Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 3, 2013

ရင်တွင်းသစ္စာ (သို့မဟုတ်) လောကဓံကို စောကြောခြင်း

Min Din
ရင်တွင်းသစ္စာ (သို့မဟုတ်) လောကဓံကို စောကြောခြင်း

ပြည်ပသို့ရောက်စကသော် ကမ္ဘာပျက်ခါနီး ယောင်တီးယောင်အ လူလာဖြစ်ရသကဲ့သို့ ၊ ရေခြားမြေခြားမှာ ကူကယ်သူမဲ့

သလိုခံစားရသည်။ နောင်ကိုးနှစ်အကြာ ယခုကာလတွင်သော်

ကျနော်ရေးသောစာများကို ပြည်တွင်းပြည်ပမှ ပရိသတ်များ ဖတ်ရှုကြ ဆက်သွယ်ကြ

သောကြောင့် စမ်းရေတပေါက်သောက်ရသော ကန္တာရခရီးသွားပမာ ဝမ်းသာကျေနပ်ရသည် ။

တောင်ကြီးတွေက မိုဟာမက်ဆီ မလာရင် မိုဟာမက်က တောင်ကြီးတွေဆီ သွားရမယ် ..

ဟူသော ပမာဆိုရိုးအတိုင်း ကျနော်အသက်နှင့်ခန္ဓာတည်မြဲ သရွေ့

အားထုတ်မှုမျိုးစုံကို ပြုမြဲပြုနေဦးဖြစ်ပါသည်။

အောင်မြင်မှု၏ အငွေ့အသက်ကြောင့် ဘဝင်ဟူသော အရာသည် နိုးထလာငြားအံ့။ အထီးကျန်မှု တည်းဟူသော အတိတ်ဖြစ်စဉ်ကို သံဝေဂယူလျက် လောကဓံ၏ သစ္စာကို ဆင်ခြင်ပါအံ့။ ။

ချမ်းသာကိုယ်စိတ်မြဲပါစေ ။

မင်းဒင်

...................
(အောက်ဖော်ပြပါ စာအုပ်သုံးသပ်ချက်ဟာ မော်ကွန်းမဂ္ဂဇင်း အမှတ် ၄ မှာပါရှိတဲ့ ကိုဝင်းဇော်လတ် ရဲ့ လက်ရာဖြစ်ပါတယ်။)

