August 21, 2013 at 6:28pm
ကိုငှက် (သို့မဟုတ်) ကိုထူးအိမ်သင် ရေးဖွဲ့သီဆိုသွားသော သီချင်းများအနက် ရာဇ၀င်များရဲ့ သတို့သမီး သီချင်းဟာ ပြောစရာ မလိုလောက်အောင်ကို ပြီးပြည့်စုံပါသည်။ သည်သီချင်းနဲ့တင် အမိမြေ၏ ကျေးဇူးတွေကို ကျေအောင် သူဆပ်သွားတယ်လို့ ပြောလို့ရမည် ထင်၏။
ပြန်နားထောင်တိုင်း၊ နားထောင်တိုင်း ကြက်သီးထရသော သီချင်းပါ။ ကိုထူးအိမ်သင်အကြောင်း လွမ်းသူ့စာတွေ ပြန်ဖတ်ရင်း သူနှင့် ရေးဖော်ရေးဖက်ဖြစ်သူ မောင်သစ်မင်းနှင့် ကိုညီညီသွင်တို့၏ အလွမ်းစာစုမှ ဧရာဝတီ (၀ါ) ရာဇ၀င်များရဲ့ သတို့သမီး သီချင်း၏ ကာလရေကြည် တည်ခဲ့ရာကို တွေ့ရှိရသည်။ မှတ်သားထားထိုက်သည်ဟု ယုံကြည်သည်။ ထိုစာစုတွင် ကိုထူးအိမ်သင်၏ အနုပညာ စိတ်ရှည်ခြင်းကိုလည်း တွေ့မြင်နိုင်သည်။ အနုပညာမြောက် ပစ္စည်းတစ်ခုကို ဖန်တီးရာတွင် စိတ်ရှည်ခြင်းသည် အရေးကြီးကြောင်းကို ဆရာဇော်ဂျီက အမေးအဖြေခန်း တစ်ခုတွင် သည်လို ပြောဖူးသည်။ ဆရာဇော်ဂျီကို မေးမြန်းသူက အခြားသူများသည် ကဗျာများကို လက်တန်းစပ်တတ်ကြောင်း၊ ဆရာကော မစပ်ဘူးလားဟု မေးသည်။ ဆရာက ဆရာ့မှာ ကဗျာကို လက်တန်းစပ်ဖို့ မပြောနှင့် စကားလုံး တစ်လုံးစ၊ နှစ်လုံးစ ရဖို့တောင် တော်တော် အချိန်ယူရသည်ဟု ပြန်ဖြေသည်။ ဆရာက အနုပညာဖန်တီးရာတွင် စိတ်ရှည်ဖို့ လိုကြောင်း ပြောလိုခြင်း ဖြစ်ပေလိမ့်မည်။ ကိုထူးအိမ်သင်သည်လည်း ထိုသီချင်း၏ စာသားတို့ကို တစ်ပါဒချင်း၊ တစ်ပါဒချင်း စိတ်ရှည်စွာ စပ်ဆိုခဲ့ပါသည်။ အနုပညာတွင် စိတ်ရှည်ခြင်းသည် အရေးကြီးလှသော်လည်း ထို့ထက် အရေးကြီးသည်က ရှိပါသေးသည်။ ဆရာဇော်ဂျီကော၊ ကိုထူးအိမ်သင်မှာပါ ထို ဂုဏ်ပုဒ်ကို အတိုင်းသားတွေ့မြင်နိုင်သည်။ ဒါကတော့ စိတ်စေတနာကောင်းခြင်းပါပဲ။ သူတို့ လုပ်ခဲ့သမျှ စိတ်စေတနာကောင်းလို့ပဲ သူတို့ အနုပညာကို ပြည်သူတွေ တန်ဖိုးထား မြတ်နိုးနေရတာများလားလို့…
