Nine Nine Sanay @ နိုင်းနိုင်းစနေ
ဆိုက်ဘေးရီးယား ဝံပုလွေခုနစ်ကောင် အဆက်(၂)
____________________________
နောက်တစ်နွေရောက်သောအခါ အာဒံနှင့်ဧဝမှာ တဖြည်းဖြည်း အရွယ်ရောက်ကြီးပြင်းလာသော ဝံပုလွေငယ်များနှင့်အတူ ထင်းရှူးတောသို့ ပြန်လည်ခိုဝင်သွားခဲ့ပြန်သည်။
နွေအကုန် ဆောင်းအကူးတွင် အာဒံနှင့်ဧဝက သူတို့၏သားသမီးများကိုခေါ်ပြီး Ivanထံ ဆောင်းခိုပြန်သည်။ သူတို့၏မိဘလောက် ကြီးထွားသန်မာလာသော ဝံပုလွေငယ်များကိုကြည့်ပြီး Ivan ဝမ်းသာကျေနပ်မိသည်။ ထောင်သားများက ဝံပုလွေတစ်အုပ်ကို ပိုင်ဆိုင်ထားသော Ivan အား အားကျကြသည်။ တချို့က သူ့အား ခြေနှစ်ချောင်းဝံပုလွေဘုရင်ဟု တင်စားကြသည်။ ရုရှားဥပဒေတွင် ဆိုက်ဘေးရီးယားရှိ အကျဉ်းသားများခွေးမမွေးရဟု သတ်မှတ်ထားသောကြောင့် ထောင်မှူး Roryကလည်း ဒါကိုအမူမဲ့ထားခဲ့သည်။ ခွေးမှလွဲပြီး ကျားမွေးမွေး၊ နဂါးမွေးမွေးရသည်ဟုသော သဘောဖြစ်သည်။
Ivan က တဲအိမ်ပြန်ပြင်ဆောက်မည့် အကြောင်းပြချက်ဖြင့် Roryထံ ပုဆိန်နှင့် လွှကိုငှားခဲ့သည်။ အမှန်မှာ ဆိုက်ဘေးရီးယားရှိ အပ်သဏ္ဍာန်အရွက်ပါသည့် ကျစ်လစ်သောထင်းရှူးပင်ဖြင့် ခိုင်ခန့်သောစွတ်ဖားတစ်စင်း ပြုလုပ်ရန်ဖြစ်သည်။ ပုဆိန်နှင့်လွှကို ပြန်အပ်ပြီး စွတ်ဖားအား နှင်းပုံထဲဖွက်ထားလိုက်သည်။ ညသန်းခေါင်ရောက်တိုင်း Ivanက ဝံပုလွေများကိုခေါ်ထုတ်ပြီး လှည်းဆွဲလေ့ကျင့်ပေးသည်။ ဝံပုလွေများ တဖြည်းဖြည်း လှည်းဆွဲကျွမ်းကျင်လာခဲ့ကြသည်။ ထွက်ပြေးလွတ်မြောက်ဖို့ အစီအစဉ်ကို Ivan စိတ်ချလက်ချ ပြင်ဆင်နေခဲ့သည်။ သုညအောက် လေးငါးဆယ်ဒီဂရီမျှအေးသော ဆိုက်ဘေးရီးယားဆောင်းညတွင် ဘယ်ငတုံးငအ,တွေက အပြင်ထွက်လှုပ်ရှားနေကြဦးမလဲ။
လထိန်ထိန်သာပြီး ကြယ်ရောင်များအားဖျော့သော ညတစ်ညတွင် ထင်းရှူးတောပတ်ဝန်းကျင်ရှိ အကျဉ်းသားတို့၏ နားခိုရာနေရာကား သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။ Ivan မှာ ဝံပုလွေခုနစ်ကောင်အား အစာရေစာအဝကျွေးပြီးနောက် စားလို့ရသည့်အရာမှန်သမျှ စွတ်ဖားပေါ်တင်လိုက်သည်။ ဝံပုလွေများလည်း ကိုယ်စီနေရာယူလိုက်ကြသည်။ ဤအရပ်မှထွက်ပြေးဖို့ သူဆုံးဖြတ်လိုက်သည်။ Rory က Czar ဘုရင်၏လက်ပါးစေ ပီသသည်။ နှင်းသမျှဖြူဖွေးသော ပုဆိန်သွားထက်ထက်တစ်ချောင်းကို ဆုပ်ကိုင်ပြီး Ivanရှေ့တွင် ရုတ်တရက်ဘွားခနဲပေါ်လာသည်။
