Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 19, 2013

ကွာရှင်းပြတ်စဲခြင်း

Golden Land Myanmar
ကွာရှင်းပြတ်စဲခြင်း

အပိုင်း ( ၁ )

ထမင်းစားခန်း မှာ ညစာ ပြင်ဆင်နေ တဲ့ ကေသီ ကို ကြည့်ပြီး ကျွန်တော့် ရဲ့ စိတ် အစဉ် က ဟိုး လွန် ခဲ့တဲ့ ၁၀နှစ် တာ ကာလ ရဲ့ တစ်ခုသော နေ့လေး တစ်နေ့ ကို ပြန် တွေးတော သတိရ လိုက် မိ ပါတယ်.. အဲဒီနေ့ က ကျွန်တော် တို့ နှစ်ယောက် ရဲ့ မင်္ဂလာ ဦးနေ့။

ကျွန်တော် နဲ့ ကေသီ ကို သယ်ဆောင် လာတဲ့ မင်္ဂလာ ကား ဟာ ကျွန်တော် တို့ ၂ယောက်နေ ထိုင်မဲ့ တစ်ထပ် တိုက် ပုလေးရှေ့မှာ ရပ် လိုက်တယ် ဆိုရင် ဘဲ ကျွန်တော် ဟာ ကေသီ ကို မြတ်နိုး ယုယခြင်း၊ ချစ်ခင် ကြင်နာ ခြင်း စသည် တို့နဲ့ အတူ ကျွန်တော့် လက်တွေ နဲ့ ပွေ့ ချီပြီး ခြံ ၀င်း ရှေ့ ကနေ အိမ်ထဲ ကို ၀င်လာ ခဲ့ပါတယ်။ အဲဒီ အချိန် တုန်း က ကေသီ ရဲ့ မျက်နှာ ဟာ ကြည်နူး တဲ့ အလှဆုံး အပြုံးလေး နဲ့အတူ ရှက်သွေးတွေ ဖြာ လို့ သိပ်ကို ချစ်စရာ ကောင်း နေ ခဲ့တယ်။ ကျွန်တော် ဟာ လည်း ကမ္ဘာ မှာ အပျော်ဆုံး သတို့သား တစ်ယောက် ဖြစ် ခဲ့ တာ ပါဘဲ။

အဲဒီနေ့တွေ ဟာ ကျွန်တော် တို့ အတွက် မမေ့နိုင် အောင် ပျော်ဖို့ ကောင်း တဲ့ ကြည်နူး ဖွယ် ရက် စွဲ တွေ ဖြစ် ခဲ့ ပါတယ်.. ကျွန်တော် တို့ အိမ်ထောင် ရေး ဟာ လည်း သန့်စင် ကြည်လင် နေ တဲ့ ရေ ခွက် ထဲ က ရေလို ပါဘဲ .. ကြည်ကြည် လင်လင်နဲ့ စိတ်ချမ်း သာ ဖို့ သိပ်ကောင်း ပြီး တစ်ယောက် ကို တစ်ယောက် ကြင်ကြင် နာနာ နဲ့ ချစ်ချစ် ခင်ခင် ရှိခဲ့ ကြ ပါတယ်။ သူငယ်ချင်း တွေ ကြားမှာ အားကျ စရာ အိမ်ထောင် လေး တစ်ခု ကို ကျွန်တော် တို့ တည်ဆောက် နိုင် ခဲ့ ကြတယ်။ အိမ်ထောင် သက် ၂ နှစ် လောက် အကြာ သား တစ်ယောက် ရလာပြီး နောက်မှာ တော့ ကျွန်တော့် စီးပွားရေး လုပ်ငန်းတွေ အောင်မြင် လာခဲ့တယ်။ ပိုင်ဆိုင်မှု တွေ တဖြေးဖြေး တိုးပွားလာ သလို အလုပ်တွေ လဲ များ လာတယ်.. ကေသီ က လည်း ရုံးတစ်ရုံး မှာ ဝန်ထမ်း ဆိုတော့ မနက် တိုင်း အလုပ် သွားတာ ညနေမှ ပြန်ရောက် နိုင်တယ်။ ကျွန်တော် တို့ ၂ယောက် လုံး အိမ်က နေ အတူတူ ထွက်ဖြစ် ကြပေမဲ့ အလုပ် ရှိရာ အရပ် က တစ်ယောက် တစ်လမ်း စီ မို့ ကေသီ က ဘတ်စ်ကား စောင့်စီး ပြီး ကျွန်တော် ကတော့ ကိုယ့်ကား နဲ့ကိုယ် ကုမ္ပဏီ ကို ထွက်သွား တတ်ပါတယ်။

ကျွန်တော် တို့ သားလေး ကိုတော့ သူ့ပညာရေး အတွက် ဘော်ဒါ တစ်ခု မှာ ကျောင်းအိပ် ကျောင်းစား သွားထား ထား တဲ့အတွက် အိမ်မှာ မရှိပါ ဘူး.. ညနေ ဆို ကေသီ က အိမ်ပြန် ရောက်တာ ပုံမှန် အချိန် ဖြစ်ပေမဲ့ အလုပ် များလွန်း တဲ့ ကျွန်တော့် အတွက် က ပုံမှန် အချိန် တိုင်း အိမ်ပြန် နိုင်ဖို့ မလွယ် တော့ဘူး။ လုပ်ငန်း အောင်မြင် လာတာ နဲ့အမျှ အိမ် အတွက် အချိန် မပေး နိုင် တော့ဘဲ စီးပွားရေး မိတ်ဆွေ တွေနဲ့ ဒင်နာ သွားစား ရတာတွေ၊ ဧည့်ခံ ပွဲသွား ရတာ တွေ နဲ့ တဖြေးဖြေး အိမ်ပြန် ချိန်ဟာ နောက်ကျ ကျ လာတယ်.. ကေသီနဲ့ ကျွန်တော် တို့ မျက်နှာ ချင်း ဆိုင် ဆုံတွေ့ ချိန် နည်း လာတယ်.. ဒီလိုနဲ့ အိမ်ထောင် သက်တမ်း ကြာ လာလေ ကျွန်တော် တို့ ၂ယောက် ကြားထဲ က နွေးထွေး တဲ့ ချစ်ခြင်း မေတ္တာနဲ့ ဂရုစိုက် ကြင်နာမှု တွေဟာ ဒီရေကျ သလို တစ် ဖြေးဖြေး ကျဆင်း လာတယ်.။ အားကျ စရာ ဖြစ်ခဲ့တဲ့ ကျွန်တော် တို့ ၂ ယောက် ရဲ့ ချစ်ခြင်း ဟာ အေးစက် လာခဲ့တော့  တယ်.. အိမ်ပြန် ချိန် နောက်ကျ တတ်တဲ့ ကျွန်တော့် ကို ကေသီ က ထူးထူး ခြားခြား ဘာမှ မေးလေ့ မရှိဘဲ ဘာသိ ဘာသာ နေလေ့ ရှိတယ်။ ကေသီ က ကျွန်တော့် ကို ယုံကြည် လွန်းတာ ဘဲလား။ ဥပက္ခာ ပြု ထား တာ ဘဲလား သွေးအေး လွန်း တာ ဘဲလား ကျွန်တော် သေချာ မခန့်မှန်း နိုင်ခဲ့ဘူး။ ကေသီ ကျွန်တော့် ကို မချစ်တော့ ဘူး ထင် ပါတယ်။

ဒီလိုနဲ့ ကျွန်တော် တို့ ၂ ယောက်ရဲ့ အချစ် တွေ အေးခဲ သွားချိန် မှာ ကျွန်တော့် ဘ၀ ထဲကို ဂျူလီ ဝင်ရောက် လာခဲ့ တယ်.. ဂျူလီဟာ တည်ငြိမ် နေတဲ့ ကျွန်တော့် ရဲ့ အိမ်ထောင် သည် ဘ၀ ကို ယိမ်းယိုင် သွားဖို့ အစပျိုး လာပါ တော့ တယ်... ချစ်စရာ ကောင်းပြီး ငယ်ရွယ် ချောမော တဲ့ ဂျူလီ ဟာ ကုမ္ပဏီ မှာ အလုပ်လုပ် ရင်း ကျွန်တော် နဲ့ သံယောဇဉ် ကြိုး သွယ် မိခဲ့ကြ တာပါ။ ကေသီ နဲ့ ဆို အေးစက်ပြီး ရင်ခုန်ဖို့ မေ့လျော့ နေခဲ့ တဲ့ ကျွန်တော့် နှလုံးသား ဟာ ဂျူလီ ရဲ့ အချစ် ကြောင့် တစ်ဖန် ပြန်လည်ပြီး ရင်ခုန် တတ်ခဲ့ပါ ပြီ.. အချစ် ဆိုတာ ကို ပြန်ပြီး ခံစား တတ်လာ ပါတယ်။ ဂျူလီ က လည်း သိပ်ကို ကြင်နာ တတ် သလို၊ အယုအယ ကလဲ သိပ်ကောင်း ပါတယ်။ စကား ကို လဲ ချိုအီ နေအောင် ပြောတတ် တော့ ကျွန်တော့် စိတ် အာရုံ အားလုံး ဂျူလီ့ အပေါ် ပုံကျ သွားခဲ့ တာ ပါဘဲ။