ပြန်နားထောင်တိုင်း၊ နားထောင်တိုင်း ကြက်သီးထရသော သီချင်းပါ။ ကိုထူးအိမ်သင်အကြောင်း လွမ်းသူ့စာတွေ ပြန်ဖတ်ရင်း သူနှင့် ရေးဖော်ရေးဖက်ဖြစ်သူ မောင်သစ်မင်းနှင့် ကိုညီညီသွင်တို့၏ အလွမ်းစာစုမှ ဧရာဝတီ (၀ါ) ရာဇ၀င်များရဲ့ သတို့သမီး သီချင်း၏ ကာလရေကြည် တည်ခဲ့ရာကို တွေ့ရှိရသည်။ မှတ်သားထားထိုက်သည်ဟု ယုံကြည်သည်။ ထိုစာစုတွင် ကိုထူးအိမ်သင်၏ အနုပညာ စိတ်ရှည်ခြင်းကိုလည်း တွေ့မြင်နိုင်သည်။ အနုပညာမြောက် ပစ္စည်းတစ်ခုကို ဖန်တီးရာတွင် စိတ်ရှည်ခြင်းသည် အရေးကြီးကြောင်းကို ဆရာဇော်ဂျီက အမေးအဖြေခန်း တစ်ခုတွင် သည်လို ပြောဖူးသည်။ ဆရာဇော်ဂျီကို မေးမြန်းသူက အခြားသူများသည် ကဗျာများကို လက်တန်းစပ်တတ်ကြောင်း၊ ဆရာကော မစပ်ဘူးလားဟု မေးသည်။ ဆရာက ဆရာ့မှာ ကဗျာကို လက်တန်းစပ်ဖို့ မပြောနှင့် စကားလုံး တစ်လုံးစ၊ နှစ်လုံးစ ရဖို့တောင် တော်တော် အချိန်ယူရသည်ဟု ပြန်ဖြေသည်။ ဆရာက အနုပညာဖန်တီးရာတွင် စိတ်ရှည်ဖို့ လိုကြောင်း ပြောလိုခြင်း ဖြစ်ပေလိမ့်မည်။ ကိုထူးအိမ်သင်သည်လည်း ထိုသီချင်း၏ စာသားတို့ကို တစ်ပါဒချင်း၊ တစ်ပါဒချင်း စိတ်ရှည်စွာ စပ်ဆိုခဲ့ပါသည်။ အနုပညာတွင် စိတ်ရှည်ခြင်းသည် အရေးကြီးလှသော်လည်း ထို့ထက် အရေးကြီးသည်က ရှိပါသေးသည်။ ဆရာဇော်ဂျီကော၊ ကိုထူးအိမ်သင်မှာပါ ထို ဂုဏ်ပုဒ်ကို အတိုင်းသားတွေ့မြင်နိုင်သည်။ ဒါကတော့ စိတ်စေတနာကောင်းခြင်းပါပဲ။ သူတို့ လုပ်ခဲ့သမျှ စိတ်စေတနာကောင်းလို့ပဲ သူတို့ အနုပညာကို ပြည်သူတွေ တန်ဖိုးထား မြတ်နိုးနေရတာများလားလို့…
သြဂုတ်လ ညနေခင်းတစ်ခု၌ ကျွန်တော်တို့ နှစ်ယောက် ထူးအိမ်သင်အကြောင်း ပြောဆိုခြင်း
မောင်သစ်မင်းနှင့် ညီညီသွင်
သူရုတ်တရက် ထွက်ခွာသွားတော့မှ သူ့အကြောင်းကို ကျွန်တော်တို့ ပိုပြောဖြစ်ကြသလိုပဲ။ စိတ်ထိခိုက်စွာ ပြောဖြစ်တယ်။ နှမြောတသစွာ ပြောဖြစ်တယ်။ လွမ်းမောကြေကွဲစွာ ပြောဖြစ်တယ်။ “ဝေးသွားတဲ့အခါ” ဒီလိုဖြစ်ရတာ သဘာဝပဲလား။ ထွက်ခွာသွားသူကတော့ ငြိမ်းအေးစွာ ထွက်ခွာသွားပေမယ့် ကျန်ရစ်ခဲ့ကြသူတွေကတော့ ခံစား၍ ကျန်ရစ်ခဲ့ကြရပြီ။