“ငါ့ညီ Ivan… မင်း အိမ်ပြင်ဖို့ ပုဆိန်ငှားတာဟာ လက်စသတ်တော့ စွတ်ဖားလုပ်နေတာကိုး။ ငါ့ဒီပုဆိန်က ရုရှားဥပဒေပဲ.. ထွက်ပြေးတဲ့တရားခံမှန်သမျှ ငါ့ဒီပုဆိန်နဲ့ သေဒဏ်ပေးလိုက်လို့ရတယ်”
Roryမှာ ပြောပြောဆိုဆို လရောင်အောက်တွင် လက်လက်ထနေသောပုဆိန်ကို လွှဲမြောက်ပြီး Ivanခေါင်းအား ခုတ်ချလိုက်သည်။ မထင်မှတ်ဘဲ ရုတ်တရက်ဖြစ်လာသည့် အဖြစ်အပျက်အား Ivan တွေးတောဖို့အချိန်မရလိုက်။ ခြေတစ်ဘက်ကို သူမြှောက်တက်လိုက်သည်နှင့် Rory၏ ပုဆိန်မှာ လေထဲတွင် ကျွမ်းထိုးသွားတော့သည်။ နှစ်ယောက်သား ခေါင်းမော့လိုက်ကြသည်။ Ivanက ဘတ်စကက်ဘောလုဟန် အခုန်တစ်ချက်ဖြင့် ပုဆိန်ကိုဖမ်းဆုပ်လိုက်သည်။ ထို့နောက် လက်ကိုလွှဲချလိုက်သည်နှင့် Rory၏ဦးခေါင်းမှာ လည်ပင်းမှတိခနဲပြတ်ကာ နှင်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ခန္ဓာကိုယ်မှာလည်း စပါးအိတ်တစ်အိတ်လို ပစ်ကျသွားတော့သည်။ အေးခဲလွန်းသောကြောင့် သွေးထွက်ချိန်ပင်မရလိုက်ဘဲ ဒဏ်ရာကပိတ်သွားခဲ့သည်။ Roryနှင့်အတူ ဦးခေါင်းပြတ်ကိုပါ စွတ်ဖားပေါ် သူတင်လိုက်သည်။ ဒါ ဝံပုလွေအတွက်အစာဖြစ်သည်။
လက်ကို သူဆတ်လိုက်သည်နှင့် အာဒံ ဧဝက အရင်စလှုပ်ရှားသည်။ စွတ်ဖားမှာ ရေခဲပြင်ပေါ်ရှပ်တိုက်ပြီး အရှေ့မြောက်အရပ်ဘက်ဆီ ဦးတည်ခဲ့တော့သည်။ မနားတမ်း နောက်တစ်ရက်ညနေအထိ သူတို့ခရီးဆက်ခဲ့ကြသည်။ ဝံပုလွေများ အတော်ပင်ပန်းမှ Ivan က ကုန်းစောင်းတစ်နေရာတွင် လှည်းဖြုတ်ရပ်နားလိုက်သည်။ ဝံပုလွေခုနစ်ကောင်လုံးပူးကပ်ပြီး အချင်းချင်းကိုယ်ငွေ့ယူကာ နားနေကြသည်။ ဆာလောင်ငတ်မွတ်သောအကြည့်ဖြင့် Ivan၏ လှုပ်ရှားမှုမှန်သမျှကို လိုက်ကြည့်နေကြသည်။
Rory၏ခန္ဓာကိုယ်ကို လှည်းပေါ်မှ Ivan ဆွဲချလိုက်သည်။ အလောင်းပေါ်မှ အဝတ်အစားများကို ချွတ်ယူလိုက်သည်။ အဲဒီနောက် အလောင်းပေါ်တွင် ကြက်ခြေခတ်ပုံဆွဲလိုက်ပြီး “ထောင်သားရဲ့မယားကို အဓမ္မသိမ်းသွင်းဖို့ ထောင်သားကို မင်းဝံပုလွေစာကျွေးခဲ့တယ်။ ဒီကနေ့ မင်းရဲ့အသွေးအသားကိုလည်း ငါဝံပုလွေစာကျွေးမယ်။ ဒါဟာ တရားတဲ့ အလှဲအလှယ်ပါ။ မင်း မနစ်နာပါဘူး” ဟုပြောပြီး ပုဆိန်ဖြင့် Rory၏ခန္ဓာအား ခွဲစိတ်လိုက်သည်။ တချို့ကို ဝံပုလွေအားကျွေးပြီး