ရွှေရတု စိုင်းထီးဆိုင်" (အပို်င်း ၂)
=======================
{တွေ့ဆုံမေးမြန်းသူ - ဇောရိုး}
သရဖူ မဂ္ဂဇင်း (August 2000)
....
.
.
Q - သီချင်းခွေအနေနဲ့ ပထမဆုံး လုပ်ဖြစ်တာက ??
A - 'သဘာဝ'ပါ။ ၁၉၇၅ လောက်မှာ။
Q - ရေးတာက ဆရာစိုင်းခမ်းလိတ် တစ်ယောက်တည်းပဲလား??
A - စိုင်းခမ်းလိတ်ကတော့ အများဆုံးပေါ့။ ဒါပေမယ့် စိုင်းခမ်းမတ် နည်းနည်းပါးပါး ပါတယ်။
Q - 'သဘာဝ' သွင်းတဲ့အချိန်မှာ The Wild Onces အဖွဲ့သားတွေရဲ့ နာမည်ကို ပြောပါဦး??
A - စောဂျော်နီ - ဘေ့(စ်)၊ လိဒ်က ဂျက်ဆင်၊ ဒရမ်က စိုင်းခမ်းသီ၊ ရစ်သမ်ကတော့ ကျွန်တော် တီးတယ်။ အဲဒီတုန်းက ကီးဘုတ် မရှိသေးဘူး။ ခေတ်လည်း မစားသေးဘူး။
Q - ဘယ်စတူဒီယိုမှာလဲ??
A - ဦးဘသိန်း စတူဒီယို
Q - သွင်းပြီးတဲ့အခါကျတော့ ဘယ်လို ဖြန့်ခဲ့သလဲ??
A - ခွေကို မဝယ်ကြတော့ ဆိုင်ကို ခွေပြ၊ မဝယ်ရင် ပြန်ထွက်ပေါ့။ ကက်ဆက်ကာဘာစနစ် မပေါ်သေးဘူး။ လိုက်ရောင်းတဲ့အခါမှာ ထုံးစံအတိုင်းပေါ့ဗျာ။ လူမသိသေးတဲ့ အဆိုတော်ဆိုတော့ အမျိုးမျိုး ပြောကြတာပေါ့။ နှိမ်တဲ့သူလည်း နှိမ်တာပေါ့။ မသိဘူးပြောတဲ့သူလည်း ပြောတာပေါ့။ တချို့ ကဆိုရင် ဒီအခွေထဲက သီချင်းကို သူတို့ကူးထားရင် အလကားပေါ့လေ။ အခွေစိုက်ထားရတဲ့အတွက် သူတို့ နာတယ်ပေါ့။ အဲဒီလိုတောင် ပြောတာ။ ကျွန်တော်ကလည်း ဒါတွေကတော့ ဖြတ်သန်းရမယ့်ဟာလို့လည်း မသိဘူးပေါ့ဗျာ။ အရင်တုန်းကတော့ စိတ်ဓာတ်ကျတဲ့အခါ ကျ၊ တက်တဲ့အခါ တက်နဲ့ ဝါသနာက အားကြီးတဲ့အခါကျတော့ မဖြစ်ဖြစ်အောင် လုပ်မယ်ပေါ့လေ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စုပြီး လုပ်ကြတာ။ နည်းနည်းပါးပါး ထောက်ပံ့တဲ့ သူငယ်ချင်းတွေလည်း ရှိတယ်ပေါ့။
အဲဒီသီချင်းတွေကို မန္တလေးရုပ်ရှင်ခြံထဲမှာ အစမ်းသဘောမျိုး သွင်းကြည့်ဖူးတယ်။ သိပ်တော့ မကောင်းပါဘူး။ ဗဟိုတေးသံသွင်းက ကျွန်တော်တို့ကို ကူညီပေးခဲ့တယ်။ အဲဒါလည်း မထုတ်ဖြစ်ပါဘူး။ ဦးဘသိန်းဆီကို သွားသွင်းဖို့ ဗဟိုက တွန်းအားပေးလိုက်တာပါ။ ရုပ်ရှင်ခြံထဲမှာ သွင်းရင် ကွာလ်တီလည်း မီမှာမဟုတ်ဘူး။ ရန်ကုန်မှာပဲ သွင်းတာ ကောင်းတယ်ဆိုပြီးတော့ အဲဒီတုန်းကလည်း စတူဒီယိုဆိုတာ ဦးဘသိန်းတစ်ခုပဲ ပြောစရာရှိတယ်လေ။
Q - ဒုတိယအခွေက??
