ညီမကတော့ Myanmar Youth Media Club က Interviewer ကြည်ကြည်ဇင်ပါ။ အနုပညာလုပ်ငန်းတွေနဲ့ မအားလပ်တဲ့ကြား ထဲက အခုလိုမျိုး အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် အမကို ကျေးဇူးတင်ပါတယ်။ အမ အဆင်ပြေမယ်ဆိုရင် Interview လေး စလို့ရမလားရှင်။
ဟုတ်ကဲ့... ရပါတယ်။
ပထမဦးဆုံးအနေနဲ့ အမအကြောင်းကိုသိချင်တဲ့ ပရိသတ်တွေအတွက် အမမွေးနေ့နဲ့ မိသားစုလေးအကြောင်း နည်းနည်းလောက် ပြောပြပေးမလားနော်။
ဟုတ်ကဲ့။ မွေးနေ့ကတော့ ၂၂ ရက်၊ ၁၀ လ၊ ၁၉၈၆ ပါ။ ပြီးတော့ ဆိုင်းဇီရဲ့ မိသားစုဆိုလို့ရှိရင်တော့ ဆိုင်းဇီရဲ့အဖေက တေးရေးဆရာ လာဇွန်ထွဲဝါပါ။ အရင်တုန်းကဆိုရင်တော့ အန်တီခွန်းရီရဲ့ သီချင်းတွေအများကြီးကို ရေးပေးတယ်။ ရေးဖြစ်ခဲ့တယ်ပေါ့နော်။ မာမီကတော့ ဒေါ် M ဆိုင်းရင်ပါ။ ညီမလေး ၂ ယောက်ရှိပါတယ်။
ဟုတ်ကဲ့။ အမကို L ဆိုင်းဇီဆိုပြီး နေရာတစ်ခုရလာစေတာက မောင်တို့ချယ်ရီမြေအခွေထဲက လှည့်ကြည့်ပါဦးလား ဆိုတဲ့ သီချင်းလေးပေါ့ နော်။ အဲဒီ live show မှာ အမဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး ပါဝင်သီဆိုဖြစ်သွားတယ်ဆိုတာလည်း သိပါရစေရှင့်။
ဟုတ်ကဲ့။ သူတို့တွေက အဲဒီ Show မှာ သီချင်းဆိုတဲ့နေရာမှာ အသစ်လိုချင်တယ်ပေါ့နော်။ အသစ်လိုချင်တယ်တဲ့။ အဆိုရှင်၊ တေးရေး၊ တေးဆို မိန်းကလေးအသစ်ရရင် ကောင်းမလားဆိုပြီးတော့ သူတို့ပြောကြရင်းနဲ့ သူတို့စီစဉ်တဲ့ခွေထဲမှာ အဲဒီမေမြို့ကပန်းပွဲတော်မှာ ပါဝင်ဖြစ် သွားတာပါ။ ကိုဘာဘူတို့ရဲ့ ကျေးဇူးကြောင့်ပေါ့နော်။
ဟုတ်ကဲ့ပါ အမ။ အခုလိုမျိုး အနုပညာလောကထဲကို စပြီးဝင်ရောက်လာတဲ့အချိန်မှာ မိသားစု အသိုင်းအ၀ိုင်းထဲမှာလည်း အနုပညာလောကထဲကသူတွေရှိတယ်ဆိုတော့ ဘယ်လိုမျိုးအမကို ကူညီအားပေးမှုတွေရှိခဲ့လဲရှင်။
ဟုတ်ကဲ့။ ကူညီအားပေးမှုဆိုတာထက် သူတို့က စလုပ်တဲ့အချိန်မှာတော့ သူတို့တွေ ဆိုင်းဇီ လုပ်မှန်းတော့ မသိဘူးပေါ့။ တစ်ဖြည်းဖြည်းနဲ့ သူတို့သိသွားတဲ့ အခါကျတော့လည်း ဆိုင်းဇီကို စိတ်ဓါတ်မကျဖို့တော့ ၀ိုင်းပြီးအားပေးပါတယ်။
ဟုတ်ကဲ့ အမ။ တချို့က ပြောကြတယ်ပေါ့နော်။ မဆိုင်းဇီက အဆွေးသီချင်းတွေပဲဆိုတာများ တယ်ပေါ့။ အဲဒီအပေါ်မှာရော ဘယ်လိုမျိုးပြောချင်ပါလဲရှင့်။
ဟုတ်ကဲ့။ ဆိုင်းဇီ စပြီးထွက်ခဲ့တဲ့သီချင်းတွေ အကုန်လုံးကလည်း အဆွေးသီချင်းတွေများသလို ဖြစ်သွားတာပေါ့။ အဆွေးသီချင်းတွေနဲ့ စတဲ့အခါကျတော့ အဆွေးသီချင်းပဲ ဆိုဖြစ်သလိုဖြစ်သွား တာပေါ့။ ပရိသတ်ကလည်း ဒီသီချင်းပဲ လက်ခံတဲ့အခါကျတော့လေ။ အင်းပေါ့။ ဆိုင်းဇီဆိုဖြစ်တဲ့ သီချင်းအများဆုံးကတော့ အဆွေးသီချင်းတွေပါပဲ။ အဲဒီအပေါ်ကို အမဘယ်လိုပြောချင်လဲဆို တော့ ဟုတ်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ သီချင်းမြူးမြူး လေးတွေကို စီစဉ်နေပါတယ်။ လုပ်နေပါတယ်။
ဪ... ဟုတ်ကဲ့။ အမရဲ့ Single Album ပေါ့နော်။ ဝေခွဲမရပါလား Album ကလည်း တော်တော်လေးကို အောင်မြင်ခဲ့တာပေါ့။ အဲဒီ အောင်မြင်မှု အတိုင်းအတာက အမမှန်းထားသလောက် ရောက်ခဲ့လား အမ။
ရောက်ခဲ့သလားဆိုတော့ အောင်မြင်တယ်ဆိုပေမယ့် အဲလောက်ထိ မအောင်မြင်သေးပါဘူး။ အဲဒီသီချင်းခွေလေးက VCD မထွက်သေးတဲ့ အခါကျတော့လေ။ single album က သိတဲ့လူသိတယ်။ မသိတဲ့သူက မသိဘူးဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ အဲ့ခါတုန်းကလည်း အမက america မသွားခင်တုန်းက လုပ်ထားတဲ့သီချင်းခွေလေး ဖြစ်တဲ့အခါကျတော့ အဲ့ခါတုန်းက နည်းနည်းလေး သေချာမစီစဉ်လိုက်ရတဲ့အခါ ကျတော့ ဘာမှသေချာမသိလိုက်ရဘူးဖြစ်နေတယ်။ အဲတော့ အောင်မြင်မှုအတိုင်းအတာက အမမှန်းထားသလောက်ရှိလားဆိုတော့လည်း မရှိသေးပါဘူးလို့။ အခု VCD ထွက်တဲ့ အခါကျလို့ရှိရင်တော့ အမတစ်ချက်ကြည့်ရဦးမယ်။
ဟုတ်ကဲ့ပါ အမ။ အမက သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးတယ်ဆိုတော့ အဲလိုမျိုးရေးတဲ့အခါမှာရော ဘယ်လိုခံစားချက်မျိုးထည့်ပြီးတော့ ရေးလဲမသိဘူးအမ။