@@@@@@@@@@@@@@

အပိုင်း ( ၂ )

တစ်ရက် မှာ တိုက်ခန်း က ၀ရံတာ လေးမှာ ထွက်ရပ် ပြီး ကျွန်တော် အတွေး နက် နေတုန်း ဂျူလီ က ကျွန်တော့် ရဲ့ အနောက် ကနေ သိုင်းဖက် လိုက် ပါတယ်.. ဒီ တိုက်ခန်း ဟာ ဂျူလီ အတွက် ကျွန်တော် ၀ယ်ထား ပေးတဲ့ တိုက်ခန်း ပါ။ ဂျူလီ က “ကိုက အရမ်းချော တာဘဲ.. မိန်းခလေး တစ်ယောက် ရဲ့ နှလုံးသား ကို ကောင်းကောင်း ကြီး ဆွဲဆောင် ထားနိုင် စွမ်း ရှိတဲ့သူဘဲ နော်.. ဒါကြောင့် လဲ ဂျူလီ က ကို့ကို သိပ်ချစ် မိတာ ပေါ့” လို့ တိုးတိုးလေး နဲ့ ကပ်ချွဲ ပြီး ပြောလိုက် တော့ သူ့ရဲ့ စကားလုံး တွေက ကျွန်တော့် ဇနီး ကေသီ ကို ရုတ်တရက် အမှတ် ရသွား စေခဲ့ ပါတယ်.. ကေသီ နဲ့ကျွန်တော် အိမ်ထောင် ဦး ကာလ တုန်း ကလည်း ကေသီ က ကျွန်တော့် ကို “ မောင် ဟာ မိန်းခလေး တွေ အတွက် အတော့် ကို ဆွဲဆောင် အားကောင်း တဲ့သူ.. ကေသီ တော့ စိတ်မချ ဖြစ်နေ ရ ဦးတော့ မယ်” လို့ ပြောခဲ့ ဖူး ပါတယ်.. ဒီ စကား ကို ပြန် သတိရ မိတော့ ကေသီ ကို သစ္စာ ဖောက် မိတာ နောင်တ ရမိ သလို ဖြစ်သွား ရပါတယ်.. ဒါပေမဲ့ အေးစက် နေတဲ့ ကျွန်တော် တို့ရဲ့ အိမ်ထောင်ရေး ဟာ ပြန် လည်ပြီး နွေးထွေး လာ ဖို့လဲ မျှော်လင့်ချက် မရှိတော့ ပါဘူး… ကျွန်တော် ကိုယ်တိုင် လည်း ငယ်ရွယ် လှပ ပြီး တီတီ တာတာ ပြောတတ် တဲ့ ဂျူလီ ကို ချစ်နေ မိပြီ ပဲလေ။

ကျွန်တော် ဂျူလီ နဲ့ မျက်နှာခြင်း ဆိုင် ရပ် လိုက်ပြီး “ဂျူလီ.. တိုက်ခန်း အတွက် လိုအပ် တဲ့ ပရိဘောဂ တွေ သွားဝယ် မယ် ဆို သွားလေ။ ကိုယ် အလုပ် ရှိသေး လို့ ကုမ္ပဏီ ကို ပြန်သွား လိုက်ဦးမယ်..” ကျွန်တော့် စကား ကို ကြားတော့ ဂျူလီ ရဲ့ မျက်နှာ ညှိုး သွားပါတယ်။ ပရိဘောဂ ဆိုင် ကို ကျွန်တော် တို့၂ယောက် အတူ သွားကြ မယ် လို့ သူ့ကို ကတိပေး ထားခဲ့တာ ကြောင့် ၂ ယောက် အတူတူ သွားလိမ့် မယ် လို့ ဂျူလီ က မျှော်လင့် ထား တာပါ။ မကြာခင် မှာ ကေသီ့ ကို ကျွန်တော် နဲ့ ဂျူလီ အကြောင်း ဖွင့်ပြောပြီး တရားဝင် ကွာရှင်း မယ်.. ပြီးရင် ဂျူလီ နဲ့ အတူတူ နေကြ မယ် ဆိုပြီး ကျွန်တော် တို့ စီစဉ် ထားခဲ့ကြ ပေမဲ့ ခက်နေ တာက တကယ် တမ်း ကျွန်တော် ကေသီ ကို ကွာရှင်း စကား စပြော ဖို့ ဆိုတာ ခက်ခဲ လွန်းလှ ပါတယ်.. ဘယ်လောက် ဘဲ တတ်နိုင် သလောက် ညင်ညင် သာသာ ဖြစ်အောင် ပြောပြော ကေသီ အတွက် တော့ အပြင်း အထန် နာကျင် ခံစား ရမှာ ပါဘဲ.. ကျွန်တော် တို့ ၂ ယောက် ရဲ့ ကြားမှာ ဟိုး အရင် အိမ်ထောင် ဦး ဘ၀ ကလို ရင်ခုန် လှိုက်မောစွာ နဲ့ ပူနွေး တဲ့ အချစ် မျိုး မရှိကြ တော့ တာက လွဲလို့ ကေသီဟာ ကျွန်တော့် အတွက် သိပ် ကို ကောင်း တဲ့ ဇနီး တစ်ယောက် ပါ။

ကျွန်တော် ကြိုက်တတ် တဲ့ မနက် စာ ကို ကျွန်တော် မထခင် သူ တစ်ယောက် တည်း စောစော ထပြီး အမြဲတမ်း ပြင်ဆင် ထားတတ် သလို ညနေလဲ ရုံး ကနေ လဲ အချိန် မှန် ပြန်ရောက် ပြီး ဘယ်လောက် တောင် အလုပ် ပင်ပန်း သည် ဖြစ်စေ မနား နိုင်ဘဲ ကျွန်တော် တို့ ၂ ယောက် အတွက် ညစာ ကို ကျွန်တော် စားသည် ဖြစ်စေ၊ မစား ဖြစ်သည် ဖြစ်စေ ပြင်ဆင် ချက်ပြုတ် ပါတယ်.. ကျွန်တော် ကတော့ စောစော ပြန်ရောက် တဲ့ နေ့မှာ တောင် သူ့ကို ကူဖော် မရဘဲ တီဗီ ရှေ့မှာ ထိုင်၊ တီဗီ ကြည့်ရင်း ကေသီ ချက်ပြုတ် ပြီးချိန် ထိ စောင့်နေ တတ်ပါ တယ်.. စားသောက် ပြီးတော့ မှ တီဗီ ဆက်ကြည့် ရင် ကြည့်၊ မကြည့် ရင်လဲ ကွန်ပျူတာ ရှေ့မှာ အလုပ် များ သလိုလို နဲ့ ထိုင်နေ ပြီး ဂျူလီ့ မျက်နှာလေး ကို မှန်းဆ ကာ သူ့ အကြောင်း လေးတွေ တွေးရင်း သူ့ကို သတိရ နေ တတ် ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကွာရှင်း စကား ပြောဖို့ တော့ ကျွန်တော့် နှုတ်က ထွက် ဖို့ ခက်ခဲ လွန်းတာ တော့ အမှန်ပါ။

ဒီကြား ထဲမှာ ကျွန်တော် ကေသီ ကို နောက် သလိုလိုနဲ့ စကား စကြည့် ခဲ့ဖူး ပါတယ်.. “ကေသီ တကယ် လို့ များ ကေသီ့ ကို မောင်က ကွာရှင်းခွင့် တောင်းမယ် ဆိုရင် ကေသီ ဘာလုပ် မလဲ ”လို့ ရယ်မော ရင်း နဲ့ သွေးတိုး စမ်းရင်း လှမ်းပြော လိုက်ပါတယ်။ ကေသီက ကျွန်တော့ ကို အချိန် တော်တော် လေး ကြာအောင် စိုက်ပြီး ကြည့် နေခဲ့ပါတယ်။ စကား တစ်ခွန်း မှ တော့ ပြန် မပြော ပါဘူး.. ဒါပေမဲ့ သူ့စိတ်ထဲ မှာ ဒီစကား ဟာ နောက်ပြောင် တဲ့ စကား ဖြစ်လိမ့် မယ် လို့ဘဲ ယုံကြည်ပုံ ရပါ တယ်.. ဒါနဲ့ တောင် ကေသီ့ မျက်ဝန်းလေး တွေ မှာ မျက်ရည် စ တွေနဲ့ လက်ခနဲ ဖြစ်သွား ပြီး မှုန်မှိုင်း သွား ပါတယ်.. စကား တစ်ခွန်း မှ တောင် ခွန်းတုံ့ မပြန်နိုင် ပါဘူး.. ကျွန်တော် ကွာရှင်း မဲ့ ကိစ္စ ကို အတည်သာ ပြောမယ် ဆိုရင် ကေသီ ဘယ်လောက် များ ခံစား ရမှာ ပါလဲ။ ကေသီ ဘယ်လို များ တုံ့ပြန် မယ် ဆိုတာ ကျွန်တော် မှန်းဆ လို့တောင် မရပါဘူး။

