ပြည်မြန်မာ
ကိုယ့်သားကို အရက်နဲ့မြည်းလို့ အမှားကြီးမှားမိတဲ့ ဘုရင်
ဒီနေ့တော့ မူးယစ်သောက်စား အပြစ်များကို ပြောပြချင်ပါတယ်။ အရက်သေစာ၊ မူးယစ်ဆေးစတာတွေဟာ သုံးစွဲသူကို မေ့လျှော့စေတတ်တယ်။ မူးယစ်စေတတ်တယ်။ ပက်သဒင်းဆေးရည်၊ တောအရက်၊ မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊ ဘိန်းကင်း၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်လ်အက်စ်ဒီ၊ ဘီယာအမျိုးမျိုး စတာတွေဟာ သုရာမေရယ၊ မူးယစ်စေတဲ့အထဲမှာ ပါဝင်ပါတယ်။
တကယ်တော့ အရက်စတာတွေဟာ မကောင်းတာလုပ်မိဖို့အတွက် ရဲဆေးပါ။ ပင်ကိုယ် အသိစိတ်ရှိနေရင် လူတွေဟာ မကောင်းတာလုပ်ဖို့ လက်တွန့်ကြတယ်။ အရက်လေးဝင်သွားလိုက်ရင်၊ ဒါမှမဟုတ် မူးယစ်ဆေးလေးရှုလိုက်ရင် အရင်က မပြောရဲတာ ပြောရဲလာတယ်။ မလုပ်ရဲတာ လုပ်ရဲလာတယ်။ ဒါကြော...င့် အရက်သေစာ၊ မူးယစ်ဆေးဝါးစတာတွေဟာ သုံးစွဲသူရော၊ သုံးစွဲသူနဲ့ ဆက်စပ်တဲ့ သူတွေအားလုံးကိုပါ အကျိုးပျက်ဆီးစေပါတယ်။

ဗာရာဏသီပြည်မှာ အရက်ကြိုက်တဲ့ ဘုရင်တစ်ပါးရှိခဲ့တယ်။ အသားလည်း အစားကြူးတယ်။ အရက်နဲ့အသား၊ အသားနဲ့အရက် သူ့အတွက် မရှိမဖြစ်ပဲပေါ့။ အဲတုန်းကတော့ ဥပုသ်နေ့မှာ အသားမသတ်ရ စည်းကမ်းရှိတယ်။ ဒီတော့ ဘုရင်အတွက် အသားကို ကြိုဝယ်ထားရတယ်။ တစ်နေ့တော့ ၀ယ်ထားတဲ့အသား ခွေးစားသွားလို့ အရက်သောက်တဲ့အခါ အသားမပါခဲ့ဘူး။ အရက်သာ တစ်အိုးပြီးတစ်အိုးသောက်နေတာ အသားမပါတော့ အရသာမရှိ။ မသိစိတ်က အသားတောင့်တလေတော့ ရင်ခွင်ထဲ ပွေ့ချီထားတဲ့ မွေးကင်းစ သားလေးကို လည်ချိုးကာ ချက်ခိုင်းလိုက်ပါတော့တယ်။ ကြင်ယာတော်များလည်း မငြင်းသာ။ ငိုချင်ရက်နဲ့ အောင့်ထားရရှာပါတယ်။ ဘုရင်ဟာ တစ်ညလုံး အရက်ကလေးသောက်လိုက်၊ သားလေးရဲ့ အသားကို ဖဲ့စားလိုက်နဲ့ ဇိမ်ကို ရှိနေတာပါပဲ။ ဒီလိုနဲ့ မနက်မိုးလင်းလို့ အမူးပြေတော့ သားလေးကို သတိရတယ်။ ဒါနဲ့ မိဖုရားကို ခေါ် သားတော်လည်းကို ခေါ်ခဲ့ပါဦးလို့ ဆိုတော့ ဒီတော့မှ မိဖုရားများလည်း ညက ဖြစ်စဉ်ကို ပြန်သံတော်ဦးတင်လိုက်ပါတယ်။ ဘုရင်ဟာ မိဖုရားစကားကြားလိုက်တော့ ငယ်ထိပ် မြွေပေါက်ခံရသလို၊ ရင်ဘက် မီးဟုန်းဟုန်းတောက်သလို ထိတ်လန့်တုန်လှုပ်ကာ အိနြေ္ဒမဆည်နိုင်အောင် ရှိုက်ကြီးတငင် ငိုရပါတော့တယ်။ အမှားဟာ ပြန်ပြင်လို့မရတော့ပါ။ ညက မငိုပဲ အောင့်ထားတဲ့ မိဖုရားနဲ့ နန်းတွင်းသားအားလုံးလည်း ခုမှ အားရပါးရ ငိုကြပါလေတော့တယ်။
အဲဒီအချိန်ကစပြီး ဘုရင်ဟာ ဒီလောက် လူကို ဆင်းရဲစေတဲ့အရက်ကို ရဟန္တာဖြစ်တဲ့အထိ မသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါကြောင့် အရက်သေစာ၊ မူးယစ်ဆေးဝါးဆိုတာ နည်းနည်းသုံး နည်းနည်းမူးတယ်။ များများသုံး များများမူးယစ်လို့ များများအပြစ်လုပ်မိမယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ဆိုကျိုးပေး၊ လူ့အကျင့်စာရိတ္တကိုလည်း ပျက်ပြားစေတဲ့အရက်ကို စာဖတ်ပရိသတ်အားလုံး ရှောင်ကြဉ်နိုင်ကြပါစေ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။