Coko Dmoe
မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဘာတေလ်းလစ်တနာ၏ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ် ဟောပြောပွဲမှ ကောက်နုတ်ချက်
(မြန်မာနိုင်ငံ နယ်စပ် တိုင်းရင်းသား လက်နက်ကိုင်များ ဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်ကာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို စာအုပ်များစွာ သုံးသပ် ရေးသားခဲ့သူ သတင်းစာဆရာ ဘာတေလ်းလစ်တနာက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဟောပြောခဲ့သည့် ပြောကြားချက် အချို့ကို The Voice က ထုတ်နုတ် တင်ပြအပ်ပါသည်။)
“မနေ့က သမ္မတ ဦးသိန်းစိန် မြစ်ကြီးနား ခရီးစဉ်မှာ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ စမယ်လို့ ပြောခဲ့တယ်။ ဒီမနက်မှာ မြစ်ကြီးနားက လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ စကားပြောကြည့်တဲ့အခါ မယုံဘူးလို့ ပြောကြတယ်။ ကျွန်တော့် အမြင်အရဆို နှစ်ဖက်လုံးမှာ မယုံကြည်မှုတွေ များစွာ ရှိနေပြီး ကစားပွဲ တစ်ခုလိုပဲ လုပ်ဆောင်နေတာ တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာကလည်း မယုံကြည်မှုတွေ ရှိနေတယ်၊ ၁၉၉၀ ကျော် ကာလတွေမှာ အပစ်ရပ်ခဲ့ပေမယ့် အစိုးရသစ် တက်ပြီးတော့ စစ်ဆင်ရေးတွေက ထပ်ဖြစ်နေတယ်။ နောက်ပြီး ခုအပစ်ရပ်ရေး ဆွေးနွေးနေတာတွေဟာ အံ့သြဖို့ ကောင်းတယ်၊ လက်မှတ်ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးကြဖို့တဲ့။ ဖြစ်သင့်တာက နိုင်ငံရေး ဆွေးနွေးပြီးမှ လက်မှတ်ထိုးတာမျိုး မဟုတ်ဘူးလား၊ ပြောရမယ်ဆို နွားရှေ့ ထွန်ကျူးသလိုမျိုး ဖြစ်နေတယ်။ ပင်လုံကို ပြောကြတဲ့ အခါမှာလည်း အစိုးရက ပင်လုံစိတ်ဓာတ်လို့ ရည်ညွှန်းပြီး တိုင်းရင်းသားဘက်ကတော့ ပင်လုံ သဘောတူညီချက် ဆိုတာကို ဦးတည်ပါတယ်”
“မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်ပပညာရှင် ဆိုသူတွေ များစွာ ပါလာတာလည်း အပေါင်းလက္ခဏာ တစ်ခုတော့ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ မြန်မာ့ပြဿနာကို ခြေခြေမြစ်မြစ် သိဖို့ သူတို့မှာ ကန့်သတ်ချက်တွေ အများကြီး ရှိနေတယ်။ ဥရောပသမဂ္ဂလို အဖွဲ့အစည်း ကလည်း မြန်မာ့ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပေါင်းစည်းရေးအတွက် ဒေါ်လာ သန်းပေါင်းများစွာ လောင်းထည့်ပြီး လုပ်နေပေမယ့် လက်တွေ့ ဘာမှ မရသေးဘူး။ ခုက မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုက စီးပွားရေး လုပ်ငန်းတစ်ခုလို ဖြစ်လာတယ်။ မညှာမတာ ပြောရရင် ပြည်ပအဖွဲ့တွေ တိုးဝှေ့ပြီးတော့ ဝင်လာတယ်၊ အချင်းချင်း ပြိုင်ဆိုင်ပြီးတော့ ဝင်လာကြပေမယ့် သူတို့ ဒီတိုင်းပြည်က ထွက်သွားတဲ့အခါ ပြဿနာ အရှုပ်အထွေးတွေပဲ ကျန်နေခဲ့လိမ့်မယ်။
ဒါပေမဲ့ ခြွင်းချက်တွေတော့ ရှိပါတယ်။ ကချင်အဘိုးအို တစ်ယောက်နဲ့ စကားပြောတော့ “ငါတောထဲမှာ အချိန်အကြာကြီး နေခဲ့တာပဲ၊ ခုပြဿနာကို ဖြေရှင်းကြမယ် ဆိုတော့ စားပွဲဝိုင်းမှာ သူတို့က ပြဿနာကို ဘယ်လို ဖြေရှင်းသင့်ကြောင်း လာပြောတော့ ကျောင်းသားလေး တစ်ယောက်လို ဖြစ်နေတယ်” လို့ ပြောတယ်။ ဖက်ဒရယ်လား၊ တစ်ပြည်ထောင်လား ဆိုတာ ဖြစ်နိုင်ခြေ များစွာကို ကြည့်တဲ့အခါ အင်မတန် သတိထားရမယ်။ အမေရိကန် ပြည်ထောင်စုမှာဆို ဖက်ဒရယ်ကို လူမျိုးအပေါ် အခြေမခံဘဲ ပထဝီ အနေအထားအပေါ် အခြေခံတဲ့ ပြည်နယ်တွေ သတ်မှတ်ထားတယ်။ ကနေဒါမှာဆိုလည်း လူမျိုးစုအပေါ် အခြေခံတဲ့ ပြည်နယ် သတ်မှတ်မှုမျိုး မရှိပါဘူး။ ဂျာမနီလည်း ထို့အတူပဲ လူမျိုးစု အပေါ်ကို အခြေခံထားတဲ့ ဖက်ဒရယ် စနစ်တစ်ခု မဟုတ်ပါဘူး။
ကမ္ဘာပေါ်မှာ ဘယ်ဖက်ဒရယ် ပြည်ထောင်စုကများ လူမျိုးစုအပေါ် အခြေခံ တည်ဆောက်လဲလို့ ကြည့်တဲ့အခါ အန္တရာယ်များတဲ့ အနေအထားတစ်ခု သွားတွေ့တယ်။ ယူဂိုဆလားဗီးယား ပြည်ထောင်စုဆိုရင် လူမျိုးစုအပေါ် အခြေခံတဲ့ ပြည်ထောင်စု ဖြစ်ပြီး ၁၉၉၀ မှာ ပြိုကွဲသွားတယ်၊ နောက် ဆိုဗီယက် ယူနီယံလည်း ဒီအတိုင်းပဲ မရှေးမနှောင်းမှာ ပြိုကျသွားတယ်”

“ဒါပေမဲ့ အိန္ဒိယမှာကျတော့ အခြေခံဥပဒေမှာ ဖက်ဒရယ် ပြည်ထောင်စုလို့ ရေးသား ဖော်ပြထားခြင်း မရှိသော်လည်း လက်တွေ့ ဖွဲ့စည်းတဲ့ ပုံစံက ဖက်ဒရယ် ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာဆို ပြည်နယ်တွေကို လူမျိုးအခြေခံပြီး အမည် သတ်မှတ်ပေမယ့် ပြည်နယ်တိုင်းမှာက အခြား လူမျိုးစုတွေလည်း ရှိနေတယ်။ ဥပမာ- ကချင်မှာဆို ရှမ်းတွေရှိတယ်၊ ရှမ်းမှာဆို ဝတို့၊ ပလောင်တို့ ရှိနေတော့ တိုင်းပြည်အတွက် အဆင်ပြေနိုင်မယ့် စနစ်တစ်ခုကို ကြည့်မယ်ဆိုရင် အင်မတန် သတိထားဖို့ ကောင်းတယ်။ ရွေးချယ်စရာတွေ ရှိသလို အခက်အခဲတွေလည်း ရှိတယ်။