ဘယ်လိုရေးလဲဆိုတော့ တချို့သီချင်းတွေကတော့ ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်တာကတော့ ငယ်ငယ်တုန်းကရေးထားတဲ့ သီချင်းတွေပေါ့။ အခုထွက်ပြီးတဲ့ သီချင်းတွေ တော်တော်များများပေါ့။ အခုနောက်ပိုင်းကျကတော့ အဲဒီလိုမျိုးစာဖတ်တယ်။ သူများခံစားချက်တွေ ကြည့်တယ်။ လိုက်နားထောင်တယ်။ စာအုပ်တွေ ဖတ်ပြီးတော့မှ သူများတွေဘယ်လိုရေးလဲ။ ဘယ်လိုဟိုဟာဖြစ်လဲ။ အဲလိုမျိုးပေါ့။ အခုနောက်ပိုင်း ကိုယ်ခံစားပြီးကိုယ်တိုင်ရေးတာ သိပ်မရှိတော့ဘူး။ သူများဇာတ်ကောင်ကိုပဲ ငှားပြီးသုံးပြီးတော့ နားထောင်ပြီးရေးနေရတယ်ပေါ့နော်။ အဲလိုမျိုး ပါပဲ။ ဟုတ်ကဲ့ပါ အမ။ အနုပညာလောကထဲမှာရော အမရဲ့လက်ဦးဆရာတွေ ဘာတွေရှိရင် ပြောပြပေး ပါဦးအမ။
လက်ဦးဆရာရယ်လို့ မရှိပါဘူး။ ဒါပေမယ့်အားလုံးက သင်ဆရာ၊ မြင်ဆရာတွေပါပဲ။
ဟုတ်ကဲ့ အမ။ အမကပြည်တွင်းရော၊ ပြည်ပမှာရောပေါ့နော်။ live show တွေဆိုတာ တွေ့ရပါ တယ်။ အဲဒီတော့ ပြည်တွင်းပြည်ပ show ဆိုရတဲ့ အတွေ့အကြုံ ကွာခြားချက်လေးကိုလည်း ပြောပြပေးပါဦးရှင်။
ပြည်တွင်းနဲ့ပြည်ပနဲ့ ကွာခြားချက်ဆိုလို့ရှိရင် ပြည်တွင်းမှာကျတော့ ဒီမြန်မာနိုင်ငံမှာကျတော့ ဘာပဲပြောပြော ကိုယ့်ကိုတွေ့ရတာ များတယ်လေ။ ပြည်ပမှာဆိုရင်တော့ ကိုယ်က တစ်နှစ်မှာ တစ်ခါ။ ပြီးတော့ သူတို့တွေကနှစ်ပေါင်းကို။ ဘယ်လိုခေါ်မလဲ။ တချို့ဆိုလို့ရှိရင် ဆိုင်းဇီတို့ အသက်ထက်ကိုများတယ်။ အဲလိုမျိုးများပြီးတော့မှ ရောက်နေတဲ့သူအများကြီးရှိတယ်။ သူတို့တွေ အဲဒီသီချင်းလေးတွေ နားထောင်ရတယ်။ အခု america ဆိုရင် ပိုဆိုးသေးတယ်။ သူတို့တွေ ဆယ်နှစ်ချီ ရောက်နေတဲ့သူတွေ အများကြီးရှိတယ်ဆိုတော့ သူတို့တွေရှေ့မှာ ကွာခြားချက်က တော့ show က ဒီမှာနဲ့ဟိုမှာဆို ဟိုမှာပိုအားပေးမှုက တချို့သိတယ်။ တချို့ကမသိဘူး။ ဆိုင်းဇီ တို့က အသစ်ဖြစ်နေတယ်။ အခုနောက်ပိုင်းမှ အဆိုတော်ဖြစ်လာတာ။ ဆိုင်းဇီတို့အခု ၆ နှစ်ကျော်၊ ၇ နှစ်ပဲ ရှိသေးတယ် ဆိုတဲ့အခါကျတော့လေ အဲလိုမျိုးလေးတော့ ကွာခြားချက်လေးတော့ ရှိတာပေါ့နော် ဒီမှာကျတော့။ အားပေးမှုကတော့ အတူတူပါပဲ ဟိုမှာနဲ့ဒီမှာနဲ့ဆိုရင်။
