လူပျိုပေါက် အရွယ် လောက်က မုန်တိုင်း ဇာတ်သဘင်အဖွဲ့၏ ပြဇာတ်တစ်ပုဒ်ကြည့်ခဲ့ဖူး၏။ ပြဇာတ်မင်းသားက ဒို့တင်ဌေးဟု မှတ်မိနေသည်။ ပြဇာတ်အမည် ကိုလည်း မမှတ်မိ။ ဇာတ်လမ်းကို လည်း သတိမရတော့။ သို့သော် ဇာတ်လမ်းထဲက ဇာတ်ကွက်တစ် ခုကိုတော့ သံမှိုစွဲသကဲ့သို့ အသည်းထဲမှာ စွဲနေသည်။
ဇာတ် လမ်းအရ ဇာတ်ဆရာကမင်းသား ၏ အကစွမ်းရည်ကို စမ်းသပ် သည်။ ပထမစင်ပေါ်မှာ လွတ် လွတ်လပ်လပ် ကစေသည်။ မင်းသားက ပြေးလွှားခုန်ပေါက် ကကာ ရှေ့ကျွမ်း၊ နောက်ကျွမ်းများပင် ထိုးပြလိုက်သည်။ နောက် ဇာတ်ဆရာက စင်ပေါ်မှာ စည်းဝိုင်းဝိုင်းပေးလိုက်သည်။ စည်းဝိုင်းက ခပ်ကျယ်ကျယ်ဆိုတော့ ခုန် ပေါက်ကနိုင်သေးသည်။ ဂျွမ်းအ ကတော့ က၍မရတော့။ နောက် တစ်ခါစည်းဝိုင်းကို ထပ်ချုံ့ပစ် လိုက်သည်။ ခုန်ပေါက်၍ မက သာတော့ အနည်းငယ်ရှေ့တိုး နောက်ဆုတ် ဘယ်ယိမ်းညာယိမ်း ၍သာ ကနိုင်၏။ သည့်နောက်မှာ စည်းဝိုင်းကို လူတစ်ကိုယ်မလှည့် သာအောင် အကျဉ်းဆုံးအထိ ချုံ့ ပစ်လိုက်သည်။ အကမင်းသား ခမျာ ခြေလှုပ်လက်လှုပ်သာ လှုပ် နိုင်တော့၏။ ကတာနှင့်မတူ၊ ရုပ် သေးရုပ်ကို ကြိုးဆွဲပေး၍ လှုပ်နေ သည်နှင့်သာ တူတော့၏။
ထိုခေတ်က သဘင်ပညာ သည်များအပေါ် အကန့်အသတ်၊ အချုပ်အချယ်တွေများလှသည့် ကြားမှ သဘင်ပညာသည်များမှာ ကြိုးစား၍ ကပြအသုံးတော်ခံနေ ရပုံကို ပြဇာတ်ဒါရိုက်တာက ထို ဇာတ်ကွက်ကလေးဖြင့် နိမိတ်ပုံပြုသရုပ်ဖော်လိုက်ခြင်း ဖြစ်သည်။ ဒို့တင်ဌေးကလည်း အပြောကောင်းကောင်း၊ စကား လုံးတွေကလည်း ပြောင်မြောက် လှသဖြင့် ထိုဇာတ်ကွက်ကလေးကို အသည်းစွဲခဲ့ရ၏။ ခုနေအခါမှာ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အမြို့မြို့အနယ်နယ်မှာ ဆန္ဒပြတောင်းဆိုကြတာတွေ မြင်ရတော့ ကျွန်တော့်ဦးနှောက် မှတ်ဉာဏ်ထဲကို ထိုဇာတ်ကွက်က ပြန်လည်ဝင်ရောက်နေရာယူလာသည်။ တကယ်တော့ ကျွန်တော်တို့ ပြည်သူတွေက စစ်အစိုးရဟူသော ဇာတ်ဆရာဆွဲပေးသည့် အခြေခံဥပဒေစည်းဝိုင်း ကျဉ်းကျဉ်းလေးထဲမှာ မလှုပ်သာ မလွန့်သာ ကပြနေရသည့်အက မင်းသားဘ၀ ရောက်နေခြင်းပေတည်း။
မတ်လ ၂၉ ရက်က ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် နိုင်ငံရေးပါတီများ နှင့် တွေ့ဆုံပွဲတွင် သမ္မတဦးသိန်း စိန်က ၂၀၁၅ ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံနိုင်လောက်သည့် ပွင့်လင်း မြင်သာမှုမျိုးရှိအောင် လုပ်ဆောင်သွားမည်ဟု ကတိပေးလိုက်သည်။ ၀ိုင်းပေးထား သည့် စည်းဝိုင်းကျဉ်းကျဉ်း ကလေးထဲမှာ လွတ်လွတ်လပ်လပ် ကစမ်းဟု ဇာတ်ဆရာက အကမင်းသားကို ခွင့်ပေးသလို ဖြစ်နေသည်။ မလှုပ်သာ မလှည့်သာအောင် တင်းတင်းကျပ်ကျပ် ဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ဘဲနှင့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပွင့်လင်းသည့် ရွေးကောက်ပွဲတစ်ခုဖြစ်နိုင်သော်လည်း တရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်မလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက် က တပ်မတော်နေ့အခမ်းအနား တွင်လည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူပုဂ္ဂိုလ် တစ်ဦးချင်းအတွက်၊ ပါတီတစ်ခု အတွက်၊ အဖွဲ့အစည်းတစ်ခုအ တွက်၊ တိုင်းရင်းသားလူမျိုးစု တစ် ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲခဲ့ခြင်းမဟုတ်ကြောင်း ပြင် ဆင်ရန် လိုအပ်လာပါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ခြင်း အခန်း(၁၂)ပါ ပြဋ္ဌာန်းထား မှုများနှင့်အညီ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောဆိုလိုက် သည်။
