We Love Music
ဂီတဆိုတာ အနုပညာရပ်အားလုံးထဲမှာ လူသားတွေကို အလွှမ်းမိုးဆုံး အနုပညာတစ်ရပ်လို့ ပြောရနိုင်မယ်ထင်ပါတယ်။ ဂီတကို မခံစားတဲ့လူဆိုတာ အင်မတန်ရှားပါလိမ့်မယ်။ ဂီတရဲ့ သက်ရောက်လွှမ်းမိုးနိုင်မှုကလည်းအင်အားကြီးမားလှပါတယ်။ ပညာရှင်တချို့ရဲ့ ရှာ ဖွေတွေ့ရှိချက်အရဆိုရင် ဂီတဟာ သတ္တဝါတွေတင်မက အပင်တွေအပေါ်မှာတောင် သက်ရောက်မှုတချို့ရှိတယ်လို့ သိရပါတယ်။ အဲဒီလို အင်အားကြီးမားစွာ လွှမ်းမိုးညှို့ငင်နိုင်တဲ့ ဂီတကိုစနစ်တကျ ဖန်တီးနိုင်တာကလည်း လောကသုံးပါးမှာ တန်ခိုးအရှိဆုံးဆိုတဲ့ လူသားတွေပါ။
လူသားနဲ့ ဂီတ ဆိုတဲ့အနုပညာစတင်ထိတွေ့ခဲ့တဲ့ အချိန်ကာလကိုတော့ သမိုင်းအထောက်အထားအရ တိတိကျကျပြောဖို့ ခဲယဉ်းပေမယ့် သမိုင်းမတင်မီ ရှေးနှစ်ပေါင်းများစွာက ကမ္ဘာဦးလူသားတွေဆီမှာလည်းဂီတဟာပုံစံတစ်မျိုးမျိုးနဲ့ရှိခဲ့ပါလိမ့်မယ်။ တဖြည်းဖြည်း ယဉ်ကျေးမှုဖွံ့ဖြိုးအားကောင်းလာတာနဲ့အမျှ ဂီတကို ဖန်တီးတဲ့အတတ်ပညာနဲ့ အထောက်အကူပြုတူရိယာပစ္စည်းတွေကိုလည်း လူသားဟာ တီထွင်အသုံးပြုလာခဲ့ပါတယ်။ခေတ်အဆက်ဆက်ဖန်တီးတီထွင်ခဲ့တဲ့ တူရိယာပစ္စည်းတွေဟာ လူ့ယဉ်ကျေးမှုရဲ့ ဆင့်ကဲပြောင်းလဲလာမှုနဲ့အတူနည်းစနစ်ပိုင်းဆိုင်ရာသာမက အရည်အသွေးအရပါ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ သမိုင်းတစ်လျှောက် အသုံးပြုခဲ့တဲ့ တူရိယာပစ္စည်းတွေကို အကြမ်းဖျင်းအုပ်စုခွဲကြည့်ရင် ကြိုးတပ်တီးခတ်ရတဲ့ တူရိယာ (String Instrument )၊ ထိရိုက်ပြီး အသံထွက်အောင် တီးခတ်ရတဲ့ တူရိယာ (Percussion Instrument) နဲ့ လေမှုတ်တူရိယာ (Wind Instrument) ဆိုပြီး အုပ်စုသုံးစုရှိပါတယ်။
အဲဒီ တူရိယာတွေထဲမှာ ရာစုနှစ်ပေါင်းများစွာကိုဖြတ်သန်းပြီး လူငယ်တွေရဲ့ နှလုံးသားနဲ့ခံစားမှုကိုအကောင်းဆုံးထွက်ပေါက်ပေး လွှမ်းမိုးနိုင်တဲ့ တူရိယာကတော့ ကြိုးတပ်တူရိယာတစ်မျိုးဖြစ်တဲ့ ဂီတာ (Guitar) ပါပဲ။ မျက်မှောက်ခေတ်ရဲ့ ဂီတပုံစံတော်တော်များများအတွက် အခြေခံကျတဲ့ တူရိယာတစ်မျိုးဖြစ်နေခြင်းကလည်းဂစ်တာကိုလူငယ်တွေ အစွဲအလမ်းကြီးစေတဲ့ အချက်တစ်ခုဖြစ်စေပါတယ်။ဂစ်တာကို လက်နက်တစ်ခုလိုကိုင်ဆွဲပြီး ဘဝရဲ့အောင်မြင်မှုတွေကို ရှာဖွေသိမ်းပိုက်ချင်တဲ့စိတ်ဟာ လူငယ်တွေရဲ့ အသွေးအသားထဲ ပျံ့နှံ့စိမ့်ဝင်လာခဲ့ပါတယ်။ အဲဒီကတစ်ဆင့် ကမ္ဘာတစ်ဝန်းက နားတွေကို ပြုစားညှို့ငင်နိုင်တဲ့ ဂစ်တာသူရဲ ကောင်းတွေပေါ်ထွက်လာခဲ့သလို ဂစ်တာဆိုတဲ့ တူရိယာဟာလည်း လူကြိုက်များ အရောင်းသွက် ဈေးကွက်ဝင်လာခဲ့ပါတယ်။
