FOOD Magazine
added 4 new photos to the album Owner Chef.
...................................................................................................
လောကဓံကို ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ဖြတ်ကျော်ရင်း အောင်မြင်မှုတွေရရှိခဲ့တဲ့
Green Elephant Restaurant's C.E.O ဒေါ်ချယ်ရီအောင်ခင်

ယခင်လမှအဆက်

• မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှာ
အမှုဆောင်တစ်ယောက်အဖြစ် ပါဝင်လုပ်ဆောင်ဖြစ်ခဲ့ပုံလေးကရော။
- အသင်းဖွဲ့တော့မယ်ဆိုတော့ အန်တီ့မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေက
အစ်မကြီးလည်းဝင်ပါ။ ကျွန်တော်တို့မှာ နိုင်ငံခြားလုပ်ငန်းအတွေ့အကြုံ
ရှိတဲ့လူဆိုလို့ အန်တီတစ်ယောက်ပဲရှိတယ်။ အခြားလူတွေကတော့
စားသောက်ဆိုင်လုပ်ငန်းအပြင်။ ဟော်တယ်တို့ဘာတို့
ဖွင့်တာပဲရှိတယ်လေ။ အန်တီ တစ်ယောက်ပဲ Export, Inport
လုပ်တဲ့လူရှိတယ်လေ။
နောက် အန်တီကလည်း
ဒီလို ပရဟိတလို လူမှုရေးအလုပ်တွေလုပ်ရတာ ၀ါသနာပါတာနဲ့
ဝင်ဖြစ်သွားတာပါ။
• ဒါဆို အန်တီ လုပ်ဖြစ်တဲ့ ပရဟိတလေးများရှိရင် ပြောပြပေးပါဦး။
- ပရဟိတလုပ်ဖြစ်တာတော့ များပါတယ်။ အန်တီ အလုပ်လုပ်လာတာ
အခုဆိုရင် အနှစ်သုံးဆယ်ရှိပြီ အဲဒီကာလအတွင်းမှာ အန်တီ
ကျောင်းထားပေးခဲ့ရတဲ့ ကလေးတွေက အများကြီးပဲ။
ဘာဖြစ်လို့လည်းဆိုတော့ အန်တီက သားသမီးမရှိဘူးလေ။
သားသမီးမွေးရမယ့်အချိန်မှာ အန်တီ့ဘ၀က ရုန်းကန်နေရတယ်လေ။
ဒီမြန်မာပြည်ကနေ ၂၈ နှစ်လောက်မှာထွက်သွားတယ်။
နောက် အသက် ၄၀ လောက်မှာမှ ဒီကိုပြန်ရောက်တာလေ။
သူများတိုင်းပြည်မှာ သားသမီးကို ကျောင်းထားဖို့
အတွက်ကျတော့လည်း အဆင်မပြေဘူးလေ။
ဆိုရှယ်လစ်ခေတ်ဆိုတော့လည်း ဒီကို အခုလို
သွားသွားပြန်ပြန်လည်း မလုပ်ရဘူးလေ။ ဒါတွေကြောင့်လည်း
ကလေးမယူဖြစ်ခဲ့တာပါ။ အိမ်ထောင်ရေးကလည်း
အဆင်မပြေတာလည်း တစ်ခုပါတာပေါ့လေ။ ဒီတော့ အန်တီက
ကိုယ့်အလုပ်သမားတွေရယ်။ ကိုယ်နဲ့ နီးစပ်တဲ့လူတွေရဲ့
သားသမီးတွေကို ကျောင်းထားပေးပြီး စာသင်နေတာ
ဒီကနေ့အထိပါပဲ။ အန်တီကျောင်းထားပေးလို့
ဆရာဝန်ဖြစ်သွားတဲ့လူတွေက အယောက်သုံးဆယ်လောက်ရှိမယ်။