ဟုတ်ကဲ့ရှင့်။ နောက်ပြီးတော့ အမက လှည့်မကြည့်ကြေးနဲ့ ရင်သွေးရုပ်ရှင်ကားတွေမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါထားတယ် ပေါ့နော်။ အဲလိုမျိုး ဘယ်လိုမျိုးဝင်ရောက် သရုပ်ဆောင်ဖြစ်သွားတာလဲလည်း သိပါရစေရှင်။
ဘယ်လိုမျိုးဝင်ရောက် သရုပ်ဆောင်ဖြစ်လဲဆိုတော့ လှည့်မကြည့်ကြေးကနေ စရမှာပဲ။ လှည့်မကြည့်ကြေးဇာတ်ကားမှာ လှည့်ကြည့်ပါဦးလား ဆိုတဲ့ သီချင်းလာဝယ်တယ်။ လာဝယ်ရင်းနဲ့မှ သူတို့တွေက နင်သရုပ်ဆောင်တတ်လား။ နင်သရုပ်ဆောင်မလားဆိုတော့ ကိုယ်ကလည်း စရင်းနောက်ရင်းနဲ့ အမယ်... လူကို သရုပ်မဆောင်တတ်ဘူးလား။ ဘာလား၊ ညာလားနဲ့ စရင်းနောက်ရင်းနဲ့မှ အဲဒီ director က ကဲ... ဒါဆိုရင် နင် လှည့်မကြည့်ကြေးမှာ နင့်သီချင်းနဲ့သုံးမယ့်အတူတူ နင်ကိုယ်တိုင် သရုပ်ဆောင်ပါလားဆိုပြီး သူတို့ကလာခေါ်တယ်။ လာခေါ်နေရင်းနဲ့မှ တဖြည်းဖြည်းနဲ့ အဲလိုမျိုးပေါ့ ဒီရုပ်ရှင်တွေ ရိုက်ဖြစ်တယ်။ video တွေ ရိုက်ဖြစ်တယ်။ အဲ့မှာ သူတို့ကလာပြီးတော့ lucky 7 နဲ့ စာချုပ်ချုပ် ဖြစ်တယ်။ ချုပ်ဖြစ်ပြီးတော့ အဲဒီနောက်ပိုင်းမှာလည်း ခေါင်းဆောင်မင်းသမီး နေရာအနေနဲ့ ဇာတ်ကား ၆ ကား၊ ၅ ကားလောက် ရိုက်ခဲ့ပါတယ်။
ဟုတ်ကဲ့။ အဲလိုမျိုးပေါ့နော် ရုပ်ရှင်တွေနောက်ထပ် ဆက်ရိုက်ဦးမှာလား။ မရိုက်တော့ဘူးဆိုရင်လည်း ဘာဖြစ်လို့လည်းဆိုတာကို ပရိသတ် တွေက သိချင်နေကြတယ်။
ဆက်ရိုက်ဖို့ကတော့ အစီအစဉ်မရှိဘူးရှင့်။ ဘာလို့လည်းဆိုတော့ ဆိုင်းဇီက အဆိုဖြစ်တယ်လေ။ သီချင်းဆိုတဲ့သူဖြစ်တော့ အဆိုသမား၊ ဂီတသမားဖြစ်တဲ့အခါကျတော့ ဟိုဘက်ကိုရိုက်တယ်ဆိုတာ သူတို့ကမ်းလှမ်းတာရယ်၊ အချိန်အခါ အတိုင်းအတာရယ်၊ ကိုယ်အားမယ့် အချိန်လေးရယ်၊ ပြီးတော့ ကိုယ်နဲ့လိုက်မယ့် ဇာတ်လေးတွေဖြစ်လို့သာ ဆိုင်းဇီရိုက်ဖြစ်တာပါလို့။ အဲ့ဘက်ကို မရိုက်တော့ဘူးဆိုတာ လုံးဝ မရိုက်ချင်တာတော့ မဟုတ်ပါဘူး။ မအားတာလည်းပါသလို ဒီဘက်ကို အလေးထားသလို ဟိုဘက်ကို အလေးမထားတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်နဲ့လိုက်မယ့်ဇာတ်၊ အဲလိုမျိုးရှိခဲ့တယ်။ အချိန်ပေးနိုင်မယ်ဆိုရင်တော့ ရိုက်ချင်ပါတယ်လို့။
