အဆိုတော်ကိုကိုမောင် ဆုံးပါးပြီး တလအကြာမှာပေါ့။ Queen Star ဆိုတဲ့  Restaurant လေးမှာ “အနောက်ဘက်က မဇ္ဈိမ" ဆိုတဲ့ အယ်လ်ဘယ်မိတ်ဆက်ပွဲလေးလုပ်တယ်။ ဒီအယ်လ်ဘမ်လေးက အဆိုတော်ကိုကိုမောင် ၊ ဖြိုးကျော်ထိုက်နဲ့  သာဒီးလူတို့ သူငယ်ချင်း ၃ယောက်လုပ်ထားတာပါ။ ဒီအယ်လ်ဘမ်နဲ့  ပတ်သက်လို့  ဖြိုးကျော်ထိုက်နဲ့သာဒီးလူတို့  နှစ်ယောက်က ကျွန်တော့်ကိုပြောပြတဲ့အခါ … -------
မေး - ဒီအယ်လ်ဘမ်လေး ဖြစ်လာတဲ့ အကြောင်းက စရအောင် --- ။
သာဒီးလူ - ပထမဆုံး စပြီးစဉ်းစားဖြစ်တာက ရွှေတိဂုံဘုရားပေါ်မှာပါ ကျနော်တို့သုံးယောက် ဘုရားသွားဖူးရင်းနဲ့ အရှေ့ဘက်မုဒ်မှာထိုင်ရင်း ငါတို့တွေ ခွေလုပ်မှဖြစ်မယ်။ဒီတိုင်းတော့ နေလို့ မဖြစ်ဘူးလို့  တိုင်ပင်ဖြစ်တယ်။ ကျနော်ကလည်း သီချင်းရေးတဲ့အခါကျတော့ လက်ထဲမှာ သီချင်းကအဆင်သင့်ရှိတယ်လေ။ အဲ့ဒီမှာပဲ အကုန်ညှိနှိုင်းပြီးတော့ (၃)ယောက်လုံး သဘောတူညီချက်နဲ့ ဒီခွေကို လုပ်ခဲ့တာပါ။
ဖြိုးကျော်ထိုက် - အဲဒီတုန်းက ကိုကိုမောင်ကလည်း တစ်တပ်တအားဖြစ်တယ်လေ။ဒီခွေကိုသေချာလုပ်မယ်ဆိုပြီး သူပြောတယ်။ သာဒီးလူမှာ သီချင်းတွေရှိသလို ကျွန်တော်ကလည်း `မရပ်နဲ့´ဆိုတဲ့ တကိုယ်တော်ခွေထွက်ထားတော့ အဲ့ ဒီအရှိန်လေးတွေရှိတယ်ဆိုပြီး ကျွန်တော်ဘက်ကလည်း သူတို့နဲ့  (၃)ယောက်တွဲလုပ်ရရင် မိုက် မယ်ဆိုပြီးတိုင်ပင်ကြတယ်။ ပြန်လာတော့ (၂၄၃) လိုင်းကားကြီးပေါ်မှာ နောက်ဆုံးကထိုင်ပြီးလိုက်လာကြတာကို မှတ်မိနေသေးတယ်။ ခွေအတွက် ဒီးလူဆီက သီချင်းတွေအရင်ကြည့်တယ်။ ပြီးတော့ ထောက်ကြံ့မှာနေတဲ့  F သားငယ်ဆီမှာ သီချင်းသွားရွေးကြတယ်။ Fသားငယ်ဆီကရလာတာ သီချင်းနှစ်ပုဒ်ပေါ့။ ဒီထဲမှာ ဒီးလူ ခုဆိုထားတဲ့ `စောင့်နေပါဦး´သီချင်းကို Fသားငယ်က ကျနော်နဲ့လိုက်တယ်တဲ့။ ကျနော်က အဲဒီသီချင်းကိုမကြိုက်ဘူး။ ဒီးလူကကျတော့ အဲ့ ဒီလိုသီချင်းမျိုး သူ့မှာမရှိဘူးဆိုပြီး သူဆိုမယ်တဲ့။ သီချင်းက သူနဲ့မှ ပိုလိုက်သွားတယ်။ ကျွန်တော်ကကျတော့ F သားငယ်ဆီက အနားနားဆိုတဲ့ သီချင်းကိုယူတယ်။ အဲ့ဒီမှာ ကိုကိုမောင်က သားကြီးရာ ငါ့ကျတော့ ဘာမှမရဘူးကွာတဲ့။ ရှုပ်ပါတယ် ငါ ဒီးလူဆီက ယူလိုက်မယ်ဆိုပြီး ဒီးလူဆီကပဲ သီချင်း(၃)ပုဒ် ယူဆိုလိုက်တယ်။