A - ဒုတိယအခွေက 'နွေရာသီ'၊ 'သဘာဝ' နဲ့ 'နွေရာသီ' ကြားမှာ ၂ နှစ်လောက် ကြာတယ်။ ပထမအခွေက အကျိုးအကြောင်းလည်း ဒီလောက် မသိဘူး။ ဒါပေမယ့် ကြားဖူးတဲ့ သူကလည်း ကြားဖူးတယ်ပေါ့လေ။ အဲဒီလို နည်းနည်းပါးပါး ဖြစ်သွားတော့ မဆိုးဘူး။ အဲဒီတုန်းက ထုတ်ဖြစ်သွားခဲ့တာတောင်မှ အချိန်ရတာ နည်းလွန်းအားကြီးတယ်။ ပထမစီးရီး ၁၇ ပုဒ်ကို တစ်ရက်တည်းနဲ့ ဆိုတီးအပြတ်လုပ်ရတာဆိုတော့ စိတ်တိုင်းတော့ မကျကြဘူး။ ထုတ်တာကလည်း ဂျေမောင်မောင်ကြီး အကူအညီနဲ့ သူက တစ်ယောက်ပြီးတစ်ယောက် လိုက်စပ်ပေး၊ လိုက်လုပ်ပေး၊ အဲဒီလိုပေါ့။ ကျွန်တော်ကလည်း ပြန့်ရင်တော်ပါပြီ။ ဘာမှ မရရင် နေပါစေတော့ပေါ့။ အဲဒီလို သဘောမျိုးနဲ့ လွှတ်ထားလိုက်တာပါ။
ဒုတိယတစ်ခု လုပ်ဖြစ်ဖို့ကလည်း အကြောင်းတစ်ခုက တိုက်ဆိုင်လာတယ်။ ကျွန်တော်တို့ တောင်ကြီး ယဉ်ကျေးမှု အဖွဲ့ဆိုတဲ့ တီးဝိုင်းလေးတစ်ခု ရှိပါတယ်။ အဲဒီတီးဝိုင်းမှာ ပါတဲ့ အကော်ဒီယံ တီးတဲ့ ဆရာ ဦးသန်းဆွေရဲ့  သမီးပေါ့။ နန်းအေးအေးဆွေ သူကလည်း သီချင်းစဆိုပြီးတော့ Stage အတွေ့အကြုံက တော်တော် ကောင်းနေပြီ။ သူက အသံသွင်းချင်တယ်။ ကျွန်တော်နဲ့ ဆရာစိုင်းခမ်းလိတ်ကို ပြောပေးပါ။ သူဆိုဖို့ သီချင်းလေးတွေ ဝယ်ချင်တယ်ပေါ့လေ။
ဆရာခမ်းလိတ်က တော်တော်လေးကို အားတက်သရော လုပ်ပေးပါတယ်။ ဘာလို့ဆိုတော့ 'စိုင်း' နဲ့ 'နန်း' ဆိုပြီး ထွက်မယ့် အခွေမျိုးပေါ့ဗျာ။ ဆရာကလည်း သဘောကျပြီး ကောင်းကောင်း လုပ်ပေးတယ်။ ဒါပေမယ့် အဲဒီဟာက တကယ့်တကယ် ဦးဘသိန်းဆီပဲ ဆက်လာတဲ့အချိန်မှာ ဒုတိယအကြိမ်ကျတော့ သိပ်ပြီး အဆင်မပြေတော့ဘူး။ ဆက်ဆံရေးလည်း နည်းနည်း တင်းမာကုန်တာပေါ့လေ။
ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ဆီက လူငယ်တွေကလည်း သူတို့ကို ဆရာ လုပ်အားကြီးရင်လည်း မကြိုက်ဘူး။ အဲလို ဖြစ်ရာကနေပြီးတော့ နန်းအေးအေးဆွေတို့က အစီအစဉ်တစ်ခု ပြောင်းပြီး သူတို့က သူတို့သီချင်းကို ယူပြီး Playboy နဲ့ သွင်းမယ်။ ကိုသန်းနိုင်တို့ကလည်း သူ့ကို ကူညီပါမယ်လို့ ပြောထားပြီးပြီတဲ့။ ကိုသန်းဆွေကလည်း သူနဲ့ ရင်းနှီးတယ်တဲ့။ သူတို့က အဲဒါနဲ့ သွင်းမယ်ဆိုတော့ ကျွန်တော်တို့မှာ စရိတ်လည်း ကုန်၊ လူလည်း ပင်ပန်း၊ စိတ်ဓာတ်တွေ ကျပြီးတော့ ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတဲ့အချိန်မှာ ရွက်ဝါဦးမောင်မောင်နဲ့ သွားတွေ့တာ။
