***တန်ဖိုးဖြတ်မရတဲ့ ရေခဲထုပ်***
*************************
*************************
ဒီနေ့ ဥသျှစ်ပင်-ပြည် လမ်းမဘေးမှာ မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် စီးလာတဲ့ဆိုင်ကယ်ကို ရပ်လိုက်မိပါတယ်။
နေ့လည် ၁နာရီခွဲ ကတ္တရာလမ်းအရည်ပျော်အောင် ပူပြင်းလှတဲ့နေရောင်အောက်မှာ တစ်ယောက်ကိုတစ်ယောက် ဖေးကူရင်း ယိုင်နဲ့နဲ့ခြေလှမ်းများနဲ့ ရေခဲထုပ်ရောင်းနေတဲ့ အဖိုးအဖွါးနှစ်ယောက်ကို တွေ့လိုက်ပါတယ်။
ဇရာကိုအံတုရင်း ကိုယ့်ဝမ်းကိုယ်ကျောင်းနေတဲ့ အဖိုးနဲ့အဖွါးကို တော်တော်လေးစား အထင်ကြီးမိပါတယ်။
ကျနော်တို့ပါတ်ဝန်းကျင်မှာ သူတို့ထက် ငယ်ရွယ်သန်စွမ်းပြီး တောင်းစားနေကြသူတွေ အများကြီးတွေ့ဖူးပါတယ်။
ကူညီချင်စိတ်နဲ့ ပိုက်ဆံပေးရင် စော်ကားသလို ဖြစ်မှာစိုးလို့ ရေခဲထုပ် ၁ထုပ်ကို အားပေးခဲ့ပါတယ်။
ပါလာတဲ့ပိုက်ဆံထဲက ဆိုင်ကယ်ဘီးပေါက်ရင်သုံးဖို့ တစ်ထောင်ချန်ထားပြီး ဝယ်စားခဲ့တဲ့ ရေခဲထုပ်၁ထုပ်ဟာ ကျနော့ရင်ကို အေးမြစေတဲ့အပြင် ရှေ့ဆက်ရမယ့် ဘဝခရီးအတွက် ခွန်အားများစွာ ဖြစ်စေခဲ့ပါတယ်။
ကျနော်ဟာ သာမာန်ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့အတွက် စိတ်ထဲရှိသလောက် မကူညီနိုင်ခဲ့ပါဘူး။
ဒါပေမယ့် နောင်အနာဂါတ်မှာ ကျနော့်ပါတ်ဝန်းကျင်မှာရှိတဲ့ ဒီလိုအခြေနေမျိုးတွေမှာ ဒိထက်ပိုပြီးထိရောက်တဲ့ အကူညီမျိုးတွေ ပေးနိုင်ဖို့ ကြိုးစားရမယ့် ခွန်အားများစွာကို ဒီရေခဲထုပ်လေးက ပေးစွမ်းခဲ့ပါတယ်။
ဒီနေ့စားခဲ့ရတဲ့ အဖိုးအဖွားတို့ရဲ့ ရေခဲထုပ်လေးဟာ ကျနော့အတွက် တန်ဖိုးဖြတ်လို့မရခဲ့ပါဘူး။
Zaw Min
=========
=========
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။