Zaw Moe Htet added 3 new photos — with Than Htike and 13 others.
---------------------------------
သမ္မတကြီး ဦးသိန်းစိန်အစိုးရ အဖွဲ့ကြီးတစ်ခုလုံးမှာ အာဏာလွှဲပြောင်ခါနီးထိ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာမှာ အားရစရာ တစ်ကွက်မှ မတွေ့ပါ ။ ဘယ်လိုလုပ်ပြီးတွေ့မှာလဲ အားလုံးက အရူးကွက်တွေချည်းကိုး ။ဘာကြောင့်ကျနော် ဒီလိုပြောရတယ်ဆိုတာ သာဓက တစ်ခု ကျနော် ပြောပြပါံမယ် ။
ခင်ဗျားတို့ ဖားကန့် ကျောက်စိမ်းတွင်းကိစ္စမှာ နိုင်ငံတော်က ဖြေရှင်းလိုက်တဲ့ သတင်းတွေ ကြားလိုက်မှာပေါ့ဗျာ ။ စွန့်ပစ် မြေဇာပြိုလို့ လူရာချီသေရာက စတဲ့ ပြဿနာဟာ ဆိုင်းမဆင့် ဗုံမဆင့် ကံပိုင်တည် နယ်စပ်က တရားမဝင် ယန္တရားသွင်းတဲ့ဆီ ရောက်သွားတယ် ။ ပြည်သူတွေ အာရုံပြောင်းအောင် အထူးစုံစမ်းရေးတွေ ၊စစ်ဆေးရေးတွေဖွဲ့ပြီး စစ်လား ဆေးလား လုပ်တယ် ။ စစ်တဲ့အဖွဲ့ကလည်း ယဉ်အစီး တစ်သောင်းကျော်တွေ့ရှိတယ် လို့ ပြောတယ် ။ ဘာကိုမှလည်း ကွဲကွဲပြားပြားမပြောဘူး ။အကုန်လုံးရောချထားတယ် ။ ဘာကိုဆိုလိုမှန်းမသိဘူး ။ ဘာတစ်ခုမှလည်း ပွင့်လင်းမြင်သာမှု မရှိဘူး ။ ဘာကို ယုံရမှန်းလည်းမသိဘူး ။ ယုံကြည်စရာလည်း တစ်ကွက်မှ မရှိဘူး ။ ကုန်ကုန်ပြောရရင် သမ္မတကြီး ကိုယ်တိုင်လာစစ်လည်း မယုံပါဘူး ။ကျနော်တို့ဟာ အရင်ကတည်းကလည်း မယုံကြည်ခဲ့ပါဘူး ။ခုလည်းမယုံကြည်ပါဘူး ။ အဲဒါ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ပြည်သူတွေ ယုံကြည်အောင် ဘယ်တုန်းကမှ မလုပ်ခဲ့လို့ပါပဲ ။
စွန့်ပစ်မြဇာပြိုပြီး လူရာချီသေလို့ တရားမဝင် ယန္တရားတင်သွင်းတာကို စစ်ဆေးနေချိန် နောက်ထပ် အဲ့နေရာတစ်ဝိုက်မှာ မြေဇာ (၄) ကြိမ် ထပ်ပြိုပြီး စုစုပေါင်းလူရာချီသေပြန်တယ် ။ ခင်ဗျားတို့ အစိုးရအဖွဲ့ ဘာလာလုပ်ပေးလဲ ? ။ဘယ်မှာလည်း ခင်ဗျားတို့အစိုးရဲ့ ပြည်သူ့အသက်အိုးအိမ် တန်ဘိုးထားမှု ။ခင်ဗျားတို့ အစိုးရရဲ့ ဖြေရှင်းမှုတွေက ဘာတွေ အကျိုးသက်ရောက်ခဲ့လည်း စဉ်းစားပါ ။ ခင်ဗျားတို့ ပြောပြောနေသည့် အမျိုးသား အကျိုးစီးပွားကာကွယ်မှုဆို ဘာလဲ ဘယ်လဲ လို့ပဲ မေးခွန်းထုတ်ချင်ပါတယ် ။သေတာကို မသနားတဲ့အပြင် မဆီမဆိုင် ပို့ဆွမ်းစားနေတဲ့ လူကြီးက ရေမဆေးကျောက် ကောက်တဲ့သူတွေ ရွှေကျင်လို့ မြေဇာပြိုတယ်လို့ ရွှီးလိုက်သေး ။ ပိုဆိုးတာက ရေမဆေးကျောက်ရှာသူတွေကို KIA လို့ စွပ်စွဲလိုက်သေး ။ အဲ့ရေမဆေးကျောက် ရှာတဲ့လူတွေသာ KIA တွေဆိုရင် သေနတ်တောင်မလိုတော့ဘူး ။သူတို့မှာပါတဲ့ ကျောက်ရှာတဲ့ စိန်တူနဲ့တင် ဖားကန့်ကို သိမ်းလို့ရပါပြီ ။
မြေပြိုသည့် ကိစ္စမပြောခင် တရားမဝင် ယန္တရား တင်သွင်းသည့် ကိစ္စ ဆက်သွားကြရအောင်ဗျာ ။တရားမဝင် ယန္တရား သွင်းတဲ့ကိစ္စမှာ အဂတိ လိုက်စားသူတွေကို အရေးယူတာလည်း ကြည်လိုက်အုံး ။ အသေးစိတ် အချက်အလက်တွေကတော့ သတင်းစာတွေမှာလည်း ပါပြီးသားမို့ မရေးတော့ပါဘူး ။လစာမတိုးပဲ ဆိုင်းငံ့ ၊နယ်ပြောင်း ၊ ပင်စင်ပေး စတဲ့ပြစ်ဒဏ်တွေ ပေးတဲ့အကြောင်းကို လူသိရှင်ကြား ထုတ်ပြောရဲတာတော့ တော်တော်အံ့သြမိပါတယ် ။ ဒါကြောင့်လည်း ခင်ဗျားတို့ အစိုးရ ယန္တရားကြီး တစ်ခုလုံး ကိုယ်ကျိုးရှာ လူညစ် သားကောင်းတွေနဲ့ ဖွဲ့စည်းထားသလို ဖြစ်တာ မဆန်းပါဘူး ။ဆက်စပ်သူများကို ဆက်လက်အရေးယူမယ်ဆိုတာက ကြော်ငြာလိုက်သေး ဗျာ ။ဒီလို လူအဖွဲ့အစည်းမှာ ဒီလို ကိုယ်ကျိုးရှာသမားတွေ ရှိတာမဆန်းပေမဲ့ ပြည်သူတွေမှာ နစ်နာလှပါပြီ ။
ကျောက်စိမ်း တူးဖော်ရေး ကုမ္မဏီများကို ဘာကြောင့် မထိရဲတာလဲ ?
၈၈ အရေးအခင်းပြီး နောက်ပိုင်း မြန်မာပြည်မှာ လူအစုလိုက် အပြုံလိုက် သေဆုံးမှုဟာ နာဂစ်ပြီးရင် ဖားကန့်ဒေသက ဒုတိယ အများဆုံး ဖြစ်မယ်ထင်ပါတယ် ။ ဖားန့်မှာ လူတွေအစုလိုက်သေတာကို ကမ္ဘာက စသိတာ ၂၁.၁၁.၂၀၁၅ နေ့ ဖြစ်စဉ်ပါ ။ ဒီ့အရင် အလားတူ သေဆုံးမှုတွေ ဒုနဲ့ဒေးရှိနေပါတယ် ။ အဲဒီဖြစ်စဉ်တွေမှာ ခင်ဗျားတို့ အစိုးရဆိုတဲ့ အဖွဲ့အစည်းကြီးက ကိုယ့်ပြည်သူတွေ သေတာကို သနားဘို့မပြောနဲ့ သွားတောင်ကြည့်ခဲ့လား ?