ခွင့်လွှတ်ခြင်းပို့စ်အောက်က ကော်မန့်တချို့ကိုဖတ်ပြီး ရေးချင်တာလေးတွေရှိလာတယ်။ သူတို့ကဘာအဓိပ္ပာယ်နဲ့ရေးသလဲမသိပေမယ့် ကျွန်မဖတ်ပြီး ခေါင်းထဲအတွေးတချို့ဝင်လာတယ်။ ကျွန်မတို့က တစ်ဦးတစ်ယောက်ထီးတည်းနေလို့မရကြတဲ့ သတ္တဝါတွေပါ။ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း၊ ဇနီးမယား၊ ချစ်သူရည်းစား၊ လုပ်ဖော်ကိုင်ဖက်ဆိုပြီး ပေါင်းစုနေကြတဲ့သူတွေပါ။ ဒီလိုပေါင်းစုနေတဲ့အခါမှာ အချင်းချင်းဆက်ဆံပြောဆိုခြင်း (Communication)က မရှိမဖြစ်လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ဆက်ဆံပြောဆိုခြင်းက လူလူချင်းကြားအကွာအဝေးကို ပိုနီးကပ်စေနိုင်သလို အထင်အမြင်လွဲတာမျိုးတွေ၊ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။
ကျွန်မတွေ့ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုကို ပြောပြချင်ပါတယ်။ ဒါက လင်မယားကြားက အချင်းချင်းဆက်ဆံပြောဆိုခြင်းပေါ့။ ကျွန်မ ဒီUSကိုရောက်စမှာ ကျွန်မအမျိုးသားက ကျွန်မကိုကားမောင်းသင်ပေးပါတယ်။ အဲဒီတုန်းက ကျွန်မတို့နယူးဂျာစီမှာနေတာကြောင့် ကားမမောင်းတတ်ရင် ဘယ်မှသွားလို့လာလို့မရလို့ပါ။ အော်တိုကားတွေနဲ့ ကားမောင်းသင်တန်းတွေရှိပေမယ့် သူက သူကိုယ်တိုင် သူ့ရဲ့manualကားနဲ့ပဲ သင်ပေးပါတယ်။ ကျွန်မက စက်ပစ္စည်းနဲ့ပတ်သက်လာရင် တုံးဝေးသူပါ။ ခြေထောက်နှစ်ချောင်း၊ လက်နှစ်ဘက်ကိုတစ်ပြိုင်တည်းလှုပ်ရှားရတဲ့ အဲဒီကားမောင်းနည်းကို ကျွန်မတော်တော်နဲ့မတတ်ခဲ့ပါဘူး။ ကြောက်တာလည်း ပါပါတယ်။ နည်းနည်းမောင်းတတ်ပြီဆို သူက လမ်းပေါ်တက်မောင်းခိုင်းပါတယ်။ လမ်းပေါ်မှာက ကားများ၊ လူများတာကြောင့် ကျွန်မပိုပြီး မမောင်းရဲခဲ့ပါဘူး။ သူကလည်း အားလပ်ချိန်ရှိတာနဲ့ ကားမောင်းဖို့ပဲအတင်းလုပ်နေတော့ ကျွန်မစိတ်တိုပါတယ်။ သူပြောသလို ကျွန်မမလုပ်တော့ သူကလည်း ကျွန်မကိုစိတ်တိုပါတယ်။ အဲဒီမှာ တစ်ညနေတော့ ကားမောင်းသင်နေရင်း ကျွန်မက ကားမမောင်းတတ်လည်း ဘာမှမဖြစ်ဘူး.. ငါကနွားလှည်းပဲမောင်းဖူးတာ.. ငါမလုပ်ချင်တာကို အတင်းအကြပ်မလုပ်ခိုင်းနဲ့ဆိုပြီး ဆင်ခြေတက်တော့ သူတော်တော်လေးစိတ်တိုသွားပါတယ်။ ကျွန်မအဆင်ပြေဖို့အတွက် သူလုပ်ပေးနေတာကို ကျွန်မက စိတ်ပါလက်ပါမလုပ်တာကြောင့်ပါ။ အဲဒီညနေမှာ ကျွန်မကို သူစကားမပြောပါဘူး။ ကျွန်မဖက်က ဘာပြောပြော သူပြန်မပြောပါဘူး။ ရယ်စရာပြောလည်း သူမရယ်တော့ဘူး။ ချော့လည်း မရတော့ပါဘူး။ ကျွန်မဖက်ကမှားတယ်ဆိုတာ ကျွန်မသိပါတယ်။ ဘာပြောပြော သူပြန်မပြောတော့ ကျွန်မလည်း သူ့ကိုမပြောတော့ပါဘူး။ စိတ်တိုပြီးစကားပြန်မပြောသူတစ်ယောက်ကို ထပ်တလဲလဲ ဗျစ်တောက်ဗျစ်တောက်သွားပြောနေရင် သူပိုစိတ်တိုမယ်ဆိုတာသိလို့ ကျွန်မက ဒီအတိုင်းပဲ ကိုယ်ဟာကိုယ်နေလိုက်ပါတယ်။ သူစိတ်တိုနေချိန်မှာ ကျွန်မအော်ကြီးဟစ်ကျယ်သွားပြောရင် အခြေအနေက ဒီထက်ပိုဆိုးသွားနိုင်ပါတယ်။ ည အိပ်ချိန်ရောက်လို့ ကုတင်ပေါ်နှစ်ယောက်သားလဲနေတဲ့အချိန်ကျမှ သူ့ကို ကျွန်မပြောပါတယ်။ (ဒီနေရာမှာ တစ်ခုပြောချင်တယ်။ ကျွန်မဖတ်ဖူးတာလေးပါ..."ယောက်ျားကို တစ်ခုခုပြောချင်ရင် ညအိပ်ရာဝင်ချိန်မှာပြောပါ.. အဲဒီအချိန်မှာပြောတဲ့စကားက သူ့ကို နားပိုဝင်စေတယ်တဲ့")။
