ကို အတည်ပြုရပါတယ်။ ဒါကြောင့် အချိန် ကာလက အခုအချိန်နဲ့ တိုက်သွားတာပါ။ အရေးယူပိတ်ဆို့မှု စနစ်ကို သက်တမ်းတိုးတဲ့ ကြေညာချက် ထွက်တာနဲ့ တစ်ချိန်တည်း မှာပဲ ၁၉၉၆ က ချမှတ်ခဲ့တဲ့ အရေးယူမှု တစ်မှုဖြစ်တဲ့ “အရင်အစိုးရနဲ့ ပတ်သက်သူ တွေကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ချက်” (President of Proclamation) ကို ဖယ်ရှားတဲ့ ကြေညာချက် ထုတ်လိုက်တာကို တွေ့ပါလိမ့်မယ်။ အဲဒီတော့ ကန့်သတ်မှုတွေ အားလုံးကို အလွှာလိုက် အလွှာလိုက်ပြန်ပြီး ဖယ်ရှားနေပါတယ်။ ဒီဘက်က တိုးတက်လာတယ်လို့ မြင်တာနဲ့ ကျွန်တော်တို့ ဘက်က ဖယ်ရှားလိုက်နဲ့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်သွားမှာပါ။ ဒါပေမဲ့ အရေးယူပိတ်ဆို့တာ ထက်စာရင် ထိတွေ့ ဆက်ဆံတဲ့ ဘက်ကို ကျွန်တော်တို့ရဲ့ မူဝါဒ က အများကြီးရောက်သွားပြီ ဖြစ်ပေမယ့် အရေးယူပိတ်ဆို့တဲ့ စနစ်က ရှိကို ရှိနေပါ သေးတယ်။
Voice : နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ် လောက်အတွင်း ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံး ဟောပြောတဲ့ အမေရိကန် သံအမတ်ကြီးအဖြစ်နဲ့ သွားဟောပြောဖြစ် တယ်နော်။ ဘာတွေ ပြောဟောခဲ့သလဲ။
DM : ပထမဆုံးအနေနဲ့ အဲလိုသွား ပြောရတာ ကြိုက်တယ်ဗျ။ ဒီလို သမိုင်းကြောင်း ရှိခဲ့တဲ့ တက္ကသိုလ်မှာ ကျွန်တော် အဲလိုပြောခွင့်လုပ်ခွင့် ရတာ တကယ့်ကို၊ အလွန့်ကို ကံကောင်းပါတယ်။ နောက်တစ်ခေါက် အဲဒီတက္ကသိုလ်မှာ ထပ်စကား ပြောချင်ပါသေးတယ်။ နိုင်ငံထဲက တခြား တက္ကသိုလ်တွေမှာလည်း ဒါမျိုး ထပ်ပြော ချင်ပါသေးတယ်။ အမေရိကန်မူဝါဒ အကြောင်း၊ အမေရိကန်နိုင်ငံခြားရေး မူဝါဒအကြောင်းနဲ့ စပြောပါတယ်။ ပိုကျယ်တဲ့ အာရှနဲ့ အမေရိကန်က ထိတွေ့ဆက်ဆံ ရာမှာ မြန်မာက ဘယ်လိုဝင်နေလဲ ဆိုတာ ပြောတာပါ။ အဲဒီနေရာမှာ နားလည်မှု လွဲနေကြတာ ရှိပါတယ်။ ကျောင်းသူ ကျောင်းသားတွေက နိုင်ငံခြားရေးမူဝါဒ သင်တန်းသားတွေ၊ နိုင်ငံတကာဆက်ဆံရေး ကျောင်းသားကျောင်းသူ တွေ။ ဒီတော့ အာရှကို ကျွန်တော်တို့ ဘယ်လို သဘောထားလဲ၊ ဒီနိုင်ငံကို ကျွန်တော်တို့ ဘယ်လို သဘောထားလဲ ဆိုတာ သူတို့ကို ကျွန်တော် ပြောပြချင်တာပါ။ သူတို့ဆီက မေးခွန်းတွေလည်း တက်လာတယ်။ မိနစ်လေးဆယ် လောက် မေးချင်ရာမေး၊ ကျွန်တော်လည်း သဘောကျတယ်။ အရေးယူပိတ်ဆို့မှု မူဝါဒ အကြောင်းက နေပြီးတော့ တရုတ်ရဲ့ အခန်းကဏ္ဍ၊ ပြီးတော့ အမေရိကန် သံရုံးမှာ အလုပ်ရနိုင်မလား၊ ဘယ်လိုရအောင် လုပ်ရမလဲ စသည်ဖြင့် ပေါင်းစုံကို မေးကြတာပဲ။
ဒါနဲ့ ဖြတ်ပြောရဦးမယ်။ ကယား ပြည်နယ် လွိုင်ကော်ကို ကျွန်တော် ရောက်တုန်းကလည်း ဒီလိုပဲ စားပွဲဝိုင်း ဆွေးနွေးပွဲလေး လုပ်ခဲ့သေးတယ်။ နေရာ အနှံ့မှာ ဒါမျိုးတွေ လုပ်ချင်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။