ရေမဆေးကျောက်ရှာသူတွေ မသေဘူးတဲ့ မြေဇာပုံဟာ မရှိသလောက်ရှားပါတယ် ။ ဘယ်မြေဇာပုံမှာ ဘုန်းကြီးပင့်ပြီး သပိတ်သွတ်ပေးဘူးလဲ? ။ ဆုတောင်းပေးဘူးလဲ? ။ ပွင့်လင်းမြင်သာစွာ ဘယ်ကုမ္မဏီကို အစိုးရက တရာစွဲဘူးလဲ? ခင်ဗျားတို့ အစိုးရ အဖွဲ့အစည်းတစ်ခုလုံး တရုတ်စီးပွားရေးသမားတွေနဲ့ပေါင်းပြီး တရုတ်စရိုက်တွေ ဝင်ပူးနေတယ်ဆိုတာရော သတိထားမိကြလား ? ။ တရုတ်စီးပွားရေးသမားတွေလို ငွေမျက်နှာ တစ်ခုတည်းကြည့်ပြီး ကိုယ်ချင်းစာတရာဆိုတာ ဝေလာဝေး ၊ ရက်စက်မှု ၊ယုတ်မာမှု ၊ကောက်ကျစ်မှု စတဲ့ရောဂါ လက္ခဏာတွေ ခင်ဗျားတို့ အစိုးရ အဖွဲ့အစည်းကြီးတစ်ခုလုံးမှာ စွဲကပ်နေပြီဆိုတာ မမေ့ကြပါနဲ့ ။တိုက်တွေ အလီလီဆောက် ၊ကားတွေထည်လဲစီး ၊ကျိကျိတက် ချမ်းသာနေတဲ့ စစ်ဗိုလ်ချုပ်ဟောင်း အချို့ရဲ့ ပိုင်ဆိုင်မှုတွေက ခင်ဗျားတို့အစိုးရ အဖွဲ့အစည်းကြီး တစ်ခုလုံးရဲ့ ကိုယ့်ကျင့်တရားဆိုတာ မမေ့ကြပါနဲ့ ။ကိုယ်ကျိုးအတွက်ဆို ဘာမဆို ရောင်းစားရဲတဲ့ ခင်ဗျားတို့ စစ်ဗိုလ်ချုပ်တွေ ပါးစပ်က ပြောထွက်လာတဲ့ မျိုးချစ်စိတ်ဆိုတဲ့ စကားလုံးကို ကျနော်တို့ ပြည်သူတွေ အယုံအကြည်မရှိသလို အလွန်လည်းမုန်းပါတယ် ။ ကျနော်တို့နိုင်ငံ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်လို့ ဆင်းရဲမွဲတေသွားတယ်ဆိုတာ မမွေးသေးတဲ့ ဗိုက်ထဲက ကလေးတောင် သိပါတယ် ။နိုင်ငံကို ဆိုင်းဘုတ်ပေါ်မှာ တိုးတက် ခိုင်းတတ်တဲ့ ခင်ဗျားတို့ စစ်ဗိုလ်ချုပ်တွေ ရဲ့ အရည်အချင်း ကို ပြည်သူတွေလည်း သဘောပေါက်နေလောက်ပါပြီ ။ ဗုဒ္ဓဘာသာဝင် အများဆုံးပါဝင်တဲ့ ခင်ဗျားတို့ အစိုးရအဖွဲ့အစည်းကြီးဟာ ဗုဒ္ဓတရားတော် နဲ့အညီ ဘယ်နေရာ များ အုပ်ချုပ်ခဲ့လည်း ဆိုတာ ပြန်စဉ်းစားဘို့သင့်ပါတယ် ။
၂၁.၁၁.၂၀၁၅ နေ့က လူရာချီသေနေတဲ့အချိန်မှာ ဟန်ဆောင်ပြီးတောင် ဝမ်းနည်းမပေးနိုင်ကြဘူး ။ကိုယ်နဲ့မဆိုင်သလို အလုပ်အကိုင်မပျက် ကျောက်တူးဖော်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတဲ့ မြင်ကွင်းက မြန်မာနိုင်ငံသားတွေကို တန်ဘိုးမထားဘူး ၊ ဂရုမစိုက်ဘူးဆိုတာ ဖော်ပြနေတာပါ ။
