By Wai Maw on Saturday, December 15, 2012 at 3:41am ·
လက်ရှိနိုင်ငံရေးအခြေအနေမှာ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက် တွေအပေါ် အမြင်မကြည်လင်သူတချို့က
ဝေဖန်ချက်ပေးနေတာတွေကို ဖတ်ရပါတယ်။
တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ
ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုပြီး အစိုးရအကြိုက် လိုက်လုပ်ဆောင်နေတယ်လို့တောင်
စွပ်စွဲရေးသားနေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေး
ကြတာတွေကို လိုက်ဖတ်ကြည့်တော့ ဟိုတချိန်တုန်းက လွတ်လပ်ရေးကြိုးပမ်းမှုမှာ
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်စိုး တို့ရဲ့ ရပ်တည်လုပ်ဆောင်ခဲ့မှုတွေနဲ့ ဥပမာ
ပေးနှိုင်းယှဉ်ပြောဆိုကြတာကိုလည်း တွေ့ရပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ သခင်စိုးရဲ့ အခန်းကဏ္ဍက
ကြီးကြီးမားမားတည်ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က သခင်စိုးကို
တလေးတစားနေရာပေး ဆက်ဆံခဲ့ရတယ်လို့ ဖတ်မှတ်လေ့လာဖူးပါတယ်။ အထူးသဖြင့်
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခါစမှာပဲ မြန်မာပြည်ကို ကူးစက်ရောက်ရှိလာနိုင်တဲ့
ဖက်ဆစ်အန္တရာယ်ကို ပထမဆုံး မီးမောင်းထိုးပြနိုင်ခဲ့သူတွေထဲ သခင်စိုးက ထိပ်ဆုံးမှာပါ။
သူရေးသားခဲ့တဲ့ အင်းစိန်စစ်တမ်း၊ မြင်းခြံစစ်တမ်းတွေ သက်သေအထင်အရှား
ရှိနေဆဲပါ။
သခင်စိုးရဲ့ သေရဲတိုက်ရဲတဲ့ သူရဲကောင်းစိတ်ဓာတ်ကို
ကျနော် အားကျဂုဏ်ယူမိခဲ့ပါတယ်။ ဒေါသကြီးသူပီပီ တခါတရံ အလွန်အကျွံလုပ်ရပ်တွေ
ကျူးလွန်ခဲ့တာကိုလည်း ဖြည့်စွက်နားလည်ပေးခဲ့ပါတယ်။
ဆင်စွယ်ရွာလူသတ်ပွဲဟာ သခင်စိုးရဲ့ နိုင်ငံရေး
နာလန်မထူနိုင်အောင် ကျူးလွန်ခဲ့တဲ့ အမဲစက်ကြီးအဖြစ် မဆလ၊ နဝတ၊ နအဖ အစိုးရတွေ
တလျှောက်လုံး ပုံဖော်ဝါဒဖြန့်ခဲ့ပေမဲ့ ကျနော့်စိတ်ထဲမှာ ‘မြေရှင်လက်က
မြေယာကိုသိမ်းပြီး လယ်သမားတွေ လုပ်ခွင့်ရအောင် ပြန်ဝေငှပေးတာကို မယူရကောင်းလား’
ဆိုပြီး ဂရုဏာဒေါသော ဖြစ်ခဲ့ရတဲ့ စေတနာအမှားလို့တောင်
ကျနော်ဖြည့်တွေးခဲ့ဖူးပါတယ်။
(တကယ်တော့ ဆင်စွယ်ရွာက လယ်သမားတွေအသတ်ခံရမှုသာ
အဖတ်တင်ခဲ့ရပြီး လယ်သမားတွေလက်ထဲ လယ်မြေရောက်ရှိလာအောင် သခင်စိုး
စွမ်းဆောင်မပေးနိုင်ခဲ့ပါ။)
ပြီးတော့ သခင်စိုးဟာ သူလုပ်ခဲ့မိတဲ့ အမှားတွေကို
မှားမှန်းသိတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်း မခြွင်းမချန် ဝန်ခံတတ်တဲ့
အကျင့်ရှိကြောင်းလည်း ကြားသိရဖူးပါတယ်။
လွတ်လပ်ရေး ရပြီးခါစ သုံးပါတီညီညွှတ်ရေး