သူ့ကို ကျွန်မပြောတာက "ဒီအိမ်မှာ ငါတို့နှစ်ယောက်ပဲနေတယ်.. နင်က အခုလို ငါ့ကိုစကားမပြောရင် ငါဘယ်သူနဲ့ စကားသွားပြောရမလဲ။ အစကတည်းက ငါတို့နှစ်ယောက်စလုံး စကားနည်းကြတယ်။ စိတ်တိုတိုင်းသာ တစ်ယောက်ကိုတစ်ယောက်စကားမပြောကြရင် ကြာလာရင် ငါတို့မှာ ပြောစရာစကားမရှိဖြစ်သွားလိမ့်မယ်။ ဒီလိုဖြစ်တဲ့အကြိမ်တွေများလာရင် ငါတို့တဖြည်းဖြည်း စိမ်းစိမ်းသွားလိမ့်မယ်.. နင့်စိတ်ထဲမှာ ငါ့ကိုမကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်းထုတ်ပြော.. ငါလည်း ပွင့်ပွင့်လင်းလင်းပြောတယ်။ အခုကိစ္စက ငါမှားတယ်ဆိုတာ ငါသိတယ်.. ကားဒီလောက်များတဲ့နေရာမှာ ငါမမောင်းရဲဘူး.. ငါ့ကို အချိန်ပေး.. နင်လည်း စိတ်ရှည်ပေး" ပေါ့။ အဲဒီတစ်ခေါက်ကစပြီး ခုချိန်ထိ သူအဲလို မလုပ်ခဲ့တော့ဘူး။ ကိစ္စသေးသေးမွှားမွှားနဲ့ ကျွန်မတို့ငြင်းခုန်ပြီး သူစိတ်တိုနေလည်း ကျွန်မပြောတာ မေးတာကို ပြန်ဖြေပေးတယ်။ (ဒီနေရာမှာ သူနဲ့ကျွန်မတူတာတစ်ခုရှိတယ်.. စိတ်တိုရင် အကြာကြီးမတိုတတ်ဘူး.. ခဏလေးပဲတိုပြီး ခဏလေးပဲ စိတ်ပြေသွားတယ်)။ ဒါဟာ ကျွန်မတို့ရဲ့ အချင်းချင်းဆက်ဆံပြောဆိုရေးပေါ့။
တကယ်လို့ သူစိတ်တိုတာကို ကျွန်မ ဘာသိဘာသာနေလိုက်မယ်၊ ကောင်းကောင်းမွန်မွန် မပြောခဲ့ဘူးဆိုရင် စိတ်တိုတိုင်းစိတ်တိုတိုင်းသာ ကျွန်မတို့တစ်ယောက်ကိုတစ်ယောက် မခေါ်မပြောကြရင် တကယ်ပဲ တစ်ယောက်ကိုတစ်ယောက် စိမ်းသွားနိုင်ပါတယ်။ ဆက်ဆံပြောဆိုမှုမရှိဘဲ သူ့စိတ်ထဲမှာရှိတာကိုကိုယ်ခန့်မှန်း ကိုယ့်စိတ်ထဲရှိတာကိုသူခန့်မှန်း ပြီးတော့ မကောင်းတဲ့ဖက်ကိုပိုတွေးလိုက်ကြရင် ပြဿနာသေးသေးကနေ ကြီးကြီးဖြစ်သွားနိုင်ပါတယ်။ ကိုယ့်စိတ်ထဲ ဘာတွေးနေတယ်ဆိုတာ တခြားလူမသိနိုင်ပါဘူး.. ဒါကြောင့် အချင်းချင်း အခန့်မသင့်ဖြစ်တဲ့အခါ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို ထုတ်ဖော်ပြောပြလိုက်တာက အကောင်းဆုံးပါ။ လူအများက ကောင်းကောင်းမွန်မွန်ပြောဆိုတဲ့စကားကို နားထောင်လက်ခံပေးကြပါတယ်။ လင်မယားကြား၊ ချစ်သူရည်းစားကြားမှာ တစ်ခုခုဖြစ်လို့ သူလုပ်တာတွေကို ငါ မသိချင်ဟန်ဆောင်ပေးလိုက်တယ်ဆိုတာမျိုး မလုပ်ပါနဲ့။ ကိုယ်မသိချင်ဟန်ဆောင်နေလား မနေလားဆိုတာကို တစ်ဘက်သားမသိနိုင်ပါဘူး၊ အမူအရာနဲ့ စူပုပ် ဆောင့်အောင့်ပြလည်း ကိုယ့်စိတ်ထဲမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေတွေးနေတယ်ဆိုတာကို တစ်ဘက်သားမသိနိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောပြမှသာ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို တစ်ဘက်သားသိနိုင်တာပါ။ လူလူချင်းပေါင်းသင်းဆက်ဆံရာမှာ ကောင်းမွန်တဲ့ပြောဆိုဆက်ဆံရေးကလည်း အရေးပါပါတယ်ဆိုတာလေး တွေးမိသလောက် မျှဝေပါတယ်။ ကောင်းမွန်တဲ့ပြောဆိုဆက်ဆံရေးနဲ့ အချင်းချင်းရဲ့သံယောဇဉ်ကို ပိုခိုင်ခိုင်ချည်ထားနိုင်ပါစေလို့
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။