တေးသီငှက်ရဲ့  လောကသစ်…
================
ကျနော် အတော်ကိုငယ်သေးတဲ့ကလေးဘဝကပေါ့… မှတ်မိသေးတယ်…...
အိမ်မှာတယ်လီဖုန်းတစ်လုံးရှိတယ်… အဲဒီတုန်းက အိမ်နားဝန်းကျင်မှာ ကျနော်တို့တယ်လီဖုန်းက ပထမဆုံးတတ်ဆင်ခဲ့တာ…။ ပေါလစ်သုတ်ထားတဲ့ ဖုန်းအိမ်ကြီးကို နံရံမှာ ချိတ်ထားတယ်…အရောင်လက်နေတဲ့ စကားပြောခွက်ကလည်း ဖုန်းအိမ်ဘေးမှာချိတ်လို့ပေါ့…။ ကျနော်ကတော့ ငယ်သေးတော့ ဖုန်းကိုမမှီိပါဘူး…ဒါပေမယ်
့ အမေတို့ဖုန်းပြောတဲ့အခါ ကျနော့ကိုလည်းပေးနားထောင်တယ်… အဲ့ဒီအခါတွေများဆို ကျနောစိတ်ဝင်တစား ဖုန်းထဲက အသံတွေကို နားထောင်ရတာ အရမ်းပျော်တာပဲ…။
တဖြည်းဖြည်းနဲ့ ကျနော်ကလေးအတွေးနဲ့ ကျနော်သဘောပေါက်လိုက်တယ်…။ ဖုန်းအိမ်ထဲမှာ ထူးဆန်းတဲ့လူတစ်ယောက်ရှိတယ်…။ သူ့နာမည်က “ အိတ်ချိန်းရုံး” အမေတို့က “အိတ်ချိန်းရုံးကလား” ဆိုပြီး ဘာမေးမေး သူကအမြဲဖြေပေးနေတာလေ…။ ဘယ်ဖုန်းနံပါတ်ကိုမေးမေး…ဘယ်ရုံးဘယ်လမ်းမှာ ဖုန်းနံပါတ်ကဘာဆိုတာကအစ သူမသိတာမရှိဘူး…။
ဖုန်းအိမ်ထဲက လူထူးလူဆန်းနဲ့ ကိုယ်တိုင်ကြုံဖို့ဖန်လာတာကတော့ အမေဘေးအိမ်ကို အိမ်လည်ထွက်နေတဲ့နေ့ကပေါ့…။ ကျနော်တစ်ယောက်တည်း အဖေ့ကားပြင်တဲ့ ကိရိယာတွေနဲ့ ဂိုထောင်ထဲမှာ ပျော်ရွှင်စွာကစားနေခဲ့တယ်…။ အဲ့ဒီအချိန်မှာ ကျနော့လက်ကိုတူနဲ့ ချော်ထုမိသွားတယ်…။ နာလိုက်တာဆိုဗျာ…ကျနော်ငိုချင်ပေမယ့် အနားမှာဘယ်သူမှ ကျနော့ကိုသနားမယ့်သူမရှိလို့ မငိုခဲ့ပါဘူး…။ ကျနော့လက်ကလေးကို ပါးစပ်ထဲငုံရင်း အိမ်ထဲပြေးဝင်လာခဲ့တယ်။ လှေခါးရင်းနားရောက်တော့ သတိရလိုက်မိတယ်… “ တယ်လီဖုန်း”…။ ကျနော်ခပ်သွက်သွက်ပဲ ဧည့်ခန်းထဲက ခွေးခြေတစ်လုံးကို ဒရွတ်တိုက်ဆွဲလာခဲ့တယ်…။ ခွေးခြေခုံပေါ်တက်ပြီး မမှီတမှီနဲ့ ဖုန်းစကားပြောခွက်ကို လှန်းဖြုတ်လိုက်တယ်..။ ပြီးတော့
“အိတ်ချိန်းရုံးလား”
လို့မေးလိုက်တဲ့အခါ ခဏကြာတော့ အသံသေးသေးကြည်ကြည်နဲ့ အဒေါ်ကြီးတစ်ယောက်က စကားပြန်ပြောပါတယ်…။
“ဟုတ်ပါတယ်…ဘာမေးစရာရှိလို့ပါလဲ ရှင်…”
“ အဟင့်…သား..လက်နာလို့ …အီး...ဟီး…”
ကျနော့မျက်ရည်တွေလည်း အလိုလိုထွက်ကျလာပါတော့တယ်… စောစောကထိန်းထားပေမယ့် ခုကျနော့ကို သနားဖို့လူရှိလာပြီလေ…ကျနောဆက်ငိုနေခဲ့တယ်…။
“သား မေမေ မရှိဘူးလား”
လို့ပြန်မေးလာပါတယ်…။
“အိမ်မှာ…အဒူမှရှိဘူး…ဟင့်..”
