We Love Music
“သီချင်းနောက်ကို လိုက်နိုင်မှ အဆိုတော်ကောင်းတစ်ယောက်လို့ ပြောတဲ့ အငဲ”
ဒီတစ်လ ရွှေအမြုတေ ပရိသတ်အတွက် ကျွန်မ ကြိုးစားဖြစ်တာကတော့ အဆိုတော် အငဲနှင့် တွေ့ဆုံ ခြင်းပဲ ဖြစ်ပါတယ်။ သီချင်းတွေ အရေးကောင်းသလောက်၊ သီချင်းတွေ အဆိုကောင်းသလောက်၊ စာမျက်နှာတွေ ပေါ်မှာကျတော့ နေရာကောင်းမယူဘဲ စာဖတ် ပရိသတ်နဲ့ အတွေ့ကြဲလွန်းတဲ့ ဂီတသမားကောင်းကိုမှ ကျွန်မကလည်း တွေ့ဆုံချင်တာ ဖြစ်ပါတယ်။
တကယ်တမ်းတွေ့ဆုံ ဖြစ်တော့လည်း ပဂိသတ် အတွက်ဆိုတာနဲ့တင် လှိုက်လှိုက်လှဲလှဲ ဖြေးပေးလာတာကြောင့် ဂီတသမားကြီးကို ကျေးဇူးတင်ရ ပြန်ပါတယ်။ ကျွန်မတို့ စကားဝိုင်းလေးကို ဖတ်ဖြစ်လို့ ပရိသတ်ကျေနပ်နှဏ်သက်တယ် ဆိုရင်ပဲ ကျွန်မတို့ ကြိုးစားရကျိုး နပ်ပါပြီလို့ ဆိုရင်း...
ဦးကို ပထမဦးဆုံး မေးချင်တာက အင်တာဗျူးနဲ့ ပတ်သက်တဲ့ ဖီလင်ပါ။ ဦးကို အင်တာဗျူးတော့မယ် ဆိုတဲ့ အချိန်မှာ ဘယ်လိုခံစားရပါသလဲ။ ဥပမာ စိတ်လျှော့ထားပြီး relax ဖြစ်ပြီးမှ အဆင်သင့် ပြင်ဆင်ထားပါသလား။ ဒါမှမဟုတ် မေးခွန်းတွေအတွက် စိတ်ပူ၊ စိတ်တင်းကျပ်တာမျိုးရော ရှိသလား။
> အခုတော့ မဖြစ်တော့ပါဘူး။ အရင်ကတော့ စကားမှားမှာ စိုးတာပါ။
ဦးကအေးအေးဆေးဆေး နေတတ်တဲ့သူ၊ သိပ် ခေါင်းစားမခံတတ်တဲ့သူလို့ ပြောရင်ရမလား။
> ပြောလို့ရပါတယ်။ အေးအေးဆေးဆေးတော့ နေချင်ပေမယ့် မနေတတ်ဘူး။
သိပ်ခေါင်းစား မခံတတ်တဲ့သူက အနုပညာပိုင်းမှာကျတော့ အဆိုရော၊ အရေးရောမှာ တစ်ပြိုင်တည်း ဒွန်တွဲပြီး လျှောက်ခဲ့တယ်။ အငဲ ဂီတလောကထဲကို ၀င်မယ်ဟေ့ ဆိုကတည်းက တစ်ခါတည်း ဒွန်တွဲပြီး ပြင်ဆင်ထားတာလား။
> ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ပါဘူး။ ဂီတက အဆိုရယ်၊ အတီးရယ်၊ အရေးရယ် ပေါင်းမှဖြစ်တာကိုး။ ၀ါသနာ ပါတာက ဟိုစပ်စပ် ဒီစပ်စပ် သုံးမျိုးစလုံးပဲ။ အတီးက အဖြစ်မရှိလို့။ ငယ်ငယ်က ရုးခဲ့တာက ဂစ်တာဗျ။
ဦးက ကိုယ်ဆိုဖို့အတွက်တင် ရေးတာမဟုတ်ဘဲ တခြားအဆိုတော်တွေအတွက်ပါ ရေးနေတာဆိုတော့ တေးရေးအဖြစ်နဲ့ကလည်း အဆိုရှင် အနေအထားကို အားပြိုင်နေတယ်ပြောရင် ရမလား။
