Zayya Sopyay
ရေကြည်ပြီး မြက်နုနေသည့် ရန်ကုန်
__________________________
လွန်ခဲ့တဲ့ အနှစ် ၂၀ က လူဦးရေ သုံးသန်းမပြည့်တဲ့ ရန်ကုန်မြို့ဟာ ယခုအခါမှာတော့ လူဦးရေ ၉ သန်းကျော်ထိ ရှိလို့ လာပါပြီ။
နိုင်ငံရေး၏ ပြောင်းလဲမှု၊ စီးပွားရေးကျဆင်းမှု များ၏ နောက်ကွယ်တွင် လူတို့သည် ရေကြည်ရာမြက်နုဆိုသလို စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ရွေ့ပြောင်းလာရာတွင် ရန်ကုန်မြို့သည် အခြားသောမြို့များထက် ရေကြည်ပြီး မြက်နုနေပါသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတော့ ရန်ကုန်မြို့သို့ ရောက်ရှိလာသူများသည် ပညာရှာရန်အတွက်သာ အဓိကလာရောက်ကြပြီး အခုအခါမှာတော့ ကျောင်းလာတတ်သူတွေထက် အလုပ်လုပ်ရန် လာရောက်သူတွေက ပိုမိုများပြားလာပြီ ဖြစ်သည်။
"ရန်ကုန်က နယ်ထက် အခွင့်အလမ်းများတယ်။ အဓိကတော့ ပညာရေးနဲ့ စီးပွားရေးပေါ့ " ဟု မိတ္ထီလာမှ ရန်ကုန်သို့ လာရောက်ပြီး အလုပ် လုပ်ကိုင်နေသူ ကိုကျော်မင်းထွန်း (၂၉)နှစ်က ပြောသည်။ သူသည် လွန်ခဲ့သည့် ငါးနှစ်ခန့်ဖြစ်သည့် ၂၀၀၇ ခုနှစ်အတွင်း ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ပြည်တွင်းဂျာနယ်တစ်စောင်တွင် အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်ရင်းဖြင့် ယခုအခါတွင် Max Myanmar ကုမ္ပဏီတွင် Admin Officer အဖြစ် လုပ်ကိုင်နေသည်။ သူ့အနေဖြင့် ရန်ကုန်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ကာ အခြေတကျနေထိုင်မည်ဟု ဆိုသည်။
၁၉၉၀ ခုနှစ်တွင် မြန်မာပြည်၌ လူဦးရေ သန်း ၄၀ ခန့်ရှိကာ ရန်ကုန်မြို့၌ လူဦးရေ သုံးသန်းရှိခဲ့သည်။ လူဦးရေ တိုးနှုန်းမှာ ၂ ရာခိုင်နှုန်း ၀န်းကျင်သာဖြစ်သည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ပြုလုပ်သော စာရင်းများမှာတော့ သန်းခေါင်စာရင်းဖြင့်နေထိုင်သူများမှာ ၇ သန်းရှိပြီး ဧည့်စာရင်းဖြင့် နေထိုင်သူ ၂ သန်းကျော် ရှိကြောင်း ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ထားသည်။
ကုလ သမဂ္ဂ၏ ခန့်မှန်းချက်အရ ၂၀၁၀ ခုနှစ်တွင် ရန်ကုန်မြို့၌ လူဦးရေ ၄ သန်းကျော်ရှိမည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ၂ ဆကျော် တိုးလာပြီး ၉ သန်းကျော် ရှိလာခဲ့ပြီဖြစ်သည်။