ဪ... ဟုတ်ကဲ့။ အဲလိုမျိုးပေါ့နော် အဆိုတော်တစ်ယောက်အနေနဲ့ ရုပ်ရှင်လောကထဲကို ရောက်သွားတယ်ဆိုတော့ အဲလိုမျိုးအဆိုတော်ဘ၀နဲ့ ရုပ်ရှင်လောကပေါ့နော်။ အနုပညာသမား ဘ၀မှာ ကွာခြားချက်လေးလည်း အမပြောပြပေးပါဦးရှင်။
အနုပညာသမားအားလုံးကတော့ အတူတူပါပဲ။ ကွာခြားချက်ဆိုတာတော့ အဆိုကအဆိုလို၊ ရုပ်ရှင်က ရုပ်ရှင်ပဲပေါ့နော်။ အဲလိုပဲ ပြောချင်ပါတယ်။
ဟုတ်ကဲ့ပါ အမ။ အခုလတ်တလော အနုပညာလှုပ်ရှားမှုလေးတွေလည်း သိပါရစေဦးနော်။
အခုလတ်တလော အနုပညာလှုပ်ရှားမှုဆိုရင် ဝေခွဲမရပါလား vcd ကျန်တဲ့ဟာ ၂ ပုဒ်ကို ရိုက်ပြီးသွားပြီ။ ကိုလူမင်းနဲ့တစ်ပုဒ်၊ ရဲတိုက်နဲ့တစ်ပုဒ်။ ပြီးတော့ မနေ့ကပဲ Yangon Plaza သီချင်း သွားဆိုပြီးတော့ မနေ့ကမှပြန်လာပြီးတော့ ဒီနေ့မန္တလေးကနေရောက်တယ်။ ပြီးတော့ အခုဒီ UFM ၃ ရက်နေ့အတွက်ရှိတယ်။ ၁၀ လပိုင်း ၃ ရက်နေ့အတွက်ပေါ့။ အဲဒီ့အတွက်ကို UFM အတွက် သီချင်းသွင်းမယ်။ ပြီးလို့ရှိရင် အတွဲခွေဖြစ်တဲ့ သီချင်းပင်လယ်။ ချောင်းသာမှာ ဆိုထားတဲ့ အခွေအတွက်ကို သွားရိုက်ပြီးတော့ ပြန်လာပြီ။ အများကြီးပါပဲ ဟုတ်။
နောက်ပြီးတော့ အခုလိုမျိုး အနုပညာအလုပ်တွေနဲ့ အမြဲအလုပ်ရှုပ်နေတာဆိုတော့ အားလပ်တဲ့အချိန်မှာပေါ့နော် ဘယ်လိုမျိုး စိတ်အပန်းဖြေလဲ ဆိုတာကို သိပါရစေရှင့်။
ဘယ်လို စိတ်အပန်းဖြေလဲဆိုတော့ အားလပ်တဲ့ရက်မှာ အိပ်ရေးဝအောင်အိပ်တယ်။ သီချင်းနားထောင်တယ်။ ပြီးလို့ရှိရင် သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတယ်။ ဒီလောက်ပါပဲ။
ဪ... ဟုတ်ကဲ့ပါ။ အမရဲ့ vocal ကပေါ့နော် အရမ်းကြည်ပြီးတော့ နားဝင်ချိုတယ်။ အသံက မြင့်လည်းမြင့်တယ်ပေါ့။ အခုလိုအသံကို ထိန်းထားနိုင်ဖို့အတွက် ဘယ်လိုများ လေ့ကျင့်လဲဆိုတာလေးလည်း ပြောပြပေးပါဦးပေါ့နော်။