ညီညီသွင်က စိတ်မထိန်းနိုင်လို့ သူ့ဈာပနကို လိုက်မပို့ဖြစ်။ သူတို့နှစ်ယောက်က အတော့်ကို ရင်းရင်းနှီးနှီး နေခဲ့ကြသူတွေ။ စားအတူ၊ အိပ်အတူ၊ ပေဖော်ပေဖက် တေဖော်တေဖက်တွေ။ ညီညီသွင်ရဲ့ လှုပ်ရှားနေတဲ့ စိတ်တွေ ပြေရာပြေကြောင်း ညီညီသွင်ဆီ ရောက်အောင်သွားပြီး စကားစမြည် ပြောကြတယ်။ အဲဒီလို ပြောကြတော့လည်း သူ့အကြောင်းတွေ ပါလာရပြန်ရော။ ပြန်လည် သတိရစရာတွေချည်းပါလား။
ညီညီသွင်က ထူးအိမ်သင်နဲ့ စတင်တွေ့ဆုံပုံကို ဒီလို စပြောပြတယ်။
“အဲဒီ ၁၉၈၆ ခုနှစ်လောက်ကပါပဲ။ မေစတူဒီယိုမှာ ကျွန်တော်တို့ တီးဝိုင်းအသံသွင်းတဲ့ နေ့တစ်နေ့ပေါ့။ တီးဝိုင်းမှာ ဒရမ်တီးတဲ့သူက မော်လမြိုင်က ဆိုတော့ သူနဲ့ ရင်းနှီးတယ်။ အဲဒီ အဆက်အသွယ်နဲ့ ကျွန်တော့်ကို တွေ့ဖို့ မေစတူဒီယိုကို ရောက်လာတာပေါ့။ မော်လမြိုင်က သီချင်းတွေရေးတဲ့ ကျော်မြင့်လွင် အဖြစ် ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။ သူရေးထားတဲ့ သီချင်းတွေ ပြချင်တယ်လို့ ပြောတော့ ရတယ် ပြပေါ့။ ဒီလိုပဲ သီချင်းတွေ လာလာပြကြတဲ့သူတွေ ရှေ့မှာရှိနှင့်ထားသော ကျွန်တော့်စိတ်က ခပ်ပေါ့ပေါ့ပဲ။ သိပ်အလေးအနက်မထားမိဘူး။ ခဏတော့ စောင့်နိုင်ရင် စောင့်ပေးပါ။ အသံသွင်းနေတဲ့ သီချင်းက တီးလက်စ ဖြစ်နေလို့ ကိစ္စပြတ်အောင် ဆက်လုပ်လိုက်ပါရစေဦးဆိုပြီး သူ့ကို မေစတူဒီယိုက ကင်တင်းမှာ ထားခဲ့ပြီး စတူဒီယိုထဲ ပြန်ဝင် အလုပ်လုပ်ရင်း အလုပ်ထဲ နစ်သွားလိုက်တာ ကျွန်တော် သူ့ကို မေ့သွားပါလေရော။ ဘယ်လောက် ကြာသွားတယ် မသိဘူး။ စတူဒီယိုတံခါးကို တွန်းဖွင့်ပြီး အပြင်ကို ထွက်လိုက်တော့ ည ဖြစ်နေပြီ။ သူ့ကို ကင်တင်းထဲမှာ ထိုင်လျက်သား တွေ့ရတော့ ကျွန်တော့် အတော်ကို အားနာသွားတယ်။ အဲဒါနဲ့ သူ့ကို တောင်းပန်ပြီး သီချင်းဆိုပြဖို့ ဂစ်တာ ယူပေးတယ်။ သူကတော့ အေးအေးဆေးဆေးပါပဲ။ ဂစ်တာတီးပြီး သူရေးထားတဲ့ သီချင်းတစ်ပုဒ်ကို စ ဆိုပြတယ်။