သို့ဆိုလျှင် အခန်း(၁၂)ဖွဲ့ စည်းအခြေခံဥပဒေပြင်ဆင်ခြင်း၌ မည်သို့ပြဋ္ဌာန်းထားသနည်း။ အခန်း(၁၂)ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း အခန်းတွင် ပုဒ်မ (၄၃၃) မှ (၄၃၆)အထိ ပုဒ်မ (၄)ခုပါရှိသည်။ ရှေ့ကပုဒ်မ(၃)ခုကို အသာထား၍ ယခုပြည်သူ အများက ပြင်ဆင်ရန် တောင်းဆို နေသော ပုဒ်မ (၄၃၆)တွင် မည်သို့ဆိုထားသနည်း။ ပုဒ်မခွဲ(က)၌ ‘‘ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁)ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃)ပုဒ်မ ၅၉၊ ၆၀ ၊ အခန်း(၄)ပုဒ်မ ၇၄၊၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅)ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆)ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင် လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်’’ဟု ဆိုထားသည်။ တစ်ခါပုဒ်မခွဲ(ခ)၌ ‘‘ပုဒ်မခွဲ(က)တွင်ဖော်ပြထားသည့် ပြဋ္ဌာန်း ချက်များမှာအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်’’ဟု ဆိုထား၏။ငယ်ငယ်တုန်းက မူလတန်းတွင် သင်ခဲ့ဖူးသည့် ပုံပြင်ထဲကလို ငှက်ကျားကို ပန်းကန်ပြားနှင့် ဟင်းချိုတိုက်သလို ဖြစ်နေသလားထင်မိ၏။ ‘‘အားရပါးရ သုံးဆောင်ပါအဆွေ’’ဟု မြေခွေးက မည်မျှပင်လောကွတ်ပိုစွာ ကျွေးမွေးသော်လည်း နှုတ်သီးရှည်နှင့် ငှက်ကျားခမျာ ပန်းကန် ပြားထဲရှိ ဟင်းချိုက ခံတွင်းမစိုခဲ့ပါချေ။
တစ်ဖန်ကာချုပ်က ဆက်၍ ပြောသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်ဟု နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားကြောင်း၊ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲရာ၌ အမျိုးသားညီလာခံက ချမှတ်ခဲ့ သည့် အခြေခံမူ ၁၀၄ ချက်အ ပေါ် အခြေခံရေးဆွဲခဲ့ခြင်းဖြစ် ကြောင်းနှင့် ၂၀၀၈ ခုနှစ် လူဦးရေ ၅၇ သန်းကျော်တွင် ဆန္ဒမဲပေး ခွင့်ရှိသူ ၂၇ သန်းကျော်အနက် မဲ ပေးသူ ၂၆ သန်းထဲက ၂၄ သန်း ကျော်ထောက်ခံဆန္ဒမဲပေးခဲ့သော ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံအတည်ပြုခဲ့ခြင်းဖြစ် သည့်အတွက် ထောက်ခံဆန္ဒမဲ ပေးသူတို့၏ ဆန္ဒကိုလေးစားရ မည်ဖြစ်ကြောင်း ထည့်သွင်းပြော ကြားသွား၏။
ကာချုပ်အနေဖြင့် ပြည်သူ ၏ ဆန္ဒကိုလေးစားရိုးမှန်လျှင် ယင်းအခြေခံဥပဒေကိုပင် ယခုအ ခါပြင်ဆင်ပေးရန် တစ်နိုင်ငံလုံး နီးပါး ဆန္ဒထုတ်ဖော်နေကြသော ပြည်သူ၏ ဆန္ဒကိုလည်း အလေး ဂရုပြုသင့်သည်ဟု ထင်သည်။ ၂၀၀၈ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လို မဲထည့်ခြင်းမဟုတ်၍ ရာခိုင် နှုန်းမည်မျှဟု မှတ်တမ်းမပြုနိုင် သော်လည်း နေ့စဉ်တွေ့မြင်နေရ သော ဆန္ဒထုတ်ဖော်ပွဲများကို ကြည့်ခြင်းဖြင့် ၂၀၀၈ က ထောက်ခံခဲ့သည့် ၉၂ ရာခိုင်နှုန်း ထက်မသာလျှင်တောင် မလျော့ လောက်ချေ။ ဟိုယခင် ၂၀၀၈ ဆီက နာဂစ်ကြောင့် ပြည်သူတို့ စိတ်ဝမ်းနှလုံးညှိုးချုံးနေချိန်လည်း ဖြစ်ပြန် ယခုကဲ့သို့ ပွင့်လင်းမြင် သာမှုလည်း မရှိချိန်ဖြစ်ပြန်ဆို တော့ ကျွန်တော်တို့ အတွေ့အ ကြုံအရ အိမ်ထောင်စု တစ်စုစာ ကို တစ်ယောက်တည်းလာပြီး မဲ ပေးတာကို ခွင့်ပြုသည်များလည်း ရှိခဲ့ပေသည်။ သို့ဖြစ်ရာ ပြည်သူ ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် ဟူသည် အကြွင်းမဲ့မှန်ကန်ပါရဲ့ လားဟု သံသယပွားစရာကောင်း လှ၏။