လက်ရှိ ကမ္ဘာပေါ်မှာ ဂစ်တာထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတွေ အမြောက်အများရှိနေပြီး အဲဒီထဲက တချို့ဟာ သက်တမ်းရာနဲ့ ချီကာ အခြေချလုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ ဈေးကွက်အနေအထားအရဆိုရင်လည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနေပြီး ထုတ်လုပ်မှု နည်းပညာနဲ့ အရည်အသွေးတွေလည်းတဖြည်းဖြည်းမြင့်မားလာနေပါတယ်။
သမိုင်းထဲက ဂစ်တာ
Guitar ဆိုတဲ့ အင်္ဂလိပ်စကားလုံးဟာ စိပိန်ဘာသာစကားGuitarra ကနေ ဆင်းသက်လာတာဖြစ်ပြီး၊ လက်တင်ဝေါဟာရ cithara နဲ့ ဂရိဘာသာစကား kithara တို့နဲ့လည်း ဆက်နွှယ်နေပါတယ်။ ဒီနေ့ခေတ်ရဲ့ လူကြိုက်များလှတဲ့ ဂစ်တာတစ်လက်အဆင့်ကိုရောက်ဖို့ အဲဒီ ကြိုးတပ်တူရိယာဟာ အနိမ့်ဆုံးနှစ်ပေါင်း ၅ဝဝဝ လောက် အချိန်ယူဖြတ်သန်းခဲ့ရတယ်လို့ သမိုင်းဆိုင်ရာကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ အိန္ဒိယနဲ့ ဗဟိုအာရှဒေသတစ်ဝိုက်မှာလည်း ဂစ်တာနဲ့ဆင်တူတဲ့ တူရိယာပစ္စည်းတစ်မျိုးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၃ဝဝဝန်းကျင်က အသုံးပြုခဲ့ကြတဲ့ အထောက်အထားတွေ ရှိတယ်လို့ သိရပါတယ်။
တန်ဘာ (Tanbur) လို့ခေါ်တဲ့ ကြိုးတပ်တူရိယာတစ်မျိုးကို တီးခတ်နေတဲ့ ပုံသဏ္ဍာန်ရုပ်တုတွေကို အီရန်နိုင်ငံအမျိုးသားပြတိုက်မှာ ပြသထားပြီး ဘီစီ ၂ဝဝဝ-၁၅ဝဝ ဝန်းကျင်ခန့်က လက်ရာတွေလို့ သိရပါတယ်။
အိန္ဒိယတူရိယာတစ်မျိုးဖြစ်တဲ့sitar ဟာ ရှေ့ခေတ်ပါရှန်း လူမျိုးတွေရဲ့ sihtra ဆိုတဲ့ တူရိယာနဲ့ ဆက်နွှယ်ပတ်သက်နေတယ်လို့ ယူဆလို့ရနိုင်ပြီး ဂရိဘာသာစကားkithara ဟာ sihtra ကဆင်းသက်လာတယ်လို့ဆိုပါတယ်။ကြိုးတပ်တူရိယာတွေဟာ လူသားမျိုးနွယ်စု တစ်ခုကနေ တစ်ခုကူးပြောင်းဖွံ့ဖြိုးပြီး ၁၆ ရာစုအလွန် ရီနေဆန်းခေတ်မှာတော့ ဒီနေ့ခေတ်ဂစ်တာနဲ့ အခြေခံအချက်တွေ တော်တော်များများတူတဲ့ အဆင့်ကို ရောက်ရှိခဲ့ပါတယ်။
၁၇၇၉ ခုနှစ်မှာတော့ အီတလီနိုင်ငံမှာ Gaetano Vinaccia ဆိုတဲ့ ပုဂ္ဂိုလ်က ကြိုးခြောက်ချောင်းတပ်ဂစ်တာကို တည်ဆောက်ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ အသုံးပြုနေတဲ့ လျှပ်စစ်ဂစ်တာကတော့ Acoustic Guitar ကို အခြေခံတည်ဆောက်ယူရတာဖြစ်လို့ ၁၉၃၆ ခုနှစ်ဝန်းကျင်ရောက်မှ ပေါ်လာခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ဂစ်တာ
ဂစ်တာဆိုတဲ့ ကြိုးတပ်တူရိယာပစ္စည်းဟာ တဖြည်းဖြည်း ကမ္ဘာနဲ့အဝှမ်းပျံ့နှံ့ထိုးဖောက်ခဲ့ရာကနေ ကိုလိုနီခေတ်နှောင်းပိုင်း အချိန်လောက် မှာတော့ မြန်မာပြည်ကို ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဂစ်တာဆက်နွှယ်ခဲ့ပုံကို ခိုင်မာဂစ်တာထုတ်လုပ်ရေးက ကိုခင်မောင်အေးက