> အဲဒီလိုတော့ သရုပ်ခွဲပြီး မတွေးမိပါဘူး။ ရေးပေးတာကလည်း ဘော်ဒါတွေ (၀ိုင်ဝိုင်း၊ မျိုးကြီး၊ လေးဖြူ) တို့ကိုပေါ့။ သူတို့တွေရဲ့ Album တွေမှာ ၀င်ယောင်ရင်းနဲ့ပဲ ဖြစ်မှန်းမသိ ဖြစ်သွားတာမျိုးပါ။ ဦးက ၁၉၈၈ ခုနှစ်လောက်ကမှ စရေးဖူးတာ။ လေးဖြူက (၁၉၈၀-၈၁) လောက်ကတည်းက ရေးဖူးတယ်။ သူက အဆိုတော်ဖြစ်ပြီးမှ ရူးချင်ယောင်ဆောင်နေတာ။ အဲဒီတုန်းက သူက Own tune တွေပဲရေးတာ။ ဦးထက်တောင် သူက အမယ်စုံသေးတယ်။ ရပ်ကွက်ဝိုင်းတွေမှာဆိုရင် သူက တီးမယ့်လူမရှိတဲ့ တူရိယာတီးတာပဲ။ Bass မရှိရင် Bass ။ Drummer မရှိရင်လည်း ၀င်ယောင်တာပဲ။ ထဖြစ်တော့ အဆိုတော် ဖြစ်သွားတာ။ နှစ်ယောက်စလုံးက ရူးတော့ Player ဖြစ်ချင်ကြတာလေ။
Copy က ထားပါတော့ ကိုယ်ပိုင်သံစဉ်မှာကျတော့ ဦးကသံစဉ်ကို အရင်ရှာဖွေထားပြီးမှ အကြောင်းအရာ စာသားထည့်တာလား။ ဒါမှမဟုတ် သိပ်ကောင်းတဲ့ အကြောင်းအရာ ရတော့မှ ကမန်းကတန်း ဂစ်တာကိုင်ပြီး သံစဉ်လိုက်ရှာရတာလား။
> အခုထိကို တစ်ပုဒ် အစအဆုံးပြိးအောင် မရေးဖူးသေးဘူး။ Verse ရရင်လည်း Chorus ထည့်လို့မရတာတို့။ Chorus ရတော့လည်း Verse မကြိုက်တာနဲ့ ချာချာကိုလည်နေတာပဲ။ စိတ်ဓါတ်တောင် ကျချင်တယ်။ အားမရဘူး။ ဒါနဲ့ပဲ ဟိုတစ်စ ဒီတစ်စ လိုက်ကောက်ပြီး ဆက်ရအောင်လည်း မဟုတ်၊ ရေးတာကတော့ သံစဉ်ရှာပြီးမှ စာသားရေးတာပါ။ အဲ.. စာသားကို ကြိုက်သွားလို့ ရှိပြီးတဲ့ သံစဉ်နဲ့ မလိုက်လို့ သံစဉ်ပြင်ရတာတော့ ရှိတာပေါ့။ ဒီလိုပဲ လိမ်ဖယ် လိမ်ဖယ်နဲ့ ရေးမိတာပဲလေ။
ဦးရေးဖွဲ့တဲ့ သီချင်းတွေက စိတ်ကူးယဉ် တင်စားချက်က ရာနှုန်းများသလား။ ဒါမှမဟုတ် လက်တစ်ကမ်းက ဘ၀ဆန်တဲ့ လူနေမှု အကြောင်းအရာ အစစ်တွေကို ရေးသလား။
> စိတ်ကူးယဉ်တာက များပါတယ်။ ဒါပေမယ့် ဦးက နိစ္စဓူဝ ကြုံနေကြတဲ့ လက်တွေ့ဘ၀တွေကိုပဲ စိတ်ကူးယဉ်တာပါ။ အပြင်မှာ မဖြစ်နိုင်တဲ့ ဒဏ္ဍာရီဆန်ဆန်ရေးတဲ့ “မဉ္ဖူရီ” သီချင်းမျိုးလည်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ ပေါ့။ တွေးမိသလို၊ ရေးမိတာပါပဲ။ ဒီဟာမျိုးပဲ ရေးမယ်လို့ အသေကြီး တစိုက်မက်မက်နဲ့ ဦးနဲ့က ဖြစ်မှာမဟုတ်ဘူး။