ရွက်ဝါမောင်မောင်နဲ့ တွေ့တော့ သူက ဘယ်သူဆိုမှာလဲတဲ့။ သူ့မှာ M - 10 စက်လေးနဲ့ ယာမဟာမစ်ဆာလေး ရှိတယ်တဲ့။ တစ်နေရာရာမှာ သွားဖမ်းလိုက်ရင် ရမယ်ပေါ့လေ။ သူက ကူညီနိုင်ပါတယ်ဆိုတော့ ရန်ကုန်ရုပ်ရှင်ခြံပေါ့။ အဲဒီအောက်ထဲမှာ လူဆိုးတွေ ဖိုက်တင်ချတဲ့အခန်းတို့၊ ပြန်ပေးဆွဲတဲ့ အခန်းတို့ ရိုက်တဲ့နေရာမျိုး၊ အဲဒီနေရာကို စတူဒီယို သဘောမျိုးလို ကျွန်တော်တို့ ပြန်လုပ်ပြီးတော့ ဖျာတွေကာ ဒရမ်တွေ ဘာတွေထား တီးပြီးတော့ အဲဒီမှာ ဒုတိယ စီးရီးကို အပုဒ်ရေလည်း မပြည့်ဘူး။ သီချင်းလည်း ဆယ်ပုဒ်တည်းပဲ ရှိတယ်။ အဲဒါ ဘားကုန်ပဲ။ မိနစ်လည်း တွက်ထားတာလည်း မဟုတ်။ အဲဒါကို ရုပ်ရှင်ခြံမှာ တစ်ခါ သွားသွင်းရတယ်။ အဲဒီအခွေက အသံဖမ်းတဲ့သူ ဆရာအစစ်လည်း မဟုတ်ဘူး။ စတူဒီယို အစစ်လည်း မဟုတ်ဘူး။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့မှာ ချော်တာတွေ အများကြီး ဖြစ်ကုန်တာပေါ့။ ကွာလ်တီအရလည်း ချော်ကုန်တယ်။ တီးရ ဆိုရတာလည်း တစ်မျိုးပဲပေါ့နော်။ အရမ်းကို စိတ်တိုင်းမကျ ဖြစ်သွားတယ်။ အဲဒီကတည်းက ဦးဘသိန်းနဲ့ ကျွန်တော် နည်းနည်း အလှမ်းဝေးသွားတာပေါ့လေ။
အဲဒီကနေ တတိယ စီးရီး "ပျောက်ဆုံးနေသော နိဗ္ဗာန်" ကျမှ ဦးအံ့ကြီးရဲ့ သား ယူဂျင်းအံ့ကြီးက ဖမ်းပေးမယ် ဆိုလို့ ကျွန်တော်တို့ "ပန်းသာရုပ်ရှင်ခြံ" ထဲမှာ တစ်ခါသွားပြီး ထပ်လုပ်ရတယ်။ အဲဒီခွေမှာ ပါတဲ့ "မန္တလေးရောက် ရှမ်းတစ်ယောက်" က ပေါက်ပြီး လူပိုသိလာတယ်။ နောက်တစ်ခွေက "ခြသေ့င်္လည်ပြန်"၊ ပြီးတော့ 'ကျေနပ်ပါတော့'၊ 'သဘာဝရဲ့ရင်သွေးငယ်'၊ 'နွေနံနက်ခင်း'၊ 'အိပ်စက်အနားယူပြီ'၊ (ပြန်ထွက်လာတော့) 'စိတ္တဇ အလွမ်း'၊ 'ရန်ကုန်မှာ သာတဲ့လ'၊ 'ပလက်ဖောင်း မင်းသား' ကျတော့ ကျွန်တော်တို့ တံတားဖြူမှာ နေတဲ့အချိန်ပေါ့။
------------။------------
(အပိုင်း ၃ ဆက်ရန်ရှိသေးသည်)
\m/ Welcome to Rock 'n' Roll \m/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။