မြစ်ဆုံစီမံကိန်းလို ဟာမျိုးကို တားဆီးနိုင်ခဲ့ပြီး ဖားကန့်က ကျောက်မျက်ကုမ္မဏီတွေကို ရပ်ဆိုင်းသည်အထိ မတာမြစ်နိုင်ဘူးဆိုတာ အလွန်စဉ်းစားရမဲ့ အချက်ပါ ။လူတွေရာချီသေတာကို ရက်လည်ကာနီးမှ သမ္မတဆိုသူက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လာတာဟာ တစ်ကယ်ဝမ်းနည်းလို့ မဖြစ်နိုင်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ သဝဏ်လွှာပို့ပြီး တစ်ပတ်ကျော်မှာပဲ ထပ်ပြိုပြန်ပါတယ် ။ ဝမ်းနည်း တဲ့သမ္မတက ကျောက်စိမ်းကုမ္မဏီတွေကို ရပ်နားစစ်ဆေးဘို့ ၊မြေဇာပုံတွေ အန္တရညယ်ကင်းအောင် ပြင်ဆင်သတ်မှတ်ဘို့သမ္မတအမိန့်နဲ့  မညွှန်ကြားပဲ တရားမဝင် ယန္တရားသွင်းတဲ့အမှုကြမှ သမ္မကြီး ညွှန်ကြားချက် နဲ့ဆိုပြီး ဖတ်လိုက်ရတာ ဟားစရာကောင်းပါတယ် ။ ခုဆို ဘယ်လောက်တောင်ဆိုးလဲ ဗျာ ။ သီတင်းကျွတ်ဆိုရင် ကျနော်တို့မှာ ဗျောက်ဖောက်ခွင့်မရပေမဲ့ ဖားကန့်မှာ မနက် ၅:၀၀ နာရီကနေ ည ၁၀:၀၀ နာရီအထိ ယမ်းတွေ တန်ချီထည့်ပြီး တစ်အုန်းအုန်း နဲ့ တောင်တွေဖြိုခွင့်ရနေတယ် ။ကျနော်တို့ ဒေသခံတွေမှာ နွေရောက်တော့လည်း ၂၄ နာရီ ဖုံမှုန့်ရှူရ ၊ မြေဇာသယ်ကားကြိတ်သေကြရ ၊ မိုးတွင်းရောက်တော့လည်း ရေကြီးရေလျှံဒဏ် ခံကြရ ၊ မြေပြိုလို့ သေကြရ ။
ဒေသခံနဲ့ ပြည်သူတွေ လိုချင်တာက တရားမဝင် ယန္တရားတင်သွင်းတာကို အရေးယူဘို့ မဟုတ်ပါဘူး ။ ကျောက်စိမ်းတွေ အလွန်အကျွံ တူးနေတာကို ထိမ်းသိမ်းစေချင်တာပါ ။ ဒီကုမ္မဏီတွေရဲ့ တူးဖော်နေမှုတွေဟာ ဥပဒေအတိုင်း တိကျလိုက်နာမှု ရှိ/မရှိ ပွင့်လင်းမြင်သာမှု ရှိတဲ့ အရပ်ဘက်အဖွဲအစည်းက ပညာရှင်တွေနဲ့ စစ်ဆေးစေချင်တာပါ ။ကုမ္မဏီက စွန့်ပစ်ထားတဲ့ စွန့်ပစ်မြေဇာပုံကတောင် ယူရိုသန်း (၆၀) လောက်တန်တဲ့ ကျောက်စိမ်းတွေရနေရင် ၊ကျောက်စိမ်းတောင် တစ်တောင်လုံးကို ဖြိုနေ ၊ တူးနေတဲ့ ကုမ္မဏီတွေ ဘယ်လောက်ရလို့ ၊ နိုင်ငံတော်ကို ဘယ်လောက်အပ်သလဲဆိုတာကို သိချင်နေတာပါ ။ ဒါတွေကို