အထွေအထူးလေ့ကျင့်တာ မရှိပါဘူး။ ဘုရားပေးထားတဲ့ အသံပါပဲလို့။ ငယ်ငယ်လေးကတည်းက ကိုယ်အရမ်းအဆိုဝါသနာပါသလို အထွေ အထူး လေ့ကျင့်တာမျိုး၊ ဘာမျိုးတော့ မရှိဘူးပေါ့နော်။ ထိန်းသိမ်းတာတော့ မရှိဘူး။ စားတာတော့ အကုန်စားတာပဲ။ ဒါပေမယ့် တစ်ခုကတော့ ဘုရားသခင် ကျေးဇူးတော်ကြောင့် ဆိုင်းဇီကို ဒီအသံပေးထားတာပေါ့နော်။
ဟုတ်ကဲ့ပါ အမ။ ပြီးတော့ celebrity တစ်ယောက်အနေနဲ့ပေါ့နော် ၀တ်စားဆင်ယင်မှုကလည်း အရေးပါတယ်ပေါ့။ အဲဒီအတွက် ဆိုင်းဇီရဲ့ဝတ်စားဆင်ယင်ပုံကိုရော ဘယ်လိုမျိုးပြင်ဆင်ပါသလဲရှင့်။
ဘယ်လိုပြင်ဆင်လဲဆိုတော့ ဒါတော့ designer နဲ့ စီစဉ်တယ်။ ဆုံးဖြတ်တယ်ပေါ့။ ဥပမာ dinner ပွဲဆိုရင် dinner ပွဲ၊ show ပွဲကြီးလား၊ show ပွဲသေးလား။ အဲ့ပေါ်မှာမှ designer နဲ့ စီစဉ်ပြီးတော့မှ ဒီပုံဝတ်ရင် ကောင်းမလား။ အရှည်ဝတ်ရင် ကောင်းမလား။ ဂါဝန်တိုဝတ်ရင် ကောင်းမလား။ ဒါမှ မဟုတ်ရင်လည်း တကယ့် show ပွဲတွေဆိုရင်လည်း အဲဒီ show ပွဲမှာ ဘယ်လိုမျိုး performance နဲ့ ညီအောင်၊ ပြလို့ရအောင် ၀တ်စုံဆိုရင်လည်း လုံလုံခြုံခြုံနဲ့ လွတ်လွတ်လပ်လပ်ဖြစ်မယ့် ဘောင်းဘီ ဆို ဘောင်းဘီပေါ့။ စကပ်ဆိုစကပ်ပေါ့။ အဲလိုမျိုး စီစဉ်ပြီးတော့ designer နဲ့ တိုင်ပင်ပြီးတော့ ၀တ် ဆင်ပါတယ်လို့။
ဪ... ဟုတ်ကဲ့။ အခုလိုမျိုး ပြည်တွင်းပြည်ပမှာပေါ့နော် ဆိုင်းဇီအားကျပြီးတော့ အတုယူရတဲ့ အဆိုတော်တို့၊ ရုပ်ရှင်သရုပ်ဆောင်တို့ ရှိရင်လည်းသိပါရစေရှင့်။
ရှိပါတယ်။ အများကြီးပါပဲ။ အများကြီးထဲမှာမှ ဟိုးအရင် ငယ်ငယ်လေးတည်းက ကြိုက်ခဲ့တာဆိုရင် မခိုင်ကြီးတို့ကြိုက်တယ်။ မထွန်းအိန္ဒြာဗိုပေါ့နော်။ သူဆိုခဲ့တဲ့သီချင်းလေးတွေ ကြိုက်ပါတယ်။ အများ ကြီးပါ။ မတင်ဇာမော်တို့ပေါ့နော်။ အများကြီးကြိုက်ပါတယ်လို့။
ဟုတ်ကဲ့အမ။ နောက်ပြီးတော့ပေါ့နော် နည်းနည်းစပ်စုမယ်ပေါ့နော်။ အမမှာ ရည်ရွယ်ထားတဲ့သူပေါ့နော်။ အဲဒါပရိသတ်တွေက သိချင်တာက ဘယ်လိုမျိုးသူကို ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ စဉ်းစားထားလဲဆိုတာလေးလည်း ပြောပြပေးနိုင်မလားရှင်။