မင်းဒင်၏ သက်ခိုင်နှင့် မူမမှန်သောခေတ်ကြီးအကြောင်း
ဝင်းဇော်လတ်ရေးသည်
၁။
“တိုင်းပြည်တပြည်မှာ စီးပွားရှာလို့ အကောင်းဆုံးအချိန်ဟာ တိုင်းပြည်ထူထောင်တဲ့အချိန်နဲ့ တိုင်းပြည်ပျက်တဲ့အချက်ပဲ” ဟု လေရှုးသုန်သုန်(Gone with the wind) ၀တ္ထုထဲမှ ရက်ဘတ္တလာပြောခဲ့သောစကားမှာ ကမ္ဘာကျော်ပါသည်။
ထူထောင်ချိန်နှင့် တိုင်းပြည်ပျက်ချိန် နှစ်အချိန်အနက် တိုင်းပြည်ပျက်နေချိန်တွင် စီးပွားရှာရသည်မှာ ပိုအကောင်းဆုံး ဟုလည်းဆိုပါသည်။ ထိုအချက်ကို သက်သေခံနိုင်မည့် စာအုပ်တအုပ် မကြာခင်က ထွက်ရှိခဲ့သည်။
၂။
ကျနော်တို့ ကြီးပြင်းလာသော လွန်ခဲ့သည့်အနှစ်၂၀ကို ပြန်ကြည့်သောအခါ နှစ်ကာလများသည် သွေ့ခြောက်စွာ ကျန်ရစ်ခဲ့ သည်ဆိုသော ခံစားမှုဖြစ်ပေါ်လာပါသည်။ မျိုးဆက်တဆက်သည် မြေဆီသြဇာ အလုံအလောက်မရသဖြင့် ညိုးရော်သော သစ်ပင်များကဲ့သို့ပင် ဖြစ်နေခဲ့ပါသည်။ မျော်လင့်ချက်ဖြင့် မဲတင်းထားကြသည့်တိုင်အောင် အခွင့်အရေးသည် ကောက်ရိုးပုံ ထဲက အပ်ကို ရှာရသလို တွေ့ခဲလှပါသည်။
ဒီထက် ရှေ့တစ်ဆက်ကျသော မျိုးဆက်သည်လည်း အလားတူပင်ဖြစ်ပါသည်။ ကျွန်တော်တို့၏ အဖေများခေတ်ဟု ဆိုပါတော့။ ဆိုရှယ်လစ်လူဘောင်ကြီးဆိုသည့် “မစားရ ၀ခမန်း” စကားလုံးကြီးများဖြင့် လူထု၏ နှလုံးသားများပေါ်သို့ လေးလံသော ၀န်ထုပ်ဝန်ပိုးကြီးများကို ချိတ်ဆွဲခံထားရသော ခေတ်ကြီးဖြစ်ပါသည်။ တန်းတူညီမျှရေးဆိုသော ကြွေးကြော်သံ အောက်တွင် လူထုသည် ပိပြားအောင် ဖိထားခြင်းခံနေရချိန်ဖြစ်ပါသည်။
အာဏာနှင့် ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကို ဇက်ရဲလက်ရဲဖျက်ဆီးခဲ့ကြသဖြင့် ဆင်းရဲရသည့်အထဲ ခြိုးခြံစုဆောင်းထားသော ငွေစက္ကူများကို တရားမ၀င်ကြေညာသောအခါ ၂၆နှစ်လုံးလုံး ထင်တိုင်းကြဲခဲ့သော အာဏာရှင် အစိုးရတရပ်ကို လူထုက တော်လှန်အုံကြွမှုဖြင့် ၁၉၈၈ ခုနှစ်တွင် အဆုံးသတ်ပစ်ခဲ့သည်။
သို့သော် လူထုသည် ကံကြမ္မာဆိုး၏ စီးပိုးမှုများက လွတ်မြောက်မသွားခဲ့။ နောက်ထပ် ပိုဆိုးသော အာဏာရှင်ခေတ်တခေတ်က အရေးတော်ပုံပြီးသောအခါ ပေါ်လာသည်။ ယခင်ထက်ပိုဆိုးသည်။ ပိုကြမ်းသည်။ ပိုရမ်းသည်။ နားတွေမှာ နံရံရှိနေသော ခောတ်ကြီးဖြစ်သည်။ အသက်တောင် ပြင်းပြင်းမရှုရဲလောက်အောင်ပင် ပို၍ရက်စက်ပြီး ကောက်ကျစ်တတ်သော အစိုးရ သူလျိုနှင့် အလိုတော်ရိသတင်းပေးများက နေရာတကာမှာ စိမ့်ဝင်ထိုးဖောက်နေတော့သည်။
ဒီမိုကရေစီဟူသော စကားလုံးကို ကျယ်ကျယ်မဟရဲ၊ အောင်ဆန်းစုကြည်ဆိုသော နာမည်ကို မရွတ်ရဲ။ ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအစိုးရဟူသည့် အမည်နှင့်လိုက်အောင်ပင် လူထုမှာ ငြိမ်ဝပ်ပိပြားနေရသော ခေတ်ဆိုးကြီးဖြစ်လေသည်။ ပို၍ဆိုးသည်မှာ ‘မိုးကျရွေကိုယ်များ’ဟု ပြည်သူတို့က တိုးတိုးတိတ်တိတ်အမည်ပေးထားသော တပ်မတော်မှ အရာရှိကြီး များသည် တိုင်းပြည်၏ အုပ်ချုပ်ရေး၊ စီးပွားရေး အစရှိသည့် နယ်ပယ်တိုင်းတွင် ထင်တိုင်းချယ်လှယ်ပိုင်ခွင့် ရရှိသွား ခြင်းဖြစ်သည်။ မဆလ အစိုးရ ကောင်းမှုကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစရင်းဝင်ခဲ့ရသော တိုင်းပြည်မှာ “သူ့ထက်သူ လူစွမ်းကောင်းများ” ကြောင့် နာလှန်မထူနိုင်အောင် မရှုမလှဖြစ်ခဲ့ရတော့သည်။