ဘာကြောင့် မလုပ်ရတာလဲလို့ မေးချင်နေတာပါ ။ အဲဒီအလုပ်တွေကို ခင်ဗျားတို့ အစိုးရ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ကျောက်စိမ်းကုမ္မဏီတွေ နဲ့ ခင်ဗျားတို့ အစိုးရ ကြားမှာ မရိုးသားမှုတွေ အကြီးကြီး ရှိနေတယ်ဆိုတာ ပြည်သူတွေက အပြည့်အဝ ယုံကြည်ပြီးသားပါ ။ ခင်ဗျားတို့ ကျနော်တို့ ပြည်သူတွေအပေါ်မှာ ဘယ်လိုပဲ လှည့်စားနေပါစေ ပြည်သူတွေက သိနေတယ်ဆိုတာ မမေ့ကြပါနဲ့ ။ ဟိုတစ်လောကလည်း ဖားကန့်က ကျောက်မျက်ကုမ္မဏီ (၆၀) ကျော် ခေတ္တရပ်နား ဆိုပြီး ကြေးမုံမှာ ဖတ်လိုက်ရတယ် ။ ဖားကန့်မှာ ကုမ္မဏီ နာမည်ခံ ၊ လုပ်ကွက်လျှောက်ပြီး ရောင်းစားနေတဲ့ ကုမ္မဏီတွေ ရပ်နားတာများ ပြည်သူတွေ ဖားကန့်ကိစ္စကို အာရုံကျအောင် လာလုပ်နေသေးးတယ် ။ဒါကြောင့် အရူးကွက်တွေလို့ ကျနော်ပြောခဲ့တာပါ ။ ခင်ဗျားတို့ စစ်ဗိုလ်ချုပ်တွေ သူများကို လုပ်ချင်ရင် ဥပဒေဆိုတာကြီးကို ပါးစပ်က မချတော့ဘူး ။ ခင်ဗျားတို့ကို လုပ်ရင် ၂၀၀၈ အခြေခံ ဥပဒေစာအုပ်ကြီးနဲ့ ကိုင်ပေါက်တယ် ။ အဲဒီမှာ ခင်ဗျားတို့ အရည်အချင်းက ဂိတ်ကုန်သွားပြီ ဆိုတာပြည်သူက သဘောပေါက်သွားပါပြီ ။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ခင်ဗျားတို့ အစိုးရအဖွဲ့တစ်ခုလုံးရဲ့ ဖားကန့် ပြဿနာမျာ့း ဖြေရှင်းမှုဟာ လုံးဝ ( လုံးဝ) မအောင်မြင်ဘူး ဆိုတာ ပြောချင်ပါတယ် ။ဘာကြောင့် မအောင်မြင်ရသလဲလို့ ကျနော့်အမြင်ကို သုံးသပ်ရရင် ပြည်သူ့အပေါ် (ဝါ) တိုင်ပြည့်အပေါ်မှာ ထားရှိအပ်တဲ့ စိတ်စေတနာ များ ဖြစ်ပေါ်စေတဲ့ တိုင်းပြည်အုပ်ချုပ်သူတိုင်း မွေးမြူထားရှိရမည့် အသိပညာများအားနည်းနေသောကြောင့် လို့ထင်မြင်ယူဆမိပါတယ် ။ဒါကြောင့်မို့ သမ္မကြီးအပါအဝင် အစိုးရအဖွဲ့ကြီး တစ်ဖွဲ့လုံး အသိပညာ ၊ အတတ်ပညာ ၊ ကိုယ်ချင်းစာတရားနှင့် လူ့တန်ဘိုးများ စသည့် အာနိသင်များပြည့်ဝသော ဆေးများသောက်သုံးရန် ဘုရားရှင်ထံသို့ သမ္မကြီး နှင့် အပေါင်းပါများ ကြွတော်မူပါ အကုန် ။
ဇော်မိုးထက်
ဆက်စပ် သတင်း . . .