ဆွေးနွေးပွဲမှာ သခင်စိုးက ‘ငါတို့ရဲ့ ဂိုဏ်းဂဏအစွဲတွေကြောင့် သခင်အောင်ဆန်းလို
ခေါင်းဆောင်မျိုးကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်’ လို့ ဖွင့်ဟဝန်ခံကြောင်း လေ့လာမှတ်သား
ဖူးပါတယ်။
လွတ်လပ်ရေးအကြိုကာလ ဗြိတိသျှအစိုးရနဲ့
ဖဆပလအဖွဲ့ချုပ် သံတမန်ရေးနည်းလမ်းအရ ဆွေးနွေးညှိနှိုင်း နေချိန်မှာ သခင်စိုး
ဇာတ်ကြမ်းတိုက်ခဲ့တာကိုတော့ သမိုင်းနောက်ခံစာမျက်နှာများပေါ်မှာ အထင်အရှား
တွေ့မြင်နေရဆဲပါ။
သူ့ရဲ့ သေရဲတိုက်ရဲ အလံမလှဲစတမ်း စိတ်ဓာတ်ဟာ
ဖက်ဆစ်တော်လှန်ရေးမှာ အရေးပါတာသွားခဲ့တာ မှန်ပေမဲ့ အပေးအယူလုပ်
စေ့စပ်ဆွေးနွေးရယူရမယ့် လွတ်လပ်ရေး အရေးဆိုတဲ့ ကာလမှာတော့ အဖျက်သဘော
သက်ရောက်ခဲ့ရပါတယ်။
လွတ်လပ်ရေးနောက်ပိုင်း အာဏာရအစိုးရကို
လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့သော်လည်း အရှုံးနဲ့ နိဂုံးချုပ်ခဲ့ ရတာလည်း
သခင်စိုးပါ။ တစောက်ကမ်းလုပ်တတ်တဲ့ အကျင့်က သူ့ကိုရော သူယုံကြည်ရာနိုင်ငံရေးကိုပါ
ရစရာ မရှိအောင် ဆွဲချသွားခြင်း ခံလိုက်ရတာပါ။
ခေါင်းဆောင်တဦးရဲ့ အရည်အချင်းဟာ
စွန့်လွှတ်အနစ်နာခံမှု၊ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ဆုံးဖြတ်ချက် ခိုင်မာမှုတွေအပြင်
အခြေအနေ အချိန်အခါနဲ့အညီ ဦးဆောင်မှုပေးနိုင်ခြင်း၊ လှုပ်ရှားမှု သို့မဟုတ် တိုက်ပွဲရဲ့
အကျိုးအမြတ်နဲ့ ဆုံးရှုံးနစ်နာမှု အလားအလာကို မှန်မှန်ကန်ကန် ခွဲခြမ်းစိတ်ဖြာနိုင်မှု၊
လက်ရှိတိုက်ပွဲက ရလာမယ့် အကျိုးအမြတ်ကို နောင်လာမယ့်တိုက်ပွဲတွေမှာ
ဆက်လက်ရင်းနှီးမြှုပ်နိုင်ဖို့ အခွင့်အလမ်းကို ခန့်မှန်းတွက်ချက်နိုင်မှု စတဲ့
အရည်အသွေးတွေပါ ပြည့်စုံပါမှ တိုင်းပြုပြည်ပြုခေါင်းဆောင် ဖြစ်လာနိုင်မယ်လို့
ယူဆမိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ လက်နက်ကိုင် အပြတ်အသတ်
တိုက်ပွဲဆင်ရာမှာ အောင်ပွဲရတဲ့အထိ ဦးဆောင် ဦးရွက်ပြုနိုင်ခဲ့သလို အပေးအယူ
စေ့စပ်ဆွေးနွေးရေးအဆင့်မှာလည်း ရုပ်လုံးပေါ်အောင် စွမ်းဆောင်နိုင်ခဲ့သူ
တဦးဖြစ်ပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံဟာ နု-လက်တလီစာချုပ်နဲ့
လွတ်လပ်ရေးရခဲ့တာ ဖြစ်ပေမယ့် နု-အက်တလီစာချုပ် ဆိုတာ
အောင်ဆန်း-အက်တလီစာချုပ်ရဲ့အဆက်ပါ။ အောင်ဆန်း-အက်တလီစာချုပ်အရ လွတ်လပ်ရေးရယူ
နိုင်ငံခဲ့ရင် မြန်မာနိုင်ငံရဲ့အခြေအနေ ပိုကောင်းခဲ့မှာ အသေအချာပဲလို့
တွေးမိပါတယ်။
သခင်စိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်း
လွတ်လပ်ရေးလှုပ်ရှားမှုအတွင်း အတူပါဝင်ခရီးနှင်ခဲ့ပေမဲ့ မတူညီသော ရပ်တည်ချက်အမြင်နဲ့
