By Ter Tee on Tuesday, December 11, 2012 at 11:11am ·
Lanthanum သတ္တု
ရေးသူ - ဒေါက်တာ ခင်မောင်ညို
ယနေ့ အင်မတန်အရေးပါလာတဲ့ မြေရှားဒြပ်စင်များလို့ခေါ်တဲ့ Rare Earth Metals အကြောင်း
တင်ပြသွားပါ့မယ်။ မြေရှားဒြပ်စင်များ Rare Earth Metals ၁၇ ခုရှိတယ်။ သူတို့ဟာ
အလှည့်မှန်ဇယား ( Periodic Table ) ရဲ့ အောက်ဆုံးပိုင်းမှာရှိတဲ့ လင်သနိုဒ်အုပ်စုက
ဒြပ်စင် ၁၅ ခုအပြင် စကင်ဒီယမ် ( Yttrium ) တို့လည်း ပါဝင်တယ်။ လူသိများခြင်းမရှိသေးတဲ့
အဲဒီဒြပ်စင် ၁၇ ခုဟာ ခေတ်မှီတိုးတက်တဲ့ လူနေမှုစနစ်ကြီးမှာ အင်မတန် အရေးပါလျက်ရှိပါတယ်။
ကွန်ပြူတာတွေကို အရွယ်အစားသေးငယ်သွားအောင် ၊ နားကျပ် ( Headphone ) တွေ
မိုက္ကရိုဖုန်း ( microphone ) တွေကို အင်အားကောင်းပြီးသေးငယ်သွားအောင်
ဒီ Rare Earth Metals တွေက ပြုလုပ်ပေးနိုင်တယ်။ မျိုးစပ် Hybrid ကားတွေရဲ့
ဘက်ထရီပါဝါတွေရအောင် ၊ ဟန်းဖုန်းတွေ smart ဖုန်းတွေ ၊ ကျောက်သင်ပုန်းကွန်ပျူတာတွေ
Tablets တွေအတွက် ဓာတ်ခဲကအစ လိုအပ်တာတွေကို ဒီ Rare Earth Metals တွေကိုသုံးကာ
ပြုလုပ်ရတယ်။ လေယာဉ် အစိတ်အပိုင်းတွေ မျက်မှန်တွေ တီဗွီ X - ray တွေအားလုံးမှာ
Rare Earth Metals တွေဟာပါဝင်နေတယ်။
ဆိုလိုတာက ယနေ့ ကမ္ဘာကြီးခေတ်မှီတိုးတက်နေစေဖို့ ဒီမြေရှားဒြပ်စင် Rare Earth Metals ဟာ
မရှိမဖြစ် အရေးပါတယ်။
Rare Earth Metals ဒြပ်စင်များ အင်မတန် အသုံးဝင်တာကြောင့် အနာဂတ်မှာ ပြဿနာဖြစ်ဖို့
အလားအလာ အများဆုံးသော ဒြပ်စင်များပဲလို့ ဆိုကြပါတယ်။ ၁၉၆၈ ခုနှစ်ကတည်းက
တရုတ်ခေါင်းဆောင် တိန့်ရှောင်ပင်းက " အရှေ့အလယ်ပိုင်းမှာ ရေနံရှိတယ်။
တို့ဆီမှာလည်း Rare Earth Metals တွေရှိတယ် " လို့ ပါတီ ကွန်ဂရက်မှာ ပြောကြားခဲ့ဖူးပါတယ်။
တိန့်ရှောင်ပင်းဟာ Rare Earth Metals တွေဟာ ရေနံလို လိုအပ်ချက်တစ်ရပ်ဖြစ်လာမှကို
အစောကြီးကတည်းက တွေ့မြင်ခဲ့ပါတယ်။ ယနေ့ကမ္ဘာမှာလိုအပ်တဲ့ Rare Earth Metals ပမာဏရဲ့
၉၂%ကို တရုတ်က ထုတ်လုပ်တင်ပို့ရောင်းချနေပါတယ်။ ဒီတော့တရုတ်ဟာ Rare Earth Metals ကို
သူရောင်းချင်တဲ့သူမှ ရောင်းလို့ရတယ်။ ရောင်းချင်တဲ့ဈေးနဲ့ရောင်းနေတယ်။
ဝယ်လိုအားများနေတဲ့အတွက်လည်း ကြိုက်သလိုဈေးနှုန်းမြှင့်တင်ရောင်းချနိုင်တယ်။