အားလုံးကုန်လို့ စပြီး အရေးယူတော့မယ်။
=============================
ဖားကန့်ဒေသသို့ ကျောက်မျက်တူးဖော်ရန် ယာဉ်ယန္တရားများ တင်သွင်းသည့် ကိစ္စနှင့် ပတ်သက်၍ အကောက်ခွန်နှင့် စီးပွား/ကူးသန်းတို့မှ ညွှန်ကြားရေးမှူးချုပ်နှစ်ဦးအား အငြိမ်းစားပေးခဲ့ပြီးယင်းကိစ္စနှင့် ဆက်စပ်သည့် ၀န်ထမ်းများကိုလည်း စိစစ်ကာ ဆက်လက် အရေးယူမည်
*********************************************************************
ဖားကန့်ဒေသသို့ ကျောက်မျက်တူးဖော်ရန် ယာဉ်ယန္တရားများ တင်သွင်းသည့်ကိစ္စနှင့် ပတ်သက်၍ အကောက်ခွန်၊ စီးပွား/ကူးသန်း ညွှန်ကြားရေးမှူးချုပ်နှစ်ဦးအား အငြိမ်းစား ပေးခဲ့ပြီး ၀န်ကြီးဌာနသုံးခုမှ ယင်းကိစ္စနှင့် ဆက်စပ်သည့် ၀န်ထမ်းများကိုလည်း စိစစ်ပြီး ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မတ် ၃ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ဖားကန့်ကိစ္စ ယန္တရားတွေ အဲဒီလို သွင်းပြီးတော့ တူးဖော်တဲ့ကိစ္စတွေပေါ့နော်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီက သမ္မတကြီးကနေပြီးတော့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ကို လွှတ်လိုက်တယ်။ ဖြစ်ဖြစ်ချင်းမှာပဲ။ ဦးဝင်းထွန်းရဲ့ ကနဦးတင်ပြချက်တွေပေါ် မူတည်ပြီး နောက်ထပ်အဖွဲ့ဖွဲ့တယ်။ ကော်မတီဖွဲ့တယ်။အဲဒီအဖွဲ့က ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်တယ်။ ပြည်ထဲရေးဒုဝန်ကြီးတို့ ကျန်တဲ့ဝန်ကြီး ဌာနတွေလည်း ပါတယ်။ အသေးစိတ်ပေါ့နော်။တာဝန်ရှိသူ အဆင့်ဆင့်ကို ဖော်ထုတ်နိုင်ဖို့ အဲဒီမှာစစ်ဆေးပြီးတော့ အစီရင်ခံစာ တက်လာတယ်။ တက်လာတဲ့အခါမှာ အဲဒီအစီရင်ခံစာပေါ် မူတည်ပြီးတော့ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူမှုတွေ လုပ်တယ်။ လုပ်တဲ့အချိန်ကျတော့ ညွှန်ချုပ်နှစ်ယောက်ပါတယ်။ အကောက်ခွန် ညွှန်ချုပ်နဲ့ စီးပွား/ကူးသန်း ညွှန်ချုပ် ဦးညွန့်အောင်။ ညွှန်ချုပ်နှစ်ယောက်ကတော့ ကျွန်တော်တို့က သမ္မတရဲ့ အတည်ပြုချက်နဲ့ ခန့်တာဖြစ်တဲ့အတွက် သူတို့ကို ကျွန်တော်တို့က Actiion ယူလိုက်တယ်။ ထုတ်လိုက်တယ်။ အငြိမ်းစား ပေးလိုက်တယ်ပေါ့နော်။ ကျန်တဲ့ ၀န်ကြီးဌာန သုံးခုရှိတယ်။ ပြည်ထဲရေးရယ်။ ဘဏ္ဍာရေးရယ်၊ စီးပွားကူးသန်းရယ်နောက် သတ္တုတွင်းပေါ့နော်။ အဲဒီလိုမျိုး သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ ပြည်ထဲရေးဆိုလည်း အထွေထွေ အုပ်ချုပ်ရေးတွေပေါ့နော်။အဲဒါတွေကတော့ ပြန်လည်စိစစ်ပြီးတော့ ၀န်ကြီးဌာနရဲ့ အစီအစဉ်နဲ့ အရေးယူဖို့၊ ဌာနတွင်း ၀န်ထမ်းစည်းမျဉ်း စည်းကမ်းနဲ့အညီ အရေးယူဖို့ဆက်လုပ်နေပြီပေါ့နော်။ အခုက တစ်ဦးချင်း အသေးစိတ် တာဝန်ရှိသူ အဆင့်ဆင့် ဥပမာ ညွှန်မှူး၊ ဒုညွှန်၊ လက်ညွှန် အဲဒီလိုမျိုးပေါ့နော် တာဝန်ရှိသူတွေကို အရေးယူတယ်။ ဒါတွေကို ၀န်ကြီးဌာနတွေ လုပ်နေတယ်။ စုစုပေါင်းကတော့ ၀န်ကြီးဌာနတွေပဲ သိမယ်။သမ္မတ အတည်ပြုချက်နဲ့ခန့်တဲ့ ညွှန်ချုပ်နှစ်ယောက်ကိုပဲ အငြိမ်းစားပေးလိုက်တယ်” ဟုပြောကြားသည်။
အငြိမ်းစားပေးခဲ့သူနှစ်ဦးမှာ ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းနှင့် စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်တို့ဖြစ်ကြောင်း သိရသည်။
