Nine Nine Sanay @ နိုင်းနိုင်းစနေ
စကားကောင်း ၊ စကားဆိုး -- လျှပ်တစ်ပြက်အတွင်းမှာ
_________________________________________
အဖြစ်အပျက်တစ်ခုက ဒီလိုဆိုပါတယ်။
ခင်ပွန်းဖြစ်သူက ဇနီးကို ပွေ့ဖက်နမ်းရှုံ့ရင်း စိတ်အားထက်သန်စွာနဲ့ ဇနီးကို အခုလို ချီးမွမ်းစကားဆိုတယ်။
“ခင့် အသားအရည်လေးက ကိုင်ရတာနူးညံ့နေတာပဲ.. အသက် (၄ဝ)လို့တောင် မထင်ရဘူး”
ဇနီးက ရှက်ရယ်ရယ်ရင်း “ဟုတ်လား မောင်! ကိုင်ဖူးသူတိုင်းကလည်း အဲဒီလိုပဲပြောတယ်”
“ဖြောင်း” စကားသံနဲ့အတူ နားရင်းရိုက်သံက ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့တယ်။
“လူဘယ်နှယောက် ကိုင်ခဲ့ဖူးလဲ? မှန်မှန်ပြောစမ်း”
“မျက်နှာပေါင်းတင်တဲ့ဆိုင်က ဝန်ထမ်းတိုင်း အဲဒီလိုပဲပြောတာပဲ”
ခင်ပွန်းရဲ့ ဒေါသစကားကို ဇနီးက ငိုငိုယိုယိုနဲ့ ရှင်းပြတယ်။
ဒါဟာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်လို့ဆိုပေမယ့် ဘယ်လိုကြည့်ကြည့် ဟာသတစ်ခုနဲ့တူနေခဲ့တယ် မဟုတ်ပါလား! တကယ်လို့ သေသေချာချာ အာရုံစိုက်တတ်ခဲ့ရင် ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ဒီလိုရယ်စရာစကားတွေ ပြည့်နှက်နေတယ်ဆိုတာကို သတိထားမိကြပါလိမ့်မယ်။
အပြောမတတ်တဲ့ စကားတစ်ခွန်းကြောင့် ကြည်နူးစရာအဖြစ်ကနေ ဝမ်းနည်းစရာအဖြစ် အသွင်ပြောင်းသွားခဲ့တယ်။ ပြီးမြောက်အောင် လုပ်နိုင်မယ့်ကိစ္စတစ်ခုက လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားခဲ့ရတယ်။
“စကား”ကို လူတိုင်းပြောတတ်တယ်။ ဒါပေမယ့် လူတိုင်း စကားပြောတတ်မယ်မထင်ဘူး။
စကားအကောင်းပြောလို့ရပေမယ့် လူတိုင်း စကားကောင်းတွေ ပြောတတ်မယ်မထင်ဘူး။
ဘာလို့ စကားကောင်းမပြောကြတာလဲ? အဖြေက လွယ်ပါတယ်.. ပိုမတွေး၊ ပိုမစဉ်းစားလို့ပါပဲ။
သာဓက တစ်ခုနဲ့ပြောရရင်---
ကျွန်တော်မှာ မိတ်ဆွေတစ်ဦးရှိတယ်။ အဲဒီမိတ်ဆွေက သူ့ခြံနောက်မှာ အိမ်တစ်လုံးဆောက်ဖို့ စီစဉ်တယ်။ အဲဒီအိမ်ကို ရယ်ဒီမိတ်ပစ္စည်းတွေနဲ့ ကိုယ်တိုင်ဆောက်မှာဖြစ်ပြီး မြက်ရိတ်စက်၊ ပေါက်ပြား... စတဲ့ ပန်းခြံသုံးကိရိယာတွေ ထားဖို့အတွက်ဖြစ်တယ်။
အိမ်ဆောက်နေဆဲမှာ မိတ်ဆွေရဲ့အိမ်နီးနားချင်းတစ်ဦးက သူ့ကိုပြောပါတယ်။
“အိမ်လျှောက်မဆောက်နဲ့ .. ဒါ ဥပဒေနဲ့မညီဘူး”
ဒါကို ကျွန်တော်မိတ်ဆွေက မကျေမနပ်ဖြစ်ပြီး ဆောက်လုပ်ရေးဌာနကို သွားမေးတယ်။ ရလာတဲ့အဖြေက (၁ဝ)ပေပတ်လည်ဆောက်ရင် အရေးယူမခံရဘူး။ (၁ဝ)ပေပတ်လည်ကျော်မှ အရေးယူခံရမယ်လို့ ဆိုပါတယ်။