ဒီးလူ - ဟုတ်တယ်။ ကိုကိုမောင်ဆိုတာက ချစ်သူမုန်းသွားပြီလား၊ ခံဝန်ကတိနဲ့  မီးတောက်လိုပုစ္ဆာ သီချင်း (၃)ပုဒ်ပေါ့။ သူလည်းကြိုက်တယ်လေ။
မေး - ဒါဆို သီချင်းက တစ်ယောက် (၃)ပုဒ်ဆီ ကျသွားတာလား။
ဖြိုးကျော်ထိုက် - ဟုတ်ကဲ့။ ကျွန်တော်က F သားငယ်ဆီက တပုဒ်၊ မျိုးဦးဆီက တပုဒ်၊ ဒီးလူဆီက တပုဒ်ပေါ့။
ဒီးလူ - တစ်ယောက် (၃)ပုဒ်စီပေါ့။ Group Song က (၂)ပုဒ်ဆိုတော့ အားလုံးပေါင်း ၁၁ပုဒ်ဖြစ်သွားတာပေါ့။တေးရေးကတော့ (၃)ယောက်တည်းပဲ။ ကျွန်တော်ရယ် Fသားငယ်ရယ်၊ မျိုးဦးရယ်ပေါ့။ Group Song နှစ်ပုဒ်က ကျနော်ရေးတာပါ။ Title Song ဖြစ်တဲ့  အနောက်ဘက်ကမဇ္စျိမ သီချင်းက Ready ရှိပြီးသားဗျ နောက်ဆုံးအပိတ်သီချင်းဖြစ်တဲ့  `အိမ်ပြန်ချင်တယ်´ ဆိုတဲ့  သီချင်းကတော့ နောက်မှရေးဖြစ်တာ။
ဖြိုးကျော်ထိုက် - အဲ့ဒီ အိမ်ပြန်ချင်တယ်ဆိုတဲ့  သီချင်းလေးက ကျနော်တို့ (၃) ယောက်လုံးနဲ့လိုက်တယ်။ Title ဖြစ်တဲ့ အနောက်ဘက်ကမဇ္စျိမတောင် ကျွန်တော်နဲ့သိပ်မလိုက်ဘူး။ Studio မှာ ကိုကိုမောင်က ချပါကွာ မင်းကလည်း သုံးယောက်လုံး အတူတူလုပ်တဲ့ဟာကိုတဲ့။ ကျွန်တော်အနေနဲ့  အားမရပေမဲ့  ကြိုးစားပြီးတော့ ဆိုခဲ့ပါတယ်။ ကိုကိုမောင်က ဘာပဲလုပ်လုပ်ပါ။ စိတ်ကတော့ အမြဲရှေ့မှာရှိတယ်။ သူ့မှာ ပြောစရာဆိုလို့  နောက်ကျတတ်တာလေးတခုပဲ။ စခင်ပြီဆိုကတည်းက ဒီကောင် ကျနော်တို့ကိုစောင့်ခဲ့ရတာ သုံးခါလောက်ပဲရှိတယ်။ သူကပဲ အမြဲနောက်ကျတာ။ သူ့ရဲ့ခြွင်းချက်ဆိုပေမဲ့  အဲ့ဒါလေးက အမှတ်တရပေါ့။သူ့ကိုမမေ့နိုင်ဘူး။ ကျနော်တို့က ဘယ်သွားသွား ဘယ်လာလာ အတူတူဆိုတော့ သူမပါလို့ရှိရင်ပဲ စိတ်ထဲမှာ တမျိုးကြီဖြစ်နေတယ်။
မေး - Title Group Song ဆိုတုန်းက အမှတ်တရတွေရှိခဲ့သေးလား။
ဖြေ - ဖြိုးကျော်ထိုက် - တီးတာက Guardians မှာဗျ။ဆိုတာတော့ ကိုခင်မောင်သန့်  (IC) 4/4 Musicမှာပေါ့။