@@@@@@@@@@@@@@@@@@

အပိုင်း ( ၃ )

တစ်ရက် မှာ ကေသီ ဟာ သူတို့ ရုံး ကိစ္စ တစ်ခု နဲ့ အပြင် ထွက်လာ ရင်း ကျွန်တော့် ကုမ္ပဏီ ကို ရောက်လာ ပါတယ်.. ကံကောင်း တာက အဲဒီ အချိန် မှာ ဂျူလီ က အပြင်ထွက် သွားချိန် ဖြစ်နေ ပါတယ်.. ဒါပေမဲ့ ကေသီ ဟာ ကျွန်တော့် ဝန်ထမ်း တွေရဲ့ မျက်နှာ ပေါ်က စာနာ သနား တဲ့ ဂရုဏာ အရိပ် အယောင်တွေ၊ ဖွင့်ဟ မပြောပေမဲ့ တစ်စုံ တစ်ရာ ဖုံးကွယ် ထားပုံ ရတဲ့ မျက်ဝန်းတွေ ဆီကနေ သင်္ကာ မကင်း ဖြစ်စရာ အရိပ် အယောင် တစ်ခုခု ကို ရှာတွေ့ သွားပုံ ရခဲ့ပါတယ်.. သူဟာ ၀န်ထမ်း တွေ ကို ညင်ညင် သာသာလေး ပြုံးပြပြီး စကားပြော နေခဲ့ ပေမဲ့လို့ သူ့မျက်ဝန်း တွေ မှာတော့ နာကျင် တဲ့ ခါးသီးမှု တစ်မျိုး ကို ကျွန်တော် တွေ့ လိုက် ပါတယ်.. ကျွန်တော် ကိုယ်တိုင် လည်း နာကျင် နေပုံ ရတဲ့ ကေသီ မျက်ဝန်း တွေကို ကြည့်ပြီး ၀မ်းနည်း လာမိ ပါတယ်.. ကေသီ ကို ကျွန်တော် မချစ်တော့ ပေမဲ့ ရက်စက် နိုင်တဲ့စိတ် လည်း ကျွန်တော့် မှာ မရှိ ပါဘူး။ ကေသီ ဟာ ပြန်ခါနီး ကျတော့ ကျွန်တော့် ကို ကြည့်သွား တဲ့ အကြည့် တွေ ထဲမှာ အဓိပ္ပါယ် တစ်ချို့ ပါဝင် တဲ့ အကြည့် တွေနဲ့ ကြည့် သွား ခဲ့ပါတယ်.. နာကျင် ရိပ် တစ်ချို့ နဲ့ အတူ တောင်းပန် ရိပ်လေး တွေ စွက်နေ ခဲ့တယ် လို့ ကျွန်တော် စိတ်ထဲ ခံစား နားလည် မိ လိုက် ပါတယ်။

ဒီလိုနဲ့ ကွာရှင်း ပြတ်စဲ ဖို့ ခုချိန် ထိ ပြတ်ပြတ် သားသား မလုပ် သေး ဘဲ အချိန်ဆွဲ နေတဲ့ ကျွန်တော့် ကို ဂျူလီ ကလည်း တစ်ချိန် လုံး ဖိအား တွေ ပေးလာ နေ ပါပြီ။ ဒီ တစ်ပတ် ထဲမှာဘဲ ကေသီ ကို ဖွင့်ပြော ဖို့ ဂျူလီ က ရာဇသံ ပေးပါတယ်.. ကျွန်တော် လည်း ပြတ်သား ဖို့ အချိန်တန် ပြီ လို့ ဆုံးဖြတ် ပြီး ဒီတစ်ပတ် မှာ ပြောပါမယ် လို့ ဂျူလီ ကို ကတိပေး လိုက် ပါတော့ တယ်.. ဖွင့်ပြော ဖို့ ဆုံးဖြတ် ထား တဲ့ တစ်ရက် မှာ တော့ ကေသီ ပြင်ဆင် ကျွေးမွေး တဲ့ ညနေစာ ကို စားသောက်ပြီး ချိန်မှာ ကျွန်တော် သူ့လက် ကို အသာ ဆုပ်ကိုင် လိုက်ပြီး “ကေသီ မင်း ကို မောင်ပြော စရာ ရှိတယ်..” လို့ စကားစ လိုက် ပါတယ်... ဒီအခါ ပန်းကန် သိမ်းဖို့ ပြင်နေတဲ့ ကေသီ ဟာ ထမင်း စားပွဲ က ထိုင်ခုံ မှာ ပြန်ထိုင် ချ လိုက်ပြီး ကျွန်တော့် ကို ဘာမှ မမေး ၊ စကား လည်း တစ်ခွန်း မှ မဆိုဘဲ သူရှေ့က စားပွဲခင်း ကိုသာ စိုက်ကြည့် နေ ပါတယ်.. သူ့ မျက်ဝန်းတွေ ထဲက နာကျင် ရိပ်တွေ ကို ကျွန်တော် တွေ့မြင် လိုက်ရ ပြန် ပါပြီ။ ကျွန်တော် ဘာပြော မယ် ဆိုတာ ကေသီ ရိပ်များ ရိပ်မိ နေမလား… စဉ်းစား ရင်း ကျွန်တော် ပါးစပ် က ကွာရှင်း ဖို့ကိစ္စ ကို ပြောထွက် ဖို့ ချက်ခြင်းဘဲ ဝန်လေး သွားရ ပြန် ပါပြီ.. ဒါပေမဲ့ ကျွန်တော် တွေဝေ နေလို့ မဖြစ်တော့ ဘူး ပြောကို ပြောမှ ဖြစ်တော့ မယ်.. ဂျူလီ ကလဲ ကျွန်တော် နဲ့ အမြဲတမ်း အတူတူ နေချင် လှပြီ.. ခုလို တစ်ခါ တစ်လေ မှ တွေ့ရတဲ့ ဘ၀ ကို သူမ ကျေနပ် နိုင်တော့ ဘူး.. ကျွန်တော် ကေသီ ကို တရားဝင် ကွာရှင်း ပြီး ဂျူလီ နဲ့ဘဲ ဘ၀ အသစ် ကို စတော့ မယ်.. ဒီလို တွေးမိ လိုက်ပြီး အား ပြန်တင်း ရင်း ကေသီ့ ကို ကျွန်တော် ပြောချ လိုက်ပါတယ်။

“မောင့်ကို ကွာရှင်း ခွင့်ပေးပါ ကေသီ.. မောင် မင်း နဲ့ ကွာရှင်း ချင်တယ်.. ”

ကျွန်တော့် စ ကား ကို ကြားတဲ့ ကေသီ ဟာ ထူးထူး ခြားခြား တုန်လှုပ် ဟန်၊ အံ့သြ ဟန် လဲ မပြဘူး.. ဒါပေမဲ့ သူ့ မျက်ဝန်း ကနေ တော့ မျက်ရည် တွေ စီးကျ လာခဲ့ ပါတယ်.. ပြီးတော့ ကြေကွဲ ဆို့နင့်နေတဲ့ အသံ နဲ့ “အကြောင်း ပြ ချက် က ဘာကြောင့် လဲ မောင် .. မောင့် အပေါ် ဘာတွေ များ တာဝန် မကျေ လို့လဲ.. ကေသီ့ ဘက် က မယား ဝတ္တရား ပျက်ကွက် တာ ဘာများ ရှိခဲ့လို့ လဲ… ” မမျှော်လင့် ဘဲ ကြား လိုက်ရတဲ့ ကေသီ့ မေးခွန်း တွေ ကို ပြန်ဖြေ ဖို့ ကျွန်တော် ဆွံ့အ သွားပါတယ်.. ကျွန်တော် ထင်တာ က ကျွန်တော့် စကား ကို ကြားရင် ကေသီ ဟာ အော်ကြီး ဟစ်ကျယ် ရန်တွေ့ မယ်၊ ငိုယို ပြီး ကျွန်တော့် ကို ထုရိုက် မယ်၊ တွေ့ရာ နဲ့ ကောက်ပေါက် မယ် လို့ မျှော်လင့် ထားခဲ့ တာပါ။ ဒီလို မေးခွန်း မျိုးနဲ့ ရင်ဆိုင် ရမယ် လို့ တွေးထင် မထားခဲ့ တာ ကြောင့် ကေသီ ကို ဘာပြန် ပြော ရမှန်း မသိ ဖြစ်ခဲ့ ရပါ တယ်.. ကျွန်တော့် မျက်နှာ ကို မျက်ရည် တွေ ကြားက နေ အကြာ ကြီး စိုက်ကြည့် နေခဲ့ ပြီး ကျွန်တော့် အဖြေ ကို ကေသီ က စောင့်ဆိုင်း နေခဲ့တယ်။