ရည်ရွယ်ထားတဲ့သူကရှိပြီလားဆိုတော့ ရည်ရွယ်ထားတဲ့သူကတော့ ဒါကတော့ဘုရားပဲသိမယ်ပေါ့။ ကိုယ်ကတော့ ချစ်တာတော့ချစ်တာ ပေါ့နော်။ ကိုယ့်ရဲ့ဘ၀လက်တွဲဖော်ဆိုတာထက် ကိုယ့်မှာချစ်သူရှိလားလို့ မေးလာရင်တော့ ဆိုင်းဇီကတော့ ချစ်သူကတော့ရှိပါတယ်လို့။ ချစ်တယ်အရမ်းကိုလည်း။ စဉ်းစားထားလားဆိုတော့ ဒါကတော့ ဘုရားပဲ ဆုံးဖြတ်ပါလိမ့်မယ်လို့။
ဪ... ဟုတ်ကဲ့ပါ။ ပြီးတော့ဒီခေတ်မှာ မိဘနဲ့သားသမီးကြားကဆက်ဆံရေးဟာ အရင်ထက် ပိုပြီးတော့ တစိမ်းဆန်လာတဲ့ ပုံစံပေါ့နော်။ အဲလိုမျိုး ဖြစ်လာကြတယ်ပေါ့။ အဲဒီအပေါ် အမရဲ့ အမြင်လေးလည်း သိပါရစေ။ ဆိုင်းဇီနဲ့ မေမေနဲ့ပေါ့။
အင်း... အဲလိုမျိုး မရှိပါဘူး။ မာမီနဲ့ကျတော့ အဲလိုမျိုး မိဘအသိုင်းအ၀ိုင်းကြားမှာ ဘယ်လိုခေါ် မလဲ။ ညီအမလို၊ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်အနေနဲ့ပဲ ရှိတယ်။ အဲလိုမျိုး တစိမ်းဆန်တာမျိုး တော့လည်း တွေ့တော့တွေ့ဖူးပါတယ်။ ဒါပေမယ့် အဲလိုမျိုးဖြစ်တာရှိတာလည်း မကောင်းဘူးလို့ ထင်တယ်။ ဒါပေမယ့် မောင်နှမလိုမျိုး တိုင်တိုင်ပင်ပင်နဲ့နေသွားတာ အကောင်းဆုံးလို့ထင်ပါ တယ်။
ဟုတ်ကဲ့ပါ။ အဲလိုပေါ့ အနုပညာသမားဆိုတော့ ကောလဟာလတွေက ရှောင်လွှဲလို့မရဘူးလေ။ အဲလိုမျိုး ကောလဟာလတွေတွေ့တဲ့အခါ ဘယ်လိုမျိုးဖြေရှင်းလဲ၊ ရင်ဆိုင်လဲဆိုတာလေးလည်း ပြောပြပေးပါဦးနော်။
ဘာမှမဖြေရှင်းတော့ပါဘူး။ ကောလဟာလကတော့ ကြုံဖူးလို့ ခဏခဏကို များနေပြီ။ အဲတော့ ဘာမှမဖြေရှင်းတော့ဘူး။ အချိန်တန်တော့လည်း သူ့ဟာသူသိသွားတာပဲလေနော်။
ဟုတ်။ နောက်ပြီးတော့ media ဆိုတာပေါ့ အနုပညာသမားတွေနဲ့ ပရိသတ်တွေကို ကြားခံဆက်သွယ်ပေးနေတဲ့အရာတစ်ခုပေါ့နော်။ အဲဒီ media တွေ အပေါ်မှာ ဆိုင်းဇီရဲ့ ထင်မြင်ချက်လေးလည်း ပြောပြပေးပါဦးနော်။
ကောင်းပါတယ်လို့။ ဆက်လက်ပြီးတော့လည်း ဆိုင်းဇီတို့ကို ဒီလိုမျိုးလုပ်ပေးတဲ့အတွက်ကို ကျေးဇူးလည်းတင်ပါတယ်လို့။
ဟုတ်ကဲ့။ ပြီးတော့ အခုခေတ်က Internet ခေတ်ဆိုတော့ ဆိုင်းဇီကိုချစ်တဲ့ပရိသတ်တွေက ဆိုင်းဇီကိုဆက်သွယ်နိုင်မယ့် facebook/email တို့ ရှိရင်လည်း သိပါရစေရှင့်။
