KhingKhing Su shared Nine Nine Sanay @ နိုင်းနိုင်းစနေ's photo.
(ကျွန်မဘဝတစ်ပိုင်းတစ်စပါ.. မျှဝေပါတယ်)
...
(ကျွန်မဘဝတစ်ပိုင်းတစ်စပါ.. မျှဝေပါတယ်)
...
မြောက်ပိုင်းရှမ်းပြည်နယ် အစွန်အဖျားက ကြီးပြင်းခဲ့တဲ့အမေ မြန်မာစကား ကောင်းကောင်းမပြောတတ်ဘူး။ တောင်ကြီးမြို့ကိုပြောင်းခဲ့ကြေ တာ့ မြန်မာစကားကို မဖြစ်မနေ အမေပြောရတယ်။ တောင်ကြီးမြို့ကနေ အင်းသားရွာတစ်ရွာမှာ အခြေချတော့ အမေရဲ့မြန်မာစကားမှာ မပီကလာ အင်းသားသံတွေညှပ်ပါနေတယ်။ အမေ မြန်မာစာ မတတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့စာကျက်ရင် ဘေးမှာထိုင်ပြီး ညနက်သန်းခေါင်အထိ အမေအဖော်ပြုတတ်တယ်။ ကျွန်မတို့ ရွတ်ဖတ်နေတဲ့မြန်မာစာတွေကို အမေ ဂရုတစိုက် နားထောင်တတ်တယ်။ တရုတ်စာကိုတော့ အမေ အတော်အသင့် ရေးနိုင်ဖတ်နိုင်တယ်။ ငယ်ငယ်တုန်းက ကျွန်မတို့ကို တရုတ်စာသင်၊ စာပြပေးပေမဲ့ အမေ့လက်ရေးကို ကျွန်မ သေသေချာချာမမှတ်မိဘူး။ အိမ်က ပြက္ခဒိန်ပေါ်မှာ ပျိုးနုတ်၊ ကောက်စိုက်တဲ့ရက်ကို အမေရေးမှတ်တတ်ပေမဲ့ အမေ့လက်ရေးကို ကျွန်မ အမှုမဲ့အမှတ်မဲ့ပဲ ထားခဲ့မိတယ်။
အလယ်တန်းဆက်တက်ဖို့ တောင်ကြီးမြို့ကို ကျွန်မရောက်ခဲ့တော့ ရွာနဲ့လည်း သိပ်မဝေး၊ နေ့ချင်းသွားပြန်လို့လည်းရတဲ့အတွက် အမေ့ကိုလွမ်းရင် ရွာပြန်၊ အမေကလည်း တောင်ကြီးတက်လာပြီး ကျွန်မတို့ကိုလာကြည့်နဲ့ စာတတန်၊ ပေတတန် မဆက်သွယ်ဖြစ်ခဲ့တော့ နဂိုကတည်းက အမှတ်မထားမိတဲ့ အမေ့လက်ရေးက ကျွန်မနဲ့ ပိုစိမ်းသွားတော့တယ်။
ကံကောင်းထောက်မလို့ နိုင်ငံခြားမှာ ကျွန်မပညာဆက်သင်ခွင့်ရမှ အမေ့လက်ရေးကိုဖတ်ဖို့ အခွင့်ကြုံလာခဲ့တယ်။ ရွာမှာ ဖုန်းမရှိတဲ့အတွက်၊ ဖုန်းပြောဖို့ ရက်ချိန်းတွေယူနေရတဲ့အတွက် အမေက သူပြောချင်တာကို စာနဲ့ရေးပြီး ကျွန်မဆီပို့ခဲ့တယ်။ ရေးကျင့်မရှိတာ ကြာလို့ပဲလား... အဖတ်ပဲရှိပြီး အရေးမရှိတဲ့အတွက်ကြောင့်လား၊ စားဝတ်နေရေးနဲ့ လုံးချာလည်လိုက်နေရလို့ စာဖတ်ချိန်နည်းခဲ့တဲ့ အတွက်ကြောင့်လား.. ကွေးကွေးကောက်ကောက် စာလုံးတွေ၊ အစက်တွေလိုပြီး အစက်တွေပိုနေတဲ့ စာလုံးအမှားတွေနဲ့ အမေ့လက်ရေးကိုမြင်စက ကျွန်မ မနည်းဖတ်ယူခဲ့ရတယ်။