ကျနော်ငိုရင်း ရှိုက်သံတစ်ဝက်နဲ့ ပြန်ဖြေလိုက်ပါတယ်…။
“သား…လက်က သွေးတွေထွက်နေလာ..သား..”
“ ဟင့်အင်း…သားလက်ကို တူနဲ့ ထုမိလို့ …သားလက်က ..နာနေတာ… ဟင့်…”
“ သား…ရေခဲသေတ္တာဖွင့်တတ်လာ…”
“ဟုတ်ကဲ့..”
“ ရေခဲသေတ္တာထဲက ရေခဲတုန်းလေးတွေယူပြီး သားရဲ့ နာနေတဲ့လက်ကို အုပ်ထားလိုက်သား…”
သူပြောတဲ့အတိုင်းလုပ်လိုက်တာ… လက်ကထုန်ပြီး မနာတော့ဘူး…။
အဲဒီနောက်တော့ ကျနော်ဘာပဲသိချင်သိချင်…အိတ်ချိန်းရုံးဆိုတဲ့ လူထူးလူဆန်းကြီးကိုပဲမေးတယ်…သူက ကျနော့ အိမ်စာတွေကို ကူညီပေးတယ်…သင်္ချာတွေလည်း ကူတွက်ပေးတယ်…။ ကျနော်မွေးထားတဲ့ အကောင်လေးတွေက ဘာစားတတ်တယ်…ဘယ်လိုမွေးရမယ်ဆိုတာတွေကိုလည်းပြောပြပေးတယ်…။
တစ်နေ့ ကျနော်မွေးထားတဲ့ တေးသီငှက်ကလေး သေသွားတော့ အိတ်ချိန်းရုံးကိုခေါ်ပြီး သနားစရာငှက်ကလေးရဲ့  အဖြစ်အပျက်ကို ပြောပြပါတယ်…။ သူကတော့ ထုံးစံအတိုင်း ကျနော့ကိုချော့ပေမယ့် ကျနော်က မကျေနပ်နိုင်သေးဘဲ ပြန်မေးပြန်တယ်…။ ဘာလို့ငှက်ကလေးက အဲ့လိုအဖြစ်နဲ့ ကြုံရတာလဲ…သူတို့က မိသားစုတွေတိုင်းကို သီချင်းလေးတွေနဲ့ ဖျော်ဖြေပေးပြီး သူတို့ဘဝကတော့ လှောင်အိမ်ထဲမှာပဲ ငှက်မွေးပုံလေးအဖြစ်နဲ့ ဇာတ်သိမ်းသွားခဲ့ရတာလဲ…ပေါ့…။
သူက ကျနော် ငှက်ကလေးအတွက် အတော်လေးလေးနက်နက်ခံစားနေတာကို ရိပ်မိပုံရတယ်…သူက ကျနော်ကျေနပ်အောင် ဒီလိုပြန်ဖြေတယ်…။
“ဒီမယ်…သား…မြဲမြဲမှတ်ထား… တစ်ခြားလောကသစ်တစ်ခုဆိုတာရှိတယ်…အဲ့ဒီမှာ သားရဲ့ ငှက်ကလေး သွားပြီးသီချင်းဆက်ဆိုနေတာပါ…”
ဘာပဲဖြစ်ဖြစ် သူပြောတဲ့စကားကြောင့် ကျနော်စိတ်ကျေနပ်သွားပါတယ်…။
နောက်တစ်ရက်မှာတော့ ကျနော်ဖုန်းကိုကောက်ကိုင်လိုက်ပြီး အိတ်ချိန်းရုံးလား လို့မေးတော့…ကြည်လင်တဲ့အသံလေးက ဟုတ်ပါတယ်ရှင် လို့ ပြန်ဖြေပါတယ်…။ အဲ့ဒီအခါ ကျနော်က ‘ တပ်ဆင်သည်’ ဆိုတာကို ဘယ်လိုစာလုံးပေါင်းရလဲ..ဟင်..လို့မေးခဲ့ပါတယ်…။
----- ----- ----- -----