ကျွန်တော့် ဆီ က ဘာ စကားသံ မှ ထွက် မလာတဲ့ အဆုံး “ကောင်းပြီ လေ.. ကွာရှင်း ဖို့ ကို မောင့် ဘက် က တကယ် လိုလား နေတယ် ဆိုမှ တော့ မောင့် စိတ်တိုင်း ကျသာ ဆုံးဖြတ် ပါ…” လို့ ပြောပြီး နာနာ ကျင်ကျင် ရှိုက်သံ တွေ၊ မျက်ရည် တွေနဲ့ ကေသီ ထမင်းစား ခန်း ထဲက နေ ပြေးထွက် သွားခဲ့ ပါတယ်။ အဲဒီ ည က ကျွန်တော် တို့ ၂ ယောက် ရဲ့ အိပ်ခန်း ထဲ ကို ကေသီ ရောက် မလာ ပါဘူး။ အခန်း ပို တစ်ခုမှာ သူ့ တစ်ယောက် တည်း သွား အိပ်ပုံ ရ ပါတယ်။ သေချာ တာ က ကေသီ ဟာ တစ်ည လုံး ငိုကြွေး နေမှာ သေချာ ပါတယ်။ အကြောင်းပြ ချက် မပေး ပေမဲ့ ကေသီ နားလည် နိုင်မယ် လို့ ကျွန်တော် ထင် ပါတယ်။ ကေသီ နဲ့ပတ်သက် ရင် အေးစက် နေတဲ့ ကျွန်တော့် ရဲ့ ခံစားချက် တွေ ကို သူမြင် တွေ့နိုင် မှာ ပါ။ ခုချိန် မှာတော့ ကျွန်တော့ အသည်း နှလုံး က ဂျူလီ အတွက် သာ ဖြစ်နေ ပါပြီ။ ဂျူလီ ဟာ ကျွန်တော့် ရင်ခုန် သံ မြန်အောင် ပြုစား နိုင်တဲ့ နတ်သမီး တစ်ပါး ပါ။ ဂျူလီ နဲ့ ဆို ကျွန်တော် သိပ်ကို ပျော်မယ် ဆိုတာ ငြင်း စရာ မလို ပါဘူး။

@@@@@@@@@@@@@@@

အပိုင်း ( ၄ )

နောက်ရက် က စပြီး ကျွန်တော် ဟာ ကေသီ နဲ့ ကွာရှင်း ပြတ်စဲ ဖို့ကိစ္စ ကို စ ပြင်ဆင် ပါတယ်. ကွာရှင်း စာချုပ် တစ်စောင် အကြမ်း ရေး ပြီး ကေသီ့ ကို ကျွန်တော် ပြလိုက် တယ်.. အဲဒီ စာချုပ် ထဲမှာ အခု လက်ရှိ ကျွန်တော် နဲ့ ကေသီ နေတဲ့ အိမ်ရယ်၊ ကျွန်တော် စီးနေ တဲ့ကား ရယ်၊ ကျွန်တော့် ကုမ္ပဏီ ရဲ့ ပိုင်ဆိုင် မှု ၃၀% ရယ် ကို ကေသီ့ ကို ပိုင်ဆိုင် ခွင့်ပေးကြောင်း ထည့် ရေး ထား တာပါ။ ကျွန်တော် ပြတဲ့ စာချုပ် အကြမ်း ကို ကေသီ က ဖြတ်ခနဲ တစ်ချက် သာ ကြည့်ပါ တယ်။ ပြီးနောက် တော့ တစ်စစီ ဆွဲဆုတ် လိုက်ပြီး ကျွန်တော့် ရှေ့မှာ ရှုံးပွဲချ ငိုကြွေး ပါတော့ တယ်။ ကြေကြေ ကွဲကွဲ ငိုကြွေး နေတဲ့ ကေသီ ကို ကြည့်ပြီး ကျွန်တော့ ရင်ထဲမှာ လဲ တစ် ဆစ်ဆစ်နဲ့ နာကျင် နေသ လို ခံစား မိပါတယ်။ ဒါပေမဲ့ တစ် ခုခု နှစ်သိမ့်ဖို့ ကျွန်တော် မကြိုးစား ချင်တော့ ပါဘူး။ စိတ်ရှိ လက်ရှိ ငိုကြွေး လိုက်တာ က သူ့ ရင်ထဲမှာ ခံစား နေတာ တွေ နည်းနည်း တော့ ဖြစ်ဖြစ် သက်သာ သွားလိမ့် မယ် လို့ ကျွန်တော် ထင် ပါတယ်.. ခုလို ဆိုတော့ ဂျူလီ အတွက် ကြောင့် ၁၀ နှစ် ကျော် ကြာအောင် ပေါင်းသင်း ခဲ့တဲ့ မိန်းမ တစ်ယောက် နဲ့ သူစိမ်း ပြင်ပြင် ဖြစ်ရ တော့မှာ ကို တွေးမိ တော့ လည်း ကျွန်တော့် စိတ် ထဲမှာ ဝမ်းနည်း မိပြီး တစ်စုံ တစ်ရာ ကို ဆုံးရှုံး သလို မျိုး ခံစား ရတာ တော့ အမှန် ပါ။ ကွာရှင်း ဖို့ စီစဉ် နေရ ပေမဲ့ ကိုယ့်ကိုယ် ကို အပြစ် တစ်ခုခု ကျူးလွန် နေမိ တယ် လို့ခံစား နေမိ ပါတယ်။ ဒါပေမဲ့ ကျွန်တော် နောက်ဆုတ် လို့လဲ မဖြစ် တော့ပါဘူး။ ကေသီ့ အပေါ် မတရား မှန်း သိပေ မဲ့ ဂျူလီ ရဲ့ အချစ် ကို လည်း ကျွန်တော် မလွန်ဆန် နိုင်ဘူး။ ဂျူလီ နဲ့နေဖို့ ဆုံးဖြတ် ချက် ချပြီး သား ဖြစ်နေခဲ့ ပြီ ပဲလေ။

အဲဒီ ညမှာ ကေသီ ဟာ စာရေး စားပွဲ ပေါ် မှာ ထိုင် ပြီး တစ်စုံ တစ်ခု ကို ရေးနေ တာ တွေ့ရ ပါတယ်.. ည တစ်ရေး နိုးလို့ ရေထ သောက် ချိန် ထိလဲ အဲဒီ စားပွဲ မှာ သူရှိနေ တုန်း ပါ။ ကျွန်တော် ပြန် အိပ်ပျော် သွားပြီး လို့ မိုးလင်း တော့ မနက်စာ စား ချိန်မှာ ကေသီ ဟာ သူ ကိုယ်တိုင် ရေးထား တဲ့ ကွာရှင်း စာချုပ် အကြမ်း တစ်စောင် ကို လာပြ ပါတယ်.. သူ့ စာချုပ် ထဲမှာ ကျွန်တော်နဲ့ ကွာရှင်း ပြတ်စဲ တဲ့ အတွက် ဘယ်လို ရပိုင်ခွင့်မျိုး ကိုမှ သူယူ မှာ မဟုတ် တဲ့အကြောင်း၊ ဒါပေမဲ့ ကျွန်တော် နဲ့ မကွာ ရှင်းခင် တစ်လ တိတိ အချိန် ပေးပြီး သူ နဲ့အတူတူ ယခင် က အတိုင်း ပုံမှန် အနေ အထား မျိုး အတတ် နိုင်ဆုံး နေပေး ဖို့ တောင်းဆို ထား ပါတယ်။ သူ့ အကြောင်း ပြ ချက် က ကျွန်တော် တို့ ၂ယောက်ရဲ့ သားလေး ဟာ နောက် ၃ ရက် လောက် ဆို နွေရာသီ ကျောင်း တစ်လ ပိတ်တာ မို့ အဆောင် ကနေ အိမ်ကို ပြန်လာ တော့မှာ ဖြစ်ပါ တယ်။ ကွာရှင်း တဲ့ကိစ္စ ကို သား ရှေ့မှာ မဖြစ်စေ ချင် တာ ကြောင့် သားရှိနေ တဲ့ ဒီ တစ်လ အချိန် အတွင်း မှာ ကျွန်တော် တို့ ၂ ယောက် ဘာမှ မဖြစ် သလို ပုံမှန် အတိုင်း နေပြ ချင်တယ် လို့ ကေသီ က တောင်းဆို ပါတယ်။ ကျိုးကြောင်း ဆီလျော် တဲ့ ကေသီ ရဲ့ တောင်းဆို ချက် ကို ကျွန်တော် လဲ လျောလျော ရှူရှူ လက်ခံ လိုက် ပါတယ်။