''အင်္ဂလိပ်ခေတ်ကတည်းက ဂစ်တာရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂစ်တာထုတ်လုပ်တာမျိုးတော့ မရှိသေးဘူး။ ဂစ်တာအပါအဝင် စန္ဒရား၊ မယ်ဒလင် (Mandolin) ၊ ဟာဝေယံဂစ်တာ၊ ဒုံမင်း၊ တယောစတဲ့ ကြိုးတပ်တူရိယာတွေကိုလည်း အသုံးပြုနေပါပြီ။ ထုတ်လုပ်မှုရဲ့ ရှေ့ပြေးအဖြစ် ပေါ်လာတာက အဲဒီတူရိယာပစ္စည်းတွေကို ပြုပြင်ပေးတဲ့ သူတွေရှိလာတယ်။ တူရိယာပစ္စည်းပြုပြင်ရေးတွေဟာ ထုတ်လုပ်မှုအတွက် အစပျိုး တာလို့ ပြောလို့ရတယ် “ လို့ ပြောပါတယ်။
ဂစ်တာကို စီးပွားဖြစ် ထုတ်လုပ်တာကတော့ လွတ်လပ်ရေးပြီးနောက်ပိုင်းမှ စခဲ့တာပါ။ ဂစ်တာထက် မယ်ဒလင်တွေကို ပိုလုပ်ခဲ့ရပြီး နိုင်ငံခြား ကလာတဲ့ မယ်ဒလင်တွေက နှစ်ကြိုးပူး၊ လေးချောင်းတပ်တဲ့ ကြိုးရှစ်ကိုးမယ်ဒလင်မျိုးတွေလို့သိရပါတယ်။ အဲဒီ မယ်ဒလင်ကို အခြေခံပြီး ခြောက်ကြိုးတပ် ဗမာလက်ကွက်နဲ့ အံဝင်တဲ့ မယ်ဒလင်တွေပေါ်လာခဲ့ပါတယ်။ မယ်ဒလင်နဲ့ တစ်ခေတ်တည်းမှာပဲ ဗမာဂီတာလို့ခေါ်တဲ့ ဟာဝေယံဂစ်တာတွေလည်း တွင်ကျယ်လာပါတယ်။ ဟာဝေယံဂစ်တာဆိုတာ ကြိုးကိုတီးခတ်မယ့် ညာလက်က လက်ညှိုးနဲ့ လက်မကို အစွပ်ကလေးစွပ်ထားတယ်၊ လက်ကွက် တွေကို ဘယ်လက်မှာ ဘိ လို့ခေါ်တဲ့ ကြေးတုံးအပြားလေးနဲ့ ဖိပြီး အဆွဲအငင်သံတွေရအောင် တီးရတဲ့ဟာမျိုးပေါ့။ နောက်ပိုင်းနှစ်တွေ မှာတော့ ဒုံမင်း၊ စောင်းပြား၊ ဟွန်းတယောနဲ့ ဘင်ဂျိုတွေလည်း တွင်ကျယ်လာခဲ့ပါတယ်။ ဟွန်းတယောနဲ့ ဘင်ဂျိုတွေကိုတော့ မန္တလေးကထုတ်လုပ်ခဲ့ကြတာပါ။ဒီနေ့အထိလည်း လုပ်နေတုန်းပါပဲ။ ၁၉၇ဝ ပြည့်နှစ်နောက်ပိုင်းရောက်မှ ရန်ကုန်မှာ ဂစ်တာကို တွင်တွင်ကျယ်ကျယ်ထုတ်လုပ်လာကြတာလို့ ဂီတာထုတ်လုပ်တဲ့လုပ်ငန်းလုပ်ကိုင်နေသူတွေကခန့်မှန်းသုံးသပ်ပြောပြပါတယ်။ တဖြည်းဖြည်း နဲ့ ရှေ့ကတူရိယာတွေက မှေးမှိန်လာပြီး တောရောမြို့ပါ ဂစ်တာဖြစ်လာခဲ့တာကြောင့် ဂီတာလုပ်ငန်းဟာ စီးပွားရေလုပ်ငန်းတစ်ခုအဖြစ်တဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့ပါတယ်။ ဒီဘက်ခေတ်ရဲ့ ဂီတကလည်းဂီတာဂီတဖြစ်နေခဲ့တာလည်းပါတာပေါ့။
ပြည်ပဈေးကွက်ကို ရောက်ဖို့
ဂစ်တာထုတ်လုပ်ရေးလုပ်ငန်းတွေကို နှစ်ပေါင်းရာနဲ့ချီပြီး လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာဂစ်တာကုမ္ပဏီကြီးတွေမှာတော့ စက်ပစ္စည်း ကိရိယာ အစုံအလင်နဲ့ ခေတ်မီနည်းပညာတွေ ပေါင်းစပ်ပြီး စက်မှုလုပ်ငန်းကြီးတွေအဖြစ် လုပ်ကိုင်နေကြပေမယ့်၊ မြန်မာပြည်ရဲ့ ဂစ်တာထုတ်လုပ် မှုကတော့ အိမ်တွင်းလက်မှုလုပ်ငန်းလောက်ပဲ ရှိပါတယ်လို့ ဂစ်တာထုတ်လုပ်ရောင်းချသူတချို့က ပြောပြပါတယ်။ ဈေးကွက်အရ ပြည်ပကိုထိုးဖောက်နိုင်တာမျိုး မရှိသေးပေမယ့်၊ နိုင်ငံတကာအရည်အသွေးမီ ဂစ်တာမျိုးကိုလုပ်နိုင်တဲ့ နည်းပညာအခြေခံတချို့တော့ ရှိတယ်လို့လည်း သိရပါတယ်။ နှစ်ပေါင်း ၃ဝ နီးပါး ဂစ်ထာထုတ်လုပ်တဲ့ လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက
''နိုင်ငံတကာဈေးကွက်ဝင်ဖို့အတွက် အခု လုပ်နေတဲ့ လုပ်ငန်းပုံစံကို ပြောင်းလဲနိုင်ရမယ်။ အိမ်တွင်းလက်မှုလုပ်ငန်းအဆင့်ကနေ စက်မှုလုပ်ငန်းဖြစ်အောင် ပြောင်းပစ်ရမယ်။ အဲဒီအချက် အဓိကပဲ။ တရုတ်နဲ့ထိုင်းဘက်ကတစ်ဆင့် တခြားဈေးကွက်တွေအထိ ရောက်အောင် ချိတ်ဆက်လို့လည်း ရနိုင်တယ်။ ဒါက ဈေးကွက်ကို ပြောတာ။ ထုတ်လုပ်မှုအပိုင်းမှာ ကျွမ်းကျင်လုပ်သားတွေလည်း အတော်အသင့်ရှိနေပြီ။ နည်းစနစ်တွေနဲ့ လုပ်ငန်းအတွေ့အကြုံအရလည်း ပြည်ပဈေးကွက်က လက်ခံနိုင်မယ့် အရည်အသွေးမီ ဂစ်တာတွေလုပ်ဖို့ လုံလောက်တယ်လို့ ပြောလို့ရတယ်။ ဒီ လုပ်ငန်းတွေနိုင်ငံတကာဈေးကွက်နဲ့ချိတ်ဆက်နိုင်ဖို့ အစိုးရဘက်ကလည်း တချို့ အပိုင်းတွေမှာ ကူညီပံ့ပိုးပေးဖို့လိုတယ်'' လို့ သုံးသပ်ပြပါတယ်။
ဂစ်တာတစ်လက် ဖန်ဆင်းခြင်း
ရိုးရိုး Acoustic ဂစ်တာတစ်လက်မှာ Neck လို့ခေါ်တဲ့ လည်တံနဲ့ ကိုယ်ထည် (Body) ပိုင်းဆိုပြီး အဓိကအပိုင်းနှစ်ပိုင်းရှိပါတယ်။ အဲဒီ အဓိက အပိုင်းနှစ်ပိုင်းမှာပဲ အစိတ်အပိုင်းငယ်ပေါင်း အမျိုးနှစ်ဆယ်ခန့် ပါဝင်ပါတယ်။ အစိတ်အပိုင်းငယ်တွေအားလုံးဟာ အရည်အသွေးပြည့်မီတဲ့ ဂစ်တာတစ်လက်ဖြစ်ဖို့ သူ့နေရာနဲ့သူ အရေးပါကြပါတယ်။ ဂစ်တာတစ်လက်တည်ဆောက်တော့မယ်ဆိုရင်ပထမဆုံး ဂစ်တာကိုယ်ထည်ပိုင်းအတွက် မို၊ လိုင်နာကလစ်နဲ့ ဘရက်ကက်တွေ ရှိရပါမယ်။ ဂစ်တာလည်တံကို အိုးပုံမိုနဲ့တွဲပြီး Body Side အတွက် အထပ်သားကို မိုထဲမှာ အခွေထည့်ရပါတယ်။ အဲဒီ Body Side အတွက် ထည့်လိုက်တဲ့ အထပ်သားရဲ့ နှုတ်ခမ်းသားတွေကို အပေါ်၊ အောက်ညီအောင် ရွေဘော်ချောရပါတယ်။ အဲဒီလို ညီနေမှကိုယ်ထည်ရဲ့ ရှေ့နောက်မျက်နှာပြင်တွေကို ကပ်တဲ့အခါ အဆင်ပြေမှာပါ။ ပြီးမှ Body Side ရဲ့ နှုတ်ခမ်းသားတွေမှာ လိုင်နာခံပြီး လည်တံကို Heel နဲ့ ဖမ်းတွဲ၊ ကိုယ်ထည်အောက်ခြေမှာ နောက်ပိတ်(Back Side Rean Force) ထည့်ရပါတယ်။ပြီးတော့Bracing တန်းတွေခံပြီး အပေါ်ဖုံး(Soundboard) နဲ့ နောက်ဖုံး(Back) ကို ကော်သုတ်ပြီး ကပ်ရပါတယ်။ အဲဒီကော်မြဲအောင်လည်းကလစ်တွေနဲ့ ဆွဲထားရပါသေးတယ်။ အဲဒီအဆင့်ပြီးမှ Neck မျက်နှာပြင်ကို Fingerboard ကပ်ဖို့ ရွေဘော်ချော ၊ Fingerboard ကို Screw နဲ့ဆွဲပြီး အထူအပါးကို ရွေဘော်နဲ့ ထပ်ညှိ ၊ ကိုယ်ထည်ပိုင်းမှာ အပေါ်ဖုံး၊ နောက်ဖုံးက အစွန်း ထွက်တွေကို လွှနဲ့ ညှိ၊ Neek ကို ရဲတင်းနဲ့ပုံဖော်၊ ကော်ပတ်နဲ့ထပ်စား။ အဲဒါ ဂစ်တာတစ်လက်တည်ဆောက်မှု အကြမ်းဖျင်းအဆင့်တွေပေါ့။ တစ်ခုချင်းစီမှာ ကျွမ်းကျင်မှုနဲ့ ပညာသားပါပါလုပ်ကိုင်ရတဲ့ အသေးစိတ်အချက်အလက်တွေတော့ရှိပါသေးတယ်။