ဒါကြောင့် Rare Earth Metals သတ္တုတွေဟာ ရွှေလို တန်ဖိုးကြီးမားလာတော့တာပါပဲ။
ဒီအတွက် ပြီးခဲ့တဲ့အပတ်က အမေရိကန်ပြည်ထောင်စု ၊ အီးယူနဲ့ ဂျပန်တို့က တရုတ်ရဲ့
ကုန်သွယ်ရေးမညီမျှမှုနဲ့ပတ်သက်ပြီး သုံးသပ်စေဖို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ထံ
တိုင်ကြားထားပါတယ်။ အမှန်မှာ Rare Earth Metals ကို ကမ္ဘာတစ်ဝှန်းလုံး နေရာအနှံ့မှာ
တွေ့နိုင်ပါတယ်။ Rare Earth အများဆုံးရှိတာ အမေရိကန်ပြည်ထောင်စုမှာပါပဲ။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက ထုတ်လုပ်စရိတ် တွက်ခြေမကိုက်လို့ မထုတ်လုပ်ဖြစ်တော့ဘဲ
ဝယ်ယူသုံးစွဲနေတာဖြစ်တယ်။ ယနေ့မှာ အမေရိကန်ကုမ္ပဏီတွေဟာ ကာလီဖိုးနီးယားက Mountain Pass မှာ
ပြန်လည် ထုတ်လုပ်ဖို့ စိုင်းပြင်းနေပါတယ်။ ဒါပေမယ့် စက်ကိရိယာတပ်ဆင်ပြီး
အမြတ်ရအောင် ထုတ်လုပ်နိုင်ဖို့ ၂ နှစ်လောက်တော့ ကြာဦးမှာဖြစ်ပါတယ်။
တရုတ်ကတော့ Rare Earth ကို သံထုတ်လုပ်ရာက ဘေးထွက်ပစ္စည်းအနေနဲ့ ထုတ်တာမို့
အဆင်ပြေ တွက်ခြေကိုက်လှပါတယ်။
Rare Earth တွေဟာ မြေကြီးထဲမှာ သတ္တုအောက်ဆိုဒ်အနေနဲ့သာတည်နေကြပြီး
သတ္တုအဖြစ် ခွဲထုတ်ဖို့တော့ခက်ခဲပါတယ်။ ပထမဦးဆုံး သတ္တုအောက်ဆိုဒ်ကနေ
သတ္တုအဖြစ်ခွဲထုတ်ယူနိုင်ခဲ့တဲ့ သတ္တုကတော့ လင်သနမ်ပါပဲ။ လင်သနမ်ကို
၁၈၉၃ ခုနှစ်ကတည်းက တွေ့ရှိခဲ့တယ်။ Lanthanum ဆိုရင် ငွေထက်လည်းပေါတယ်။
ခဲသတ္တုထက်လည်း ပေါတာပါပဲ။ ဒါပေမဲ့ အဲဒီအချိန်က သူ့ကိုဘယ်လိုသုံးရမယ်ဆိုတာ
မသိကြပါဘူး။ ယနေ့မှာတော့ သူ့အသုံးကို တွေ့သွားပါပြီ။ယနေ့လူကြိုက်များတဲ့
Toyota Pirus မျိုးစပ် Hybrid ကားမှာ လင်သနမ် ၁၀ ပေါင် သို့မဟုတ် သုံးပိဿာခန့်
ပါဝင်နေတယ်။ ဒါပေမဲ့ ပိုင်ရှင်တွေကတော့ ဒါကိုမသိဘူး။ ဘာကြောင့်ဆိုတော့
ကားဘတ္ထရီကို နီကယ်သတ္တုစပ်လို့ပဲ ရေးထားတာကိုး။ အဲဒီစပ်ထားတဲ့ သတ္တုဆိုတာဟာ
လင်သနမ်ပါပဲ။ လင်သနမ်ဘတ္ထရီဟာ ယနေ့ကားတွေမှာသုံးတဲ့ ခဲဘတ္ထရီတွေထက်
နှစ်ဆလောက်ပိုပြီး အစွမ်းထက်ပါတယ်။ ဒီတော့ ပေါ့ပေါ့ပါးပါး သယ်ယူနိုင်တဲ့အစွမ်းထက်
လင်သနမ်ဘက္ထရီဟာအရေးပါတော့တာပဲပေါ့။ ဒါကြောင့် လင်သနမ်ကို
အမြောက်အမြား လိုအပ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။