ဒီးလူ - ရန်ဖြစ်ကြသေးတယ်။ကိုကိုမောင်နဲ့သူလေ။ စကားတွေ ထများကြသေးတယ်။
ဖြိုးကျော်ထိုက် - သီချင်းနဲ့ပတ်သက်ပြီးတော့လေ။ ဒါပေမယ့် တယောက်နဲ့တစ်ယောက်က စိတ်ထဲမှာလုံးဝမထားခဲ့ပါဘူး။ နောက်နေ့ကျရင် အဆင်ပြေသွားတာချည်းပဲ။
မေး - အိမ်ပြန်ချင်တယ်သီချင်း ကန်းထရီး လေးလား။
ဖြေ - ဖြိုးကျော်ထိုက် - ဟုတ်တယ် Oldies Country လေးကို ဒီဘက်ခေတ်ရောက်အောင် ပြန်ပီးပေါင်းစပ်ထားတဲ့ပုံစံမျိုးလေးပေါ့။
ဒီးလူ - Funk ဘက်လည်း နည်းနည်းလေးရောက်တယ်။အချိုလေးပေါ့။
ဖြိုးကျော်ထိုက် - ကျနော်တို့ရဲ့Traditional ကိုလွမ်းထားတာပါ။အမြီးရမ်းတတ်တဲ့ နွားကြီးအကြောင်းပါသလို အိမ်ဘေးက စပါးကျီကြီးကို လွမ်းထားတာလည်းပါတယ်။ နားထောင်ရတဲ့သူတွေအတွက်တော့ တော်တော်လေးကြိုက်ကြမှာပါ။ ကိုကိုမောင်ဆိုထားတာလည်း မိုက်တယ်။ သူက ကျနော်တို့သီချင်းဆိုရင် အားမရဘူး။ ဒီကောင့်Vocal က ဘယ်သံကြီး ကောင်းတာကိုး။ ကျနော်တို့ကိုလည်း အဲ့ဒီလို ဘယ်သံကြီးကြီးနဲ့  သီချင်းကို ထောင်းပြီး ဆိုစေချင်တာ။ ကျနော်တို့က ကျနော်တို့အသံနဲ့ကျနော်တို့ဆိုတဲ့အခါမှာ တခါတလေကျရင် စကားများတာပါ။ သူ့အသံနဲ့  ကျနော်တို့အသံနဲ့  တူမှမတူတာကိုး။ `မင်းအသံနဲ့  ငါတို့အသံနဲ့ မတူဘူး သူငယ်ချင်း´ လို့ဆိုတော့မှ သူက စိတ်လျှော့တာ။ သူ့မှာ သူငယ်ချင်းတွေကို အသားကုန် ဖြစ်စေချင်တဲ့စိတ်ရှိတယ်။
မေး - ဖြိုးကျော်ထိုက်ဆိုထားတဲ့ သီချင်း ၃ပုဒ်က ဘာတွေလဲ။
ဖြေ - `ချစ်သူရိုစီ ၊ အနားနားနဲ့  ၀င်ဒီ´ဆိုတဲ့  ၃ပုဒ်ပေါ့။
မေး - သာဒီးလူ ဆိုထားတဲ့သီချင်း၃ ပုဒ်ကရော ဘာတွေလဲ။
ဖြေ - ကျနော်ဆိုထားတာ `သံစဉ်အလိုက် ၊ အိမ်အိုဟောင်းနဲ့  စောင့်နေပါ´ ဆိုတဲ့သီချင်း ၃ပုဒ်ပေါ့။
မေး - သူငယ်ချင်း၃ယောက် အတူတူလုပ်လာတဲ့  ဒီအယ်ဘမ် ထွက်လာတဲ့အချိန်မှာ ကိုကိုမောင်ကမရှိတော့ ဒီးလူတို့  ထိုက်ကြီးတို့  အနေနဲ့ ဘယ်လိုခံစားရလဲ။
ဖြေ - ဒီးလူ - လူတိုင်းကတော့ အောင်မြင်ချင်တာပေါ့နော်။ ဒါပေမဲ့  ဒီအလုပ်ကလည်း ကံပါတာကိုး။ အောင်မြင်ချင်မှလည်း အောင်မြင်မယ်။ ပေါက်ချင်မှလည်း ပေါက်မယ်။ တခုပြောချင်တာကတော့ ဒီအချိန်မှာကိုကိုမောင် ရှိရင်တော့ အရမ်းကောင်းမှာပဲ။