ကေသီ က ကျွန်တော့် ကို “မောင်… ကေသီ တို့ ၂ ယောက် ရဲ့ မင်္ဂလာ ဦး ရက်တုန်း က ကေသီ ဒီ အိမ်ထဲ ကို ဘယ်လို ရောက် လာတယ် ဆိုတာ မောင် မှတ်မိ သေးလား” လို့တိုးဖွ ညင်သာ တဲ့ အသံ လေးနဲ့ မေးလိုက် တဲ့ ကေသီရဲ့ လေသံနဲ့ မေးခွန်း က ကျွန်တော် တို့ ၂ ယောက် ရဲ့ မင်္ဂလာ ဦးရက် ကို ပြန် အမှတ်ရ သွား စေခဲ့ ပါတယ်.. “မောင်.. မှတ်မိ ပါတယ်” လို့ ခေါင်းညိတ် ပြီး ပြန်ပြော လိုက်တော့ ကေသီ က ဆက်ပြီး ပြော ပါတယ်.. “အဲဒီ နေ့တုန်း က မောင် က ကေသီ့ ကို ပွေ့ချီ ပြီး ကားပေါ် ကနေ အိမ် ထဲ ခေါ်လာ ခဲ့တာ လေ။ ခုထိ ကေသီ မှတ်မိ နေပါတယ်။ မောင့် ကို ကေသီ တစ်ခု တောင်းဆို ချင် တာက မောင်နဲ့ မကွာရှင်း ခင် အတူတူ နေခွင့် ရတဲ့ ဒီ တစ်လ အတွင်း မှာ မောင်ရော ကေသီရော အလုပ် ကို သွားကြ တဲ့ မနက် တိုင်း အိမ်ခန်း ထဲကနေ ခြံဝင်း ထိ မောင် က ကေသီ့ ကို ပွေ့ချီ သွားပေး ပါ။ သားလေး ပြန်ရောက် တဲ့ နေ့က စလို့ ကေသီ တို့ လမ်းခွဲ ကြမဲ့ နောက် တစ်လ တိတိ ကို နေ့တိုင်း မပျက် မကွက် လုပ်ပေး ပါလို့ တောင်းဆို ချင် ပါတယ်.. ဒါလေး ကို မောင် လိုက်လျော ပေးနိုင် မလား ဟင်” ကေသီ ရဲ့ တောင်းဆို စကားကို ကြားရတော့ ကျွန်တော် တွေဝေ တုံ့ဆိုင်း နေခြင်း မရှိဘဲ လိုက်လျော ဖို့ သဘောတူ လိုက် ပါတယ်.. ရက်ရက် စက်စက် ချန်ထားခြင်း ခံရမဲ့ ကေသီ အတွက် ဒီလောက် တော့ လိုက်လျော ဖို့ သင့် ပါတယ် လို့ ကျွန်တော် တွေးလိုက် မိ ပါတယ်။ ကေသီ ဟာ မင်္ဂလာ ဦး ကာလ တုန်း က ပျော်ရွှင် ခဲ့ရတဲ့ အဖြစ်တွေ ကို ပြန် သတိ ရပြီး အခု ကျွန်တော် တို့ ၂ ယောက် ရဲ့ အိမ်ထောင် ရေး ကို ပျော်ရွှင် စရာ အမှတ် တရတွေ နဲ့ သာ အဆုံးသတ် ချင် ပုံ ရပါတယ်..

ကျွန်တော် က ကေသီ ရဲ့ တောင်းဆို ချက် အကြောင်း ကို ဂျူလီ့ ကို ပြောပြ ပြီး တစ်လ လောက် စောင့်ပေး ဖို့ ပြောလိုက် တော့ ဂျူလီ က မျက်နှာ ကို တစ်ချက် မဲ့ လိုက်ပြီး အားရ ပါးရ ရယ်မော ပါတယ်… ပြီးတော့ “ဒါ သက်သက် ညစ်တာ… ကို့ မိန်းမ က ဘာတွေ ပရိယာယ် ဆင်ဦး မလို့လဲ မသိဘူး.. အို.. သူ ဘာဘဲ လုပ်လုပ်လေ နောက်ဆုံး တော့ ကွာရှင်း တာ ကိုဘဲ သူခံ ရမှာ ပါ။ ရပါတယ် တစ်လ လောက် ထပ်စောင့် ရလဲ ဂျူလီ စောင့်ပါ မယ်” လို့ သူ့ ကိုယ်သူ ယုံကြည် စွာ နဲ့ အခိုင် အမာ ပြောလိုက် ပါတယ်.. ဂျူလီ ရဲ့ စကား က ကျွန်တော့် စိတ် ကို ကသိ က အောက် ဖြစ်စေ ပြီး ကေသီ အတွက် လည်း စိတ်မကောင်း ဖြစ်မိ ပါတယ်.. တကယ် တမ်း တော့ ကျွန်တော် ကွာရှင်း ချင်တယ် ဆိုပေမဲ့ ကေသီ့ မှာ ဘာမှ အပြစ် မရှိရှာ ပါဘူး… ဂျူလီ ကို ချစ်မိ တဲ့ အကြောင်း တစ်ခု တည်းနဲ့ ကေသီ ကို ကျွန်တော် ထား ခဲ့ရ မှာပါ။

@@@@@@@@@@@@@@

အပိုင်း ( ၅ )

အရင် ကတည်း က ကေသီ နဲ့ ကျွန်တော် ဟာ မင်္ဂလာ ဦး ကာလ တွေ တုန်း ကလို ယုယု ယယနဲ့ သည်းသည်း လှုပ် ဖြစ် မနေ တော့ဘဲ အေး စက်စက် ဖြစ်နေ ခဲ့တာ ကြာပြီ ဆိုပေမယ့် လို့ စိမ်းစိမ်း ကားကား ဖြစ်တာ မျိုး မရှိ ခဲ့ ကြပေ မဲ့ ကွာရှင်း ဖို့ကိစ္စ ဖွင့်ပြော လိုက်တဲ့ နေ့က စလို့ ကေသီ နဲ့ ကျွန်တော့် အကြား မှာ အရိပ်မဲ ကြီး တစ်ခု ခြားသွား ခဲ့သလို ခံစား လိုက်ရ ပါတယ်။ ကေသီ ရဲ့ မျက်နှာ ပေါ်မှာ လည်း အပြုံး တစ်စ ကိုမှ မတွေ့ ရတော့ ဘဲ ၀မ်းနည်း ကြေကွဲ နေတဲ့ မျက်နှာ ကိုသာ တွေ့ရ တော့ တယ်။ တစ်ယောက် နဲ့ တစ်ယောက် စကား ပြောဖို့ ကို လည်း ရှောင်လွှဲ နေခဲ့ကြ တော့ တကယ့် ကို တစိမ်း ပြင်ပြင် ဖြစ်သွား ကြသလို ပါဘဲ။

သားပြန် ရောက်လာ တဲ့ ပထမဆုံး နေ့ ရုံးသွား ချိန်မှာ ကျွန်တော် တို့ ၂ ယောက် သဘောတူ ထားတဲ့ အတိုင်း ကေသီ ကို အခန်း ထဲကနေ အိမ်ရှေ့ ခြံဝင်း တံခါးပေါက် ထိ ကျွန်တော် ပွေ့ချီ လာတော့ ၂ ယောက် လုံး က နူးညံ့ ပျော့ပြောင်း မနေ ခဲ့ဘဲ တောင့် တောင့် ကြီး တွေ ဖြစ်နေ ခဲ့ ကြတယ်။ တစ်ယောက် နဲ့တစ်ယောက် ခုလို ကြင်ကြင် နာနာ၊ ယုယု ယယ မနေ ဖြစ်ခဲ့ တာ ကြာခဲ့ပြီဆိုတော့ နွေးနွေး ထွေးထွေး တောင် မနေ တတ် တော့ သလို ပါဘဲ။ ဘာမှ မသိရှာ တဲ့ သားလေး ကတော့ “ဟေး… ဖေဖေ က မေမေ့ ကို ပွေ့ထား တယ် ကွ” လို့ အော်ဟစ် ပြီး ဝမ်းသာ အားရ လက်ခုပ် လေး တီးရှာ ပါတယ်။ သား ရဲ့ အသံ က ကျွန်တော့် အသည်း နှလုံး ကို ဖျစ်ညှစ် လိုက် သလို ခံစား လိုက်ရ ပါတယ်။ အိမ်ရှေ့ ခြံဝင်း ထဲ ရောက်ချိန် မှာ “ကွာရှင်း မဲ့ကိစ္စ သားလေး မသိပါစေ နဲ့ ဦးနာ်” လို့ ကေသီ က တိုးတိုးလေး ပြောလိုက် တော့ သူ့ကို ပွေ့ချီ ထားရက် နဲ့ ကျွန်တော် ခေါင်းညိတ် ပြ လိုက်ပြီး “စိတ်ချ ပါကွာ” လို့ ပြောလိုက် ပေမဲ့ စိတ်ထဲ မှာ တော့ မသက် မသာ ခံစား နေရတာ အမှန် ပါဘဲ.. ခြံရှေ့ ရောက် တော့ ကေသီ ကို ချပေး လိုက်ပြီး ကားပေါ် မောင်း တက်ခဲ့ လိုက် ပါတယ်.. ကေသီ ကတော့ ခပ်နှေးနှေး ခြေလှမ်း တွေ နဲ့ ဘတ်စ်ကား ဂိတ် ကို ထွက်ခွာ သွား ပါတယ်။

