ဓာတ်ရောင်ခြည် သင့်ခြင်းအတွက် ပိုတက်စီယမ် အိုင်အိုဒိုက်နှင့် ပတ်သက် သော အမေးအဖြေများ
ပိုတက်စီယမ် အိုင်အိုဒိုက် ဆေးပြား သောက်သုံးထားပါက ပိုတက်စီယမ် အိုင်အိုဒိုက်က ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ဝင်ရောက်တာကို ပိတ်ဆို့ပေးပြီး ရေဒီယိုသတ္တိကြွမှု မရှိတဲ့ အိုင်အိုဒင်းတွေကိုသာ စုပ်ယူစေပါတယ်။
ပိုတက်စီယမ် အိုင်အိုဒိုက်ဆိုတာ ဘာလဲ
...
ပိုတက်စီယမ် အိုင်အိုဒိုက် (KI - Potassium Iodide) ဆိုတာ အိုင်အိုဒင်းဆား တစ်မျိုးပါ။ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ဖို့ အတွက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဓာတုပစ္စည်း တစ်မျိုးပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အိုင်အိုဒင်းဓာတ်ကို စားတဲ့ အစားအသောက်ကနေ ရရှိသလို ဆေးဝါး အဖြစ်လည်း ရရှိနိုင်ပါတယ်။
ပိုတက်စီယမ် အိုင်အိုဒိုက်က ခန္ဓာကိုယ်မှာ ဘယ်လို လုပ်ဆောင်ပေးလဲ
လေထုထဲမှာ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း အငွေ့တွေ ပျံ့နှံ့နေတဲ့အခါ ရှူလိုက်တဲ့ လေကတစ်ဆင့် အဆုတ်ထဲကို ရောက်ရှိ သွားပါတယ်။ ဒါ့အပြင် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း အငွေ့တွေ ကပ်တင်နေတဲ့ အစားအစာနဲ့ အရည်တွေက တစ်ဆင့်လည်း ခန္ဓာကိုယ်ထဲ ရောက်ရှိနိုင်ပါတယ်။ ဒီလိုနည်းတွေနဲ့ ခန္ဓာကိုယ်ထဲကို ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ ရောက်ရှိသွားရင်တော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သိုင်းရွိုက်ဂလင်းက အလျင်အမြန် စုပ်ယူပါတယ်။ ဒီ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေက သိုင်းရွိုက်ဂလင်းကို အန္တရာယ် ပေးပါတယ်။ သိုင်းရွိုက်ဂလင်းကို အနာတရ ဖြစ်စေတာကနေ ကာကွယ်ဖို့အတွက် ရေဒီယိုသတ္တိကြွမှု မရှိတဲ့ ပိုတက်စီယမ် အိုင်အိုဒိုက်ကို ပေးပြီး ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ စုပ်ယူမှုကို ရပ်တန့်အောင် လုပ်ဆောင်နိုင်ပါတယ်။
ပိုတက်စီယမ် အိုင်အိုဒိုက်ကို အသုံးမပြုနိုင်တဲ့ အခြေအနေက ဘာလဲ
ပိုတက်စီယမ် အိုင်အိုဒိုက်ကို အသုံးပြုလို့မရတဲ့ အချက်ကိုလည်း အရေးတကြီး သိထားဖို့ လိုပါတယ်။ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ စွန်းထင်း ပေကျံနေတဲ့ အစားအစာတွေ စားမိလို့ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားတဲ့ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေကိုတော့ ပိုတက်စီယမ် အိုင်အိုဒိုက်က ကာကွယ် မပေးနိုင်ပါဘူး။ ပိုတက်စီယမ် အိုင်အိုဒိုက်က သိုင်းရွိုက်ဂလင်းကို ဖျက်ဆီးမယ့် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေကိုသာ ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ ရှိတဲ့ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေကိုတော့ ကာကွယ်ပေးနိုင်စွမ်း မရှိတာကြောင့် ပိုတက်စီယမ် အိုင်အိုဒိုက်ကို သောက်သုံးလည်း အကျိုး မရှိနိုင်ပါဘူး။
ပိုတက်စီယမ် အိုင်အိုဒိုက်က သိုင်းရွိုက်ပေါ်မှာ ဘယ်လို လုပ်ဆောင်လဲ