ဖြိုးကျော်ထိုက် - ကျနော့်အနေနဲ့တော့လေ ဒီဇွန်လ (၂၇)ရက်မှာ ကျနော်တို့  အခွေလေးထွက်ပြီ။ စာနယ်ဇင်းမိတ်ဆက်ပွဲလုပ်တဲ့ နေ့တုန်းကတောင်မှ ကျနော်စိတ်ထဲမှာ (ရုတ်တရက်) ကိုကိုမောင်က နောက်ကျမှရောက်လာမယ်လို့  ထင်နေတယ်။ ဒါက မဖြစ်နိုင်တဲ့အတွေးပါ။ ဒါပေမဲ့  တကယ်နောက်ကျတာက ကျနော်ပါ။ စာနယ်ဇင်း ဆရာ ဆရာမတွေကိုတောင် ကျနော်ပြန်တောင်းပန်ခဲ့ရသေးတယ်။ တိုက်ဆိုင်မှုလို့ပဲ ပြောရမလား။ အဲ့ဒီနေ့က ကိုကိုမောင်ရဲ့ အဖေနဲ့ အမေက ဒီပွဲကို ကျနော့်နောက်မှ ရောက်လာတယ်။ ကျနော့်အတွက် ပိုပြီး Feel ဖြစ်သွားတယ်။သူ့ အဖေနဲ့အမေ ၊သူ့အစ်မနဲ့ သူ့အဒေါ်တို့လည်း ရောက်လာတော့ ကျနော်စိတ်ထဲမှာ တကယ်ကို ၀မ်းနည်းတယ်။ဘာပဲဖြစ်ဖြစ် ဒီထဲက ကိုကိုမောင်ရဲ့  ချစ်သူမုန်းသွားပြီလား ဆိုတဲ့သီချင်းလေးကတော့ ပရိတ်သတ်ကြိုက်မယ့်သီချင်းပါ။ကျနော်တို့က `သားကြီး မင်းရဲ့ အဲ့ဒီသီချင်းပေါက်မှာ´လို့ပြောတော့ သူက ကျနော့်ကို `ကောင်မ´တဲ့ ကျွန်တော့်ကို ဆံပင်ရှည်လို့ သူက အဲဒီလို ခေါ်တာ။`ကောင်မ... နင် ငါ့ကို အဲ့လိုမပြောနဲ့  နင့်သီချင်းကမှ ပေါက်မှာ´တဲ့။ ကျနော်ရဲ့ `၀င်ဒီ´ ဆိုတဲ့ သီချင်းလေးကို သူကြိုက်တယ်ပြောတယ်။ အခု သူမရှိတော့ပေမဲ့  အနောက်ဘက်က မဇ္စျိမ ကတော့ထွက်ပြီ။ အဲ့ ဒီအတွက်ကြောင့် ကျနော်တို့ခွေလေးကို နားထောင်ကြည့်ပေးစေချင်ပါတယ်။ အဓိကကတော့ ကိုကိုမောင်ရဲ့ သီချင်းတွေကို နားထောင်စေချင်တာပါ။ ကိုကိုမောင်ရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ သီချင်းအသစ်လေးတွေကိုပေါ့ ။ တခြား `7 Joker´ တို့  ၊ ဆင့်မေဖူးနဲ့  ခွေ ---တို့လို ကိုကိုမောင်ဆိုထားတဲ့သီချင်းလေးတွေလည်း ထွက်လာဖို့  ရှိသေးတယ်လို့ ပြောချင်ပါတယ် ။ ။
နှင်းနီ
Beauty Magazine
အနောက်ဘက်က မဇ္ဈိမ -The Keyhttp://www.solidfiles.com/d/f926ca991b/The_Key_-_Mazima.rar
special thanks.. စစ်သူကြီး အာမက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။