၂၀၀၈ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ အများဆုံးမှာ မန္တလေးတိုင်း (၈.၂သန်း)ဖြစ်ကာ ဒုတိယမှာ ဧရာဝတီတိုင်း (၇.၈သန်း)ဖြစ်ပြီး ရန်ကုန်မှာ လူဦးရေ ၆.၈ သန်းဖြင့် တတိယအများဆုံးဖြစ်သည်။ လူဦးရေ ထူထပ်မှုမှာမူ တစ်စတုရန်းကီလိုမီတာလျှင် ရန်ကုန်၌လူ ၆၆၆ ဦးနေထိုင်ပြီး ဧရာဝတီတွင် ၂၂၄ ဦး၊ မန္တလေး၂၁၆ ဦး နေထိုင်ကြကာ ချင်းပြည်နယ်တွင် ၁၅ ဦးသာ ရှိသည်။
ရန်ကုန်သို့ ပြောင်းရွှေ့လာရခြင်း အကြောင်း အရင်းများကတော့ တစ်ဦးနှင့် တဦး မတူညီကြပါ။ အချို့ကတော့ နယ်တွင် ပညာဆက်လက်သင်ယူရန် အခြေအနေမပေးသဖြင့် ရန်ကုန်သို့ ပြောင်းရွှေ့လာရခြင်းဖြစ်သည်။ အချို့ကတော့ စားဝတ်နေရေးအတွက် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။
လမ်းပေါ်တွင် တွေ့သူများအား မေးမြန်းမှုအရ လူသုံးယောက်တွင် တစ်ယောက်သာ ရန်ကုန်မြို့သားဖြစ်သည်ကို တွေ့ရပြီး ကျန်နှစ်ဦးမှာ နယ်ဒေသ တစ်ခုခုမှ ဖြစ်နေသည်။
“နယ်မှာ အလုပ်မရှိတော့ ရန်ကုန်ကိုပဲပြောင်းလာရတာပေါ့ နယ်မှာထက်ပိုက်ဆံပိုရပေမဲ့ စားရိတ်က မသေးဘူး။ ဖြစ်နိုင်ရင် ရွာမှာ ပြန်နေချင်တယ်” ဟု မအူပင်မြို့နယ် မလက်တိုကျေးရွာမှ ပြောင်းရွှေ့လာသည့် အသက် ၅၅ နှစ်ရှိ ဦးအောင်မြင့်က ပြောသည်။ ၄င်းတို့၏ လယ်မြေများမှာ ၂၀၀၄ ခုနှစ်ဝန်းကျင်က အသိမ်းခံရပြီး ရန်ကုန်သို့ တတ်လာခဲ့သူဖြစ်ကာ လှိုင်သာယာတွင်နေထိုင်ပြီး သမီးနှစ်ယောက်က အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည်။ ဦးအောင်မြင့်တို့ကဲ့သို့ပင် စားဝတ်နေရေး အခြေအနေကြောင့် ဧရာဝတီတိုင်းအတွင်းမှ ရန်ကုန်သို့ တတ်လာသူများသည် လှိုင်သာယာမြို့နယ် အတွင်း နေထိုင်ကြကာ စက်ရုံများတွင် လုပ်ကိုင်ကြသည်။
“လှိုင်သာယာစက်မှုဇုန်တိုးတတ်တာ ဧရာဝတီတိုင်းထဲက တတ်လာတဲ့ လူတွေကြောင့်ပဲ” ဟု ကိုကျော်မင်းထွန်းက ဆိုသည်။ ဧရာဝတီတိုင်းအတွင်းမှ တတ်လာသူများအနေဖြင့် လှိုင်သာယာသို့ ဦးစွာ ရောက်ရှိနေထိုင်ကြသဖြင့် ယခုကဲ့သို့ ဖြစ်ခြင်း ဖြစ်ကြောင်း ယင်းက သုံးသပ်ပြသည်။