“ခွင်” ဟူသော စကားလုံးသည် လွန်ခဲ့သည့် အနှစ်၂၀အတွင်း ခောတ်အစားဆုံး စကားလုံးဖြစ်ပါသည်။ လူတယောက် နေ့ချင်းညချင်းကြီးပွားသွားသောအခါ “ဒီကောင်တော့ ခွင်မိနေပြီတူတယ်“ ဟူ၍ မှတ်ချက်ပေးကြသည်အထိဖြစ်သည်။။ ‘ခွင်’တွေကလည်း နေရာတကာမှာ ရှိနေသည်။ အရှင်မွေးလျှင် သာမန်ကွမ်းယာသည်ပင်လျှင် နေ့ချင်းညချင်းကြီးပွား နိုင်သော ခေတ်ကြီးဖြစ်လေရာ ခေတ်ပျက်သူဌေးတွေလည်း ပေါ်လာတော့သည်။
ခွင်ကြီးကြီးမိသူ၊ နည်းနည်းမိသူအချင်း ချင်းလည်း စားခွက်လုကြသည်။ ခွင် မရသေးသူများကလည်း ခွင်ရှာကြသည်။ စီးပွားရေး လက်ဝါးကြီးအုပ်မှု သရဲမရဲ စီးကြပုံမှာ ကြောက်စရာပင်ကောင်းတော့သည်။ ဒီလိုနှင့် အစိုးရနှင့် ပေါင်း၍ စီးပွားရှာသူများ Crony (ခရိုနီ) ဆိုသည့်ခေတ်ပျက်သူဌေးလူတန်းစားတရပ် မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာပါသည်။
တခြားမျက်နှာစာမှာသော လူထုသည် ပြားဝပ်စွာ ဖိနှိပ်ခံထားရလေသည်။ တိုင်းပြည်မှာ ထားစရာမရှိအောင် ချမ်းသာ သူများနှင့် စားစရာမရှိအောင် ဆင်းရဲသူများဟူ၍ လူတန်းစားနှစ်ရပ်သာရှိတော့သည်ဟု ပြောရသည်အထိ ဖြစ်လာသည်။ အလုပ်အကိုင်ရှားပါးမှု၊ စီးပွားရေး ကျဆင်းမှု ၊ လူမူဘ၀ နိမ်ကျမှု အစရှိသော အထွေထွေအကြပ် အတည်းဆိုက်နေသည်။ ဆင်းရဲရသည့်အထဲ မျော်လင့်ချက်ကလည်း မရှိချေ။ ဒီလိုနှင့် မူမမှန်သော ခေတ်ကြီးတွင် ကြေကွဲစရာများသာ ပြည့်နှက်နေတော့သည်။
၃။
အနည်းငယ် အသက်ရှုချောင်လာသော ယနေ့အချိန်တွင် တိုင်းပြည်ကို သားသတ်သလို သတ်ဖျတ်ခဲ့ကြသော အာဏာ ပိုင်များနှင့် ၄င်းတို့၏ လက်ဝေခံ စီးပွားရေးသမားများ၏ ကိုယ်ကျိုးရှာလုပ်ရပ်များအကြောင်း လူထုက သိချင်စိတ် ပြင်းပြလာသည်။ လွတ်လပ်သော သတင်းမီဒီယာများကြောင့် သိတန်သလောက် သိထားသည့်တိုင် ပို၍ အသေးစိတ်သော ‘အတွင်းရေး’ ကလေးများကို သိချင်ကြသည်မှာ လူ့သဘာဝပင်ဖြစ်ပါသည်။
“မင်းဒင်ရဲ့ သက်ခိုင်” ဟူသော စာအုပ်တအုပ်သည် ၂၀၁၀ခုနှစ်နှောင်းပိုင်းက ရန်ကုန်နှင့် အခြားမြို့များရှိ စာဖတ်သူများ အကြားတွင် တီးတိုးလက်တို့သတင်းပေးရသည်အထိ သတင်းကြီးခဲ့သော စာအုပ်တအုပ်ဖြစ်သည်။ ထိုအချိန်က လွတ်လပ်သည်ဟု မဆိုသာသေးသည့် အချိန်ဖြစ်ရာ ပေါ်ပေါ်ထင်ထင်လည်း မပြောရဲသလို စာအုပ်ကလည်း လက်သပ်ထိုးဝယ်မှသာ ရသည့်အမျိုးအစားဖြစ်သည်။ ဒါတောင် မူရင်းမဟုတ်။ မိတ္တူဆွဲထားသော စာအုပ်သာဖြစ်သည်။ သို့တိုင်အောင် လွတ်လပ်သော စာပေကို ငတ်နေသော ပရိသတ်က တခုတ်တရ ဖတ်ခဲ့ကြသည်။
မကြာမီ(အောက်တိုဘာ၊ ၂၀၁၂)က ထိုစာအုပ်ကို ဒုတိယအကြိမ်ပြန်လည်ပုံနှိပ်သည်။ အဆိုပါ မူရင်းပုံနှိပ်စာအုပ်ကို ရန်ကုန်စာအုပ်ဆိုင်တချို့တွင် ယခုအခါ တရားဝင်ရောင်းချနေကြသည်ကို မြင်ရသဖြင့် ၀မ်းသာရသည်။
“ မင်းဒင်ရဲ့ သက်ခိုင်သည် တစ်ထောင့်တည ပသီပုံပြင်မဟုတ်ပါ။ မြန်မာပြည်သားတစ်ယောက်၏ မူမမှန်သော ခေတ်ကြီး ကို သူယုံကြည်သလို ဖြတ်သန်းခဲ့ပုံသာဖြစ်သည်” ဟု စာရေးသူက ပထမအကြိမ်ပုံနှိပ်ခြင်း အမှာစာတွင် ရေးထားသည်။