သိုင်းရွိုက်ဂလင်းက ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းရော၊ ရေဒီယိုသတ္တိကြွမှု မရှိတဲ့ အိုင်အိုဒင်းကိုရော မခွဲခြားနိုင်ဘဲ နှစ်ခုစလုံးကို စုပ်ယူပါတယ်။ ပိုတက်စီယမ် အိုင်အိုဒိုက် ဆေးပြား သောက်သုံးထားပါက ပိုတက်စီယမ် အိုင်အိုဒိုက်က ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ဝင်ရောက်တာကို ပိတ်ဆို့ပေးပြီး ရေဒီယိုသတ္တိကြွမှု မရှိတဲ့ အိုင်အိုဒင်းတွေကိုသာ စုပ်ယူစေပါတယ်။ သိုင်းရွိုက်ဂလင်းက အိုင်အိုဒင်းတွေနဲ့ ပြည့်သွားရင်တော့ နောက်ထပ် အိုင်အိုဒင်းကို ထပ်မံ မစုပ်ယူနိုင်တော့ပါဘူး။
ပိုတက်စီယမ် အိုင်အိုဒိုက်က ခန္ဓာကိုယ်ကို ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေကနေ အပြည့်အဝ ကာကွယ်မှု ပေးနိုင် ပါသလား။
ပိုတက်စီယမ် အိုင်အိုဒိုက်က ခန္ဓာကိုယ်ထဲ ဝင်ရောက်နေတဲ့ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေကို ရာနှုန်းပြည့်တော့ ကာကွယ်မှု မပေးနိုင်ပါဘူး။ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နေတဲ့ အချိန်ကာလ၊ သွေးတွင်း စုပ်ယူမှု မြန်၊ မမြန်၊ ထိတွေ့တဲ့ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေရဲ့ အတိုင်းအတာ ပမာဏတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ ဖြစ်နိုင်ရင်တော့ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေနဲ့ ထိတွေ့ပြီးပြီးချင်း ပိုတက်စီယမ် အိုင်အိုဒိုက်ကို ချက်ချင်း သောက်နိုင်ရင်တော့ အကောင်းဆုံးပါ။
ဘယ်လိုလူတွေ သောက်သင့်ပါသလဲ
မိခင်ဝမ်းတွင်းမှာ ရှိတဲ့ သန္ဓေသားလောင်းနဲ့ ကလေးငယ်တွေဟာ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းကြောင့် သိုင်းရွိုက်ဂလင်းက အန္တရာယ် အရှိဆုံးပါ။
ကလေး- အမေရိကန် FDA က ခန္ဓာကိုယ်တွင်း ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ ဝင်ရောက်နေပြီး အိုင်အိုဒင်းနဲ့ ဓာတ်မတည့်တာ မရှိဘူးဆိုရင်တော့ ပိုတက်စီယမ် အိုင်အိုဒိုက်ကို တိုက်ကျွေးနိုင်တယ်လို့ လမ်းညွှန်ထားပါတယ်။ မွေးစကနေ အသက် ၁၈ နှစ်အထိ ကလေးတွေက ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းရဲ့ ဆိုးကျိုးတွေကို ပိုမို ခံစားရနိုင်ပါတယ်။
လူငယ်- အမေရိကန် FDA က အသက် ၁၈ နှစ်ကနေ အသက် ၄၀ နှစ်အထိ သတ်မှတ်ထားပြီး ဒီအရွယ်တွေကိုလည်း ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ ဝင်ရောက်နေပြီဆိုရင်တော့ ပိုတက်စီယမ် အိုင်အိုဒိုက်ကို တိုက်ကျွေးနိုင်တယ်လို့ ဆိုပါတယ်။ လူငယ်တွေကတော့ ကလေးတွေလောက် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းရဲ့ ဆိုးကျိုးကို သိပ်မခံစားရနိုင်ပါ။
ကိုယ်ဝန်ဆောင်မိခင်- အိုင်အိုဒင်းက ဘယ်လိုပုံစံမျိုး ဖြစ်နေပါစေ အချင်းကိုဖြတ်ပြီး သန္ဓေသားလောင်းဆီ ရောက်နိုင်တာကြောင့် ပိုတက်စီယမ် အိုင်အိုဒိုက်ဆေးပြားကို တစ်ကြိမ်တော့ သောက်ထားရပါမယ်။
နို့တိုက်မိခင်- ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်ထားတယ် ဆိုရင်တော့ သင့်ကလေးငယ်အတွက် ပိုတက်စီယမ် အိုင်အိုဒိုက် တစ်ကြိမ်တော့ သောက်ထားပေးပါ။ ဘာကြောင့်လဲဆိုတော့ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေက မိခင် နို့ရည်ကနေ ကလေးငယ်ဆီကို အလျင်အမြန် ရောက်ရှိနိုင်တာကြောင့်ပါ။ CDC က မိခင်ခန္ဓာကိုယ်တွင်းမှာ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ ရှိနေရင်တော့ ကလေးငယ် နို့တိုက်ကျွေးမှုကို ရပ်တန့်ပြီး မိခင်နို့ အစားထိုး အသုံးပြုနိုင်တာတွေကို တိုက်ကျွေးပါလို့ အကြံပြုထားပါတယ်။