ကုန်ကုန်ပြောရရင် နောက်ဆုံးအဆင့် ဆေးသုတ်တာမှာတောင် ပညာပါတယ်လို့ဆိုပါတယ်။ ဆေးသားအထူအပါးညီညာမှုဟာ ဂစ်တာရဲ့အသံအပေါ် သက်ရောက်မှုရှိတာကြောင့်ပညာသားပါပါနဲ့လုပ်ဖို့လိုအပ်တယ်လို့ သိရပါတယ်။သာမန်ကုန်ပစ္စည်းတစ်ခုထုတ်လုပ်တာထက် အများကြီးပိုဂရုစိုက်ရသလိုကျွမ်းကျင်စိတ်ရှည်မှုတွေလည်း အဆင့်တိုင်းမှာအရေးပါတာတွေ့ရပါတယ်။
အရည်အသွေးမီ ထုတ်လုပ်ဖို့
ဂစ်တာရဲ့ အရည်အသွေးကို ထုတ်လုပ်မှုရှုထောင့်ကကြည့်ရင် တစ်ယောက်တည်းနဲ့ အစအဆုံးလုပ်လို့ မဖြစ်နိုင်ပါဘူး။ ဂစ်တာပြုလုပ်တဲ့ လုပ်ငန်းရဲ့အဆင့်တစ်ခုစီမှာ သူ့နေရာနဲ့သူ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို သုံးမှ အရည်အသွေးမီ ဂစ်တာတွေဖြစ်လာတာပါ။ ဂီတာရဲ့ အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး ဂရုစိုက်သင့်တဲ့အချက်တွေကို-
''ဒီအလုပ်က လက်သမား ကိရိယာတွေသုံးပြီး လုပ်ရပေမယ့် ပရိဘောကလုပ်ငန်းမျိုးမဟုတ်ပါဘူး။ အနုပညာပစ္စည်းတစ်ခုကို ဖန်တီး တဲ့အလုပ်ပါ။ အဲဒီတော့ လုပ်ငန်းရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတွေမှာ အနုပညာအမြင်နဲ့ အင်ဂျင်နီယာအတတ်ပညာကို အချိုးညီညီပေါင်းစပ် လုပ်ကိုင်နိုင်ဖို့ အရေးကြီးတယ်။ လိုအပ်ရင် တီထွင်ဖန်တီးနိုင်ရမယ်။ အလုပ်အပေါ်မှာ စူးစူးနစ်နစ်အာရုံဝင်စားနိုင်ရမယ်။ သူများနိုင်ငံက လုပ်ကိုင်နေတဲ့ နည်းပညာတွေကိုလည်း စဉ်ဆက်မပြတ်လေ့လာတီထွင်ရမယ်။ ကျွန်တော်တို့ဆီမှာ လုပ်ကိုင်နေကြသူ တချို့က အဲဒီအပိုင်းမှာ အားနည်းတယ်။ cataloge ပြပြီး လုပ်ခိုင်းရင်တောင် ပုံကိုကြည့်ပြီး လုပ်တဲ့အဆင့်ပဲရှိတယ်။ အနှစ်သာရကို မဖမ်းနိုင်ဘူး။ အဓိကကတော့ နိုင်ငံ တကာက ဂစ်တာမဂ္ဂဇင်းတွေ၊ ဂစ်တာနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကို ဖတ်ရှုလေ့လာဖို့ လိုတယ်။ Online ကတစ်ဆင့် နိုင်ငံတကာဂစ် တာလုပ်ငန်းတွေကို ဖတ်ရှုလေ့လာရမယ်။ လိုအပ်ရင် သွားရောက်လေ့လာမှုတွေ လုပ်ဖို့လိုတယ်။ အရည်အသွေးပိုင်းအရ မီလာရင် ကျော်တက် ဖို့ကြိုးစားရမယ်။Ibanez ဂီတာလုပ်ငန်းဟာ ဒီနည်းနဲ့ ကမ္ဘာကျော်သွားတာပေါ့'' လို့ ဂစ်တာ ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက ကျွမ်းကျင်အဆင့်ရှိသူ ပညာရှင်တစ်ဦးကပြောပြပါတယ်။
ဈေးကွက်နေရာရဖို့