၎။
မင်းဒင်သည် သက်ခိုင်ကို ရဲဘက်စခန်းတစ်ခုတွင် တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုနောက် စိတ်ဝင်စားစရာကောင်းလှသော သက်ခိုင်၏ ဇာတ်လမ်းများကို ကြားခွင့်ရခဲ့သူဖြစ်သည်။ သက်ခိုင်သည် ကမောက်ကမ ခေတ်ကြီးတွင် လူလားမြောက်ခဲ့ သူဖြစ်ပါသည်။ မြန့်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) အစိုးရခေတ်ဖြစ်ပါသည်။ အရပ်အမောင်းကောင်းပြီး ဥပဓိရုပ်တည်ကြည်သူ နတ်မောက်သား သက်ခိုင်သည် ကလေးအရွယ်ကပင် ရန်ကုန်သို့ မိဘများနှင့်အတူရောက်လာခဲ့ပြီး ကမာရွတ်ရှိ လူမိုက်များကျက်စားရာ ကမာရွတ်တွင် ကြီးပြင်းခဲ့သူဖြစ်သည်။
လူမိုက်တွေကြားမှာ ကြီးပြင်းခဲ့သော သက်ခိုင်သည် လက်မြန်ခြေမြန်ရှိသူဖြစ်သည့်တိုင် မိုက်ရူးရဲသူမဟုတ်ပါ။ ဥာဏ်နှင့်ယှဉ်၍ လုပ်ကိုင်သူဖြစ်သည်။ ပညာလိုလားပြီး ဗဟုသုတကြွယ်သူဖြစ်၏။ သက်ခိုင်က သူဖြတ်သန်းခဲ့သော ခေတ်ကြီးကို ဟိုတကွက်ဒီတကွက်ပြောရင်း ဇာတ်စုံခင်းပြခဲ့လေသည်။
အလုပ်သမားအရေးအခင်း၊ မှိုင်းရာပြည့်၊ ဦးသန့်အရေးအခင်းများမှသည် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးအထိ သက်ခိုင်သည် ပါဝင်ထိစပ်ခဲ့၏။ တချိန်တည်းမှာပင် လူမိုက်တွေနှင့် လုံးလားထွေးလားရှိနေပြီး ရည်မှန်းချက်ကြီး သူဖြစ်ပါသည်။ စာအုပ်ထဲတွင် သက်ခိုင်နှင့် ထိစပ်ခဲ့သော လူပုဂ္ဂိုလ်များ (အစိုးရအဖွဲ့ဝင်တချို့၊ စီးပွားရေးသမားများမှသည် ရာဇ၀င်လူဆိုးများအထိ)သည် အပြင်တွင် တကယ်ရှိခဲ့သော၊ ရှိနေသေးသော လူပုဂ္ဂိုလ်များ ဖြစ်သည်။
ရှစ်လေးလုံးအရေးတော်ပုံအကြောင်းကို သက်ခိုင်က သူသိရသမျှ၊ ကြုံရသမျှ ပြည့်စုံစွာ ပြောခဲ့သည်။ အရေးအခင်း ကာလအတွင်း စစ်တပ်၏ နှိမ်နှင်းမှုကို မကျေချမ်းနိုင်သည့် ပြည်သူများထဲမှ တပ်မတော်သားဟောင်းတစ်ချို့က လက်နက် များရှာဖွေပြီး တပ်မတော်စစ်ကြောင်းအား ပြန်လည်တိုက်ခိုက်သော စံရိပ်ငြိမ်ဘဏ်တိုက်ပွဲအကြောင်း သက်ခိုင်ပြောပြ သည်မှာ အလွန်နားထောင်၍ ကောင်းသည်။ ထိုတိုက်ပွဲကို သူက အနီးကပ် မြင်ခဲ့ရသည်မဟုတ်လား။
နောက်တော့ သူလည်း စစ်ကြောရေးအပို့ခံရသည်။ အချုပ်အနှောင်မှ လွတ်သောအခါ သက်ခိုင်သည် ထိုအချိန်က မိုးကျရွေကိုယ်များဖြစ်သော စစ်ဘက်ခေါင်းဆောင်တချို့နှင့်ပေါင်းပြီး စီးပွားရေးလုပ်သူဖြစ်လာသည်။ သက်ခိုင်ပြောပြ သော“ခွင်” ဇာတ်လမ်းများက မကြုံဖူးလျှင် ယုံမည်သူပင်မရှိအောင် ထူးထွေသိ အံ့ရသောတွေများလှသည်။
မလိုတမျိုး လိုတမျိုးနှင့် ခန့်မှန်းရခက်သော စစ်ဗိုလ်များနှင့် အပေးအယူလုပ်ခဲ့သော သက်ခိုင်မှာလည်း ရှာမှရှား စီးပွားရေးသမားဟုသာပြောရမည်။ အဆတစ်ရာလောက် လည်၍သာ ဖောက်လွဲဖောက်ပြန်ခေတ်ကြီးတွင် ‘ခွင်တည့်’ နေခြင်းဖြစ်သည်။ ၈၈ အရေးအခင်းအပြီး တပ်မတော်အစိုးရတက်ခါစ “တည်ဆောက်ပြုပြင် မြန်ပြည်တခွင်” စီမံချက်များ ဖြင့် အလုပ်ဖြစ်နေသော လက်တဆုပ်စာလူများထဲတွင် သက်ခိုင်လည်း ပါလေသည်။
“စီးပွားရေးလောကမှာ လက်ဖြောင့်သေနတ်သမားတစ်ယောက်လို ကျင်လည်နေသူ”ဟု သက်ခိုက် သူ့ကိုယ်သူ မှတ်ချက် ပေးသည်။
သူတို့လောက၏ စီးပွားရေး ညစ်ကွက်များ ရစ်ကွက်များကိုလည်း သက်ခိုင်က ပြောပြခဲ့သည်။ စီးပွားရေး စီးချင်းထိုးပွဲများ ကလည်း ကိုသက်ခိုင်တို့ လောကတွင် လည်သူစားစတမ်း၊ ဦးသူယူစတမ်းဟုပင် ဆိုရမည်။ သက်ခိုင်ပြော ပြသော စီးပွားရေးလောကသည် အနောက်တိုင်းက မာဖီယားဂိုဏ်းများကဲ့သို့ပင် နောက်ကွယ်တွင် လက်သပ်မွေး ထားသော တပည့်လူမိုက်များလည်း ရှိသေးသည်။ သက်ခိုင်၏ ဘ၀က ဇာတ်လမ်းဆန်းလွန်းလှသည်။ အလှည့်အပြောင်း တွေများလွန်း၏။ ရှုပ်ကွက် မြုတ်ကွက်တွေများလွန်း၏။ ခြေပုန်းခုတ်မှုတွေ ဒုနှင့်ဒေးဖြစ်၏။ ညစ်လုံး၊ တွန်းလုံးတွေ စုံလွန်း ၏။ အတက်အကျ ဘ၀ ထွေပြား၏။