• အစားအသောက်နဲ့ ကျန်းမာရေးအပေါ် အန်တီ့ရဲ့
ထင်မြင်ချက်လေးကို ပြောပြပေးပါဦး။
- ဒါကတော့ အရေးကြီးတယ်။ ကိုယ်ဘာမှမစားခင်မှာ
ဒီအစားအသောက်ကို စားလိုက်ခြင်းအားဖြင့် ကိုယ့်အတွက်
ဘာဖြစ်မလဲဆိုတဲ့ အသိစိတ်လေးက အမြဲတမ်းရှိနေဖို့လိုပါတယ်။
ဒီလိုထိန်းချုပ်မှုလေးနဲ့ စားသင့်ပါတယ်။ ဒီလိုစားရင်
မပိန်ရင်တောင်မှ တရားလွန်ကြီး ၀မသွားနိုင်ပါဘူး။ နောက်တစ်ခုက
သုံး၊ လေး၊ ငါးရက်လောက် ကြိုက်တာတွေစားပြီးရင်
နောက် သုံး၊ လေး၊ ငါးရက်လောက် ပြန်ထိန်းလိုက်ရင်လည်း
အဆင်ပြေပါတယ်။ ဆိုလိုတာက အစားကို လွတ်မစားဘဲနဲ့
ကျန်းမာရေးနဲ့ညီသောဟာတွေ စားသင့်တယ်ပေါ့။
ကိုယ်ကြိုက်တာလည်း စားပေါ့။ စိတ်လွတ်ကိုယ်လွတ်
အထိန်းအကွပ်မရှိဘဲ မစားဘူးဆိုရင်တော့ အစားစားရတာ
ပျော်စရာကောင်းပါတယ်။ ရောဂါလည်း ကင်းစေနိုင်ပါတယ်။
• အန်တီဆိုင်ရဲ့ ကျန်းမာရေးဆောင်ရွက်မှု အပိုင်းလေး
တွေကိုလည်း ပြောပြပေးပါဦး။
- အန်တီတို့ကတော့ Hygiene ကို တတ်နိုင်သလောက် လုပ်ပါတယ်။
ဒါပေမယ့် မြန်မာနည်း၊ မြန်မာဟန်အနေနဲ့တော့ 100% Hygiene
ဖြစ်ပါတယ်။ နိုင်ငံတကာKitchen တွေနဲ့ နှိုင်းယှဉ်ရင်တော့
အားနည်းချက်တော့ နည်းနည်းရှိမှာပေါ့။ ဆွစ်စလန်ကလို၊
အင်္ဂလန်ကလိုတော့ Hygiene မဖြစ်ဘူးပေါ့လေ။
ဒါပေမယ့် ပစ္စည်းတွေကို အကောင်းသုံးတယ်။
ဝယ်တဲ့ပစ္စည်းတွေအားလုံးကလည်း အတုအပ၊
အရည်အသွေးမမီတာတွေ မသုံးဘူး။ နောက် Ready Made
အမှုန့်တွေမသုံးဘူး။ ငရုတ်သီးမှုန့်တို့၊ နနွင်းမှုန့်တို့ကအစ
ကိုယ့်ဖာသာကိုယ်လုပ်တယ်။ အားလုံးကို လတ်လတ်
ဆတ်ဆတ်ပဲသုံးတယ်။ ဒါတွေကလည်း ကျန်းမာရေးနဲ့
ညီညွတ်တယ်ပေါ့။ နောက် ပိုချက်ထားတာတို့၊ရက်ကြာချက်ထား
တာတို့ လုံးဝမရှိဘူး။ ဒီနေ့အတွက် ရောင်းလို့ပိုတဲ့ဟာတွေဆိုရင်
မနက်ဖြန်အတွက်မထားဘူး။ ၀န်ထမ်းတွေစားဖို့ ထည့်လိုက်တယ်။
ညသိပ်ထားတို့ ဘာတို့မရှိဘူး။ ဒီလိုမျိုး စားသုံးသူကျန်းမာရေးအတွက်
ဆောင်ရွက်တယ်ပေါ့လေ။
• အန်တီတို့ ဒီ Green Elephant စားသောက်ဆိုင်တွေ
အောင်မြင်နေတာ ဘယ်လိုလျှို့ဝှက်ချက်ကြောင့်ဖြစ်မယ်လို့ထင်လဲ။
- အဓိကကတော့ Food Consistent ပေါ့။ ချက်သမျှတွေကလည်း
ကောင်းနေရမယ်ပေါ့။ အန်တီ့စားဖိုမှူးတွေကိုလည်း အမြဲတမ်း