မိတ်ဆွေက သူဝယ်လာတဲ့ ပစ္စည်းတွေကို တိုင်းကြည့်တော့ ၁ဝ x ၁၂ ပေဖြစ်နေတယ်။ ဒါကြောင့် ဆိုင်မှာ ဥပဒေနဲ့ညီတဲ့ (၁ဝ)ပေပတ်လည် ပစ္စည်းတွေကို သူသွားပြန်လဲခဲ့တယ်။ အိမ်ဆောက်ပြီးတဲ့နောက် မိတ်ဆွေက ကျွန်တော့်ကို ရင်ဖွင့်ပြတယ်။
“ကျွန်တော့် အိမ်နီးချင်းကို ကျွန်တော်မကျေနပ်ဘူး။ ရုံးဌာနတွေကို ကျွန်တော်မေးပြီးပြီ.. အခုဆောက်တဲ့အိမ်က ဥပဒေနဲ့ ညီတယ်တဲ့။ သူကြိုက်တဲ့နေရာတိုင်ပါစေ.. ကျွန်တော်တို့လူမျိုးကို အနိုင်ကျင့်လို့မရဘူးဆိုတာ သူသိသွားစေရမယ်”
“ဘာဖြစ်လို့ ဒီလိုပြောရတာလဲ?” မိတ်ဆွေကို ကျွန်တော်က ဖျောင်းဖျတယ်။
“တကယ်ဆို.. “ခင်ဗျားကို ကျွန်တော်အရမ်းကျေးဇူးတင်တယ်။ ခင်ဗျားသာ သတိမပေးရင် ကျွန်တော်အိမ်က ၂ပေ လောက်ပိုသွားပြီး ဖျက်ရလိမ့်မယ်။ အဲဒီအချိန်ကျရင် ငွေကုန်လူပမ်းဖြစ်တော့မယ်” လို့ တခြားရှုထောင့်က ကြည့်ပြီး ဘာလို့ ခင်ဗျားမပြောခဲ့တာလဲ? သက်ဆိုင်ရာကို ခင်ဗျားသွားမေးခဲ့လို့ ဥပဒေနဲ့ညီတဲ့ အိမ်တစ်လုံး ခင်ဗျားဆောက်လိုက်ပြီဆိုတာ သူလဲသိရတာပေါ့”
မိတ်ဆွေက ကျွန်တော့်စကားကို ခေတ္တစဉ်းစားပြီး ကျွန်တော်ပြောသလို ဆောင်ရွက်ခဲ့တယ်။ နောက်ဆုံးမှာ အိမ်နီးချင်းမိတ်ဆွေကောင်းတစ်ဦး သူ့အတွက် တိုးလာခဲ့တယ်။
နောက် သာဓကတစ်ခုက ---
ကိစ္စသေးသေးမွှားမွှားတစ်ခုနဲ့ လင်မယားနှစ်ယောက် ရန်ဖြစ်ပြီး ကွာရှင်းဖို့အထိ ဖြစ်ခဲ့ရတယ်။ ရန်ဖြစ်ရတဲ့ အကြောင်းရင်းက အကောင်းကနေစတာဖြစ်တယ်။
အဲဒီနေ့မှာ မိန်းမဖြစ်သူက ဈေးကြီးပေးရတဲ့ ငါးတစ်ကောင်ဝယ်လာခဲ့တယ်။ အိမ်ပြန်ရောက်တာနဲ့ မိန်းမက ယောက်ျားကို ဖုန်းဆက်ပြီး “ရုံးကနေ ထွက်လာပြီဆိုတာနဲ့ ဖုန်းဆက်လိုက်နော်။ အဲဒီအချိန်ကျမှ ငါးကိုပေါင်းလိုက်မယ်။ ဒီငါးက တစ်စက္ကန့်၊ တစ်မိနစ် လိုသွား၊ ပိုသွားတာနဲ့ စားမကောင်းဖြစ်သွားတတ်တယ်”
မိန်းမရဲ့အတွေးက ယောက်ျားရုံးဆင်းတာနဲ့ သူငါးပေါင်းမယ်၊ ယောက်ျားအိမ်ရောက်တာနဲ့ ပူပူနွေးနွေး စားလို့ရပြီဆိုတဲ့ အတွေးဖြစ်တယ်။ ဖြစ်ချင်တော့ ယောက်ျားက ရုံးဆင်းပြီလို့ ဖုန်းဆက်ပြီး အိမ်ပြန်ဖို့ပြင်တဲ့အချိန် ဧည့်သည်တစ်ယောက်ရောက်လာလို့ မိနစ်(၂ဝ)ကြာအိမ်ပြန်ချိန် နောက်ကျသွားခဲ့တယ်။
ဧည့်သည်ထွက်သွားပြီးနောက် ယောက်ျားက မိန်းမဆီ ချက်ချင်းဖုန်းဆက်တယ်။
“ဆောရီးပဲ... ကိစ္စတစ်ခုပေါ်လာလို့ အခုမှ ရုံးကနေထွက်လာရမယ်”
“ဘာပြောတယ်... အခုမှ ရုံးကနေထွက်လာမယ် ဟုတ်လား! ငါးဟင်းက အေးသွားရင် စားမကောင်းတော့ဘူးဆိုတာ ရှင်မသိဘူးလား! ဒီငါးကို ဈေးကြီးပေးပြီး ဝယ်ခဲ့ရတယ်ဆိုတာ ရှင်မသိဘူးလား!”