ညွှန်ချုပ်နှစ်ယောက်ကို သမ္မတရုံးအမိန့်ဖြင့် အငြိမ်းစားပေးမှုမှာ မှန်ကန်ကြောင်း၊ အကောက်ခွန်အရာရှိ ၂၀ ကျော်ကို စစ်ဆေးနေမှုတွင်လည်း ၀န်ကြီးဌာနမှ အရေးယူလိမ့်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်နှင့် စီးပွား/ကူးသန်း ညွှန်ကြားရေးမှူးချုပ်နှစ်ဦး အငြိမ်းစားပေးခဲ့သည့်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် တစ်စုံတစ်ရာ ရရှိခဲ့ခြင်းမရှိခဲ့သည့်အပြင် အငြိမ်းစားပေးခဲ့သည့် ညွှန်ကြားရေးမှူးချုပ် နှစ်ဦးထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားကြောင်း သိရသည်။
ဖားကန့်ကိစ္စများနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်းကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီး ကန်ပိုက်တီး နယ်စပ်ဂိတ်မှ အရာရှိအဆင့် ၀န်ထမ်းသုံးဦးကို ခြောက်လ လစာတိုးပေးမှု ရပ်ဆိုင်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ကျောက်မျက်ကုမ္ပဏီများ ဖားကန့်ဒေသသို့ စက်ယန္တရားကြီးများ တင်သွင်းမှုနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများကို စစ်ဆေးခဲ့ရာတွင် ကျပ်သိန်းပေါင်း သောင်းနှင့်ချီသည့် ငွေစာရင်းများတွေ့ ရှိခဲ့ရပြီး ထိန်းသိမ်းထားကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
ဖားကန့်ဒေသသို့ ယာဉ်ယန္တရားကြီးများ တင်သွင်းနေမှု၊ ကျောက်စိမ်းအလွန်အကျွံ တူးဖော်နေမှုများနှင့် ပတ်သက်ပြီးပြည်ထောင်စုအဆင့် စစ်ဆေးမှု ပထမအကြိမ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်သော အဖွဲ့က ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ဂိတ်ကို သွားရောက်စစ်ဆေးခဲ့သည်။
ဒုတိယအကြိမ်အဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးချန်မောင်နှင့် စသုံးလုံး အရာရှိများနှင့်အတူ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ လာရောက်စစ်ဆေးခဲ့ပြီး ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ငန်းများတွင် အသုံးပြုနေသော ယာဉ်ယန္တရားများ အခွန်ကိစ္စရပ်များ ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကျောက်စိမ်းနှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ဆေးခဲ့သည်။
ဇန်န၀ါရီ ၁၅ ရက်မှ ၂၃ ရက်အထိ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဦးဆောင်သည့် အဖွဲ့က ဖားကန့်ဒေသတွင် တတိယအကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ် စစ်ဆေးမှုကို ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဝင် ဦးမောင်ရှိန် ဦးဆောင်သောအဖွဲ့က ဖေဖော်ဝါရီ ၅ ရက်တွင် ရဲဌာန၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများကို တစ်ပတ်နီးပါးကြာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် အရေးယူမှုများကို မတ်လအတွင်း စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Writer: အောင်ရဲကို
.
Credit : EMG

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။