၅။
သက်ခိုင်ပြောပြတော့မှ အင်လျားလမ်းက ထိတ်ထိတ်ကြဲဆောင်ကြာမြိုင်တခုဖြစ်သော ထင်းရှုးတောသို့လည်း ရောက်ရ သည်။ ထိုနေရာသို့ အစိုးရပိုင်းက ‘ကုတ်ကမြင်း’ လူကြီးတချို့ကို သက်ခိုင်က ပို့ပေးခဲ့ရသည်ဆိုသည်။ စိုးမြတ်၊ ဘားလား တို့ကဲ့သို့သော လူမိုက်များနှင့်လည်းကြုံရသည်။ စိတ်အပြောင်းအလဲမြန်သော မိုးကျရွှေကိုယ်တချို့နှင့်လည်း ဆုံရ၏။ သူတို့ စိတ်အပြောင်းအလဲမြန်ပုံ၊ ဇွတ်တရွတ်နိုင်လွန်း သည်မှာလည်း အံ့သြစရာဖြစ်သည်။
တခါက ‘အဘ’ ဆိုသူကို လိုင်းကြေးအဖြစ် တိုက်တလုံးဆောက်ပေးရသည်။ အိမ်အရောင်ကို လိုက်ဖက်မည့် အရောင်သုတ်ရန် ရွေးသောအခါ အနီရောင်မှ အနီရောင် သုတ်မည်ဆိုသည်။ သက်ခိုက်က အိမ်နှင့် မလိုက်ဖက်ပါပြော လည်းမရ။ သို့နှင့် သုတ်ပေးလိုက်သည်။ သိပ်မကြာခင်မှာ ထိုအရောင်က ရုပ်ဆိုးသည်ဆိုသဖြင့် တခြားအရောင်ပြောင်း သုတ်ပေးဖို့ပြောသည်။ တကြိမ်နှင့်မပြီးသေး။ ပြင်လိုက်သုတ်လိုက်နှင့် အလုပ်သမားခ၊ ဆေးဖိုးများ အပိုမကုန်သင့်ဘဲ ကုန်ခဲ့ရသည်။
ဖင်စီးဒိုင်း၏ အရသာကိုလည်း မြည်းစမ်းရ၏။မိုးအလင်းလည်း အရက်သောက်ရသည်။ လင်ငယ်နေသော မိန်းမက သူ့ယောက်ျားအား အကောက်ကြံမှုကိုလည်း ကြားရသည်။ မိန်းမပျိုလေးများ၏ သာယာသော အထိအတွေ့ကိုလည်း ရ၏။ နောက်မီးလင်းသော အိမ်ထောင်သည်များနှင့် ရာဂမီးကိုမှ ကစားကြည့်ချင်သော အစ်ကိုကြီးတို့၏ စိတ္တဇဝေဒနာကိုလည်း မြင်ရသည်။
သက်ခိုင်ကား အရည်အချင်းရှိသော လူလည်။ လက်စလက်နရှိသူဖြစ်သည့်တိုင် နိုင်နေတိုင်း ထင်တိုင်းမကြဲရဘူးဟူသော တရားလက်ကိုင်ရှိသူ။ ငွေကြေးနှမြောတွန့်တိုခြင်းမရှိဘဲ တပည့်တွေပေါ်စာနာသူ။ မိတ်ဆွေတို့အပေါ် ရက်ရောသူဖြစ် သည်။ စီးပွားရေးလောကမှာတော့ ပြိုင်ဘက်တွေကို ရှိသမျှဥာဏ်နှင့် အစွမ်းအစကိုထုတ်ပြီး မီးကုန်ယမ်းကို ဆော်သူ။ ဒါတွေက သက်ခိုင်ပြောချင်သော အဓိကအကြောင်းအရာမဟုတ်ပါ။ သူက သူဖြတ်သန်းခဲ့သော ခေတ်ကြီးနှင့် ထိုခေတ်ကြီးအတွင်း ထိပ်ပိုင်းရောက်နေသေူများနှင့် ကြုံခဲ့ရသည်ကို ပြန်လည်ထုတ်ဖော်ရန်သာဖြစ်သည်။
နောက်ဆုံးတွင် သက်ခိုင်သည် ပရမ်းပတာလည်ပတ်နေသော ခေတ်အခြေအနေတရပ်အတွင်း မသေချာသော တရားသဘောကို စောကြောမိသွားသူသာဖြစ်သည်။ ထောင်ထဲရောက်လာတော့ တရားမှတ်ရင်း ‘ဖြစ်ပျက်’ရှုသည်။
“မြန်မာနိုင်ငံက စီးပွားရေး စနစ်က ပုံမမှန်တဲ့ စီးပွားရေး စနစ်ဖြစ်တယ်။ ဗမာပြည်က သူဌေးတော်တော်များများဟာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပဲ ကျဆုံးသွားတတ်တယ်” ဟု သက်ခိုင်က သူ့မိတ်ဆွေ လုပ်ငန်းရှင်ကိုပြောခဲ့သည်။ နှစ်အနည်းငယ်ကြာသောအခါ အဆိုပါ သူဌေးသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်နန်းစံနေရလေသည်။
သက်ခိုင်၏ ဘ၀က ခေါက်ရှာငှက်ပျံသလို နိမ့်တုံမြင့်တုံရှိခဲ့သည်။ ထိုအချိန်က သူတို့၏ စီပွားရေးလောကကား ပွေလီလွန်း လှသည်။ ဖျံကျနိုင်မှ တော်ကာကျသည့် အချိန်ဖြစ်လေရာ နိုင်သူစားစတမ်း ဖြစ်၏။ ရဲဘက်စခန်းရောက် လာတော့ သက်ခိုင်က ထိုအကြောင်းတွေကို မင်းဒင်အား ပြန်လည်ပြောပြရင်း တရားသံဝေဂ ထုတ်မိနေသည်။ မင်းဒင်မြင်ရသော သက်ခိုင်သည် အေးဆေးတည်ငြိမ်ပြီး အရည်အသွေးနှင့် အစွမ်းအစရှိသော၊ ရဲဘက်စခန်းမှ ထောင်တာဝန်ရှိသူများကပင် တလေးတစား ဆက်ဆံခြင်းခံရသူဖြစ်သည်။ သက်ခိုင်သည် ဗဟုသုတကြွယ်သူဖြစ်ရာ စကားပြောကောင်းသူဖြစ်သည်။ ဟိတ်လုံး၊ဟန့်လုံးကလေးများသုံးတတ်ပြီး တဘက်သားလက်ခံ အောင်ပြော တတ်သူဖြစ်သည်။