မိန်းမရဲ့အပြောကို ယောက်ျားက ဘာမှပြန်မပြောဘဲ အိမ်ကိုကားအပြင်းမောင်းပြီး ပြန်ခဲ့တယ်။ တွေးရင်း၊ မောင်းရင်း လမ်းတစ်လျောက်လုံး စိတ်တွေလှုပ်ရှားခဲ့လို့ မတော်တဆ လူတိုက်မိမလိုဖြစ်ခဲ့သေးတယ်။
အိမ်ရောက်တာနဲ့ မိန်းမကို “ငါးဟင်း အေးသွားလည်း အေးပါစေလေ.. အေးသွားတော့လဲ ပြန်နွေးပြီး စားကြတာပေါ့” ပြောတော့ မိန်းမက “ရှင်က ငါးဟင်းကောင်းကောင်းစားဖို့ ကံကိုမပါဘူး။ နောက်ဆိုရင် ရှင့်ကို ငါးဟင်း အအေးပဲ ကျွေးတော့မယ်”
အဲဒီလို သူတစ်ခွန်း၊ ကိုယ်တစ်ခွန်းနဲ့ ဆဲဆိုငြင်းခုန်ရန်ဖြစ်ခဲ့ကြတယ်။ ကလေးတွေလည်း ငိုယိုလို့.. ငါးဟင်းတစ်ခွက်က စားပွဲပေါ်မှာ စားသူမဲ့ အရာမယွင်းရှိနေခဲ့တယ်။ အဲဒီငါးဟင်းကြောင့် လင်မယားနှစ်ယောက် ကွာရှင်းဖို့နီးနီးဖြစ်ခဲ့ရတယ်။
သူတို့ဟာ စကားပြောတတ်သူလား?
တကယ်လို့ မိန်းမဖြစ်သူက အိမ်ဆောက်တဲ့ကျွန်တော့်မိတ်ဆွေလို ရှုထောင့်ပြောင်းပြီး “မလောနဲ့.. မလောနဲ့.. ငါးဟင်းအေးသွားလည်း ပြန်နွေးလို့ရတယ်။ ကားကိုသာ ဖြေးဖြေးသာသာမောင်းခဲ့။ ကျွန်မတို့စောင့်နေမယ်” လို့သာပြောခဲ့ရင် ရန်ပွဲကဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
စကားပြောတတ်တာနဲ့ မပြောတတ်တာက လျှပ်တစ်ပြက်အတွင်းမှာပဲ ဖြစ်ပွားနိုင်ပါတယ်။ အဲဒီလျှပ်တစ်ပြက်အတွင်းမှာ သည်းခံမယ်၊ နောက်ကိုခြေတစ်လှမ်းဆုတ်ပြီး စကားဆိုးကနေ စကားကောင်း၊ ဒေါသစကားကနေ နူးညံ့စကားအဖြစ် ပြောင်းလဲတွေးတောနိုင်ခဲ့ရင် နောက်ဆုံးမှာ ကြည်နူးစရာတွေနဲ့ အဆုံးသတ်ရမှာ ဧကန်မလွဲပါပဲ။
အဲဒီလျှပ်တစ်ပြက်အတွင်းမှာ မစဉ်းစား၊ မဆင်ခြင်ဘဲ ပြောမိပြောရာ ပြောလိုက်ရင် ဝမ်းနည်း၊ ဒေါသတွေနဲ့ အဆုံးသတ်ရမှာဖြစ်တယ်။ ငယ်ရွယ်စဉ် မရင့်ကျက်သေးခင်မှာ တစ်ချို့စကားကို စိတ်လိုက်မာန်ပါ ပြောမိတတ်ကြတယ်၊ အမှားတွေ ပြောမိတတ်ကြတယ်။ နေ့ခင်းပြောခဲ့တဲ့ စကားကို ညဘက်အိပ်ရာဝင်ချိန်မှာ တွေးတောကြည့်ပြီး ပိုကောင်းတဲ့ “စကားကောင်းပြောနည်း” နဲ့ ကိစ္စသေးသေးထဲကနေ သင်ခန်းစာများများ၊ လွယ်ကူတဲ့စကားထဲကနေ ရင်ထဲထိမှန်နိုင်တဲ့ စကားမျိုးတွေ ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့.....
မူရင်းရေးသားသူ - ထိုင်ဝမ်စာဆရးဆရာ Liu Yong (劉墉)
နိုင်းနိုင်းစနေ (Monday, September 28, 2009)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။