အဲဒီသီချင်းက နောင်တစ်ချိန်မှာ ကျော်ကြားလာမယ့် “နာရီပေါ်က မျက်ရည်စက်များ” သီချင်းပေါ့။ သူဆိုပြတာကို နားထောင်နေရင်း သူ့ကို အထင်ကြီးတဲ့စိတ်၊ လေးစားတဲ့စိတ်တွေ ကျွန်တော့်ရင်ထဲမှာ တမုဟုတ်ချင်း ဖြစ်လာနေတယ်။ သူဟာ သူလိုကိုယ်လို သာမန် သီချင်းရေးဆရာ တစ်ယောက် မဟုတ်ဘူးဆိုတာ ချက်ချင်းပဲ သိလိုက်တယ်။
နောက်တစ်ပုဒ် ထပ်ဆိုပြတဲ့အခါမှာတော့ ကျွန်တော် အတော့်ကို ဖျားသွားရတယ်။ အဲဒီသီချင်းက “ဝေးသွားတဲ့အခါ” လေ။ Swing Jazz ပုံစံ သီချင်းပေါ့။ Counter Point တွေနဲ့ ရေးထားတာ။ ဒီလို သီချင်းပုံစံမျိုး ကျွန်တော်တို့ စတူဒီယို သီချင်းတွေထဲမှာ ဒါ ပထမဆုံး ကြားဖူးတာပဲ။
ညီညီသွင်က မမောတမ်း တောက်လျှောက်ပြောပြတယ်။ သူ့မျက်လုံးတွေက ရီဝေေ၀နဲ့ အတိတ်ဆီ စိတ်ရောက်နေမှန်း ကျွန်တော် နားလည်လိုက်ပါတယ်။ အဲဒီတုန်းက သူ့အပြုအမူအတွက် ထူးအိမ်သင်ကို အခုထိ အားနာနေတာ သူ့မျက်နှာပေါ်မှာ တွေ့ရတယ်။
“အဲဒီ ထူးအိမ်သင် ဖြစ်လာမယ့် ကျော်မြင့်လွင်ဟာ သူ့အတွက် ပညာဝမ်းစာတွေ ပြည့်အောင်ဖြည့်ပြီးမှ ဒီလောကထဲ တိုးဝင်လာတာပဲ” လို့ ကျွန်တော်က ပြောလိုက်တော့ ညီညီသွင်က အဲဒီအဆိုကို ထောက်ခံတယ်။ “စာသားတွေ၊ စာသားထဲမှာပါတဲ့ အတွေးအခေါ်တွေကလည်း အဆင့်မြင့်တယ်၊ တေးသွားသံစုံဖွဲ့စည်းပုံတွေ၊ ကော့ဒ်အယူအဆတွေကလည်း အဲဒီတုန်းက ကြားနေကျ ပုံစံမျိုး မဟုတ်ဘဲ နောက်ထပ် ဟန်အသစ်တစ်ခုပါလာတယ် ကိုသစ်ရဲ့”
“ဟုတ်တယ်၊ ငါတို့ စတီရီယိုဂီတ လမ်းကြောင်းမှာ ကိုယ်ပိုင်သံစဉ်ဂီတရဲ့ နောက်ထပ် အပြောင်းအလဲတစ်ခုဆီကို ရွေ့လျားတိုးတက်ခဲ့ရတာ ထူးအိမ်သင်သီချင်းတွေရဲ့ သြဇာသက်ရောက်မှု ကြီးမားခဲ့တာကြောင့်ဆိုတာ ငြင်းကွယ်လို့ မရနိုင်ပါဘူး။ သူဟာ ကိုယ်ပိုင်သံစဉ်ဖြစ်စဉ်ရဲ့ အရေးပါတဲ့ မှတ်တိုင်တစ်တိုင်ကို အသေအချာ စိုက်ထူနိုင်ခဲ့သူ အဖြစ် ငါတို့ မှတ်တမ်းတင်ရမှာပဲ”