အဲဒီအဖြစ်အပျက်တွေကတော့ ကျနော့မွေးရပ်မြေဖြစ်တဲ့ မြို့ ငယ်လေးမှာဖြစ်ခဲ့တာပါ…။ ကျနော် ကိုးနှစ်သားလောက်မှာတော့ အဖေရာထူးတိုးပြီး တခြားမြို့ တစ်မြို့ ကို တစ်မိသားစုလုံး ပြောင်းရွှေ့ ခဲ့ရပါတယ်…။ ကျနော့ရဲ့  သူငယ်ချင်းဖြစ်တဲ့ …ကျနော့ကို အမြဲကူညီအားပေးတဲ့ ဖုန်းထဲက သူကို ကျနော်အရမ်းလွမ်းတာပေါ့…။ ဒါပေမယ့်…သူက အရင်အိမ်အဟောင်းမှာကျန်ခဲ့ပြီလေ…။ အိမ်သစ်မှာလည်း ဧည့်ခန်းထဲမှာ ဖုန်းတစ်လုံးရှိပါတယ်… ကျနော်တစ်ခါမှ မသုံးဖြစ်တော့ပါဘူး…အရင်ဖုန်းထဲက သူငယ်ချင်းလောက် ကျနော့်အပေါ်ကောင်းလိမ့်မယ်လို့ မယုံကြည်တော့ဘူး…။
ဒီလိုနဲ့ ကျနော် ဆယ်ကျော်သက်အရွယ်ရောက်တဲ့အချိန်ထိ ငယ်ငယ်က ဖုန်းပြောဖြစ်ခဲ့တာတွေကို မမေ့နိုင်ခဲ့ပါဘူး…။ ကျနော့အတွက် နွေးထွေးလုံခြုံတဲ့ အကြင်နာမေတ္တာတွေရခဲ့တယ်…အဲဒီလိုရခဲ့တာကိုလည်း သံသယတွေ စိတ်ရှုပ်ထွေးမှုတွေနဲ့ ဘာကြောင့်ဆိုတာကျနော့နားမလည်ခဲ့ဘူး..။ ခုချိန်မှာတော့ ကျနော်နားလည်လာပါပြီ…။ သူမဟာ သူ့ရဲ့ အချိန်တွေကို ဘာမဟုတ်တဲ့ ကလေးလေးတစ်ယောက်အတွက် စိတ်ရှည်လက်ရှည် စာနာနားလည်မှုအပြည့် သည်းခံခွင့်လွှတ်မှုတွေနဲ့ ကုန်လွန်စေခဲ့တာကို ကျနော်ကောင်းကောင်း အသိအမှတ်ပြုနိုင်ခဲ့ပါပြီ…။
ဒီလိုနဲ့ နောက်နှစ်အနည်းငယ်အကြာ ကျနော်တက္ကသိုလ်သွားဖို့ရာ ဘူတာရုံကြီးကိုထွက်လာခဲ့ပါတယ်။ ကျနောစီးမယ့်ရထားက နောက်ကျနေလို့ ကျနော့အတွက် အချိန်နာရီဝက်လောက်ရပါတယ်..။ ဒါနဲ့ ကျနော့ဇာတိမြို့ လေးမှာရှိတဲ့ ကျနော့ ညီမတွေဆီဆယ့်ငါးမိနစ်လောက်ဖုန်းပြောဖြစ်ပါတယ်…။ ညီမတွေနဲ့လည်းပြောပြီးရော ကျနော့လက်တွေက အလိုလို နံပါတ်တစ်ချို့ ကို လှည့်မိပါတယ်…။ ကျနော်တို့မြို့ ရဲ့  အိတ်ချိန်းနံပါတ်ပါ…။
“အိတ်ချိန်းရုံးကပါလား”
ကိုယ့်နားကိုယ်တောင်မယုံနိုင်လောက်အောင်ပါပဲ…ကြည်လင်တဲ့ အသံသေးသေးလေး ကိုကြားရပါတယ်…။ ကျနော်ကောင်းကောင်းမှတ်မိနေတဲ့ အသံလေးပေါ့…။
“အိတ်ချိန်းရုံးကပါရှင်…”
ကျနော်ရည်ရွယ်မထားပါဘဲ ကျနော့ပါးစပ်ဖျားက ထွက်လာတဲ့စကားလေးတွေကို ကိုယ်တိုင်ပြန်ကြားလိုက်ရတယ်…။
“ကျေးဇူးပြုပြီး ‘တပ်ဆင်သည်’ ဆိုတာကို ဘယ်လိုစာလုံးပေါင်းရပါသလဲ”
အတော်ကြာတိတ်ဆိတ်သွားခဲ့ပါတယ်…။ နောက်တော့မှ ဖုန်းထဲက ညင်သာတဲ့ အသံလေးကပြန်ဖြေပါတယ်…
“ ငါ့ အထင်တော့ မင်းလက်ကလေးနာတာ ပျောက်လောက်ပြီထင်ပါရဲ့ ..”