ဦးဆောင်နိုင်မှုစွမ်းရည်တွေကြောင့် သူတို့နှစ်ဦးရဲ့ သမိုင်းရုပ်ပုံလွှာတွေလည်း
ကွဲပြား ခြားနား ခဲ့ရတာပါ။
ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသားခေါင်းဆောင်၊
မြန်မာ့လွတ်လပ်ရေးပိသုကာကြီး အဖြစ် ဂုဏ်ယူလေးစား နေကြချိန်မှာ သခင်စိုးကတော့
(သူ့ကို လေးစားကြည်ညိုရင်းစွဲရှိသူတွေ အတွက်ပင်လျှင်) အရေးတော်ပုံ မအောင်မြင်ခဲ့တဲ့
ကွန်မြူနစ်ခေါင်းဆောင်တဦးနေနဲ့သာ အသိအမှတ်ပြုခံရတာ ထင်ရှားပါတယ်။ ဘယ်သူမှ
ဒီထက်ပိုပြီး ချီးမြှောက်လို့ မရပါဘူး။ သူ့ရဲု့လုပ်ရပ်ကသာ သူ့သမိုင်းကို
ပုံဖော်သွားတာပါ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်
မချင့်မရဲဝေဖန်သူများကို ‘ဒေါ်စုလုပ်တာ မထောက်ခံနိုင် ဘူးဆိုရင် ဒီထက်ကောင်းတဲ့
နည်းလမ်းလေး ပြောပါအုံး’ ဆိုတော့ တိတိပပ အဖြေမပေးနိုင်။ ဆင်ဝှေ့ရန်ရှောင်
ပြောဆိုနေကြတာလည်း ပရိသတ်အသိပါ။
![](https://sphotos-b.xx.fbcdn.net/hphotos-prn1/60043_399097596836051_2087933531_n.jpg)
၂၀၁၀
ရွေးကောက်ပွဲ ဆန့်ကျင်ခဲ့သူတွေ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဆန့်ကျင်ခဲ့သူတွေလည်း
‘ရွေးကောက်ပွဲ ဝင်တဲ့နည်းလမ်းကို ဆန့်ကျင်တယ်ဆိုရင် တခြားအလုပ်ဖြစ်နိုင်တဲ့
နည်းလမ်းချပြပါ’ ဆိုတဲ့မေးခွန်းအပေါ် ခုလိုပဲ သောင်မတင်ရေမကျ ၊ မြွေမသေတုတ်မကျိုး
အငြင်းထွက်စရာ စကားတွေနဲ့ အူလည်လည်ခဲ့တာ တွေ့ရပါတယ်။ မြန်မာပြည်မှာ အပြောင်းအလဲတွေ
ဖြစ်ပေါ်နေပြီ လို့ ကမ္ဘာ့အင်အားစု ကြီးတွေက တစုံတရာ လက်ခံအသိအမှတ် ပြုပြီး
မြန်မာပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့၊ ပြုပြင် ပြောင်းလဲရေး
လုပ်ငန်းစဉ်ကို ကူညီအားဖြည့်ပေးဖို့ စိုင်းပြင်းလာချိန်မတော့
ရွေးကောက်ပွဲဆန့်ကျင်ရေး အင်အားစုထဲက ပုဂိုလ်အတော်များများ ပြည်တွင်းကို
ရောက်နေနှင့်တာလည်း ပရိသတ် အမြင်အသိပါ။
ဒီတော့ ဘယ်သူတွေ ဘယ်လိုပဲကန့်ကွက်ကန့်ကွက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိရပ်တည်ချက်နဲ့ လုပ်ရပ်အပေါ် ကျနော်
အပြည့်အဝထောက်ခံအားပေးပါတယ်။ ဒေါ်စုဟာ ပြည်သူ့အကျိုးစီးပွားကို ဘယ်တော့မှ
မျက်ကွယ်ပြုမယ့်သူ မဟုတ်ပါ။ ဒီအချိန်မှာ လူထုရဲ့နစ်နာခံစားချက်တွေကို နည်းနည်း
အရောင်မှိန်ထားပြီး တဖက်အင်အားစုနဲ့ ပြေလည်မှုရရှိဖို့
အပေးအယူလုပ်ညှိနှိုင်းနေခြင်းသာ ဖြစ်ပါတယ်။ ဒီနေ့မနက်ဖြန် ရလဒ် ထွက်ပေါ်မလာနိုင်ပါ။
ဒါပေမဲ့ အချိန်တန်လို့ ထွက်ပေါ်လာမယ့်ရလဒ်ဟာ ရေရှည်အကျိုးကို ဆောင်ကြဉ်း