ဆိုပါစို့ ဦးရယ်။ ဆဌမ အာရုံ အခွေမှာ ဦးရေးတဲ့ အစွန့်ပစ်ခံ သီချင်းလေးပါတယ်။ (ကျွန်တော်ထွက်ပြေးသွားတဲ့ နောင်မှ၊ သောကများနဲ့ လိုက်ရှာရ၊ တကယ်ကို ဆုံးရှုံးသွားတော့မှ အမေဟာ သောကမီးများဝိုင်း) ဆိုတဲ့ စာသားမျိုး ( ကျွန်တော် အမေ့ရဲ့ အချစ်တွေ ငတ်မွတ်လို့) ဆိုတဲ့စာသားတွေကို ရေးခဲ့ ဆိုခဲ့တယ်။ တကယ့်ဘ၀ အမှန်မှာရော ဦးက အမေ့အတွက် သားလိမ္မာဖြစ်ခဲ့လား။ သားဆိုးဖြစ်ခဲ့လား။ အဲဒီသီချင်းက တကယ့်ဘ၀အမှန်ပဲလား။
> ဦးက လိမ္မာပါတယ်။ ( အမေ့ရှေ့မှာတော့) အဲဒီအစွန့်ပစ်ခံက ခံစားယူတာပါ။ ဒီလိုပါ။ မိဘမဲ့ကျောင်းက ကလေးသူငယ် အရွယ်စုံတွေ၊ အပျံသင်စမှာ ခေါင်းစဉ်မျိုးစုံနဲ့ အကြောင်းမျိုးစုံနဲ့ မိခင်မဲ့နေသူတွေကို မြင်ရကြုံရတဲ့အခါ စပ်စပ်စုစု ၀င်ခံစားကြည့်တာပါ။ ဦးအမြင်က သီချင်းရေးသူဆိုတာ အဲဒီလိုဝင်ဝင်ပြီး မျှဝေခံစားကြည့်ကြသူတွေလို့ မြင်တယ်။ ဦးအတွက်တော့ ဦးရဲ့အမေက အခုဦးအရွယ်ကြီးကို ကလေးမှတ်နေတုန်းလေ။
တချို့သီချင်းရေးဆရာတွေက လမင်းဆိုလမင်း၊ ပင်လယ်ဆိုပင်လယ်၊ စသဖြင့် မသိစိတ်က စွဲလမ်းပြီး တင်စားတာတွေက ထပ်နေတယ်။ ဦးကရော အနုပညာဖန်တီးသူတစ်ယောာက် အနေနဲ့ မသိစိတ်က မသိမသာ စွဲလမ်းနေတဲ့ အရာ ရှိမလား။
> အဲဒါက ဘေးလူကမှ မြင်တာ။ ပရိသတ်မေးမှပဲ သိရမှာပဲလေ။
ဦးသီချင်းရေးတဲ့အခါ ခံစားချက်ကို ရှေ့တန်းတင်ပြီး ရေးပါသလား။ ခံစားချက်အရ သီချင်းက အနုအရင့် ကွာသွားပါသလား။
> ပထမဦးဆုံး ရှေ့တန်းတင်တာက အကြောင်းအရာ။ သံစဉ်နဲ့လိုက်မယ့် အကြောင်းအရာပေါ်မှာ အနုအရင့် ခံစားပြီး ရေးတာပါ။
ဥပမာ ဆဌမအာရုံအခွေ “မိုးပြိုကျတောင် မကယ်နိုင်ဘူး” သီချင်းတစ်ပုဒ်တည်းမှာပဲ (မင်းလမ်းခွဲစကားပြောတုန်းက ငါ့ဘက်ကတော့ ကမ္ဘာပြိုသွားခဲ့တယ်) တဲ့၊ (မင်းရှုပ်တဲ့ အမှု မိုးပြိုကျတောင် မကယ်နိုင်ဘူး) ခံစားချက်အမာ၊ အပျော့ ဒွန်တွဲနေတယ်။ ဒါတကယ့်ခံစားချက်ပဲလား။