“ကိုသစ်ပြောတာ အမှန်ပဲ၊ ကျွန်တော်တို့ ဂီတလောကမှာ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတွေ ပေါ်ထွက်တာ နည်းခဲ့ပြီး အဲဒီ အနည်းအကျဉ်းထဲမှာပဲ သူဟာ တကယ် ထူးချွန်ထက်မြက်တဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့တယ်”
“ဟုတ်တယ် ညီညီသွင်ရေ၊ အဲဒါကြောင့် သူ့ကို ဆုံးရှုံးရတာ ကြီးကျယ်တဲ့ ဆုံးရှုံးမှု၊ အစားထိုးမရတဲ့ ဆုံးရှုံးမှု တစ်ခုလို့ ငါဆိုချင်တယ်”
ညီညီသွင်က ငေးငေးမောမောနဲ့ သက်ပြင်းချတယ်။ သူတို့နှစ်ယောက် လက်ပွန်းတတီးနေခဲ့တဲ့ အချိန်တွေ သူတွေးနေပုံရတယ်။ သူ့မှာ အမှတ်ရစရာတွေ ပိုများနေတော့မယ်။
“အဲဒီမှာ စတွေ့ပြီးကတည်းက ကျွန်တော်တို့ နှစ်ယောက်ဟာ သူငယ်ချင်းတွေလို ဖြစ်သွားကြတယ်။ သူ့ရဲ့ ပထမဦးဆုံး အယ်လ်ဘမ် ‘နာရီပေါ်က မျက်ရည်စက်များ’ ဖြစ်မြောက်ရေးကို ကျွန်တော် အတတ်နိုင်ဆုံး ၀ိုင်းကူပေးတယ်။ အဲဒီ အယ်လ်ဘမ်မှာ ကျွန်တော်ဟာမိုနီ ဆိုပေးခဲ့တာပေါ့။ အဲဒီမှာလည်း သူ့ရဲ့ အရည်အချင်းကို ထပ်တွေ့ရတယ်”
“ဘာများလဲ ညီညီသွင်”
“ဟာမိုနီဆိုဖို့ တစ်ယောက်ချင်းအတွက် သူ့အပိုင်းနဲ့ သူဖြစ်ဖို့ သူကိုယ်တိုင်နုတ်စ်တွေခွဲပြီး ရေးပေးတယ်။ သပ်သပ်ရပ်ရပ် တိတိကျကျရှိဖို့နဲ့ အသံထွက်ကောင်းဖို့ ဂရုတစိုက် မကောင်းမချင်း သူ့စိတ်ကြိုက် မရမချင်း ပြန်ပြန်ဆိုခိုင်းတယ်။ သူဟာ အသံ စီမံခန့်ခွဲမှုပညာ (Vocal Arrangement) ကိုပါ တော်တော် ထဲထဲဝင်ဝင် လေ့လာထားတာ တွေ့ရတယ်။ ဥပမာ “ဝေးသွားတဲ့အခါ” သီချင်းအတွက် ဟာမိုနီခွဲပုံတွေဟာ ပညာသားပါလှတာ ကိုသစ် အသိပဲ။
“ဟုတ်တယ်၊ အနုပညာပါရမီ အားကောင်းသူတွေဟာ ဆေးစက်ကျရာ အရုပ်ထင်တတ်တယ်။ သူက ပါရမီတင်မကဘူး။ စူးစိုက်အားထုတ်မှုမှာပါ အားကောင်းခဲ့တယ်၊ သီးချင်းကောင်း တစ်ပုဒ်ရလာဖို့ အချိန်ကို တန်ဖိုးရှိရှိ အသုံးချပြီး စိတ်ရှည်လက်ရှည် စောင့်ယူတတ်တယ်၊ အဲဒါ အတုယူစရာတစ်ခုပဲ”