တိုင်းရင်းသားတွေ ဘက်ကလည်း ဖက်ဒရယ်ကို ပြောနေပေမယ့် တိကျတဲ့ ဖော်ပြမှု မတွေ့ရဘူး။ ရှမ်းပြည်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြီဆိုရင် “ဝ” တွေက ပျော်မယ်လို့ မထင်ဘူး”
တိုင်းရင်းသားတွေ ဘက်ကလည်း ဖက်ဒရယ်ကို ပြောနေပေမယ့် တိကျတဲ့ ဖော်ပြမှု မတွေ့ရဘူး။ ရှမ်းပြည်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြီဆိုရင် “ဝ” တွေက ပျော်မယ်လို့ မထင်ဘူး”
“ဖက်ဒရယ် တပ်မတော်ဆိုတဲ့ အယူအဆကလည်း သဘာဝ မကျလှဘူး။ အရင်က ကချင်တို့၊ ချင်းတို့လို သေနတ်ကိုင် တပ်ရင်းတွေ ရှိခဲ့တာတောင် စစ်တပ် သဘာဝအရ ဗဟိုက အမိန့်နဲ့ပဲ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ သီးခြား ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ရတဲ့ အဖွဲ့တွေ မဟုတ်ပါဘူး။ ပြောမယ်ဆို ဖက်ဒရယ် တပ်မတော်ဆိုတဲ့ အယူအဆက လုံးဝ လက်တွေ့မဆန်ဘူး။ အစိုးရက ခုလုပ်နေတဲ့ နယ်ခြားစောင့်တပ်လည်း အတူတူပဲ။ လက်တွေ့မကျဘူး”
“အိန္ဒိယမှာဆို ပြည်နယ်တွေမှာ ကိုယ်ပိုင် အင်စတီကျူးရှင်းတွေ အပြည့်အစုံ ရှိပေမယ့် နယ်စပ် ကိစ္စလိုမျိုးကို ဗဟိုကပဲ တိုက်ရိုက် ကွပ်ကဲပါတယ်။ အစိုးရရဲ့ နယ်ခြားစောင့်တပ်ဆိုတဲ့ လမ်းစဉ်ကလည်း လက်နက်ကိုင်တွေကို သူ့ဆိုင်ရာဒေသမှာ လုပ်ချင်ရာ လုပ်ကိုင်ခွင့် ပြုထားတဲ့ လူဆိုး အဖွဲ့တွေလို ဖြစ်နေတယ်။ အဖြေတစ်ခုလို့ မဆိုချင်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ရဲတပ်ဖွဲ့လိုမျိုးမှာ ပေါင်းစည်းပေးနိုင်ရင် ပိုကောင်းမယ်လို့ ယူဆတယ်။ နယ်ခြားစောင့်တပ်ရော၊ ဖက်ဒရယ် တပ်မတော်ပါ လက်တွေ့ကျတဲ့ အဖြေ မဟုတ်ဘူးဆိုတာ သေချာပါတယ်”
“နောက်ပြဿနာကြီး တစ်ခုက “ဝ” တပ်နဲ့ ပတ်သက်တယ်။ သူတို့ကို မြင်ဖူးရင် လက်နက်တွေ၊ ယူနီဖောင်း အသစ်တွေ သတိထားမိလိမ့်မယ်။ သူတို့ဆီမှာ တင့်ကား အသေးစားတွေ အထိ ပိုင်ဆိုင်ထားပြီး တရုတ်ကနေ တစ်ဆင့် ရဟတ်ယာဉ် လေးစီးအထိ လက်ခံ ရရှိထားတယ်လို့လည်း ကြားထားပါတယ်။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို ထည့်တွက်ရမယ်။ တရုတ်စစ်တပ်ရဲ့ အစိတ်အပိုင်း တစ်ခုလို ဖြစ်နေတဲ့ “ဝ” တပ်ဟာ မြန်မာပြည်ထဲမှာ ရှိနေတယ်ဆိုတာ သတိထားသင့်တယ်”
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။