> တကယ့်ခံစားချက်တွေလို့ ထင်နေတာလား။ မဆိုးဘူး။ လူတောင်နည်းနည်း မြောက်သွားပြီ။ ဖွဲ့အားကောင်းတာပေါ့နော်။ အစစ်တွေပဲရေးရင် မိန်းကလေး သီချင်းတွေအပ်တော့ ဘယ်လိုသွားရေးမလဲ။ ဟုတ်ဖူးလား။ ခံစားချက်က အမာ၊ အပျော့ ဒွန်တွဲနေတယ်ဆိုတာ သီချင်းမှ မဟုတ်ပါဘူး။ အမာ၊ အပျော့၊ အဖိအဖော့၊ အတိုး အကျယ်၊ အနိမ့်အမြင့် ဒီလိုပဲ အနုပညာတိုင်းမှာ ပါရတာပဲ မဟုတ်လား။ ဟာသမှာတောင် ချက်ချင်းရယ်ရတာနဲ့ တဖြည်းဖြည်းတွေးလေ ရယ်ချင်လေ ဆိုတာမျိုး ရှိတယ်မဟုတ်လား။ ဒီလိုသဘောပါပဲ။
ဦးက ဗီစီဒီရိုက်တာ။ ကင်မရာရှေ့ သရုပ်ဆောင်ရတာ နဂိုကတည်းက ၀ါသနာမပါဘူး။ အဲဒီဖီလင်ကို နဂိုကတည်းက မကြိုက်ဘူးလို့ မဂ္ဂဇင်းတစ်အုပ်မှာ ပြောခဲ့တယ်။. ၀ါသနာ မပါတဲ့ကိစ္စကို ဦးရဲ့ သီချင်းခွေမှာသာ မက R ဇာနည်ရဲ့ စည်းတစ်ဖက်ခြား ဗီစီဒီအထိ သယ်ဆောင်လာခဲ့တယ်။ အဲဒါမျိုးကျတော့ ဘယ်လိုဖြစ်သွားလဲ။
> အဲဒါပြောတာပေါ့။ ဇာနည်နဲ့က ညီအကိုလို နေတာ။ Producer နဲ့က ရင်းနှီးနေတယ်။ လုပ်ချင်တာပဲ သိပြီး သောက် အလိုက်ကမ်းဆိုး မသိတဲ့ ဇာနည်က သူ့ရဲ့ Producer ခွန်နောင်ကို မပါပါအောင် အိမ်ပေါ်ခေါ်တက်လာတော့ ဘယ်လိုငြင်းရမလဲ။ သူတို့တိုက်တာကိုလည်း သောက်ပြီးနေပြီ။ ပြောသာပြောတာပါ။ မျိုးဆွေသန်း (ကျောင်းဆရာ) ပြောသလိုပါပဲ။ ဦးတို့ သူငယ်ချင်းတွေအားလုံးက ကိုယ့်အလုပ်မဟုတ်ရင် လန်းလန်း လန်းလန်းနဲ့ ဟိုနားဝင်ပါ ဒီနားဝင်ပါနဲ့။ ကိုယ့်အလုပ်ဆိုရင်သာ နေရွေ့ညရွေ့နဲ့ ဦးတို့ သူငယ်ချင်းတွေက ကြီးပွားမယ့်ကောင် တစ်ကောင်မှ မပါဘူး။ အခု ဇာနည့်သီချင်းက ဘာဟုတ်သေးလဲ။ နဂိုကတည်းက ရပြီးသား သီချင်းလေ။ ၀ိုင်ဝိုင်းတို့၊ မျိုးကြီးတို့ သီချင်းတွေတုန်းကဆိုရင် အိမ်မှာ နှစ်ရက်လောက် ဂစ်တာ Parts တွေ ခိုးကျင့်သွားသေးတယ်။
တခြားအတွဲခွေတွေမှာ ၀င်မဆိုဖြစ်ကြတာက မထင်မှတ်ဘဲ တူညီသွားတဲ့ ဆုံးဖြတ်ချက်တွေကြောင့်လား။ ဒါမှမဟုတ် တရားဝင် ညှိထားကြတာပါလား။
> ဦးတို့က လွတ်လပ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြံပဲပေးတာပါ။ ဘယ်သူကမှ ဘယ်သူ့ကို တားဟယ်၊ ဆီးဟယ် မရှိပါဘူး။ ဒီလောက်ပေါင်းလာတာ ကြာလာတော့လည်း ညီအစ်ကိုဆိုလည်းဟုတ်တယ်။ မိသားစု ဆိုလည်း ဟုတ်တယ်လေ။ ဒီတော့ စုန်းပြူးလို သူများတွေကြားထဲမှာ သွားမပါဖြစ်တော့တာမျိုးပါ။ တခြားအတွဲတွေ Band တွေနဲ့က လူချင်းရင်းနှီးကြပါတယ်။ အိမ်ကွင်းမှာပဲ ကန်တာများတော့ အဝေးကွင်း မကန်ဖြစ်တော့သလိုပါပဲ။