တစ်ခါ . .သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲ၌ပင် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၏ တင်ပြချက်ကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြန်လည်ရှင်းပြ ရာ၌ ‘‘ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ကြောင့် တိုင်းပြည်မှာ တည်တည် ငြိမ်ငြိမ် ဖြစ်ခဲ့တယ်။ ဒါတွေကို သိပ်ဆန္ဒစောသွားရင်၊ တည်ငြိမ်မှု ပျက်သွားရင် မကောင်းဖြစ်မယ်’’ ဟူ၍ ရှင်းလင်းပြောဆိုခဲ့ကြောင်း သတင်းများတွင် ဖတ်ရသည်။ အ ခြေခံဥပဒေပြင်ရုံဖြင့် တိုင်းပြည် တည်ငြိမ်မှု ပျက်ပြားနိုင်သည်ဟု ဆိုခြင်းမှာ ဘာကိုရည်ရွယ်၍ ပြောကြောင်း ခန့်မှန်းမကြည့်သော်လည်း အလိုလိုသိနေသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် ပြည်သူအများစု မနှစ်သက်သော ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ပြင်ဆင်လိုစိတ်မရှိကြောင်း သူ၏နှုတ်ထွက် စကားများကို ကြည့်လျှင် သိသာလှပေ၏။
သည်တော့ နိုင်ငံတော် သမ္မတ၊ ကာချုပ်နှင့် ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌတို့၏ ပြော စကားများသည် စကားလုံးအား ဖြင့် ကွဲပြားမှုရှိသော်လည်း အနှစ် သာရအားဖြင့်ကြည့်လျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင် ဆင်ရေးသွယ်ဝိုက်သော နည်းများဖြင့် သတိပေးနေခြင်း ဖြစ်ပေ သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို မပြင်ဆင်ဘဲနှင့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ကောင်း လွတ်လပ်မည်ဖြစ်သော်လည်း တရားမျှတမှု မရှိနိုင်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ ကျွန်တော်တို့ ပြည်သူအားလုံး ၏ သဘောဆန္ဒကလည်း ၂၀၁၅ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက် ပွဲဖြစ်စေချင်သည်။ သို့အတွက် တစ်ဖက်သတ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဘယ်နည်းနှင့် ဖြစ်ဖြစ် ပြင် စေချင်သည်။ ပြင်နိုင်အောင် အားထုတ်ကြပါဟု ဆိုင်ရာလူကြီးမင်းများအားလုံးကို တိုက်တွန်း လိုပါသည်။
ဒါမှသာ ၂၀၁၅ ရွေးကောက် ပွဲတွင် သမ္မတ ကတိပေးသလို ကမ္ဘာကလက်ခံနိုင်လောက်သည့် ပွင့်လင်းမြင်သာမှုမျိုး ရှိလာနိုင် သလို တရားမျှတသည့် ကမ္ဘာက စံပြုရသည့် ရွေးကောက်ပွဲအဖြစ် လည်း မှတ်တမ်းကောင်းများ ကျန်ရစ်မည်ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး ‘‘တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ ×××တို့ပြည် ××× တို့မြေ’’ဟူသောနိုင်ငံတော်သီချင်းကို ကြက်သီးမွေးညင်း ထရလောက်အောင် ခံစားချက်အပြည့်နှင့် သီဆိုချင်လှပါသည်။ ။
မင်းသန်းထိုက်(ဒေးဒရဲ)
http://7daydaily.com/story/8259#.Uz5cjuN_uz5
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။