နောက်နေ့ တွေ မှာ တော့ ပထမ ဆုံး နေ့ကလို ခပ်တောင့်တောင့် ဖြစ်မနေ ကြတော့ ဘဲ ကေသီ့ ကို ပွေ့ချီ ရတာ သက်တောင့် သက်သာ ရှိလာ တယ်.. ကေသီ က လည်း ကျွန်တော်ရဲ့ လည်ပင်း ကို ပြန်ပြီး သိုင်းဖက် လာ တတ် တယ်.. ကေသီ ရဲ့ အင်္ကျီ မှာ ဆွတ်ထား တဲ့ ရေမွှေး နံ့လေး ကိုတောင် ကျွန်တော့ နှာဝ မှာ အတိုင်းသား ရှုရှိုက် နေ ရတယ်.. အဲဒီ ရေမွှေးနံ့ ကို ရလိုက် တော့မှ ကေသီ့ ကို ရေမွှေး ပုလင်း မ၀ယ် ပေး ဖြစ်တာ ဘယ် နှနှစ် ရှိသွား ပြီ လဲ ဆိုတာ ကို ပြန် စဉ်းစား တော့ ဘယ်လောက် ကြာသွား ပြီ ဆိုတာ မှတ်ကို မမှတ် မိတော့.. ဟို အရင်တုန်း ကတော့ ကေသီ ကြိုက်တတ် တဲ့ ရေမွှေး ပုလင်း တွေ တိုင်း ကျွန်တော် ၀ယ်ပေး ခဲ့တာ ချည်း ပါဘဲ.. တစ်အိမ် ထဲ နေကြ ပေမဲ့ လို့ ကေသီ နဲ့ ပတ်သက် တဲ့ အကြောင်း တွေ ကျွန်တော် သတိ မထား ဖြစ်တာ ကြာခဲ့ပြီ ဆိုတာ ကိုယ့်ကိုယ် ကို သိလိုက် ရတယ်။ သက်ပြင်း ကို ဖွဖွ ချလိုက် မိတော့ ကေသီ က ကျွန်တော့် မျက်နှာ ကို မော့ ကြည့် လာတယ်.. ကျွန်တော် လဲ ကေသီ့ မျက်နှာ ကို ပြန် ငုံ့ကြည့် မိ လိုက် ပြန်တယ်.. ဒီတော့ မှ သတိ ထား လိုက် မိတာက ကေသီ ဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ကျွန်တော် တို့ မင်္ဂလာ ဦး ချိန်တွေ တုန်း ကလို ငယ်ရွယ် နုပျိုတဲ့ မိန်းခလေး တစ်ယောက် မဟုတ် တော့ ပါဘဲ လား။ ကေသီ ရဲ့ မျက်နှာ နဲ့ မျက်လုံး ထောင့်တွေမှာ အရေး အကြောင်း တစ်ချို့ ထင်စ ပြုနေ ခဲ့ပြီ။ လှပတဲ့ ကေသီ့ မျက်နှာ ဟာ နုပျို သစ်လွင် ပြီး တက်ကြွ တဲ့ အလှ မျိုး မဟုတ် တော့ ပေမဲ့ ရင့်ကျက် ခြင်းနဲ့အတူ ကျက်သရေ ရှိတဲ့ အမျိုးသမီး တစ်ဦး ရဲ့ အလှ ကို ထပ်ဆောင်း ထားခဲ့ပြီ။

@@@@@@@@@@@@@@

အပိုင်း ( ၆ )

နောက် တစ်တစ်ပတ် လောက် အကြာ မှာ ကေသီ ကို ကျွန်တော် ပွေ့ချီ လိုက်တော့ ကေသီ က “ညတုန်း က မိုးရွာ ထားတာ ခြံထဲ က ကျောက်ပြား က ချောနေ တယ်.. သတိထား နော်” လို့ တိုးတိုးလေး သတိပေး စကား ကို ပြောလာ တယ်။ ကျွန်တော့် ရင် ထဲမှာ နွေးကနဲ ခံစား လိုက် ရပြီး ကြည်နူး စိတ် ကလေး နဲ့ ကေသီ့ ကို ပြုံး လိုက်တော့ ကေသီ က မျက်နှာ နီပြီး ခေါင်း ကို ငုံ့သွား ခဲ့ တယ်။ ကေသီ့ ကို ပွေ့ထား ရတဲ့ ကျွန်တော့် ရဲ့ ခံစားချက် ဟာ ပထမ နေ့တုန်း ကလို တာဝန် အရ လုပ်ရတာ မျိုး မဟုတ် တော့ဘဲ တကယ့် ကို စိတ်ပါ လက်ပါ ဖြစ်လာ တယ်။ဒါပေမဲ့ ဒီ အကြောင်း တွေ ကို ဂျူလီ ကို ကျွန်တော် လုံးဝ မပြော မိဘူး။ ဂျူလီ ရဲ့ “ဘာတွေ ထူးခြား သေးလဲ” ဆိုတဲ့ အမေး ကို ဘာမှ “မထူးခြား ပါဘူး ကွာ” ဆိုပြီး ခပ်ပေါ့ပေါ့ အဖြေ ကိုသာ ပေးဖြစ် ခဲ့တယ်။

နောက်ရက် တွေမှာ လည်း ကေသီ ဟာ ကျွန်တော် ရဲ့ အင်္ကျီ ကို မီးပူ တိုက်ပြီး ဘယ်ပေါ် မှာ တင်ထား တယ်.. ဘယ် ဘောင်းဘီ နဲ့ ၀တ်သွား၊ ပြန် လာရင် ညနေ အတွက် ဘယ် ဟိုတယ်မှာ သားလေး ကြိုက်တာ လေး ၀ယ်ခဲ့ပါ စ သဖြင့် ပြောတတ် လာတယ်.. ညပြန် ရောက်ရင် သားရယ် ကေသီ ရယ်၊ ကျွန်တော် ရယ် ညစာ အတူတူ စားကြ၊ တီဗီ က လာတဲ့ အစီအစဉ် တွေ ထိုင်ကြည့် ပြီး ရယ်မော ကြနဲ့ ခါတိုင်း ဒီ ချိန်တွေ မှာ ဂျူလီ ကို သတိ ရနေတတ် တဲ့ ကျွန်တော့် စိတ်တွေ မိသားစု ပျော်ရွှင်မှု ထဲ နှစ်မြုပ် လာတယ်.. ဂျူလီ ဟာ ကျွန်တော့် သတိ ရခြင်း တွေ ထဲမှာ မှုန်ဝါးဝါး ဖြစ်လာ ခဲ့ပြီ။ ကေသီ့ ကို ပွေ့ချီ ရတာ လည်း တစ်ရက် ထက် တစ်ရက် ပိုပြီး ပေါ့ပေါ့ ပါးပါး ဖြစ်လာ တယ် လို့ ကျွန်တော် ထင် လာခဲ့ တယ်။

ရက် ၂၀ လောက် ကြာတော့ မနက် ရုံး သွားကြ ဖို့ အဝတ်လဲ နေတဲ့ ကေသီ့ ကို ပွေ့ချီ ဖို့စောင့်ရင်း ကျွန်တော် က “ကေသီ မင်းကို ပွေ့ရ တာ အရင်က ထက် စာရင် ပိုပြီး ပေါ့သွား သလိုဘဲ။ မောင် က ပိုပြီး အားရှိ လာလို့ ဖြစ်မယ် ထင်တယ် နော်” လို့ နောက်ပြီး ပြောလိုက် ပါတယ်။ အဲဒီ ချိန်မှာ ကေသီ က အ၀တ်တွေ တစ်စုံပြီး တစ်စုံ ရွေးနေ ရင်း သူနဲ့ တော်တဲ့ အင်္ကျီ ကို ရှာမတွေ့ ဖြစ်နေ ဟန်နဲ့ သက်ပြင်းချ လိုက်ပြီး “အင်္ကျီ တွေ လဲ တစ်နေ့ တစ်နေ့ ပိုကြီးကြီး လာတယ် ထင်တယ်.. ကျွန်မ နဲ့ တော်တဲ့ အင်္ကျီ ရှာ မရတော့ ဘူး.”. လို့ ညီးတွား လိုက်တော့ ကျွန်တော် က ပြုံးလိုက် မိပါတယ်.. ဒါပေမဲ့ ကေသီ့ ကို သေချာ ကြည့် လိုက်တော့မှ ကျွန်တော် သဘော ပေါက် လိုက်မိ ပါတော့ တယ်။ ကေသီ ဟာ တော်တော့် ကို ပိန်သွား ခဲ့ ပါတယ်။ တကယ်တမ်း တော့ ကျွန်တော် က ပိုပြီး အားကောင်း သန်မာ လာ လို့ မဟုတ် ဘဲ ကေသီ ကသာ ကျွန်တော် ပွေ့ကာ စ အရင် နေ့တွေ ထက် စာရင် အများကြီး ပိန်သွား တာမို့ သူ့ဝတ်စုံ တွေက သူနဲ့ မတော် တော့ဘဲ ကြီးနေ ခဲ့တာ ပါ။ ကေသီ ဟာ ဘာမှ မဖြစ် သလို ဟန်ဆောင် ထားပေမဲ့ တကယ် တမ်း တော့ ကျွန်တော် နဲ့ ကွာရှင်း ဖို့ ကိစ္စ အတွက် သူ့ နှလုံးသား မှာ အင်မတန် ပြင်းပြင်း ထန်ထန် ထိုးနှက် ခံစား ရပုံ ပေါ်ပါတယ်။