အမေပေးပို့လိုက်တဲ့ စာတိုင်းမှာ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ စာကြိုးစားဖို့၊ နောက်ဆံမတင်းဘဲ ပညာကိုဆုံးခန်းတိုင် သင်ယူဖို့၊ ငွေလိုရင် ဆွေမျိုးတွေဆီက ခဏယူသုံးပါ။ အမေ မရရအောင် ရှာပြီး ဆပ်မယ်ဆိုတဲ့ အကြောင်းတွေပဲဖြစ်တယ်။ အမေ့စာကိုဖတ်ပြီး အမေ့ကို သတိရစိတ်နဲ့ ခဏလောက် ကျွန်မဝမ်းနည်းသွားမိတယ်။ ပြီးရင် စာကို စာအိတ်ထဲ ပြန်ထည့်ပြီး တစ်နေရာရာမှာ သိမ်းထားလိုက်တယ်။ အမှုမဲ့ အမှတ်မဲ့ပါပဲ။
အမေဆုံးပြီး နှစ်နှစ်ကြာမှ ရွာအိမ်ကို ကျွန်မတစ်ခေါက် ပြန်ဖြစ်ခဲ့တယ်။ ခြေရာလက်ရာမပျက် သော့ခတ်ထားတဲ့ အမေ့အခန်းကို ကျွန်မ အလွမ်းပြေဝင်ကြည့်ဖြစ်ခဲ့တယ်။ အမေရဲ့ဘီရို ထောင့်တစ်နေရာမှာ ဗလာစာအုပ်တစ်အုပ်ကိုတွေ့တော့ ကျွန်မ စိတ်ဝင်စားပြီး ယူကြည့်မိတယ်။ ကျွန်မနာမည်နဲ့ အစချီထားတဲ့ တစ်ဝက်တစ်ပျက် ရေးလက်စစာတွေ၊ ဖျက်ရာ၊ ပြင်ရာ ဗလာပွနဲ့ စာတိုလေးတွေက ဗလာစာအုပ်နဲ့ အပြည့်ပါပဲ။ ကျွန်မဆီ စာတစ်စောင်ရေးဖို့ အမေဘယ်လောက် အချိန်ယူအားစိုက်ခဲ့ရတယ်ဆိုတာ ရေးရာ၊ ခြစ်ရာတွေ ပွနေတဲ့ ဗလာစာအုပ်လေးက သက်သေပါ။ ကျွန်မရဲ့လက်တွေ စာရွက်ကို အဆက်မပြတ် လှန်နေသလို ပါးပြင်ပေါ်က မျက်ရည်တွေလည်း အဆက်မပြတ် စီးဆင်းလို့နေတယ်။
ဖတ်ပြီး အမှတ်တမဲ့ ခေါက်သိမ်းထားခဲ့တဲ့ အမေရဲ့မညီမညာ လက်ရေးတွေမှာ ခွန်အား ဘယ်လောက်ပါခဲ့သလဲ။ အချိန်ဘယ်လောက် ယူခဲ့ရသလဲ။ ဘယ်လောက် အားစိုက်ခဲ့ရသလဲ.. ကျွန်မ မသိခဲ့ပါဘူး။ အခုတော့ ဝါကျင်ကျင် စာရွက်ပေါ်မှာ မင်ရောင်ဖျော့နေပြီဖြစ်တဲ့ အမေ့လက်ရေးတွေက အမေ မရှိတော့တဲ့နောက် အမေ့ကိုယ်စား ကျွန်မကို ပြောဆိုဆုံးမနေသလိုပါပဲ။ လဲကျသွားချိန်ပြန်ထဖို့ ကျွန်မကို ခွန်အားတွေပေးနေခဲ့တယ်။ အားငယ်ချိန် အားတင်းထားနိုင်ဖို့ စိတ်ဓာတ်တွေ ဖြည့်ပေးနေခဲ့တယ်။
ကျေးဇူးပါ အမေ... ကျေးဇူးဆိုတဲ့ စကားတစ်ခွန်းနဲ့ မလုံလောက်မှန်းသိပေမယ့် အမေ့ကို ကျွန်မ အရမ်းကျေးဇူးတင်မိပါတယ် အမေ. . .
မျက်စိနှစ်ကွင်း အလင်းရအောင်
ကျွန်မရဲ့မီးအိမ်ကို ထွန်းညှိခဲ့သူဟာ အမေပါ။
စိတ်ဓာတ်တွေ လဲပြိုမသွားအောင်
ကျွန်မရဲ့ဝိညာဉ်ကို ပဲ့ကိုင်ခဲ့သူဟာ အမေပါ။
လမ်းခရီးဆုံးထိ လျှောက်လှမ်းနိုင်အောင်
အားအင်တွေ ဖြည့်ပေးခဲ့တာ အမေပါ...အမေ. . .
နိုင်းနိုင်းစနေ (Monday, November 05, 2007)
အလယ်တန်းဆက်တက်ဖို့ တောင်ကြီးမြို့ကို ကျွန်မရောက်ခဲ့တော့ ရွာနဲ့လည်း သိပ်မဝေး၊ နေ့ချင်းသွားပြန်လို့လည်းရတဲ့အတ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။