နိုင်ငံတကာက ဂစ်တာလုပ်ငန်းတွေဟာ အကောင်းဆုံးစီမံခန့်ခွဲမှုနဲ့ ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ လွတ်လပ်ဖွံ့ဖြိုးတဲ့ အခြေခံအချက်တွေ ရရှိပိုင်ဆိုင်ထားတာကြောင့်လို့ ဂစ်တာအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက သုံးသပ်ပါတယ်။ ''ထုတ်လုပ်မှုအရင်းအမြစ်တွေမှာ တိုးတက်တဲ့ စက်မှုနည်းပညာတွေကို ပိုင်ဆိုင်ထားတယ်။ လုံလောက်တဲ့ အရင်းအနှီး ပမာဏ ရှိတယ်။ သုတေသနနဲ့ နည်းပညာဖွံ့ဖြိုးမှုအတွက် စဉ်ဆက်မပြတ် ငွေကြေးမတည်ပြီး လုပ်ကြတယ်။ အဲဒါကြောင့်လည်း အခုလို သူတို့အောင် မြင်တာပါ။ ဥပမာ YAMAHA ဆိုရင် သစ်အခြေခံပစ္စည်းပေါတဲ့ အင်ဒိုနီးရှားမှာ စက်ရုံလာထောင်ထားတယ်။ နှစ်အလိုက် model မျိုးစုံထုတ်လုပ် နိုင်တယ်။ model အလိုက် Up To Date ဖြစ်လာမှုနဲ့အတူ အားနည်းချက်တွေကို လျော့ချလာနိုင်တယ်။ တစ်ဖက်က ဈေးကွက်ခိုင်ခိုင်မာမာရှိတော့ model အလိုက် ဈေးနှုန်းလည်း အနိမ့်အမြင့်အမျိုးမျိုးရှိတယ်။ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ကနေဒါ၊ စပိန်နဲ့ အီတလီတို့က ဂစ်တာတွေကိုတောင် ယှဉ်နိုင်လာတယ်” လို့သူကဆက်ပြောပါတယ်။
တီးခတ်မှု ဟန်(Style) ၊ စနစ်(System) နဲ့ ဂီတပုံစံတွေရဲ့ အပြောင်းအလဲကိုအမီလိုက်ပြီး၊ ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီတွေက ဈေးကွက်မှာ နေရာပိုရလာတာတွေ့ရပါတယ်။ အဓိက က သူတို့ဆီကဈေးကွက်ဟာလွတ်လပ်ပွင့်လင်းမှုရှိနေလို့ပါပဲ။ အခုနောက်ပိုင်း ဂျပန်ကIbanez ဂစ်တာဟာ ဈေးကွက်မှာ နေရာပိုရလာပြီး အမေရိက က Sound Boxi Amplifier တွေ ထုတ်လုပ်ပြီး နာမည်ကြီးတဲ့ Peavey ကုမ္ပဏီက ထုတ်လုပ်တဲ့ဂစ် တာတွေကို တဖြည်းဖြည်းလူကြိုက်နည်းသွားခဲ့တာဟာလည်း အပြောင်းအလဲကိုအမီမလိုက်နိုင်တဲ့အချက်ကြောင့်ပါပဲ။ ကျွန်တော်တို့ဆီမှာ တစ်ချိန်က လူကြိုက်များခဲ့တဲ့ MAYA (ဂျပန်လုပ်) ဆိုရင် အခုနောက်ပိုင်းဈေးကွက်မှာမတွေ့ ရသလောက်ဖြစ်နေခဲ့ပါပြီ။ CASIO (ဂျပန်လုပ်) ဂစ်တာကိုလည်း မြန်မာပြည်ဈေးကွက်ကသိပ်မကြိုက်ကြဘူးလို့ အရောင်းဆိုင်တချို့ကပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဈေးကွက်က ကျဉ်းတော့ ဂစ်တာ Brandတစ်ခုအတွက် ပြည်တွင်းဈေးကွက်ကိုကြည့်ပြီး ဆုံးဖြတ်ဖို့တော့မဖြစ်နိုင်ပါဘူး။ Professional ဂစ်တာသမားတွေကလွဲပြီး အပျော်တမ်းဝါသနာရှင်တွေအဖို့ နိုင်ငံခြားဖြစ်ဂစ်တာတစ်လက်ကို ဝယ်ဖို့ဆိုတာလည်းအခက်အခဲရှိနိုင်တာကိုး။ သေချာတာက ဒေသအလိုက် အ ကြိုက်နှစ်သက်မှုအနေအထားတွေ ကွဲကောင်းကွဲနိုင်ပေမယ့်၊ပြောင်းလဲမှုနောက်ကို အမီလိုက်ပြီး ဖန်တီးတီထွင်နိုင်မှ ဈေးကွက်မှာနေရာတစ်ခုရနေမယ်ဆိုတာပါပဲ။
ပြည်တွင်းဂစ်တာဈေးကွက်