ဦးတို့က တစ်ခွတစ်ခွေ သိပ်ကြာတယ်။ Copy ပဲဖြစ်ဖြစ်။ Own ပဲဖြစ်ဖြစ် သီချင်းထဲက တင်စားထားတဲ့ အကြောင်းအရာတွေက သိပ်ကြာသွားရင် လတ်ဆတ်ပါတော့မလား။ Current မအောက်သွားဘူးလား။
> Theme ခိုင်ရင်တော့ ရေစိမ်ခံ၊ ကြာရှည်ခံပေါ့။ Style သက်သက် သီချင်းမျိုးလည်း ဦးတို့သူငယ်ချင်းတွေက မရေးကြပါဘူး။ ထွက်ခါနီး မှ Current အောက်နေလည်း အဲဒီအပုဒ် ဖြုတ်လိုက်ရုံပါပဲ။
အဲဒီလို ရေးထား၊ ဆိုထားပြီးမှ စိတ်ထဲက မကြိုက်တော့လို့ ဖြုတ်ပယ်ပစ်လိုက်ရတဲ့ သီချင်းမျိုးရော ရှိမလား။
> ရှိတာပေါ့။ ကြိုက်ရဲ့သားနဲ့လည်း Album တစ်ချပ်လုံးထဲမှာ အီတယ်၊ အိုင်တယ်၊ သပ်သပ်ကြီး “ကျား”နေတယ်ဆိုလည်း ဖြုတ်လိုက်တာပါပဲ။ နောက်ဆုံး Target အထိ လိုက်ပစ်တဲ့ သဘောပါပဲ။
သီချင်းအပေါ်ကို ချေးများတဲ့ စိတ်ကြောင့် ခွေထွက်ဖို့ တိုင်ပတ်ပြီး ကြာနေတာမျိုး ရှိမလား။ အဲဒါက တစ်နည်းအားဖြင့် အဆိုတော် အငဲရဲ့ နာမည်ကို ကာကွယ်ဖို့ တွေးကြောက်နေတာလား။
> အခုတောင် တိုင်ပတ်နေပြီလေ။ ချေးများတာက နည်းနည်းပါ။ ထိုင်တာများသွားလို့ အင်ဂျင်က အထနှေး နေလိုက်တာ။ ဇွဲကောင်းတဲ့ မျိုးကြီးက Mixing ခန်းကို ကျော်တက်သွားပြီ။ နာမည်အတွက်တော့ ဘာကြောက်စရာ ရှိသလဲ။ ဦးက ကိုယ်တိုင်ကြိုက်တဲ့ Music ကိုပဲ လုပ်တယ်။ ဆိုတယ်။ နားထောင်တယ်။ ဒီအတွက် လုံးဝဂုဏ်လည်း ယူတယ်။ လိပ်ပြာသန့်တယ်။ မကြိုက်ဘဲနဲ့ ဆိုလိုက်ရတဲ့ သိချင်းတစ်ပုဒ်မှ မရှိဘူး။ အဲဒိ “အငဲ” ဆိုတဲ့ နာမည်ကြီးကလည်း ဟော... ဒီနေ့ပရိသတ်က လှည့်မကြည့်တော့တဲ့ အချိန်ဆိုရင် ဆိုက်ကားနင်းရင် အငဲနင်းတဲ့ ဆိုက်ကားမို့လို့ ရွေးပြီးစီးမယ့် ခရီးသည်တောင် ရှိမှာ မဟုတ်ပါဘူ။
ဦးကတေးရေး၊ တေးဆို တစ်ပြိုင်တည်း ဒွန်တွဲနေတာမို့လို့ မေးကြည့်ချင်တာက အနုပညာဆိုတာ အမြဲတမ်း လတ်ဆတ်နုပျိုနေတယ်ဆိုတဲ့ အချက်အပေါ်ကို ဦးဘယ်လို ခံစားရပါသလဲ။
> ဟုတ်မှာပါ။
ဆိုပါစို့ဦးရယ်၊ ဝေးပြီဘေဘီ လိုသီချင်းမျိုးက ခုချိန်မှာ ကာလံဒေသံအရ ဦးရဲ့ အသက်အရွယ်အရ ပြန်ဆိုရင် ဦးအနေနဲ့ လတ်ဆတ်နိုင်ပါ့မလား။