“သီချင်းကောင်းတစ်ပုဒ်ရဖို့ စိတ်ရှည်လက်ရှည် စောင့်ရတယ်လို့ ကိုသစ်ပြောလို့ သူနဲ့ ပတ်သက်တဲ့ ကျွန်တော့်ကိုယ်တွေ့တစ်ခု ထပ်ပြောပြဦးမယ်၊ ကျွန်တော်ရယ်၊ သူရယ်၊ ကလိုမှူးရယ် သုံးယောက် အိုအေစစ် စတူဒီယိုမှာ တစ်ယောက်တစ်နေရာစီ နေရာယူပြီး တစ်ညလုံး သီချင်းရေးကြတယ်။ မနက်မိုးလင်းရင် ကိုယ်ရေးတဲ့ သီချင်း ကိုယ်ဆိုပြကြေး ဆိုပြီးတော့ ကလိုမှူးက ညဥ့်ဝက်လောက်မှာပဲ သူရေးတဲ့ သီချင်းပြီးတော့လို့ ဆိုပြပြီး အိပ်သွားရော။ ကျွန်တော် တစ်ညလုံးရေးတာ မိုးစင်စင်လင်းတော့ သီချင်းတစ်ပုဒ် အချောပြီးသွားတယ်။ အဲဒီအချိန်မှာ ထူးအိမ်သင်က စာသားတစ်ကြောင်းတည်းပဲ ပြီးသွားတယ်။ သံစဉ်ကတော့ အချောပြီးသွားတယ်။ သံစဉ်က အရင်ကတည်းက တည်ထားပြီးသားကို အခုညမှ အချောရသွားတာလို့ ပြောတယ်၊ တစ်ကြောင်းတည်းပြီးတဲ့ သူ့စာကြောင်းကို ကျွန်တော် ဖတ်ကြည့်လိုက်တယ်။
“ကွယ်လွန်ပြီးသော အိပ်မက်များ” တဲ့။
“တစ်လလုံးလုံး အိုအေစစ် စတူဒီယိုမှာ အဲဒီသီချင်းရဲ့ စာသားကို တကုတ်ကုတ် ဆက်ရေးနေတော့တယ်။ တစ်နေ့ပြီး တစ်နေ့ပြီး တစ်နေ့ ရေးလိုက် ပြင်လိုက်၊ ရေးလိုက် ပြင်လိုက်နဲ့ စိတ်ရှည်လက်ရှည် စူးစူးစိုက်စိုက်ပဲ။ အိုအေစစ် စတူဒီယို ကင်တင်းထဲက ခုံတန်းလေးပေါ်မှာ သီချင်းရေးတဲ့ စာအုပ်ကို ခေါင်းခုပြီး အိပ်မက်ကျနေတာ တွေ့ရတယ်။ သူ့စိတ်ထဲမှာ ဒီသီချင်းနဲ့ သူပဲ ရှိပုံရတယ်။ ဒီသီချင်း မပြီးမချင်း မာန်မချတဲ့ သဘောပဲ။ သီချင်းပြီးသွားတဲ့နေ့မှာ အဲဒီ သီချင်းကို သူဆိုပြတာ ကျွန်တော် နားထောင်ရတယ်။ ကြက်သီးတဖျန်းဖျန်းထရပါတယ်။ သီချင်းက “ရာဇ၀င်များရဲ့ သတို့သမီး” ပေါ့။
ညီညီသွင်က သီချင်းနာမည်ကို ပြောလိုက်တဲ့အချိန်မှာ ကျွန်တော့်နားထဲ ထိုသီချင်းကို ကြားယောင်လာပါတော့တယ်။
ကွယ်လွန်ပြီးသော အိပ်မက်များ
ထာဝစဉ် လဲလျောင်း အိပ်စက်ရာ
အိနြေ္ဒကြီးမားလွန်းတဲ့ ဒီမြေမှာ တို့ရဲ့သွေးတွေ
ဖြတ်သန်းရင်းနဲ့ စီးဆင်း
သူဟာ ရာဇ၀င်များရဲ့ လျှို့ဝှက်ချက်တို့
သိမ်းဆည်းထား ဧရာဝတီ
ရွှေအတိပြီးသော မြို့ပြများ
အစဉ်အလာ ကြီးများခဲ့ကြရာ
ရာဇ၀င်ဟောင်းရဲ့ အမှတ်တရ ဒီမြေဟာ တို့ရဲ့ အမိမြေ
ယဉ်ကျေးမှုရဲ့ နှလုံးသား