လက်ရှိဈေးကွက်မှာ ပြည်တွင်းဖြစ်ဂစ်တာတစ်လက်ရဲ့ တန်ဖိုးဟာ အနိမ့်ဆုံးကျပ်တစ်သောင်းဝန်းကျင်ကနေ သိန်းဂဏန်းအထိ အရည်အသွေးအရ ဈေးအမျိုးမျိုးရှိနေပါတယ်။ ဂစ်တာပြုလုပ်တဲ့နေရာမှာနိုင်ငံခြားပစ္စည်း (ဥပမာ EQ) ထည့်ရင် ထည့်သလောက်ဂစ်တာရဲ့ တန်ဖိုး မြင့်တက်လာလေ့ရှိပါတယ်။ ရောင်းဝယ်မှုအနေအထားအရတော့ ကျပ်သုံးသောင်းဝန်းကျင်ဈေးရှိတဲ့ ပြည်တွင်းဖြစ် Acoustic Guitar တွေအရောင်းသွက်ဆုံးလို့ သိရပါတယ်။ ပြည်တွင်းဂစ်တာဈေးကွက်ရဲ့ အရောင်းအဝယ်အခြေအနေကို ကိုခင်မောင်အေး (ခိုင်မာ) က-
''ဈေးကွက်ကတော့ ကျွန်တော်တို့ဆီမှာ မိရိုးဖလာဆန်တဲ့ ဈေးကွက်ပါပဲ။ လူတွေအားလုံးဝင်ငွေကောင်းပြီး စီးပွားရေးအခြေအနေဖွံ့ ဖြိုးရင် အရောင်းအဝယ်ကောင်းလာမှာပါ။ လူတွေမှာ စိတ်ခံစားမှုက စားဝတ်နေရေးလိုပဲ အရေးပါတယ်။ အဲဒီ စိတ်ခံစားမှုတွေအတွက် အချိန်နဲ့ ငွေကို အများကြီးသုံးစွဲကြတယ်။ ဂစ်တာဆိုတာဟာလည်း စိတ်ခံစားမှုတစ်ခုအတွက် ထွက်ပေါက်ရှာပေးနိုင်တဲ့ တူရိယာပစ္စည်းပဲလေ၊ အဲဒီတော့ အားလုံး အနေအထားတစ်ခုအထိ စီးပွားရေး အဆင်ပြေနေမယ်ဆိုရင် ဂစ်တာရောင်းအားတက်မှာပဲ။ အခု ဈေးကွက်ထဲမှာ နိုင်ငံခြားဖြစ်ရော၊ ပြည်တွင်းဖြစ်ပါ အမျိုးအစားအတော်အသင့်စုံအောင် ရှိပါတယ်။ Acoustic, Electric နှစ်မျိုးစလုံး နိုင်ငံခြားဖြစ်ရော၊ ပြည်တွင်းဖြစ်ပါ ဝယ်လို့ရပါတယ်။ ဂျပefSecondhandတွေ၊ အသစ်တွေလည်း ရောင်းနေတာပဲ။ တရုတ် (တိုင်ပေ)၊ အင်ဒိုနီးရှား၊ တရုတ်၊ ကိုရီးယား ဂစ်တာတွေလည်း ရှိတယ်။ ရောင်းလည်းရောင်းနေရပါတယ်။ ဈေးကတော့ Quality အပေါ် မူတည်တယ်” လို့ပြောပြပါတယ်။
ပြည်တွင်းက လုပ်တဲ့ ဂစ်တာတွေကတော့ ကုန်ကြမ်းပစ္စည်းဈေးနဲ့ ပစ္စည်းသုံးစွဲရမှုအပေါ်မှာ မူတည်ပြီးဈေးကွာတယ်လို့သိရပါတယ်။ ပြည်တွင်း ဂစ်တာလုပ်ငန်းတွေမှာ အများဆုံးသုံးတဲ့ သစ်တွေက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ယင်းတိုက်၊ သင်းဝန်၊ ထင်းရှူး၊ သစ်ကတိုး၊ ယမနေနဲ့ အထပ်သားတွေဖြစ်ပါတယ်။ ကုန်ကြမ်းဈေး သင့်တင့်မျှတရင် ဂစ်တာဈေးလည်း အခုထက် ပိုလျော့လာနိုင်တယ်လို့ထုတ်လုပ်သူတွေကပြောပါတယ်။
Electric ဂစ်တာတွေထဲမှာတော့ ဂစ်တာနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ အရည်အသွေးကိုလိုက်ပြီး လူကြိုက်များတတ်ပြီး Multi Effect တွေနဲ့ စိတ်ကြိုက် Edit လုပ်လို့ရတဲ့ အမျိုးအစားတွေကို ပိုအသုံးပြုလာကြတယ်လို့သိရပါတယ်။
အရည်အသွေးနဲ့ဈေးနှုန်း