ဘယ်အချိန်မှာ ပိုတက်စီယမ် အိုင်အိုဒိုက်ကို သောက်သုံးသင့်ပါသလဲ
နျူကလီးယား ဓာတ်ရောင်ခြည် ဖြာထွက်မှုတွေကြောင့် ပတ်ဝန်းကျင်မှာ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ ပျံ့နှံ့နေခဲ့ရင် ပြည်သူ့ကျန်းမာရေးအသွင်နဲ့ ပိုတက်စီယမ် အိုင်အိုဒိုက်ဆေးပြား သောက်သုံးတာနဲ့ တခြားသောကာကွယ်မှု ပြုလုပ်သင့်တာတွေကို အိမ်တွေ၊ ကျောင်းတွေနဲ့ အလုပ်တွေမှာ ညွှန်ကြားမှု ပေးပါလိမ့်မယ်။ အဲလိုအချိန်မှာ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ စွန်းထင်းနေတဲ့ အစားအစာတွေနဲ့ ရေတွေကို မစားသောက်ဘဲ ရေဒီယို သတ္တိကြွ အိုင်အိုဒင်းတွေ ပျံ့နှံ့မှု မရှိတဲ့ ပတ်ဝန်းကျင်က အစားအသောက်တွေကိုသာ မှာယူ စားသောက်ရပါမယ်။
ဘယ်လောက်ပမာဏ သောက်သုံးသင့်ပါသလဲ
FDA က ပိုတက်စီယမ် အိုင်အိုဒိုက်ကို ဆေးပြားနဲ့ အရည်ပုံစံ နှစ်မျိုး လမ်းညွှန်ထားပါတယ်။ နျူကလီးယား ဓာတ်ရောင်ခြည် ဖြာထွက်မှု အရေးပေါ်အခြေအနေ ပြီးတဲ့နောက်မှာ ပါးစပ်ကနေ သောက်သုံးဖို့ အကြံပြုထားပါတယ်။ ပိုတက်စီယမ် အိုင်အိုဒိုက် ဆေးပြားကို ၁၃၀ မီလီဂရမ် ဆေးပြားနဲ့ ၆၅ မီလီဂရမ် ဆေးပြားဆိုပြီး ပမာဏနှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ အရည်ကတော့ တစ်မီလီလီတာမှာ ပိုတက်စီယမ် အိုင်အိုဒိုက် ၆၅ မီလီဂရမ် ပါဝင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ ဝင်ရောက်ခဲ့တယ်ဆိုရင် FDA က လမ်းညွှန်ထားတာက-
လူကြီး- ၁၃၀ မီလီဂရမ်ဆေးပြား တစ်ပြား သို့မဟုတ် ၆၅ မီလီ ဂရမ် ဆေးပြား နှစ်ပြား သို့မဟုတ် ဆေးရည် နှစ်မီလီလီတာ
နို့တိုက်မိခင်- ၁၃၀ မီလီဂရမ်
ကလေး (အသက် ၃-၁၈ နှစ်)- ၆၅ မီလီဂရမ်ဆေးပြား တစ်ပြား သို့မဟုတ် ဆေးရည် တစ်မီလီလီတာ
ကလေးငယ် (အသက် တစ်လ-၃နှစ်)- ၃၂ မီလီဂရမ် (၆၅ မီလီဂရမ်ဆေးပြား တစ်ဝက် သို့မဟုတ် ဆေးရည် ၁/၂ မီလီလီတာ)
မွေးကင်းစ ကလေးငယ် (အသက်တစ်လအတွင်း)- ၁၆ မီလီဂရမ် (၆၅ မီလီဂရမ် ဆေးပြား လေးပုံတစ်ပုံ သို့မဟုတ် ဆေးရည် ၁/၄ မီလီလီတာ)
ဘယ်နှကြိမ် သောက်သုံးသင့်ပါသလဲ
တစ်ကြိမ် သောက်ထားရင် သိုင်းရွိုက်ဂလင်းကို ၂၄ နာရီ ကာကွယ်ပေး နိုင်ပါတယ်။ နျူကလီးယား ဓာတ်ရောင်ခြည် ဖြာထွက် မှုကြောင့် ပတ်ဝန်း ကျင်မှာ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းတွေ တစ်ရက်ထက် ပိုရှိနေမယ် ဆိုရင်တော့ ပိုတက်စီယမ် အိုင်အိုဒိုက် ဆေးပြားကို ရက်အနည်းငယ် ဆက်လက် သောက်သုံးဖို့ လိုပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ မွေးကင်းစ ကလေးငယ်တွေကတော့ ထပ်ကာထပ်ကာ သောက်သုံးတာမျိုး မပြုလုပ်သင့်ပါဘူး။ ပိုတက်စီယမ် အိုင်အိုဒိုက်ကို ညွှန်ကြားချက်ထက် ပိုပြီး သောက်တာတွေက အလွန်အမင်း ဖျားတာ ဒါမှမဟုတ် အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်ပါတယ်။
ဘယ်နေရာကနေ ရရှိနိုင်ပါသလဲ
ပိုတက်စီယမ် အိုင်အိုဒိုက် ဆေးပြားကို ညွှန်ကြားချက် မရှိဘဲ ဝယ်ယူ သောက် သုံးလို့ မရပါဘူး။ ဆေးဝါးပညာရှင်ရဲ့ မှန်ကန်တဲ့ ဆေးဝါး သုံးစွဲနည်း အတိုင်း လမ်းညွှန်ချက်ကို ရယူပြီးမှသာ သောက်သုံးရပါမယ်။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။