ရှင်သန်စေသူ တန်ခိုးရှင်
အခမ်းနားဆုံးသော သက်ရှိကဗျာ ဧရာဝတီ
အမြို့မြို့ အရွာရွာကို ဖြတ်ပြီး မြန်မာပြည်ရဲ့ အလျားလိုက်အတိုင်း စီးဆင်းလာတဲ့ ဧရာဝတီမြစ်ကြီးကို ကျွန်တော့် မျက်စိထဲ မြင်ယောင်လာပါတယ်။
ဧရာဝတီမြစ်ကြီး တငြိမ့်ငြိမ့် စီးဆင်းတာကို မြင်ရတိုင်းကိုလည်း ကျွန်တော့်စိတ်မှာ နိုင်ငံချစ်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာတတ်တယ်။ အမျိုးကို ချစ်တဲ့စိတ်တွေ ရင်ထဲမှာ ဒီရေတက်သလို တက်လာတတ်တယ်။ ငါတို့ရဲ့ မိခင်ဟာ ဧရာဝတီပါပဲ။ ငါတို့ရဲ့ ၀ိညာဉ်ဟာ ဧရာဝတီပါပဲလို့ ဟစ်အော်ချင်လာတယ်။ မျက်စိထဲမှာ ရုပ်ရှင်ပိတ်ကားတစ်ချပ်ကို ကြည့်နေရသလို ပုံရိပ်တွေ လှုပ်ရှားပေါ်ပေါက်လာတယ်။
နိုင်ငံချစ်စိတ်နဲ့ ကျူးကျော်သူတွေကို တွန်းလှန်ရတဲ့ စစ်ပွဲတွေ၊ ခုခံကာကွယ်ရတဲ့ စစ်ပွဲတွေနဲ့အတူ သမိုင်းရဲ့ တောက်ပခဲ့တဲ့ နေ့ရက်များ…။
ကျွန်တော် ရုတ်တရက် သတိဝင်လာတယ်။ သီချင်းထဲ မျောပါသွားတဲ့စိတ်ကို ပြန်စုစည်းလိုက်တယ်။ ထူးအိမ်သင် ဘယ်လောက် ကြိုးစားအားထုတ်ခဲ့ရတယ်ဆိုတာ ကျွန်တော်နားလည်တယ်။ ဘယ်လောက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ရတယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒီသီချင်းရလာဖို့ ဒီသီချင်းရလိုက်ဖို့။
ညီညီသွင်ရော၊ ကျွန်တော်ရော အပြင်ဘက်ကို ငေးကြည့်နေမိကြတယ်။ ထူးအိမ်သင်ကို မတွေ့နိုင်တော့ဘူးဆိုတာ ကျွန်တော်တို့ နှစ်ယောက်လုံး သိကြပါတယ်။ ဒါဖြင့် ကျွန်တော်တို့ ဘာကို ကြည့်နေကြတာလဲ။
အပြင်မှာ မိုးတဖွဲဖွဲရွာနေတယ်။ အမှောင်ထုဟာ တဖြည်းဖြည်းချင်း သိပ်သည်းလာနေတယ်။
ဧရာဝတီက အိမ်မက်များကို ထုဆစ်နေဆဲ။
ထူးအိမ်သင်က ဝေးရာသို့ ထွက်ခွာသွားပြီလေ။
ကျွန်တော်တို့ကား ကျန်ရစ်ခဲ့သူတွေပါလား။
credit ဗျူးတီး မဂ္ဂဇင်း သြဂုတ်လ ၂၀၀၄http://www.lubo601.com/2013/09/blog-post_2659.html#more
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။