ပြည်တွင်းဖြစ်ဂစ်တာတွေရဲ့ အရည်အသွေးဟာ ဈေးနှုန်းအရ ပြန်တွက်ကြည့်ရင် လိုက်လျောညီထွေရှိတယ်လို့ ထုတ်လုပ်သူအများ စုက ပြောကြပါတယ်။ နိုင်ငံခြားဖြစ်ဂစ်တာတွေရဲ့ ဈေးနှုန်းမျိုးဆိုရင် အရည်အသွေးတူအောင် ပြည်တွင်းဖြစ်ဂစ်တာတွေက ဝန်ဆောင်မှုပေး နိုင်တယ်လို့ ဆိုပါတယ်။ ပုံမှန်ရောင်းတန်းဝင်ဖို့အတွက်တော့ ဂစ်တာရဲ့ အဓိက အစိတ်အပိုင်းကြီးနှစ်ခု အချိုးအစားညီဖို့ပဲ လိုအပ်ပါတယ်။ ဂစ်တာလည်တံ (Neck) မှာ စကေးမှန်ပြီး ကောက်ကွေးမှုမရှိရင်၊ ကိုယ်ထည်ပိုင်းမှာ လှပသေသပ်ပြီးအသံထွက်ကောင်းနေရင်အဲဒီဂစ်တာမျိုးဟာအရည်အသွေးအရ ရောင်းတန်းဝင်ပါတယ်။ အရေးကြီးတာကတော့ ကြာရှည်ခိုင်ခံ့မှုရှိအောင် ဝန်ဆောင်မှုပေးနိုင်ဖို့လည်း လိုတယ်လို့ ဆိုပါတယ်။ ခိုင်ခံ့လှပပြီး ရေရှည်သုံးစွဲနိုင်ဖို့အတွက်ကတော့အသုံးပြုသူဘက်ကလည်းဂစ်တာကိုစနစ်တကျထိန်းသိမ်းဖို့လိုတယ်ဆိုတဲ့ အချက်ကိုထုတ်လုပ်သူတစ်ယောက်က ထောက်ပြပါတယ်။ Prefessional ဂစ်တာသမားတစ်ယောက်က-
''ဂစ်တာတစ်လက်ဟာ တီးခတ်နေတဲ့ Player ကို အကောင်းဆုံးစိတ်ခံစားမှု ပေးနိုင်ရမယ်။ တီးကြည့်တဲ့အခါ အသံရဲ့ တုံ့ပြန်မှု၊ ကိုင်တွယ်တီးခတ်တဲ့နေရာမှာ အဆင်ပြေချောမွေ့မှုရှိရမယ်။ ဂစ်တာရဲ့အရောင်အသွေးကအစ စိတ်ကျေနပ်မှု တစ်ခုရစေတယ်ဆိုရင် အဲဒီဂစ် တာဟာ ကောင်းတယ်လို့ ပြောလို့ရတယ်။ ဈေးကြီးတိုင်းကောင်းတယ်လို့ ပြောလို့မရဘူး။Fender ဂစ်တာ၊ Gibson ဂစ်တာတွေထဲမှာ မကောင်းတဲ့၊ တီးရတာ အဆင်မပြေတဲ့ ဂစ်တာတွေ ရှိနိုင်သလို၊ ပြည်တွင်းမှာလုပ်တဲ့ ဂစ်တာတွေထဲမှာလည်း စွဲမက်စရာကောင်းတဲ့ ဂစ်တာမျိုးတွေ ရှိတယ်'' လို့ ပြောပြပါတယ်။
ဂစ်တာဆိုတာ စိတ်ခံစားမှုတွေကို အနုပညာနဲ့ ဖွင့်ဟတင်ပြနိုင်တဲ့ ပစ္စည်းကိရိယာတစ်မျိုးပါ။ အထူးသဖြင့် လူငယ်တွေရဲ့ စိတ်ကူးအိပ် မက်တွေကို ပုံသဏ္ဍန်တစ်မျိုးနဲ့ ဖွင့်ဆိုရှင်းပြပေးတဲ့ အနုပညာပစ္စည်းတစ်ခုဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဂစ်တာကို ကိုင်စွဲပြီး ယဉ်ကျေးမှု တော်လှန်ရေးတွေ၊ အသွင်သစ်အနုပညာတွေကိုလူယ်ဂစ်တာသမားတွေ လုပ်ဆောင်ဖန်တီးခဲ့ကြတာဟာ သမိုင်းစာမျက်နှာပေါ်မှာ အထင်အရှား ရှိနေဆဲပါ။ အဲဒီလောက်အထိ မကြီးကျယ်ရင်တောင် တစ်ဦးချင်းရဲ့ သီးခြားခံစားမှုကို အနုပညာနဲ့ ဖွင့်လှစ်ပြဖို့ အကောင်းဆုံး တူရိယာတစ်ခုလို့ ဂစ်တာကို လူငယ်ထုက လက်ခံထားကြပါပြီ။ နီကျင်ကျင် မီးရောင်အောက်က လမ်းဘေးအုတ်ခုံလေးတွေပေါ်မှာ……. ချစ်သူအိမ်ရှေ့လမ်းပေါ်က မှုန်ရီမှိုင်းဝေတဲ့ ဆောင်းညတွေထဲမှာ ခေတ်အဆက်ဆက်လူငယ်တွေရဲ့ ဂီတသံစဉ်တွေ ပျော်ဝင်စီးဆင်းနေဦးမှာ မလွဲပါဘူး။
(၂၃.၇.၂၀၀၈ နေ့ထုတ် ECOVISION ဂျာနယ် အတွဲ ၂ ၊အမှတ် ၃၉ တွင်ဖေါ်ပြခဲ့သောဆောင်းပါးကိုပြန်တင်လိုက်တာပါ)
Min Zaw

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။