သင်ပေးတယ်။ အန်တီတို့ ပေါ်လစီက ဘာလဲဆိုတော့
ဥပမာ ဒီနေ့ဆို ကြာဆံသုပ်ပေါ့။ ဒီကြာဆံသုပ်ကို ကြိုက်တယ်ဆိုတဲ့
စားသုံးသူတစ်ယောက်က လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစားလည်း
ဒီအရသာပဲထွက်တယ်။ အခုလာစားလည်း ဒီအရသာပဲထွက်ရမယ်ပေါ့။
အတိုချုံးပြောရမယ်ဆိုရင်တော့ အန်တီတို့ ကုမ္ပဏီတိုင်းက
Furniture ဆိုလည်း ဒီအတိုင်းပဲ Quality နဲ့ Standard ကို
ထိန်းသိမ်းထားတယ်။ ဒီတော့ ဘယ်အချိန်မှာ၊ ဘယ်အစားစာကိုပဲ
လာစားစား Quality နဲ့ Standard ထဲမှာဝင်နေရမယ်။
• အန်တီရဲ့ တစ်နေ့တာ စားသောက်မှုပုံစံလေးကိုလည်း ပြောပြပေးပါဦး။
- အန်တီကတော့ ဘန်ကောက်မှာပဲဖြစ်ဖြစ်၊ ဒီမှာပဲဖြစ်ဖြစ်
မနက်စာကိုတော့ ကော်ဖီတစ်ခွက်သောက်တယ်။ ငှက်ပျောသီးစားတယ်။
နောက် သောက်မယ့် ဗီတာမင် သောက်တယ်။ ဗီတာမင်ဆိုမှ
ကြုံလို့ပြောလိုက်ပါဦးမယ်။ အားလုံး နေကောင်းစေချင်ရင်
နနွင်းနဲ့ ပျားရည်ကိုရောပြီးတော့ ပဲပြုတ်လုံးလောက်ကလေးလုံးပြီး
၎ လုံးကနေ ၆ လုံးလောက်နေ့တိုင်းသောက်ရင် အရမ်းကျန်းမာပါတယ်။
ဒါက အန်တီအမြဲ မှီဝဲနေတဲ့ဆေးတစ်လက်ပါ။ နေ့လယ်စာကို
တစ်နာရီဆိုရင် စားပါတယ်။ ညနေဆိုရင်တော့ ၇ နာရီခွဲလောက်မှာ
စားဖြစ်ပါတယ်။ စားရင်လည်း ငါးပိတို့စရာနဲ့၊ ဟင်းတစ်မျိုး၊ နှစ်မျိုး
လောက်ပဲစားဖြစ်ပါတယ်။
• ငယ်ငယ်ကပဲဖြစ်ဖြစ် အစားသောက်နဲ့ ပတ်သက်ပြီး အမှတ်တရ
အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးဦး။
- အန်တီငယ်ငယ်တုန်းကတော့ ဆိုးတယ်လို့ ပြောရမှာပေါ့ (ရယ်လျက်)။
အန်တီ့မိဘတွေက ဘိုလည်းဆန်တယ်။ စည်းကမ်းလည်း ကြီးတယ်။
ဒီတော့ ကျောင်းကမုန့်ကို မ၀ယ်စားရဘူး။ အိမ်ကနေပြီးတော့
မုန့်ကို အပြည့်ထည့်ပေးလိုက်တယ်။ ကိုယ့်ကလည်း ကလေးဆိုတော့
ကျောင်းကရောင်းတဲ့ မုန့်တွေ၊ လက်သုပ်တွေကို စားချင်တာပေါ့။
ဒီတော့ အိမ်ကထည့်ပေးလိုက်တဲ့ မုန့်တွေကိုရောင်းပြီးတော့
အဲဒီပိုက်ဆံနဲ့ ကိုယ်စားချင်တာကို ၀ယ်စားတယ်။ လူလည်ကျတယ်လို့
ပြောရမလားဘဲ။ ကျောင်းမှာ အန်တီ့အကို တစ်ယောက်ရှိတယ်။
သူက အန်တီအသက် ၁၂ နှစ်လောက်မှာ ဆုံးသွားတယ်။
သူ့ကိုထည့်ပေးတဲ့ မုန့်ကို အန်တီက ရောင်းစားတယ်။