ပိန်သွား တဲ့ ကေသီ့ခန္ဓာ ကိုယ် သွယ်လျလျ ကို ကြည့်ပြီး ကေသီ ဘယ်လောက် များ စိတ်ဆင်း ရဲ နေခဲ့ ပါလိမ့် လို့ တွေး မိကာ ကျွန်တော့်ရင် ထဲမှာ ၀မ်းနည်း ခြင်း တွေ တစ်လှိုက်လှိုက် တက်လာ ပါတယ်။ ကျွန်တော် ကေသီ့ခေါင်း ကလေးကို ကြင်နာစိတ် ကလေးနဲ့ လှမ်းကိုင် လိုက်ဖို့ လက်ရွယ် လိုက်တုန်း မှာ သားလေး က အခန်းထဲ ကို ရုတ်တရက် ရောက် လာပြီး “ဖေဖေ.... မေ့မေ့ ကိုပွေ့ချီ ပြီး အလုပ် သွားဖို့ အချိန် ရောက်ပြီ လေ” လို့ သတိပေး စကား ပြောလာ ပါတယ်။ သားလေး ကြည့်ရတာ သူ့အဖေ ဟာ အမေ ဖြစ်သူ ကို ပွေ့ပြီး အလုပ် သွားတာ ကို အမြဲတမ်း တွေ့နေ ရမဲ့ မြင်ကွင်း လို့ ထင်မှတ် ထားပုံ ရပါတယ်.. ကေသီက သားလေး အနား ကို တိုးကပ် သွားပြီး တင်းတင်း ကြပ်ကြပ် ပွေ့ဖက် ထားလိုက် ပါတယ်။ ကျွန်တော် ဒီ မြင်ကွင်း ကို ကြည့်ဖို့ အင်အား မရှိတော့ တာ ကြောင့် မျက်နှာ လွဲပစ် လိုက် မိပါ တော့တယ်.. နောက်ဆုံး အချိန် နား နီးလာမှ ဆုံးဖြတ် ပြီးသား ကျွန်တော့် စိတ်တွေ ပြန်ပြောင်း လဲ သွားမှာ ကိုလဲ စိုးထိတ် နေမိ ပါတယ်။ ခန ကြာတော့ ကေသီ့ကိုယ်လေး ကို ကျွန်တော် ပွေ့ချီ လိုက်ပြီး အိပ်ခန်း ကနေ ခြံဝင်း တံခါး ထိ လျှောက်လာ တဲ့အချိန် မှာ ခါတိုင်း လိုဘဲ ကေသီ က ကျွန်တော့် လည်ပင်း ကို သိုင်းဖက် ထားပါ တယ်.. ကျွန်တော့် စိတ်ထဲမှာ ကျွန်တော် တို့ မင်္ဂလာ ဦးနေ့ ကို ပြန် သတိ ရနေ မိပေ မဲ့ ကေသီ ရဲ့ ခန္ဓာကိုယ် ကတော့ မင်္ဂလာ ဦး အချိန် တွေ တုန်းက ထက် ပိုပြီး ပါးလျား ပေါ့ပါး သွား ခဲ့ပြီ။ ဒီ အဖြစ် က ကျွန်တော် ကို ထိထိ ခိုက်ခိုက် ကြေကွဲ ဝမ်းနည်း စေ ပါတယ်..

@@@@@@@@@@@@@@

အပိုင်း ( ၇ )

ဒီနေ့ဟာ ကျွန်တော် တို့ ၂ ယောက် ရဲ့ အိမ်ထောင် ရေး နောက်ဆုံး နေ့ ပါဘဲ… ကျောင်း တွေ ပြန်ဖွင့် ပြီ မို့ ညနေ ဆိုရင် သားလေး ဟာ သူနေ တဲ့ အဆောင် ကို ပြန်ရ တော့မယ်.. ကျွန်တော် တို့ ၂ ယောက် အတွက် နောက်ဆုံး နေ့မှန်း သိနေ တော့ ကေသီ့ ကို ပွေ့ချီ ထား တဲ့ ကျွန်တော့် လက်တွေ ဟာ ခွန်အား မဲ့နေ သလို ဖြစ်နေ ပြီး ခြေထောက် တွေ ကလည်း ခြေ တစ်လှမ်း လှမ်းဖို့ တောင် အနိုင် နိုင် ဖြစ်နေ ခဲ့မိတယ်။ ကျွန်တော့် လည်ပင်း ကို သိုင်းဖက် ထား တဲ့ ကေသီရဲ့ လက်ဖျား လေးတွေ ဟာ လည်း အေးစက် နေတာ ပါဘဲ။ တစ်ည လုံး ငိုကြွေး ထားပုံ ရတဲ့ ကေသီရဲ့ မျက်ဝန်း တွေ ဟာ လည်း နီရဲ လို့ နေခဲ့ တယ်။ သူ့ကို ပွေ့ချီ လာတဲ့ လမ်း တစ်လျှောက် မှာ ကေသီ ကျွန်တော့် ကို “ကေသီ စိတ် ထဲမှာ ကေသီ တို့ ၂ ယောက် လုံး မင်္ဂလာ ဦးနေ့ တုန်း ကလိုဘဲ အသက် ကြီး တဲ့ အချိန် ထိ ကေသီ့ ကို မောင့် လက်တွေ နဲ့ အမြဲတမ်း ပွေ့ချီ လိမ့်မယ် လို့ ထင်ထား ခဲ့ မိတယ်” လို့ ကြေကြေ ကွဲကွဲ တုန်ရီ ဆို့နင့် တဲ့ အသံ နဲ့ ပြောလိုက် ပါတယ်။ ကေသီ ဟာ ကုန်လွန် သွားခဲ့ တဲ့ ကျွန်တော် တို့ နှစ်ယောက် ရဲ့ ရွှေရောင် နေ့ရက် လေးတွေ ကို နှမြော တမ်းတ စွာ နဲ့ လွမ်းဆွတ် နေမှာ သေချာ ပါတယ်။ ကျွန်တော် ကေသီ့ ကို တင်းတင်း ကြပ်ကြပ် ပွေ့ဖက် လိုက်ပြီး “ကေသီ ရယ် မောင် တို့ ၂ ယောက် လုံး ဟာ ခုလို အချစ် တွေ တဖြေးဖြေး လျော့ပါး လာတာ ကို သတိ မမူမိ ခဲ့ကြ ဘူး။ စောစော ကသာ သတိထား မိခဲ့ ကြရင် သိပ်ကောင်း မှာဘဲ” လို့ပြော လိုက်မိ ပါတယ်။ ခြံရှေ့ မှာ ကေသီ ရဲ့ ကိုယ်လေး ကို ချလိုက်ပြီး ကားတံခါး ကိုတောင် သေချာ မပိတ် နိုင်တော့ ဘဲ ကား ကို အလော တကြီး မောင်းထွက် လာခဲ့ မိ ပါတော့ တယ်။

ဘယ်လို ဘဲ ဖြစ်ဖြစ် ကျွန်တော် ကြန့်ကြာ လို့ မဖြစ် ဘူး။ ဒီ တစ်ခါ တော့ ဆုံးဖြတ်ချက် တွေ နှောင့်နှေး နေတာ မျိုး မဖြစ် ချင် တော့ဘူး။ ကျွန်တော့် စိတ်တွေ ထပ်ပြီး ယိမ်းယိုင် သွားတာ မျိုး လည်း အဖြစ် မခံ နိုင်တော့ ပါဘူး။ အမြန် မောင်းလာ တဲ့ ကား ကို ဂျူလီရဲ့ တိုက်ခန်း အောက်မှာ အသံ မြည်အောင် ထိုးရပ် လိုက်ပြီး တိုက်ခန်း လှေကား ထစ် တွေ ပေါ်ကို ကမူးရှူး ထိုး အပြေး ကလေး တက်လာ ခဲ့မိ ပါတယ်။ အခန်း ရှေ့ရောက် လို့ တံခါး ကို ခေါက်လိုက် တဲ့ အခါ ပြုံးချို တဲ့ မျက်နှာ လေး နဲ့ တံခါး လာ ဖွင့်ပေးတဲ့ ဂျူလီ ကို တွေ့ရ ပါ တယ်။ ရောက်ရောက် ချင်း အခန်း ထဲကို လှမ်း မဝင် နိုင်ဘဲ ဂျူလီ့ကို အလော တကြီး ပြောချ လိုက်မိ တာက “ဂျူလီ ကိုယ် ပြောတာ သေချာ နားထောင် ပါ။ ကေသီ နဲ့ ကွာရှင်း ဖို့ကိစ္စ မဖြစ်နိုင် တော့ဘူး.” ကျွန်တော့်  စကား ကို ကြား လိုက် တဲ့ ဂျူလီ ဟာ အံ့သြ သွားတဲ့ မျက်နှာ နဲ့ “ဟင်.. ကို ဘာတွေ ပြောနေ တာလဲ..နောက်နေ တာလား။ ကြည့်စမ်း ပါဦး မျက်နှာ လဲ မကောင်းဘူး.. ကို ဖျားနေ တာလား” လို့ ပြောပြော ဆိုဆို ကျွန်တော့် နှဖူး ကို သူ့ လက်ကလေး နဲ့ လာစမ်း လိုက် ပါတယ်။