> ဖြေရတာတော့ ခပ်ကျပ်ကျပ်ပဲ။ ဒီလိုပါ။ ဦးအမြင်က သီချင်းက သီချင်း၊ ဆိုသူက ဆိုသူပါ။ အဲဒီလိုသာ အသက်တွေ၊ အရွယ်တွေ ကန့်သက်နေရင် Teenage ကျော်ရင် အချစ်သီချင်း ပေါ့ပေါ့ပါးပါးတွေ မဆိုရအောင် ဖြစ်နေမှာပေါ့။ ဦးအမြင်က သီချင်းရဲ့ အကြောင်းအရာနောက်ကို လိုက်နိုင်သလောက် လိုက်ရမှာက ဆိုတဲ့သူရဲ့ အလုပ်လို့မြင်တယ်။ မလိုက်နိုင်ရင် မဆိုတတ်တာပါပဲ။ ဦးလည်း ဒီလိုပဲ အမြင်လွဲဖူးတယ်။ တေးရေးဆရာက အကြောင်းအရာကို ခပ်ငယ်ငယ် ရေးပေးတော့ ဆိုရမှာ ရှက်သလိုလို ဘာလိုလိုပေါ့။ ငါ ဒီအရွယ်မှာ ဒီလိုကြီး ဆိုရမှာပါလားပေါ့။ အဲဒါကိုက မှားနေတာ။ သီချင်းနောက်ကို လိုက်နိုင်တာမှ အဆိုတော်ကောင်းတစ်ယောက်လို့ မြင်ပါတယ်။ အဲဒီတော့ သမီးမေးတဲ့ “ဝေးပြီဘေဘီ” ကို ဒီည၊ ဒီပွဲ၊ ဒီအချိန်အခါမှာ အကောင်းဆုံးဖြစ်အောင် ဦးကြိုးစားပြီး ဆိုမှာပါ။
မိသားစုက ရှေ့တည့်တည့်က လာထိုင်ကြည့်တဲ့ ရှိုးမျိုးမှာ ဦးက အချစ်သီချင်းတွေ ဆိုဖြစ်တာ များမလား။ ဘ၀ဆန်တဲ့ သီချင်းဆိုတာ များမလား။ အဲဒီအချိန်မှာ ဦးရဲ့ စိတ်ခံစားမှုက ဘယ်လိုရှိမလဲ။
> မိသားစု ပွဲလာကြည့်မှတော့ သူတို့က အဲဒီအချိန်မှာ ဦးမိန်းမ၊ ဦးသမီး ဒီလိုမဟုတ်တော့ဘူး။ သူတို့က I.C fan အငဲ fan တွေ ဖြစ်သွားပြီ။ ဘာမှထူးပြီး Program ပြောင်းစရာ မလိုပါဘူး။
ရှိုးတိုင်းမှာ ပရိသတ်တောင်းတဲ့ သီချင်းက ထပ်နေပြီး တစ်ခါ လာ ဒီသီချင်း တွေချည်းပဲ ဖြစ်နေတဲ့အခါဦးကိုယ်တိုင် အဲဒိသီချင်းတွေ အပေါ်မှာ ရိုးအီသွားတာမျိုးရော ဖြစ်မိပါသလား။
> ဒါက ဦးတို့အရပ်နဲ့ ဦးတို့ဇာတ် ဖြစ်သွားပြီလေ။ အလွတ်ရလည်း “က”၊ မေ့သွားလည်း “က” နားထောင်တာ ပရိသတ်အလုပ်။ ပရိသတ်က ဒါမှကျေနပ်ရင် ဒါပဲပေါ့ဗျာ။
ဦးက Own လုပ်ရတာ လွတ်လပ်တဲ့ အတွေ့အကြုံတွေရတယ်။ ပျော်တယ်လို့ ဆိုပါတယ်။ အဲဒီတော့ သမီးသိချင်တာက ဦးတို့တောက်လျှောက် ဆိုလာတဲ့ Copy မှာ မူရင်းအဆိုနဲ့ တစ်ဖြတ်တည်း Mood ကအစ တူအောင် ဆိုသလား.။ ကိုယ့်မူနဲ့ ကိုယ် သူ့ရဲ့ သံစဉ်ဖရိန်ထဲမှာပဲ ဆိုသလား။