"နယ်မှာ ယာခင်းမှာ ၀င်လုပ်ရင် ခုနှစ်ရာကနေ တစ်ထောင်ကြားရတယ်။ ရန်ကုန်မှာတော့ ပန်းရံလိုက်လုပ်ရင် သုံးထောင်ကနေ ငါးထောင်ကြားလောက်ရသေးတယ်" ဟု မကွေးတိုင်းပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ရန်ကုန်မြို့သို့ ပြောင်းရွေ့လာသည့် ကိုဝင်းသိန်းက ဆိုသည်။
သူကတော့ လက်ရှိ အချိန်တွင် သုတေသနကုမ္ပဏီတစ်၌ မန်နေဂျာအဖြစ် လုပ်ကိုင်နေသော်လည်း ရန်ကုန်ကို စတင်ရောက်ရှိခဲ့သည့် ၁၉၉၆ ခုနှစ်မှ စတင်ကာ စိတ်ပညာဖြင့် မဟာဘွဲ့ယူသည့် ၂၀၀၇ ခုနှစ်အထိ လှိုင်မြို့နယ်ရှိဘုန်းကြီးကျောင်းတွင်နေထိုင်ကာ ပန်းရံအပါအ၀င် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ရသူဖြစ်သည်။
"နယ်မှာ လူနေမှု အဆင့်အတန်းနိမ့်ကျတာကလည်း ရန်ကုန်လာစေတဲ့ တွန်းအား တစ်ချက်ပဲ" ကိုဝင်းသိန်းကပြောသည်။
ရန်ကုန်နှင့် အခြားဒေသများကြား ဖွံ့ဖြိုးမှု ကွာခြားနေခြင်းက ရန်ကုန်မြို့ကို လူစည်လာစေခဲ့သည်။ ထိုသို့ လူစည်လာခြင်း၏ အကျိုးဆက်အဖြစ် နေစရာ ဈေးကြီးလာတော့သည်။
အိမ်ခန်းငှားခများလည်း တစ်လထက်တစ်လ မြင့်တတ်လာပြီး လွန်ခဲ့သော ၁၀ နှစ်ဖြစ်သည့် ၂၀၀၃ ခုနှစ်က အိမ်ခန်းငှားခမှာ ရန်ကုန်မြို့တွင်းနှင့် ၄ မိုင်ခန့်သာ ဝေးသည့် စမ်းချောင်း၌
ငါးလွှာ တိုက်ခန်း တစ်ခန်းလျှင် ၃ သောင်းကျပ် သာရှိရာမှာ ယခု ၂၀၁၃ ခုနှစ်တွင်မူ ယင်းတိုက်ခန်းမှာ ၁ သိန်းခွဲ အထိ ရှိလာပြီး ငါးဆခန့်အထိ ဈေးတတ်လာခဲ့သည်။ ရန်ကုန်မြို့ရှိ တိုက်ခန်းများဈေးနှုန်းက နယူယောက်ခ်မြို့ရှိ တိုက်ခန်းများထက် ဈေးကြီးနေကြောင်း ဘလွန်းဘာခ် သတင်းဌာနက လွန်ခဲ့တဲ့ တစ်ပတ်က ဖော်ပြခဲ့သည်။ မြို့ပြပညာရှင်ဒေါက်တာကျော်လတ်ကတော့ ရန်ကုန်မြို့တွင် နှစ်စဉ် အိမ်ခန်း လိုအပ်ချက်မှာ ၃ သောင်းရှိသော်လည်း တစ်နှစ်လျင် အိမ်ခန်း ၇ ထောင်ခန့်သာ ဆောက်လုပ်သဖြင့် ယခုကဲ့သို့ အိမ်ခန်းခများ ဈေးကြီးနေခြင်း ဖြစ်ကြောင်းလည်း ပြောပြသည်။
အိမ်ငှား မနေနိုင်သူအတွက်ကတော့ လှည်းတန်းနှင့် မြို့ထဲတ၀ိုက်ရှိ ကျောတခင်းစာ သုံးပေခန့်ကို ကျပ် နှစ်သောင်း မှ လေးသောင်း ကြားပေးရသည့် အဆောင်များရှိပါသည်။