ကိုယ့်ရတဲ့မုန့်ကိုကျတော့ စားပစ်တယ်။ ရလာတဲ့ ပိုက်ဆံကိုကျတော့
အန်တီကပဲ လက်သုပ်တွေ ၀ယ်စားခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း
မိဘတွေကသိသွားတော့ အရိုက်လည်းခံရတယ်။ အန်တီကိုလည်း
မုန့်ဘူးမပေးတော့ဘူး။ ဒီတော့ အန်တီက အိမ်မှာကပြပြီးတော့
မုန့်ဖိုးတောင်းတယ်။ ပြောရမယ်ဆိုရင်တော့ အန်တီက
ဒီလို ၇ နှစ်၊ ၈ နှစ်လောက်ကတည်းက ရောင်းပြီးတော့
ပိုက်ဆံရတယ်ဆိုတာကို သိခဲ့တယ်။ ဒါလည်း စီးပွားရေးအမြင်
ဗီဇတစ်ခုလိုပါပဲ။
• စောစောကပြောသလို ငယ်ငယ်က မုန့်ဖိုးရဖို့အတွက်
ကခဲ့တယ်ဆိုတော့ အန်တီ့မှာ အနုပညာဝါသနာရော ရှိခဲ့လား။
- အင်း ဗေဓိဆိုရင် အခုထက်ထိ ကချင်နေတုန်းပဲ။
ငယ်ငယ်ကလည်း ကျောင်းကပွဲတွေမှာဆိုရင်လည်း
အမြဲပါတယ်။ ကိုယ့်ရုပ်လေးကလည်း ငယ်ငယ်ကလည်း
ချစ်စရာ ချောချောလှလှလေးဆိုတော့ အမြဲတမ်း ပွဲထွက်ခဲ့ရသူ
တစ်ယောက်ပေါ့။ ကိုယ်ကလည်း အခုထက်ထိ ဆိုင်းသံကြားရင်
ကချင်နေတုန်းပဲ။(ရယ်လျက်)
• ဒါဆို အန်တီငယ်ငယ်က အနုပညာလောကထဲဝင်ဖို့
စိတ်ကူးရှိခဲ့လား။ မင်းသမီးလုပ်ဖို့တို့ ဘာတို့ပေါ့။
- အင်း ရှိခဲ့တယ်လို့ပဲ ပြောရမလား။ အန်တီငယ်ငယ်က
ခင်ယုမေတို့၊ ကျော်ဆွေတို့နဲ့ ခင်ခဲ့တယ်။ သူငယ်ချင်းတွေနဲ့
ပတ်သက်ပြီးတော့ပေါ့။ အဲဒီမမမေ (ခင်ယုမေ)နဲ့က
တော်တော်လေးကို ချစ်ခဲ့တယ်။ ဒီတော့ ကျော်ဆွေရော၊
မမမေ (ခင်ယုမေ)တို့က မေးကြတာပေါ့။ ရုပ်ရှင်ရိုက်ချင်လား
ဆိုပြီးတော့လေ။ ဒါနဲ့ ရိုက်ကြည့်မယ်ဆိုပြီး အစမ်း
ရိုက်ကြည့်တော့ ၀ါသနာ အဲဒီလောက်မပါတာ သွားတွေ့ရတယ်။
အဲဒီလို သရုပ်ဆောင်နေရတာကို မကြိုက်ဘူးဆိုတာ
သိလာတယ်။ ဒီတော့ မလုပ်ဖြစ်ခဲ့ပါဘူး။ ကိုယ်က
အခုထက်ထိလည်း သရုပ်ဆောင်လုပ်ရတာကို မကြိုက်ပါဘူး။
• အစားသောက်တစ်ခုခုကို စားမိလို့ရှိရင် အန်တီစိတ်ထဲမှာ
တစ်ယောက်ယောက် သွားသတိရတာမျိုးရှိလား။
- အဲဒီလိုမျိုးဆိုရင်တော့ မိဘကို သွားသတိရတယ်။
တစ်ခုခုတွေ့ရင် ဒါ မာမီကြိုက်တဲ့ဟာလေးဆိုပြီးတော့
သတိရမိတယ်။ မိဘတွေ မရှိခဲ့တုန်းကပေါ့။
အန်တီမိဘတွေက ဆုံးသွားတာ ၇ နှစ်လောက်ရှိပြီလေ။
သက်ရှိထင်ရှားရှိစဉ်ကလည်း မိဘနှစ်ပါးက ဘိုစာတွေ
ကြိုက်တော့ တစ်ကမ္ဘာလုံးက ရှိသမျှအစာတွေ ၀ယ်ကျွေးခဲ့တယ်။