> အဲဒီလို အတိအကျ မဟုတ်ပါဘူး။ တတ်သလောက်၊ မှတ်သလောက်နဲ့ မူရင်းလည်း အရသာ မပျက်အောင်၊ မြန်မာမှုလည်း ခံစားရ ပြေပြစ်အောင် အနုစိတ်လေး ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရသလိုပါပဲ။
ဦးကလည်း သီချင်းကို သီချင်းလို သဘောထားပါသလား ။ Copy နဲ့ Owntune ကိုခွဲခြားပြီး မြင်ပါသလား။ Copy အစွဲ Own အစွဲ ရှိပါသလား။
> ငြင်းတာခုန်တာတော့ ၀ါသနာ မပါဘူးနော်။ နှစ်မျိုးစလုံး လုပ်ဖူးရင် သိမှာပါ။ လုပ်ဖူုးရဲ့သားနဲ့ မသိရင် ရှင်းတော့ ရှင်းပါတယ်။ မတတ်လို့ပေါ့။ နားမလည်လို့ပေါ့။ သီချင်းက သီချင်းပဲ။ ဦးကလည်း ကိုယ်ပိုင်သံစဉ် ချစ်တတ်သူပါ။ ငယ်ငယ်ကဆိုရင် ဘိုထီး၊ ကိုတိုး၊ ကိုခိုင်ထူး၊ ကိုဂျေကြီးနဲ့ပဲ ကြီးလာတာပါ။ ဒါပေမယ့် အဲဒီအချိန်ကတည်းက ကိုတိုနီ (ဘိုဘိုဟန်)၊ ကိုသန်းနိုင်တို့ သီချင်းတွေလည်း တကယ်ကြွေလို့ကောင်း၊ ဆိုလို့ကောင်းပဲ။ ကိုလေးလွင်၊ ဦးကျော့မှုး၊ ပုသိမ်မောင်စိမ်းသူတို့ရဲ့ စာသားကလည်း ညွန့်မှညွန့်ပဲ။ ကောင်းလွန်းလို့ အဲဒီသီချင်းတွေ ပြန်ဆို ပြန်ဆိုနဲ့ ဘယ်နှပင်ရှိပြီလဲ။ အခုထိ နောက်မျိုးဆက် အထိ နားထောင်ခံစားကြတုန်းပဲ။
ဦးရဲ့ရှေ့ခရီးမှာရော သီချင်းတွေ ဘယ်လောက်အထိ ဆက်ဆိုသွားမလဲ။ ဦးဘိုဘိုဟန်တို့၊ ဦးစိုးပိုင်တို့လို အသက်၆၀တန်းတွေ အထိ ဆိုသွားမလား။ အသက်အရွယ် ကန့်သက်ချက်နဲ့ ရပ်မလား။
> မသိသေးဘူး။ ဦးက Feeling ရှိသလိုပါပဲ။ မနက်ဖြန်ရပ်ရင်လည်း ရပ်မယ်။ သေမှနားရင်လည်း နားမယ်။ အဲ..ခေတ်နဲ့လိုက်လျောညီထွေ ကိုယ်တိုင်လိုက် စီးမျော်ဖို့ ခွေးအ ကြီးလို ဟိုလူ့မော့၊ ဒီလူ့မော့ လျှောက်ငေးနေရမယ် ဆိုရင်တော့ ရွာပြန်ပြီး မုန်ညင်းစိုက်စားတော့မယ်ဗျာ။
ရှိုးတွေ၊ ဗီစီဒီတွေမှာ ဂစ်တာအမြဲတမ်း ကိုင်တတ်တဲ့ဦးက အိမ်မှာရော ဂစ်တာကိုင်ဖြစ်ရဲ့လား။ အိမ်မှာ ဂစ်တာ ဖုန်တက်နေမလား။
> ပိုကိုင်တာပေါ့။ အိမ်မှာကမှ ကိုယ့်ဂစ်တာလေ။ ဘယ်သူ့မှ မကြောက်ရဘူး။ အားမနာရဘူး။ စင်ပေါ်မှာက ချစ်စမ်းမောင် မျက်နှာ ကြည့်နေရသေးတယ် (ကြောက်လို့)။
မေးမြန်းသူ-ဇင်ဖြူပြာမြင့်
(၂၀၀၆ခုနှစ်၊ ဒီဇင်ဘာ၊ ရွှေအမြုတေမဂ္ဂဇင်း)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။