http://www.precisionnutrition.com/wordpress/wp-content/uploads/2009/11/Black_Mouse.jpg
ဆိုရှယ်လစ်ခေတ်အကူး နဝတခေတ်ဦးလောက်မှာ မှတ်မိကြဦးမယ် ထင်ပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ပုလိပ်ရောဂါတွေဖြစ်ပြီဆိုတော့ မြန်မာနိုင်ငံကိုကူးစက်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။ အဲဒီမှာလည်း တစ်ခါ အမိန့်ထုတ်ပြန်တယ်။ တစ်အိမ်ထောင် ကြွက်တစ်ကောင် ရဝတရုံးကို လာအပ်ရမည်။ မအပ်လျှင် ဒဏ်ငွေ ၅၀၀ တဲ့ဗျာ။
စဉ်းစားသာကြည့်ပေတော့ ကျောင်းဆရာက ရတဲ့လစာက တစ်လမှ ထောင်ဂဏန်းလောက်ခေတ်မှာ ပိုက်ဆံ ၅၀၀ ဆိုတာ နည်းတာမှတ်လို့။ ခက်တာက အိမ်မှာကလည်း ကြောင်နှစ်ကောင် မွေးထားတာ။ ကြောင်တွေ ကလည်း လက်စောင်းထက်တွေဆိုတော့ အိမ်မှာ ကြွက်မပြောနဲ့ အိမ်မြောင်တောင် တွေ့ရတာမဟုတ်ဘူး။
မနက်ဖြန် ရဝတရုံးကို ကြွက်မအပ်ရင် ဒဏ်ငွေ ၅၀၀ ကျပ်ပေးရတော့မှာ။ ပြတ်တုန်းလပ်တုန်း ၂၃ လောက် ဆိုတော့ အိပ်ထဲမှာလည်း ပိုက်ဆံမရှိ။ ဒါကြောင့် ကြံရတော့တာပေါ့။
ကျွန်တော်တို့ ပဲခူးဈေးထဲမှာက မနက်စောစောဆိုရင် ကြွက်သေတွေ လမ်းပေါ်ပစ်ထားတာ တွေ့ဖူးနေတော့ မနက်စောစော စက်ဘီးနဲ့ ဈေးဘက်ကို ကြွက်ကောက် ထွက်လာရသပေါ့။ ဈေးထဲမှာ အဲဒီနေ့မှပဲ ကြွက်တွေ ရှားနေသလားပဲ။ ရှာဖွေလေတွေ့ရှိလေဆိုသလို စက်ဘီးနဲ့ ပတ်ရင်းက ကြွက်တစ်ကောင် ဝဝကစ်ကစ်လေး တွေ့လိုက်တာနဲ့ ဝမ်းသာအားရ ကြွက်ကို ကျွတ်ကျွတ်အိတ်ထဲ ကောက်ထည့်ဖို့ ပြင်ဆင်၊ အမြီးကလည်း ကောက်ဆွဲလိုက်ရော အိမ်တစ်အိမ်ပေါ်ကနေ "ဆရာကြီး" ဆိုပြီး ခေါ်သံကြားလိုက်တော့ မော့ကြည့်လိုက်မှ ကျွန်တော့်တပည့်မလေးတစ်ယောက် ဖြစ်နေတာတွေ့လိုက်ရတယ်။
ကျွန်တော့်တပည့်မလေးရဲ့ အံ့သြတဲ့အကြည့်က ခုထိ မျက်လုံးထဲက မထွက်ဘူး။ သေချင်လောက်အောင် ရှက်မိတဲ့အဖြစ်က တွေးမိတိုင်း အရိုးနာလောက်အောင် အာဏာရှင်အစိုးရခေတ်မှာ ရင်ဆိုင်ခဲ့ရပါသဗျာ။
Kyaw BaLa
Maukkha
SearchMyanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။