Miraculous Master For English Language
ပိုး
Wednesday, 03 July 2013 01:17
Written by လူသန့်
ကျွန်တော်တို့ မူလတန်းကျောင်းသား အရွယ်တုန်းက စပါးဖျက်ပိုးဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာဖတ်စာတစ်ပုဒ် သင်ရဖူးပါတယ်။ စပါးရွက်တွေပေါ်မှာ အ၀ါအစက် အပြောက်လေးတွေကို တွေ့တာနဲ့ လယ်သမားကြီးက လောင်မီးကျပိုး ကျပြီဆိုတာ သိတဲ့အတွက် ပိုးကျတဲ့ စပါးရွက်တွေကို ဖြတ်ပြီးမီးရှို့ ပစ်လိုက်ပုံတွေ၊ စပါးပင်တွေ ပိုးစကျတာနဲ့ ရှင်းပစ်လိုက်နိုင်ဖို့ အရေးကြီးပုံတွေ လယ်သမားကြီးက အနီးအပါးက လယ်သမားတွေကိုပါ အသိပေးပြီး တခြားစပါးစိုက်ခင်းတွေကိုပါ ပိုးမကျနိုင်အောင် စုပေါင်းဆောင်ရွက် ကြတာတွေ။
ပိုးတွေ၊ ပိုးတွေ...။
သေချာစဉ်းစားကြည့်မှပဲ စပါးဖျက်ပိုးတွေဟာ စပါးခင်းတွေထဲတင် မကတော့ဘဲ ကျွန်တော်တို့ရဲ့ လူမှုဘ၀ထဲကိုပါ ကူးလာကြတာပါလား။
စပါးခင်းထဲ ရောက်လာတဲ့ စပါးဖျက်ပိုးတွေကိုတော့ တောင်သူဦးကြီးတွေက မီးရှို့ဖျက်ဆီး လိုက်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ လူမှုဘ၀ထဲက ပိုးတွေကို သေသေချာချာ ဖျက်ဆီးနိုင်ဖို့ နည်းလမ်းတွေနဲ့ ဝေးနေဆဲပါ။ ဆူပူမှုဖြစ်အောင် ဖန်တီးတဲ့လူတွေ နေရာတော်တော်များများမှာ ရုတ်တရက် ပေါ်ပေါက်လာနေ ကြပါတယ်။ ဒါတွေဟာ တကယ်တော့ အဖျက်ပိုးတွေပေါ့။ စပါးဖျက်ပိုးထက်တောင် ပိုပြီးကြောက်စရာကောင်းတဲ့ တိုင်းပြည်ဖျက်ပိုးတွေပါ။
မန္တလေးမှာဆိုရင် ဆိုင်ကယ်ပေါ်ကနေ ဘုန်းကြီးတွေ လာနေပြီလို့ အော်သွားတဲ့သူတွေ၊ လားရှိုးမှာ အမျိုးသမီး တစ်ယောက်ကို ဓာတ်ဆီလောင်းပြီး မီးရှို့လိုက်တာတွေ၊ မိတ္ထီလာမှာ၊ သုံးဆယ်မှာ၊ ပခုက္ကူမှာ....။
ပြီးခဲ့တဲ့နှစ်က ရခိုင်မှာ စဖြစ်လိုက်တဲ့ ပြဿနာဟာ အခုထက်ထိ ဖွဲမီးလို တငွေ့ငွေ့ လောင်မြိုက်နေဆဲပါပဲ။ ပြဿနာတစ်ခု ဖြစ်လာတဲ့အခါမှာ ပြစ်ဒဏ်ကို ချမှတ်နိုင်ဖို့ဟာ အရေးကြီးဆုံးပါပဲ။ အမုန်းတရားတွေနဲ့ စိတ်ထဲမှ အငြိုးအတေးတွေ ထားနေမယ်ဆိုရင် ဘယ်တော့မှ ပြီးဆုံးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အာဃာတတွေ၊ အငြိုးအတေးတွေဆိုတာ ဘယ်ဘာသာရဲ့ တရားတော်နဲ့မှ ကိုက်ညီမှာ မဟုတ်ပါဘူး။
မြန်ဆန်တဲ့ အပြောင်းအလဲတွေနဲ့ ချီတက်နေရတဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဟာ လမ်းကြောင်းတွေ ပြောင်းသွားမှာကို ကျွန်တော်တို့အားလုံး စိုးရိမ်နေကြပါတယ်။ ဒီကာလအတွင်းမှာပဲ ကျွန်တော်တို့ရဲ့ လူမှုဘ၀ထဲကို ပိုးတွေကလည်း ကျလာပါတယ်။ ဒီပိုးတွေဟာ အဖျက်ပိုးတွေမှန်း ကျွန်တော်တို့အားလုံး သိဖို့လိုအပ်လှပါတယ် . . . . .