"စမ်းချောင်းမှာ ခုနှစ်လွှာကိုငှားနေတာ ၈ သောင်းကနေ ၁ သိန်း ၁ သောင်းဆိုပြီး တိုးတောင်းတာနဲ့ မြောက်ဒဂုံကိုပဲ ပြောင်းနေလိုက်တော့တယ်" ဟု လွန်ခဲ့သည့် ပဲခူးတိုင်းက၀မြို့နယ်မှ ရန်ကုန်သို့ မိသားစုလိုက်ပြောင်းရွှေ့နေထိုင်သူ မဟန်နွယ်စိုးက ပြောသည်။ လက်ရှိ မြောက်ဒဂုံတွင်တော့ လုံးချင်းအိမ်လေးတစ်လုံးကိုတစ်လ ကျပ် ၆ သောင်းဖြင့် ငှားရမ်းထားပြီး သုံးရေမရှိသည့်အတွက် မိုးရေကို သုံးစွဲနေရသည်။
လူဦးရေ များပြားလာခြင်း၏ အကျိုးဆက်အဖြစ် သွားလာရေးလည်း ခက်ခဲလာပြီး တစ်မိုင်ခန့် ကွာဝေးသော ခရီးကိုပင် လိုင်းကားဖြင့် တစ်နာရီခန့်ကြာအောင် စီးရသည့် ခရီးများလည်း ရှိသည်။ ခရီးသည်တင်ယာဉ်နှင့် စီးနင်းသည့် လူအရေ အတွက်မမျှတမှုကြောင့် လိုင်းကားများသည် ကြပ်နေသကဲ့သို့ လမ်းမကောင်းခြင်းကြောင့်လည်း လမ်းမများမှာ ကားများပိတ်နေလေ့ရှိပါသည်။
“လူတွေ ဒီလောက်များမှတော့ ဒီလောက်တော့ ကားက ကြပ်မှာပေါ့” ဟု သုတေသီ ကိုဝင်းသိန်းက ပြောသည်။
ရန်ကုန်သို့ ၀င်ရောက်လာသူ အချို့ကတော့ နယ်ဒေသမှ နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ပြီး ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာသူတို့လည်း ရှိပါသည်။ ထိုသူများ နိုင်ငံခြားမှ ပြန်ရောက်လာခြင်းကြောင့် ရန်ကုန်တွင် အလုပ်သမားဈေးကွက်မှာ ပြိုင်ဆိုင်မှု ပြင်းထန်လာပြန်သည်။
“နိုင်ငံခြားပြန်တွေ အီးကောင်းတော့ ဘာပဲဖြစ်ဖြစ် ကိုယ်က တပန်းရှုံးတယ်” ဟု ကိုဝင်းသိန်းက ပြောသည်။
ရန်ကုန်တွင် လူဦးရေများပြားလာသည့် နောက်ကွယ်တွင်တော့ နယ်ဒေသများတွင် လူဦးရေ ရှားပါးလာပြီး လယ်ယာလုပ်ငန်းခွင်များတွင် လူရှားပါးမှု ပြဿနာများကြုံတွေ့ရနေရပြန်သည်။
တွေ့ဆုံမေးမြန်းမှုများအရ အဆင့်မြင့်လုပ်ငန်းများတွင် လုပ်ကိုင်နေသူ များသည် မိမိတို့ဒေသသို့ ပြန်လည် နေထိုင်လိုခြင်း မရှိကြောင်းပြောကြသည်။ ပညာရေးကို အခြေခံမခံသော လုပ်ငန်းများမှ လုပ်သားများကတော့ စားဝတ်နေရေး ပြေလည်ပါက မိမိတို့ ဒေသတွင်သာ ပြန်လည်နေထိုင်လိုကြသည်ဟု ဆိုသည်။
“နယ်မှာ တစ်ရက်လောက်ပြန်လိုက်ရင် တစ်လလောက် ခေတ်နောက်ကျသွားသလိုခံစားရတယ်။ သတင်းစာမရှိ၊ လျှပ်စစ်မရှိနဲ့ ဒါကြောင့် ရန်ကုန်မှာနေတော့မယ်” ဟု ကိုဝင်းသိန်းက သူ့ခံစားချက်ကို ပြောသည်။
ဇေယျစိုပြေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။