ကျွန်တော် က သူ့လက် ကို ဖယ် လိုက်ရင်း “ကိုယ် နောက်နေ တာ မဟုတ်ဘူး ဂျူလီ.. တကယ် ပြော နေတာ။ ဆောရီး ပါ ဂျူလီ။ မင်း အတွက် ကိုယ် ၀မ်းနည်း ပါတယ် ဆိုတာ က လွဲလို့ တစ်ခြား လဲ ကိုယ် မပြော တတ် တော့ဘူး။ ကေသီ နဲ့ ကွာရှင်း ဖို့ဆိုတာ ကိုယ် တကယ် ကို မလုပ် နိုင်တော့ ဘူး။ ကိုယ် နဲ့ ကေသီ တို့ရဲ့ အိမ်ထောင်သည် ဘ၀ ဟာ ပျင်းရိ ငြီးငွေ့ စရာ ကောင်းခဲ့ တာ တော့ အမှန် ပါ။ အိမ်ထောင် သည် ဘ၀ မှာ ဆက်လက် ရှိရမဲ့ အကြင်နာ တွေ၊ ကရုဏာ တွေ၊ ဂရုစိုက် နွေးထွေးမှု တွေ ကို ကိုယ်တို့ မေ့လျော့ ခဲ့ကြ တယ်။ တကယ် တမ်း တော့ တစ်ယောက် ရဲ့ ရင်ထဲမှာ တစ်ယောက် က မရှိကြ တော့လို့ မဟုတ် ကြပါဘူး.။ ဒါကို ကိုယ်တို့ ၂ ယောက် ခွဲရ တော့မယ် ဆိုမှ နားလည် လာတယ်.. တန်ဖိုး ထားရမှန်း သိလာ တယ်။ ကိုယ် ကေသီ ကို မထားခဲ့ နိုင်တော့ ဘူး။ ကိုယ် အသက် ကြီး တဲ့ အထိ ကေသီ ဟာ ကိုယ့် ဘေးနား မှာ ရှိရမဲ့ သူဘဲ ဆိုတာ ကိုယ် ခွဲခြား နားလည် သွားပြီ။ ဒါကြောင့် မင်း အတွက် ၀မ်းနည်း ပါတယ် လို့ဘဲ ကိုယ် ပြောပါ ရစေ ဂျူလီ။ ကိုယ့် ကို ခွင့်မလွှတ် ပါနဲ့”

ကျွန်တော့် ရဲ့ စကား ဆုံး သွားတော့ မှ ကျွန်တော် အလေး အနက် ပြောနေ တယ် ဆိုတာ ဂျူလီ ဟာ သိသွား ပုံ ရပါ တယ်။ အိပ်ရာ က ရုတ်တရက် နိုးလာတဲ့ သူ လို ယောင်ယောင် ကန်းကန်း ကျွန်တော့် ကို ကြည့် နေရာ ကနေ သူရဲ့ လက် တစ်ဖက် ဟာ လေထဲ ကို မြောက်တက် သွားတာ ကျွန်တော် မြင် လိုက် ပါတယ်။ ဂျူလီ ဘာလုပ် တော့မယ် ဆိုတာ ကျွန်တော် သိလိုက် ပါတယ်။ ဒါပေမဲ့ ရှောင်လွဲ ဖို့ မကြိုး စား တော့ပါဘူး။ ကျွန်တော့် အပြစ် အတွက် ဒီလောက် တော့ ထိုက်တန် ပါတယ်။ မရှောင် ဘဲ ငြိမ်နေ တဲ့ ကျွန်တော့် ရဲ့ ပါးပြင် ပေါ် ဂျူလီ ရဲ့ လက်ဝါး က အရှိန် ပြင်းပြင်း ကျလာ ပါတယ်။ ကျွန်တော့် မျက်နှာ လည် ထွက် သွားပြီး အနောက် ဘက် ကို ယိုင်သွား ခဲ့ပြီး ဂျူလီ က အခန်း ထဲ ကို ပြန်ဝင် လိုက်ကာ တံခါး ကို ဝုန်း ခနဲ မြည်အောင် ဆောင့်ပိတ် လိုက်ပါ တော့ တယ်။ တံခါး ရဲ့ ဟို တစ်ဖက် မှာတော့ ရှိုက်ကြီး တငင် ငိုကြွေး လိုက်တဲ့ အသံ ကို ကြားလိုက် ရပါ တယ်။ ကျွန်တော် လဲ ဂျူလီ ရဲ့ ငိုသံ တွေ ကို လစ်လျူ ရှု ကြောခိုင်း လိုက်ပြီး အောက်ထပ် ကို ပြန်ဆင်း လို့ ကားပေါ် တက်ကာ ကုမ္ပဏီ ကို ဦးတည် မောင်းထွက် ခဲ့ ပါတော့ တယ်။

ကားမောင်း လာရင်း လမ်းမှာ တွေ့ တဲ့ ပန်းဆိုင် တစ်ဆိုင် မှာ ကားကို ရပ်လိုက် ပြီး ကေသီ ကြိုက်တတ် တဲ့ နှင်းဆီ အဖြူ ဆွတ်ဆွတ် လေးတွေ နဲ့ ပန်းစည်း လှလှ လေး တစ်စည်း ကို ညနေ ရုံးဆင်း ချိန် မှာ လာယူ မဲ့ အကြောင်း ပြောပြီး အော်ဒါ မှာ လိုက် ပါတယ်။ ဆိုင် ဝန်ထမ်း ကောင်မလေး က ပန်းစည်း ပေါ် ချိတ်မဲ့ ကဒ်ပြား မှာ ဘယ်လို ရေးချင် ပါသလဲလို့ လှမ်းမေး ပြီး ကျွန်တော့် ကို စာရွက် အကြမ်း တစ်ရွက် လှမ်းပေး လိုက် ပါတယ်.. ကျွန်တော် က တစ်ချက် ပြုံးလိုက် ပြီး စာရွက် ပေါ် ချရေး လိုက် တာက “ မောင် တို့ ၂ယောက် လုံး အိုမင်း လာတဲ့ အချိန်ထိ မောင် မင်း ကို ပွေ့ချီ သွားမှာ ပါ.” ဆိုတဲ့ စာသား လေး ပါ။ ညနေ ရုံးဆင်း ပြီး အိမ်ပြန် ရောက်လို့ ဒီ ပန်းစည်း လေး ကို သူ့လက်ထဲ ထည့် လိုက်တဲ့ အခါ ပန်းစည်း ပေါ်က စာသား လေး ကို ဖတ် လိုက် ရရင် ကေသီ ဘယ်လောက် များ ပျော်ရွှင် သွားမှာ ပါလိမ့်။ တွေး လိုက်မိ တာနဲ့ တင် ကြည်နူး မှုလှိုင်း တွေ တစ်လိမ့်လိမ့် တက် လာပြီး ကျွန်တော့် ရင်ခုန် သံတွေ ကလည်း မင်္ဂလာ ဦး နေ့တုန်း ကလို မြန်ဆန် နွေးထွေး လာပါ တော့တယ်။

@@@@@@ ပြီးပါပြီ @@@@@@@

ချစ်သူ တိုင်း နားလည် စာနာ ခြင်း၊ နွေးထွေး ယုယ ခြင်း၊ ချစ်ခင် ကြင်နာ ခြင်း တို့ဖြင့် တွဲလက် ခိုင်ခိုင် မြဲနိုင် ကြ ပါစေ ရှင်။

The Divorce ( Unknown Author ) ကို နှစ်ခြိုက် မိသဖြင့် ဘာသာ ပြန် ခံစား ရေးဖွဲ့ ပါသည်။ အခြား သူများ ဘာသာ ပြန်ထား ပြီး ခဲ့ပါက တိုက်ဆိုင် မှု အတွက် ခွင့်လွှတ် ဖို့ ကြိုတင် တောင်းပန် ပါတယ် ရှင်။ ဒီ ၀တ္ထုလေး ဖတ်ပြီး ချိန်မှာ နက်နက် ရှိုင်းရှိုင်း ခံစားမိ သော ကြောင့် စာဖတ် သူများ ကို လည်း ဒီ ၀တ္ထု ကနေ တစ်စုံ တစ်ရာ ရစေ လို သော စိတ်ဖြင့် ပြန်လည် ဝေမျှ ခံစား နိုင်ရန် ကြိုးစား ပြီး ဘာသာ ပြန် ဖြစ် ပါတယ်။

( ဒီ ပိုစ့် ဟာ အခု ရေးတဲ့ အသစ် မဟုတ် ဘဲ လွန် ခဲ့တဲ့ တစ်နှစ် ကျော် က ရေးခဲ့  ပြီး ဘလောဂ့်ပေါ် တင် ခဲ့တဲ့ ဘာသာ ပြန် ဝတ္ထု လေး ပါ။ ခင်မင် ရသော ညီမငယ် တစ်ယောက် ရဲ့ တောင်းဆို ချက် ကြောင့် ပြန် တင် ပေးခြင်း ဖြစ် ပါတယ် ရှင်.. )

ချော ( အစိမ်းရောင် လွင်ပြင် )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။