ငယ်စဉ်က ကျောင်ဆရာဖြစ်ခဲ့သော သက်ခိုင်သည် စီးပွားရေးလောကထဲတွင် ထင်တိုင်းကြဲနေပုံမှာ အံ့သြစရာ ပင်ဖြစ်ပါ သည်။ ထိုအပြင် နာမည်ကြီး ရာဇ၀င်လူဆိုးလူမိုက်များနှင့် ပုလင်းတူဘူးဆို့ ဖြစ်နေသည်မှာ ပို၍မယုံနိုင်စရာ ကောင်းသည့် တိုင် ယင်းမှာ အမှန်ပင်ဖြစ်ပါသည်။ သက်ခိုင်သည် သူဌေးဖြစ်ချင်သည့်တိုင် တခါတလေ ကိုယ်စွမ်းကိုယ်စ ပြချင်သဖြင့် တချို့အလုပ်တွေကို သူလုပ်ပါသည်။
ဥပမာတခုရှိသည်။ မိမိကုမ္ပဏီကို အတွင်းလူလည်တဦး ခြေပုံးခုတ်မှုကြောင့် သက်ခိုင် ဂျောက်ကျရမလိုဖြစ်သွားသည်။ အပတ်တကုတ်တည်ထောင်လာခဲ့ရသော ကုပဏီတခု အချိန်ပိုင်းအတွင်းနာမည်ဆိုးနှင့် ပြိုလဲရမည့်ဆိုသည့်အခါ သက်ခိုင်၏ ဒေါသသည် အထွတ်အထိပ်သို့ ရောက်နေပြီ။
စုံညီအစည်းအဝေးသို့ရောက်လာသော အစုရှယ်ယာရှင်များရှေ့တွင် သူက အားလုံးကို စိတ်ခေါ်သော လမ်းနှစ်သွယ်ကို ချပြခဲ့သည်။ ယင်းမှာ“(၁) ဒီကုမ္ပဏီကနေ တစ်ပြားတစ်ချပ်မှ အကျိုးခံစားခွင့်မယူဘဲ ကျွန်တော်နှုတ်ထွက် မယ်။ကုပဏီရဲ့ကောင်းမွေးဆိုမွေအားလုံးကို ကျန်ရစ်တဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေက လက်ခံဖြေရှင်းပေးကြပါ။ (၂) ဒါမှမဟုတ် လက်ရှိဒါရိုက်တာအဖွဲ့ဝင်အားလုံး ဘာအကျိုးအမြတ်မှ လက်မခံတော့ဘဲ နှုတ်ထွက်ပေးကြပါ။ ကုပဏီရဲ့ ကောင်းမွေဆေိုးမွေအားလုံး ကျွန်တော်တာဝန်ယူဖြေရှင်းမယ်” ဆိုသော ခပ်ကြမ်းကြမ်းစိန် ခေါ်မှုများကို သူလုပ်ခဲ့သည်။ ခက်သည်မှာ အစောက ခြေပုန်းခုတ်သည့် အတွင်းလူဆိုသူက မျက်ရည်ခံထိုးသောအခါ သက်ခိုင်က ပျော့ပြောင်း နေပြန်သည်။ ဒါကပင် သက်ခိုင်၏ အားနည်းချက်ဖြစ်သည်။
ထိုအားနည်းချက်ကပင် သက်ခိုင်ကို နောက်ပိုင်းတွင် ဒုက္ခလှလှပေးခဲ့ဖြင်းဖြစ်သည်။ ခြေပုံးခုတ်သည့် အတွင်းလူကပင် သက်ခိုင်ကို ကုပဏီဆိုင်းဘုတ်ပြောင်းမှုဖြင့် တရားစွဲပြီး ထောင်ချနိုင်ဖို့ကြိုးစားတော့သည်။ ကုပဏီ၏ပိုင်ဆိုင်ခွင့် ၉၀ ရာခိုင်နှုန်းကို သက်ခိုင်ပိုင်သဖြင့် မည်သို့မျှ တရားဥပဒေကြောင်းအရ စွဲဆိုမရသည့်တိုင် ‘မီးများမီးနိုင် ရေများရေနိုင်’ ဖြစ်နေသော မြန်မာတရားစီရင်ရေးလောကအတွင်း သက်ခိုင်သည် တရားခံဖြစ်ရလေသည်။ တရားစွဲဆိုသူကို ငွေဖြင့် ကြေအေးရာ ကြေအေးကြောင်းတောင်းပန်သော်လည်း မရသည်မို့ သက်ခိုင်က ပညာပေးခဲ့သည်။ ယင်းမှာ သူ့ကို ထောင်ကျစေလိုသူအား မူးယစ်ဆေးဝါးအမှုဖြင့် သူ့အရင် ထောင်ထဲရောက်အောင် သက်ခိုင်က လုပ်ခဲ့သည်။
လူတစ်ယောက်ထောင်တဲ့ရောက်အောင် လုပ်ရသည်မှာ ဒုစရိုက်လောကတွင် ကျင်လည်လာသူ သက်ခိုင်အဖို့ အထူးအဆန်းမဟုတ်ပါ။ ထိုကြောင့် မင်းဒင်အား သက်ခိုင်သည့် ထိုအကြောင်းအသေးစိတ်ပြောလိုဟန်မရှိပါ။ ပြိုင်ဘက်ကို ထောင်ထဲထည့်ခဲ့ပြီး ထိုင်းနိုင်ဘက် ခတ္တရှောင်နေသေးသော သက်ခိုင်သည် နေ့ရောညပါ အရက်သောက်နေတော့သည်။ နောက်ဆုံး ရန်ကုန်မှာ တရားပြန်ရင်ဆိုင်မယ်ဆိုပြီး ပြန်လာခဲ့သည်။ သို့နှင့်နောက်ဆုံး ရဲဘက်စခန်းရောက်လာခဲ့ပြီး မင်းဒင်နှင့် ဆုံခဲ့ကြခြင်းဖြစ်သည်။
၆။
တရက်မှာတော့ ကိုသက်ခိုင် ရဲဘက်စခန်းမှာ မရှိတော့သည့်အကြောင်း မင်းဒင်ကြားရလေသည်။ အကျဉ်းသားများ၏ တဆင့်စကားအရ အကျဉ်းစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည်ဟူ၍လည်းကောင်း၊ အယူခံအမှုနိုင်သဖြင့် လွတ်မြောက်သွားသည်ဟုလည်းကောင်း ထင်ကြေးအမျိုးမျိုးကြားရသည်။ သို့သော် တိကျသော အဖြေကို မည်သူမျှ မပေးနိုင်ခဲ့ကြပါ။