နိုင်ပါလိမ့်မယ်။
လောလောဆယ် လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းပြသနာမှာ ဒေါ်စုကြားနေရပ်တည်ဆောင်ရွက်ခြင်း အားးဖြင့်
ကိုယ်ကျိုးစီးပွားဖက်တွယ်ထားသူတွေ ဒေါ်စုကို အပြစ်ရှာဖို့ ခက်သွားပါတယ်။
လွှတ်တော်တွင်းမှာ လုပ်သာကိုင်သာ ပိုရှိလာနိုင်ပါတယ်။ အစိုးရအဖွဲ့တွင်းက
ပြုပြင်ပြောင်းလဲရေးလိုလားသူတွေ အသက်ရှူ ချောင်သွားစေနိုင်ပါတယ်။
အထူးသဖြင့် တပ်မတော်ထဲက moderate ဖြစ်တဲ့
အင်အားစုတွေရဲ့ အာရုံစိုက်လေးစားခြင်းကို ခံရမှာ သေချာ ပါတယ်။ တပ်မတော်က ဒေါ်စုကို
အာရုံစိုက်စောင့်ကြည့်ခြင်းခံရတာ ဒီတခါ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမ အကြိမ် ၁၉၈၈
ဖြစ်ပြီးစကာလတုန်းက တပ်မတော်နဲ့ ဒေါ်စုနီးစပ်ခွင့်မရအောင် စစ်အာဏာရှင်တွေ ကြံဆောင်မှု
အထမြောက်ခဲ့ပါတယ်။ ယခုတကြိမ်ရော ဒီလိုအဖြစ်ခံကြအုံးမလား…?
ပြုပြင်ပြောင်းလဲရေးခရီးစဉ်မှာ
ခရိုနီလက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်ရာမှာပဲ ဖြစ်ဖြစ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာမှာပဲဖြစ်ဖြစ် တပ်မတော်တွင်းက အင်အားစုတွေရဲ့
ထောက်ခံပံ့ပိုးမှု ပါမှသာ အထမြောက်အောင်မြင်နိုင်မယ် ဖြစ်ကြောင်း ဒေါ်စု ခဏခဏ
သတိပေးပြောဆို နေတာကို အလေးထားသင့်ကြပါတယ်။
စစ်အုပ်ချုပ်ရေးကာလတလျှောက်လုံး လူထုဘက်က
ပေးဆပ်မှုတွေ ကမ်းကုန်နေပါပြီ။ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးထက်ပိုသော
အမြတ်အစွန်းရရှိဖို့ကိုတော့ ခေါင်းဆောင်တွေ တာဝန်ယူရမှာဖြစ်ပါတယ်။ နောက်ထပ်လည်း
အခြေအနေအချိန်အခါပေးတာနဲ့အမျှ လူထုအားကို အချိန်မရွေးရယူလို့ရပါတယ်။ လူထုရဲ့
ရပိုင်ခွင့်တွေ အပြည့်အဝအာမခံချက် မရှိသေးသရွေ့ လူထုတိုက်ပွဲ
မဆိတ်သုန်းနိုင်ပါ။
ကိုယ့်ဘက်က အင်အားကျစ်လစ်ခိုင်မာအောင်
လုပ်ထားဖို့နဲ့ တာဝန်ခံရဲတဲ့ ခေါင်းဆောင်တွေ ရှိထားဖို့ လိုအပ်ပါတယ်။ ခုချိန်ထိတော့
‘ကျမလုပ်ရပ်အတွက် သမိုင်းတရားခံဖြစ်မယ်ဆိုရင် ကျမခံပါ့မယ်’ ဆိုတဲ့ စကားကို
ဒေါ်စုတယောက်ပဲ လူသိရှင်ကြား ပြောဆိုတာ ကြားဖူးပါသေးတယ်။
လက်ရှိအကျပ်အတည်းကာလမှာ ရှေ့တန်းက ဝံ့ဝံ့စားစား
တာဝန်ယူလုပ်ကိုင်ဆောင်ရွက်နေတဲ့ လူထုခေါင်းဆောင်ရဲ့ဘေးမှာ လူထုတွေ အပြည့်အဝ
ဝန်းရံထောက်ခံ အားပေးနေတာကိုပဲ ကျနော်တို့ပြည်သူ လူထုက အမြင်ချင်ဆုံးပါ။
ဝေမော်
ဒီဇင်ဘာ ၁၅၊ ၂၀၁၂
![](https://sphotos-b.xx.fbcdn.net/hphotos-ash3/532055_399097510169393_2111042035_n.jpg)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။