ကျနော်ရယ်မောပြီးမေးလိုက်တယ်…
“ဟား…ဟား…အန်တီ ခုထိအဲဒီမှာပဲ လုပ်နေတုန်းလား… ကျနော့ကို ဘာလို့အဲ့ဒီတုန်းက ကျနော်မေးသမျှကို စိတ်ရှည်လက်ရှည်ပြန်ဖြေပေးခဲ့တာလဲ အန်တီအဲ့လို ကျနော့အပေါ်ပေးခဲ့တဲ့ မေတ္တာတွေက ကျနော့ဘဝအတွက် အများကြီးနွေးထွေးလုံခြုံစေခဲ့တယ်…အဓိပ္ပါယ်ရှိစေခဲ့တယ်…”
“သားရဲ့ ဖုန်းခေါ်ဆိုမှုတွေကလည်း အန်တီဘဝအတွက် အများကြီးအဓိပ္ပါယ်ရှိစေခဲ့ပါတယ်…အန်တီဘဝမှာ သားသမီးမထွန်းကားခဲ့ဘူး…သားရဲ့ ဖုန်းကို အန်တီအမြဲမျှော်နေခဲ့တာ…”
ကျနော်လည်း သူ့ရဲ့  မေတ္တာတွေက ကျနော့အပေါ် အများကြီးနွေးထွေးလုံခြုံခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း …တကယ်လို့ ကျနော့ညီမတွေဆီ အလည်ပြန်လာဖြစ်တဲ့အခါ သူ့ဆီဖုန်းခေါ်လို့ ရမလားလို့ မေးတော့…
“ ပြန်ရောက်ရင် ဆက်ဆက်ခေါ်ဖြစ်အောင်ခေါ်ပါသားရယ် အန်တီနွဲ့ လို့ မေးရင် ရုံးကလူတွေသိပါတယ်..”
လို့ပြောပါတယ်…။ နောက်သုံးလလောက်အကြာမှာတော့ ကျနော်ကျောင်းအားရက်ဖြစ်တာကြောင့် မွေးရပ်ဇာတိမြေကိုပြန်လာခဲ့ပါတယ်…။ ကျနော်အိတ်ချိန်းရုံးကို ဖုန်းခေါ်ကြည့်တော့…တခြားတစ်ယောက်ရဲ့ အသံဖြစ်နေတာနဲ့ အန်တီနွဲ့ ကိုမေးတော့…
“ မင်းက အန်တီနွဲ့ နဲ့ အသိလား…”
“ ဟုတ်ကဲ့ပါ…ဟိုးအရင်ကတည်းက သိခဲ့တဲ့ မိတ်ဆွေတွေပါ…”
“ အေးကွယ်…ပြောရမှာတောင်စိတ်မကောင်းပါဘူး…အန်တီနွဲ့ က မနှစ်ကတည်းက ကျန်းမာရေးမကောင်းဖြစ်နေလို့ ရုံးကိုတောင် အချိန်ပိုင်းပဲ ဆင်းနေခဲ့တာ…ခုတော့…လွန်ခဲ့တဲ့ တစ်လကျော်လောက်ကပဲ ..ဆုံးသွားရှာပြီကွယ်…”
ကျနော်ဖုန်းကချမီပဲ တစ်ဖက်ကပြောတယ်…
“ ခဏနေဦးကွယ့်…မင်းနာမည်က မောင်မောင်ဆိုတာလား…”
“ ဟုတ်…ဟုတ်ကဲ့ပါခင်ဗျ…”
“ အန်တီနွဲ့ က မင်းအတွက် စာတစ်စောင်ရေးခဲ့တယ်…ဒီမှာ ဖတ်ပြမယ်… ‘ မောင်မောင်ဆိုတဲ့ ကောင်လေးဖုန်းဆက်ရင် ပြောပေးပါ…သားလေး မောင်မောင်…တစ်ခြားလောကသစ်မှာ အန်တီသီချင်းသွားဆိုနေပါပြီ…ဆိုရင် သူနားလည်ပါတယ်…’ တဲ့…”
အန်တီဘာကိုဆိုလိုတယ်ဆိုတာ ကျနော်ကောင်းကောင်းသဘောပေါက်ပါတယ်…ဖုန်းခွက်ကိုကိုင်ရင်း ….ကျနော့ပါးပြင်ပေါ် မျက်ရည်စတို့…တစ်လှိမ့်ချင်း …………………။ ။
Nyein Chan Win စကားလုံးဖလှယ်သည်...
https://www.facebook.com/yarza.dirid
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။