ကိုယ်ကသူ့အပေါ် ဗိုလ်ကျလိုက်၊ သူ့ဘက်က ပြန်တုံ့ပြန်လိုက်နဲ့ မဆုံးနိုင်တဲ့ သံသရာထဲမှာ ကျွန်တော်တို့ နေထိုင်ရတဲ့ ဘ၀ရဲ့ အချိန်လေးဟာ မငြိမ်းချမ်းခြင်းတွေနဲ့ ကုန်လွန်သွားရ တော့မှာလား။
လူ့ဘ၀မှာ နေထိုင်ရခိုက်လေး ငြိမ်းချမ်းခြင်းနဲ့ လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ တစ်ဦးကိုတစ်ဦး ကူညီခြင်းတွေဟာ နေထိုင်သွားရတဲ့ အခိုက်အတန့်လေးအတွက် ပြီးပြည့်စုံတဲ့ သုခတစ်မျိုးပါပဲ။
လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ခဲလွန်းလှတဲ့ ကျွန်တော်တို့နိုင်ငံဟာ အခုအခြေအနေမှာမှ ဘာကြောင့်များ ထိလွယ်၊ ရှလွယ်၊ ဆတ်ဆတ်ထိမခံ ဖြစ်နေကြရတာပါလဲ။ တကယ်တော့ ပြဿနာ အသေးလေးတစ်ခုကို အကြီးကြီး ချဲ့ပစ်လိုက်ရတာ အရမ်းလွယ်ကူပေမယ့် သေးငယ်သွားအောင် လုပ်ဖို့ဆိုတာ တကယ်တော့ သိပ်မလွယ်လှပါဘူး။ လုံးဝပျောက်ကွယ် သွားဖို့ဆိုတာ ပိုလို့တောင် ဝေးနေပါသေးတယ်။
ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ အားလုံးရဲ့စိတ်တွေကို အနူးအညံ့ဆုံးထားပြီး သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စဉ်းစားဆင်ခြင်ခြင်းတွေနဲ့ နေထိုင်သွားကြမယ်ဆိုရင်။
ဆူပူမှုဖြစ်ဖို့ လှုံ့ဆော်သူတွေ၊ အိမ်ကြက်ချင်း အိုးမည်းသုတ်ပြီး ရန်တိုက်ပေးတဲ့ သူတွေဟာ ခေတ်တိုင်းခေတ်တိုင်းမှာ ရှိနေကြမှာပါပဲ။ အိုးမည်းအသုတ် ခံထားရပေမယ့် အိမ်ကြက်ချင်း အသံလေးတွေ မှတ်မိနိုင်ကြ သေးတာပဲ။ အသံလေးတွေ မှတ်မိကြရင် ဘယ်သူကများ ရန်တိုက်ပေးနိုင်ဦးမှာလဲ။
မြန်ဆန်တဲ့ အပြောင်းအလဲတွေနဲ့ ချီတက်နေရတဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဟာ လမ်းကြောင်းတွေ ပြောင်းသွားမှာကို ကျွန်တော်တို့အားလုံး စိုးရိမ်နေကြပါတယ်။ ဒီကာလအတွင်းမှာပဲ ကျွန်တော်တို့ရဲ့ လူမှုဘ၀ထဲကို ပိုးတွေကလည်း ကျလာပါတယ်။ ဒီပိုးတွေဟာ အဖျက်ပိုးတွေမှန်း ကျွန်တော်တို့အားလုံး သိဖို့လိုအပ်လှပါတယ်။ တောင်သူဦးကြီးတွေကတော့ စပါးဖျက်တဲ့ ပိုးတွေကို လယ်သမားအချင်းချင်း ပူးပေါင်းပြီး နှိမ်နင်းလိုက်နိုင်ပါတယ်။ စိမ်းလန်းတဲ့ စပါးခင်းတွေကိုကြည့်ပြီး တောင်သူဦးကြီးတွေ ကြည်နူးနေမှာပေါ့။
ကျွန်တော်တို့ လူမှုဘ၀ထဲ ၀င်ရောက်လာနေတဲ့ ပိုးတွေကိုရော ဘယ်လိုနည်းလမ်းသစ်တွေနဲ့ ပူးပေါင်းပြီး ဖျက်ဆီးကြမှာလဲ။ ရွှေရောင်လွှမ်းတဲ့ စပါးခင်းကြီး ဖြစ်ဖို့အတွက် စိမ်းလန်းတဲ့ စပါးခင်းကြီး အရင်ဆုံးဖြစ်ပေးရပါမယ်။ စိမ်းလန်းတဲ့ စပါးစိုက်ခင်းထဲကို စပါးဖျက်ပိုး ကျခွင့်မရအောင် ကာကွယ်ရမှာပါပဲ။ ကျလာခဲ့ရင်လည်း နှိမ်နင်းပစ်ရမှာပါပဲ။
ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ နိုင်ငံသစ်ဟာ စိမ်းလန်းတဲ့ စပါးစိုက်ခင်းကြီး ဆိုပါစို့။
ရွှေရောင်လွှမ်းတဲ့ စပါးခင်းအဖြစ် မြင်ခွင့်ရဖို့ ကျွန်တော်တို့အားလုံး မျှော်လင့်နေကြပါတယ်။
ကျွန်တော်တို့ကတော့ တောင်သူဦးကြီးတွေပေါ့။
စပါးဖျက်ပိုးတွေကို ၀ိုင်းဝန်းနှိမ်နင်း ကြမယ်ဆိုရင်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။