တို့ရဲ့ မဟာသမ္မတ
မြန်မာတွေ ကိုယ်နဲ့ မထိုက်တန်တဲ့နေရာ ကိုယ်နဲ့ မတန်တဲ့ရာထူးတွေကို မြတ်နိုးစွာ သိမ်းပိုက်တဲ့နေရာမှာတော့ စံပဲဗျ။ မြန်မာတွေလို့ ပြောရတာ အားနာပါတယ်။ တကယ်တော့ မြန်မာပြည်ထဲက လူတစ်စုလို့ ပြောရင် ပိုမှန် မယ်။ ဒါပေမဲ့ အဲဒီလို အရှက်နည်းစွာ လုပ်ဆောင်နေတဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်ဆိုပြီး ရှေ့ထွက်ရပ် နေတဲ့သူတွေ ဖြစ်နေလို့ ပိုပြီး ရှက်စရာကောင်းနေတော့တာပဲ။
ဒီနေ့နိုင်ငံတော်ပိုင် သတင်းစာထဲမှာလည်းကြည့် “ကင်းထောက်ချုပ်ကြီး” ဆိုပြီး Lame duck သမ္မကြီးကို ကင်းထောက်ဝတ်စုံတွေဝတ်ပေးထားကြတယ်။ ပညာရေးဝန်ကြီးကလည်း ကင်းထောက်ဝတ်စုံဝတ်ပြီးတော့ သမ္မတကြီးအပါး ခစားလိုက်ပါရတယ်။ ပါးကွက်သားအချို့ကလည်း ကင်းထောက်ဝတ်စုံတွေနဲ့ဗျ။ ရယ်စရာ တော့ အတော်လေးကောင်းလှတယ်။

အရပ်ရပ်၊ အထွေထွေ၊ နေရာတကာမှာ ဥက္ကဋ္ဌလောက်ဆိုတာတောင် အားမရကြတော့ဘူးဗျ။
“ချုပ်ကြီး” ဖြစ်ကုန်ပြီ။ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က မြန်မာတွေ
ဒေါက်တာရူးတာကို ရေးဖူးတယ်။ အခြားနိုင်ငံ တွေမှာ ဒေါက်တာဆိုတာ
စာတမ်းတွေပြုစု၊ အစစ်ဆေးခံ၊ ဟောပြော၊ ပို့ချ လုပ်နိုင်မှ ပညာရှင်တဲ့ …
ဒေါက်တာ တဲ့.. ပါမောက္ခတဲ့ … မြန်မာနိုင်ငံမှာကတော့ ကြုံဖူးပေါင်
ဂုဏ်ထူးဆောင်ဒေါက်တာတွေကလည်း အများသား။ အခမ်းအနားတွေမှာ တကယ့်ပညာရှင်
ဒေါက်တာတွေထက် ရှေ့ထွက်ပြီး နေရာယူ၊ ဒေါက်တာလို့ အမည် ရှေ့က
ဂုဏ်တပ်ပြီးခေါ်တာကိုလည်း အရှက်မရှိ ပြုံးစိစိ လုပ်ပြီး အမှာစကားတွေတောင်
ထွက်ပြောနေကြတာ မြန်မာနိုင်ငံပါ။
ရှက်တတ်ရင် လဲသေဆိုတဲ့ စကားလည်းရှိပါရဲ့။ မရှက်တတ်တဲ့သူတွေဖြစ်နေတော့ လဲသေဖို့နေနေသာသာ သေရွာပါအောင် ဒေါက်တာတွေ … ချုပ်ကြီးတွေ … အုပ်ကြီး (ဥက္ကဋ္ဌကြီး) ဆိုတဲ့ရာထူးကို သိမ်းပိုက်သွားဦးမှာ။
ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ ဂုဏ်ထူးဆောင်ဒေါက်တာဆိုတဲ့ ဘွဲ့တွေ အများကြီးရထားတာပါပဲ။ တစ်ခါမှ ထုတ်ဖော်ကြေညာတယ်လို့ မကြားဖူးပါဘူး။ မပြည့်တဲ့အိုးတွေ ဘောင်ဘင် ခတ်တယ်ဆိုတာ သိပ်မှန်တာပဲ။ လူတွေက မရှိတာကို ရှိအောင် အာဏာနဲ့ခြိမ်းခြောက်၊ ငွေတွေနဲ့ခြိမ်းခြောက်ပြီး တော့ ရာထူးဂုဏ်မောက်တတ်ကြတာပဲ။ ဒေါက်တာဘွဲ့တောင် မရရအောင် ငွေပေးဝယ်တပ်ထားတာပဲကြည့်။
အုပ်ကြီးတို့ ချုပ်ကြီးတို့ဆိုတာ ပြည်သူကကြည်ဖြူမှဗျ။ သမ္မတဆိုတာတောင် ပြည်သူက မကြည်ဖြူတော့ လှောင်စရာ ပြောင်စရာဖြစ်ခဲ့ရတာ။ ခုလည်း ပြည်သူက ကြည်ဖြူတဲ့သူ သမ္မတမဖြစ်နိုင် သယောင်ယောင် အသံတွေ ထွက်နေပြန်တယ်။ ပြည်သူက ကြည်ဖြူရင် သမ္မတတောင် ရိုးရိုးသမ္မတ မဟုတ်ပါဘူးဗျာ “မဟာသမ္မတ” ဆိုတဲ့ဘွဲ့ပေးပြီး ပြည်သူလူထုကို အုပ်ချုပ်ခိုင်းခဲ့တာ ရှေးပဝေသဏီကတည်းက ရှိခဲ့တာပဲ။
ပြည်သူက ကြည်ဖြူမှ သမ္မတဆိုတာ လူထုသမ္မတ … ပြည်သူက မကြည်ဖြူရင် လူတစ်စုသမ္မတ … ဒီတော့ ကိုယ့်ဘာသာကိုယ် ကြိုက်သလောက် ဘွဲ့တွေပေး .. တို့ပြည်သူလူထုကတော့ အေးအေးဆေးဆေး …
၅.၃.၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။