ဟုတ်ကဲ့။ သိလို့ရပါတယ်။ ဒါပေမယ့်လည်း ဆိုင်းဇီက မထိုင်တာများတယ်ဆိုတာတော့ ကြိုတင်ပြောထားမယ်နော်။ L Seng Zi ပေါ့နော် facebook ကတော့။ email ကျတော့ lsengzi@gmail.com ပါ။ facebook ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မတင်ဇာမော်ပဲ update လုပ်ပေးတာပေါ့နော်။
ဟုတ်ကဲ့... ဟုတ်ကဲ့။ ပြီးတော့ပေါ့နော် နိုင်ငံရပ်ခြားက ပရိသတ်တွေနဲ့ ဆိုင်းဇီ တို့လို အနုပညာရှင်တွေကို ဆက်သွယ်ပေးနေတဲ့ ညီမတို့လို MYMC Online media အပေါ်ကိုလည်း ဝေဖန်အကြံပြုချက်လေးတွေ သိပါရစေရှင့်။
ဪ... ဟုတ်ကဲ့။ ကောင်းပါတယ်။ ဘာပဲပြောပြော နိုင်ငံခြားမှာရှိတဲ့၊ နိုင်ငံ ရပ်ခြားမှာရှိတဲ့ ပရိသတ်တွေအားလုံး အနုပညာရှင်တွေနဲ့ အဲလိုမျိုးဝေဖန်အကြံ ပေးတဲ့အတွက်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်လို့။
မေးခွန်းတွေလည်း မေးတာများနေပြီဆိုတော့ နောက်ဆုံးအနေနဲ့ ဆိုင်းဇီကိုချစ်တဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးခဲ့ပါဦးလို့။
ချစ်တဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးလည်း အများကြီးတင်ပါတယ်လို့။ ဆက် လက်ပြီးတော့လည်း အားပေးပါလို့။ အားလုံးအပေါ်လည်း ဘုရားရှင်ကောင်းချီး ပေးပါစေလို့။
ဟုတ်ကဲ့။ အခုလိုမျိုး အနုပညာအလုပ်တွေနဲ့ မအားတဲ့ကြားက အချိန်ပေးပြီး မေးခွန်းတွေကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ဆိုင်းဇီကို ညီမတို့ Myanmar Youth Media club က အထူးပဲကျေးဇူးတင်ပါတယ်နော်။ အမအောင်မြင်မှုတွေ ဒီထက်မက ပိုပိုပြီးရပါစေလို့လည်း အဖွဲ့သားအားလုံးရဲ့ကိုယ်စား ညီမက ဆုတောင်းပေးလိုက်ပါတယ်နော်။
ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်။

Source...http://www.mymclub.net/main/index.php?option=com_content&view=article&id=466&Itemid=693
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။