သက်ခိုင်နှင့် နောက်ဆုံးတွေ့စဉ်တုန်းက မင်းဒင်အား “ကျွန်တော်ဒီမှာ မရှိတော့တဲ့နောက် ခင်ဗျားတို့လည်း မကြာခင်လွတ်မြောက်မယ်။ ကိုယ်တွေ့ကြုံမှ ယုံပေါ့” ဟု ထူးထူးဆန်းဆန်းပြောခဲ့သော သက်ခိုင်၏ စကားအတိုင်း မင်းဒင်တို့ အချုပ်အနှာင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်ခဲ့ကြသည်။ သို့သော် သက်ခိုင်အကြောင်းကိုမှု ထပ်မံမကြားရတော့ပါ။
ဒီလိုနှင့် မင်းဒင်လည်း ထိုင်းနိုင်ငံဖူးခက်သို့ ရောက်လာသည်။ မြန်မာရွေ့ပြောင်းလုပ်သားများအတွင် ဈေးဆိုင်ကလေး တည်ထောင်ပြီး အသက်မွေးသည်။ အားသည့်အခါ ရဲဘက်စခန်းမှကြားခဲ့ရသော ကိုသက်ခိုင်၏ ဘ၀ကို ဆစ်ပိုင်းဆစ်ပိုင်း စာရေးနေသည်။ ၂၀၁၁ စက်တင်ဘာလထဲမှာ ကိုသက်ခိုင်နှင့် မမျော်လင့်ဘဲ ဖူးခက်တွင် ပြန်ဆုံရသည်။ ထိုကြောင့် သက်ခိုင် ရဲဘက်စခန်းက လွတ်မြောက်လာပုံကို မင်းဒင်သိရတော့သည်။
အမှန်က ရဲဘက်စခန်းမှ သက်ခိုင်သည် ခပ်တည်တည်ဖြင့် ထွက်လာခဲ့ခြင်းသာဖြစ်သည်။ ရဲဘက်စခန်းသို့ မင်းဒင်ရောက် မလာခင်ကလေးအထိ ထောင်ဝန်ထမ်းများနှင့် ဇယားငြိမ်းနေသော သက်ခိုင်သည် ရန်ကုန်သို့ မကြာမကြာသွားပြီး မပြတ်သေးသည့်လုပ်ငန်းများကို ဆက်လုပ်နေရာ အထက်ပိုင်းမှ ထောင်အာဏာပိုင်တို့ သိသောအခါ အရေးယူ ဖို့ဖြစ်လာသည်။
ဒါကို သက်ခိုင်ကြားသဖြင့် ထောင်မှုးကြီးနှင့်တွေ့ရန်သွားသည်။ ထောင်မှုးထမင်းစာချိန်ကြုံသဖြင့် ခနစောင့် နေရချိန် သက်ခိုင်သည် ပင်မရဲဘက်စခန်းဂိတ်တံခါးအပြင်သို့ ခပ်အေးအေးလျှောက်သွားသည်။ ၀ယ်နေကျ ဆိုင်မှာ ကွမ်းယာဝယ် ဖို့လုပ်နေခိုက် စက်ဘီးကယ်ရီတခုကိုမြင်ရာ တားစီးပြီး အဝေးပြေးဂိတ်သို့လာခဲ့သည်။ ထိုမှရန်ကုန်သို့…။ ထိုမှ ကော့သောင်း…။ ထိုမှ ထိုင်းနိုင်ငံသို့…။
“ ကျွန်တော်ဟာ ထောင်နဲ့ ရဲဘက်ကို ရောက်လာတာဟာ လောကကြီးရဲ့ လှည့်ဖျား၊မှားယွင်းမှုလို့ ခံယူထားတာမို့ ပြစ်ဒဏ်ရက်မပြည့်ခင်မှာ ကျနော်လွတ်မြောက်ရမယ်ဆိုတာ ယတိပြတ် သန္နိဌာန် ချထားတာကြောင့်ပေါ့ဗျာ။ ကျနော်ဟာ ကျနော့်ကို ချမှတ်ခဲ့တဲ့ ပြစ်မှုကို ဘယ်တုန်းကမှ မကျူးလွန်ခဲ့ဖူးဆိုတာ သေချာတဲ့အချက်ပါ” ဟု သက်ခိုင်က ပြောသည်။
ခေတ်တွေပြောင်းပြီး သူ့အမှုကို မှန်ကန်စွာ စီရင်ဆုံးဖြတ်နိုင်မည့် တရားစီရင်ရေးစနစ်တခုရှိလာတော့မှာ သက်ခိုင်သည် မြန်မာပြည်ပြန်လာမည်ဟု ဆိုပါသည်။ အခုတော့ ငွေများတရားနိုင်သည် အချိန်တွင် ၀ရမ်းပြေးအဖြစ် သူရှိနေဦးမည်။ ပြီးလျှင် တည်ငြိမ်သော ဘ၀တခုကို ပြန်လည်တည်ဆောက်ရလိမ့်မည်။ ဒါသည်ပင် သက်ခိုင်ဖြစ်လေသည်။
၇။
တင်ပြပုံကောင်းမွန်သဖြင့် မင်းဒင်၏ သက်ခိုင်သည် စာဖတ်ပရိသတ်ကို ကောင်းစွာ ဆွဲဆောင်ထားနိုင်ခဲ့သည်။ ထို့အတူ မြန်မာပြည်တွင်သက်ခိုင်လိုလူမျိုး အပြင်မှာ တကယ်တမ်းရှိသလား ဆိုသည်ကလည်း အလွန် အံသြဖွယ်ရာကောင်းသည်။ မင်းဒင်က သက်ခိုင်လား၊ သက်ခိုင်က မင်းဒင်လား။ မင်းဒင်နဲ့ သက်ခိုင်က အတူတူပဲလား ဟူသော ဆန်းကြယ်သည့် စိတ်ကွန့်မြူးမှုများက စာဖတ်ပြီးသည့်နောက် စာဖတ်သူများရင်ထဲတွင် ဆူဝေကျန်ရစ်ခဲ့သည်။
သက်ရှိဇာတ်ကောင်များ၊ အမှန်တကယ်ဖြစ်ရပ်များအကြားတွင် လှုပ်ရှားသွားလာခဲ့သော သက်ခိုင်နှင့် ပတ်သက်၍ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်းစာအုပ်တွင် စာရေးသူ မင်းဒင်ပြောသော စကားများကပင် စာဖတ်သူတို့၏ ရင်တွင်းမှာ ကျန်ရစ်ခဲ့သော မေးခွန်းများအတွက် အဖြေတစုံတရာပေးနိုင်ပါလိမ့်မည်။
“----ဤစာအုပ်တွင် ဇာတ်ကောင်အမည်အများစုမှာ သက်ရှိထင်ရှားရှိခဲ့သူများ ၊ရှိနေသူများ၏ အမည် နာမများ ပါဝင်နေလေရာ ကာယကံရှင်ပုဂ္ဂိုလ်အချို့အနေဖြင့် မနှစ်မြို့စရာဖြစ်ကြမည်မှာ သေချာလှ သော အချက်ဖြစ်၏။