ကျန်သည့်အသားများကို စွတ်ဖားပေါ်တင်လိုက်သည်။ ပုဆိန်ဖြင့် တွင်းတစ်တွင်းသူတူးလိုက်ပြီး ဝံပုလွေများအား ခိုဝင်စေသည်။ ဝံပုလွေများ အချင်းချင်းတိုးဝှေ့နေသည်ကို တွေ့သောအခါ Rory၏သားရေအင်္ကျီကို သူတို့ကိုယ်ပေါ်တွင် လွှမ်းခြုံပေးလိုက်ပြီး အနားယူအားမွေးစေလိုက်သည်။ Ivanမှာ အစားအစာအနည်းငယ်စားပြီး နှင်းခဲတချို့ ကောက်ယူဝါးလိုက်သည်။ ထိုနောက် တွင်းတစ်တွင်းတူးကာ နှင်းတွင်းထဲတိုးဝင်သွားတော့သည်။ ဆောင်းခိုသော ပိုလာဝက်ဝံတစ်ကောင်ကဲ့သို့ တွင်းထဲတွင် အိပ်စက်လိုက်တော့သည်။
ဘယ်နှရက် ဘယ်နှညအိပ်စက်နားနေခဲ့မှန်း Ivanလည်း မခန့်မှန်းတတ်ခဲ့ပါ။ ဘေဘီခေါ် ဝံပုလွေအငယ်ကောင်ကြောင့် သူနိုးထခဲ့သည်။
ဘေဘီ လျက်၍နှိုးသွားသော သူက နှင်းတွင်းမှထွက်လိုက်သည်နှင့် ဝံပုလွေများအားလုံး စွတ်ဖားဘေးတွင် နေရာယူထားသည်ကို တွေ့လိုက်သည်။ ဧဝမှာ အမပီသစွာနှင့် သူတို့ကိုယ်ပေါ်တွင်လွှမ်းခြုံခဲ့သော Rory၏သားရေအင်္ကျီအား ပါးစပ်ဖြင့်ကိုက်ချီပြီး စွတ်ဖားပေါ်တင်လိုက်သည်။ ဝံပုလွေများ ခွန်အားပြန်လည်ပြည့်ဝလာကြပြီး အစာစား၊ ခရီးဆက်ရန် ရပ်စောင့်နေကြသည်။ စွတ်ဖားပေါ်တွင် အစာများရှိသော်လည်း သူတို့ကိုယ်တိုင် မထိရဲကြ။ Ivanက သူတို့၏သခင် သူတို့၏ဘုရင်ဆိုသည်ကို အားလုံးသိထားသောကြောင့်ဖြစ်သည်။
ဝံပုလွေများ၏အစာမှာ Roryပင်ဖြစ်သည်။
သူတို့ခရီးဆက်ခဲ့ကြသည်။ Ivan၏ ဦးတည်ရာမှာ အရှေ့မြောက်အရပ်ရှိ Baikal Lakeဆီဖြစ်သည်။ နေ့ဖက်တွင် နေမင်းကိုကြည့်ပြီး ညဖက်တွင် ကြယ်များ၏အကူဖြင့် မနက်ထ၊ ညအိပ်နှင့် သူတို့ခရီးဆက်ခဲ့သည်မှာ တစ်ပတ်ရှိခဲ့ပြီ။ Rory၏အသားများက ဝံပုလွေတို့၏ခွန်အားအဖြစ် ပြောင်းလဲခဲ့သည်။ အမွေးထူလပျစ်နှင့် ပေါင်တစ်ဝက်ခန့် ကျန်နေသေးသည်။ Rory၏ထိုပေါင်တစ်ဝက်မှာ အန္တရာယ်ကြားက ကယ်တင်ရှင်ဖြစ်ခဲ့သည်။
*** ဒီညအပြီးရေးဖို့ ကြိုးစားတာပဲ.. ဒါပေမယ့် မျက်လုံးက မခံနိုင်တော့ဘူး။ မနက်ဖြန်ဆိုပြီးပါပြီ... စောင့်မျှော်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မူရင်းရေးသားသူ -- တရုတ်စာရေးဆရာ Cai Zhen Xing (蔡振興)
မူရင်းလင့် -- http://www.zenofang.com/china/7wolves.htm
နိုင်းနိုင်းစနေ( 13.July.2013)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။