ဖခင်ဖြစ်သူရရှိမည့် နစ်နာကြေး ဒေါ်လာ ၈၀,၀၀၀ မှာ သမီးက ဖေ့စ်ဘွတ်ခ်ပေါ်တင်လိုက်သော ပို့စ်တစ်ခုကြောင့် လက်လွတ်ဆုံးရှုံးသွားသော အမှုတစ်ခု ဖလော်ရီဒါပြည်နယ်တွင် ဖြစ်ပွားခဲ့ပါသည်။
မိုင်ယာမီမြို့ရှိ ပုဂ္ဂလိကပိုင် ဂါလီဗာ တက္ကသိုလ်ဝင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ပက်ထရစ်ခ် စနေးသည် အလုပ်စာချုပ်ကို ကျောင်းက သက်တမ်းဆက်မတိုးပဲ ၎င်းအား ၂၀၁၁ ခုနှစ်တွင် အလုပ်မှ ရပ်စဲလိုက်ခြင်းကြောင့် ဂါလီဗာတက္ကသိုလ်ဝင်တန်းကျောင်းကို တရားစွဲဆိုခဲ့ပါသည်။
အသက် ၆၉ နှစ်ရှိ ပက်ထရစ် စနေးသည် ၎င်း၏ အသက်အရွယ်ကြောင့် အလုပ်ရပ်စဲခံရခြင်း ဖြစ်သဖြင့် ခွဲခြားဖိနှိပ်ခံရသည့်အနေဖြင့် တရားစွဲခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ဥပဒေအရ၊ အသက်အရွယ်၊ ကျားမ၊ လူမျိုး၊ အသားအရောင်၊ ဘာသာရေး စသည်တို့ကြောင့် ခွဲခြားဆက်ဆံခံရလျှင် ဥပဒေချိုးဖောက်ရာ ရောက်ပါသည်။
ဂါလီဗာကျောင်းနှင့် စနေးတို့သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ကျေအေးရေး သဘောတူညီချက် ရရှိခဲ့သည်။ ကျေအေးချက်အရ၊ ကျောင်းအုပ်ကြီးဟောင်း ပက်ထရစ် စနေးအား ကျောင်းက ယခင်လစာ ဒေါ်လာ ၁၀,၀၀၀၊ နစ်နာကြေး ဒေါ်လာ ၈၀,၀၀၀ အပြင် ၎င်း၏ ရှေ့နေခ ဒေါ်လာ ၆၀,၀၀၀ ပေးရန် သဘောတူညီခဲ့ကြသည်။ ကန့်သတ်ချက်တစ်ရပ်အနေဖြင့် ၎င်းသဘောတူညီချက်ကို မည်သူ့ကိုမျှ ထုတ်ဖော်ပြောကြားခြင်း မပြုရန် တားမြစ်ထားပါသည်။
ချက်ချင်းဆိုသလိုပင်၊ ပက်ထရစ် စနေး၏ သမီးသည် ထိုအကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပို့စ်တင်၍ ထုတ်ကြွားခဲ့သည်။ ၎င်းဂါလီဗာ တက္ကသိုလ်ဝင်တန်းကျောင်းမှပင် အောင်မြင်ခဲ့သော သမီးဖြစ်သူသည် "ဖေဖေနဲ့ မေမေတော့ ဂါလီဗာကျောင်းနဲ့ ဖြစ်တဲ့အမှု နိုင်ပြီ။ ဂါလီဗာက ပေးတဲ့ ပိုက်ဆံနဲ့ ဒီနွေရာသီမှာ ဥရောပကို သွားလည်ကြမယ်" ဟု ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်သည်။
သူမတွင် ဂါလီဗာ၏ လက်ရှိကျောင်းသူကျောင်းသားနှင့် ကျောင်းသားဟောင်း သူငယ်ချင်း ၁,၂၀၀ ရှိသောကြောင့် ထိုသတင်းသည် ကျောင်းတွင် တောမီးပမာ ပျံ့နှံ့သွားကာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က သိသွားပါသည်။
စည်းမျဉ်းကန့်သတ်ချက်ကို ချိုးဖောက်သဖြင့် ကျောင်းအုပ်ကြီးဟောင်း ပက်ထရစ် စနေးအား နစ်နာကြေး ဒေါ်လာ ၈၀,၀၀၀ ပေးတော့မည် မဟုတ်ကြောင်း ဂါလီဗာက ငြင်းဆန်လိုက်သည်။ ပက်ထရစ်ခ် စနေးက အထက်တရားရုံး အဆင့်ဆင့် အယူခံဝင်ခဲ့သော်လည်း နောက်ဆုံး တရားရုံးတွင် အယူခံ ရှုံးနိမ့်ခဲ့ရသည်။
မိဘအုပ်ထိန်းမှုအောက်တွင် ရှိနေသော သားသမီးများ ဖေ့စ်ဘွတ်ခ်၊ တွစ်တာပေါ်တွင် တင်သော စာနှင့် ရုပ်ပုံများ၊ အင်တာနက်ပေါ်တွင် ကျူးလွန်သော ပြစ်မှုများအတွက် မိဘများတွင် တာဝန်ရှိသည်ကို အချို့က သတိမပြုမိပဲ ဖြစ်တတ်ပါသည်။
http://kabarthit.com/index.php?option=com_content&view=article&id=176%3A2014-03-04-21-53-11&catid=8%3A2013-10-13-17-09-02&Itemid=214

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။