စင်စစ် သက်ခိုင်သည် အမှန်တကယ်သက်ရှိထင်ရှားရှိသည့် ဇာတ်ကောင် ဖြစ်ရုံမက သူကျင်လည် ခဲ့သည့် ခေတ်ကာလအပိုင်းအခြားမှာလည်း လက်ရှိကာလနှင့်မနီးမဝေး သည့် ခေတ်ပြိုင်ကာလ ပင်ဖြစ်၍ ဤဇာတ်အိမ် သည် သက်ရှိထင်ရှား ဇာတ်ကောင်များနှင့် ဆပ်စပ်နေရခြင်း ဖြစ်ပေ သည်။ စာရေးသူ အနေဖြင့် မျက်မှောက် ခေတ်လူ ငယ်များအား ဘဝသင်ခန်းစာ၊ သမိုင်းသင်ခန်းစာ ဖြစ်လိုဖြစ်ငြားသာ ရည်ရွယ်ခဲ့ပြီး တစုံတယောက်သို့ ထိခိုက်နစ်နာစေရန် ရည်သန်ခဲ့သည်မဟုတ်ချေ။

စာရေးသူ အနေဖြင့် သက်ခိုင်ကို ဖန်တီးရာ၌ အာဃာတရားကို အတတ်နိုင်ဆုံး မေ့ပျောက်ဖယ် ရှားလျက် သံဝေဂ တရားဖက်သို့ ဇောင်းပေးရေးသားခဲ့ရိုးအမှန်ဖြစ်ပါသည်။ ရေးသားနေစဉ် ကာလ တွင်လည်း စာရေးသူ၏ စိတ်အစဉ်ကို ကြိမ်ဖန်များစွာ ဆုံးမခဲ့သည်မှာလည်း မှန်သောသစ္စာ စကားဟု လိပ်ပြာသန့်စွာ ဆိုဝံ့ပါသည်။
ထို့ကြောင့် ဇာတ်လမ်းပါ အကြောင်းခြင်းရာအားလုံးမှာ စာရေးသူ တတ်ကျွမ်းသမျှ ချယ်မှုန်း ပုံဖော်ထားသည် သက်ခိုင်၏ ခံစားချက် အတွေးအမြင်မျှသာ ဖြစ်လေရာ စာဖတ်သူ တို့အနေဖြင့် ဖော်ပြထားသမျှသော အချက် အလက်၊ ဖြစ်ရပ်အားလုံးသည် ပရမတ်ဆတ်ဆတ် မုချ အမှန်ချည်းဖြစ် သည်ဟု ယူဆကြရန်မဟုတ်မူပဲ မိမိတို့ ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် အကြောင်း ယုတ္တိတန်သည် မတန်သည်ကို ဝေဖန်ပိုင်းခြားကြရန် ဖြစ်ပါသည်”
မင်းဒင်
၂၀၁၂ ခုနှစ်။ အောက်တိုဘာလ (၃၀) ရက် ။
ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ ။
End//

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။