အခုကျတော့ ခရီးသွားလိုက်ရင်တောင်မှ ကိုယ့်မှာ ၀ယ်ပြီးတော့
ကျွေးရမယ့်လူမရှိတော့ဘူးလေ။ ဒီလိုဆိုတော့ မိဘကိုတော့
အမြဲတမ်းသတိရတယ်။ အန်တီက သံယောစဉ်လည်း
သိပ်ထားတဲ့လူမဟုတ်တော့ ကျန်တဲ့လူကို
သတိရတာမျိုးတော့မရှိပါဘူး။
• အန်တီအမေချက်တဲ့ ဟင်းထဲမှာဆိုရင်ရော
ဘယ်ဟင်းကိုကြိုက်လဲ။
- အမေချက်တဲ့ ဘဲဥနဲ့ အာလူးဟင်းကို အရမ်းကြိုက်တယ်။
အခုထက်ထိလည်း ကြိုက်တုန်းပဲ။ ဒါပေမယ့်
သူ့လက်ရာကိုတော့ မမီဘူးပေါ့။
• အန်တီကစားသောက်ဆိုင်လုပ်ငန်းမှာ အတွေ့အကြုံ
ရင့်ကျက်နေတော့ စားဖိုမှူးတွေထားသင့်တဲ့ စိတ်ထားဖြစ်ဖြစ်။
စားသောက်ဆိုင် ပိုင်ရှင်တွေ ထားသင့်တဲ့ စိတ်ထားလေးတွေ
ဖြစ်ဖြစ် ပြောပြပေးပါဦး။
- စားသောက်ဆိုင်ပိုင်ရှင် ထားသင့်တဲ့စိတ်ထားက ဘာလဲဆိုတော့
ကိုယ်လုပ်တဲ့အလုပ်ကို နားလည်ရမယ်။ ဒီလိုမှနားမလည်ဘဲနဲ့
ငွေတက်နိုင်လို့ အလုပ်သမားတွေနဲ့လွှဲပြီးတော့ သူတို့လုပ်လိုက်ဆို
ပေးခိုင်းထားရင်တော့ ဘယ်အလုပ်မှာမှ အဆင်မပြေဘူးလို့
ထင်တယ်လေ။ သိပ်ငွေရင်းများပြီး ကြီးကျယ်တဲ့အလုပ်
ဆိုရင်တော့ မပြောတတ်ဘူးလေ။ အလယ်အလတ်လောက်
စီးပွားရေးဆိုရင်တော့ ကိုယ်တိုင်ပဲ အားလုံးကို ကြီးကြပ်၊
သင်ကြားပေးသင့်တယ်။ ဒါမှလည်း အောင်မြင်နိုင်မယ်လို့တော့
အန်တီထင်တယ်လေ။ ဒါက အန်တီအမြင်ပါ။ မှန်တယ်၊
မှားတယ်တော့ မသိဘူးလေ။ ကိုယ့်ပစ္စည်း မဆုံးရှံးအောင်တော့
ကိုယ်ကာကွယ်ရမယ်လေ။ တစ်ခါတစ်ခါ ကာကွယ်ရင်းနဲ့တောင်
ဆုံးရှုံးတာတွေက အများကြီးလေ။ စားသောက်ဆိုင်လုပ်ငန်းရှင်
တစ်ယောက်ကတော့ ကိုယ့်ဆိုင်မှာ ဘာတွေဖြစ်နေလဲဆိုတာ
သိနေရမယ်။ တချို့ဆိုင်ရှင်တွေက အလုပ်သမားတွေကို
မိဘလိုကြည့်တယ်။ အန်တီကတော့ အဲဒီထဲမပါဘူး။
အန်တီ့အလုပ်က အလုပ်သမားတွေကို လခကောင်းကောင်း
ပေးပြီးတော့ ငှားနိုင်ရင် အောင်မြင်မှုတစ်ခုပဲလို့ ယူဆတယ်။
သူတို့ရဲ့ Personal ကိစ္စတွေထဲမှာတော့ အန်တီမပါဘူး။
စာတော့စာနာပါတယ်။ ဒါပေမယ့် အချိန်ပေးပြီးတော့
သားရယ်၊ သမီးရယ်၊ ညီလေးရယ်၊ ညီမလေးရယ်လို့
တော့ ပြောဆိုနားထောင်ပေးဖို့တော့ မလုပ်တတ်ဘူး။
ဝါသနာလည်းမပါဘူး။
စားဖိုမှုးတွေအတွက်ဆိုရင်တော့ အများကြီးလိုပါတယ်။
ဘာတွေလည်းဆိုတော့ ပညာရှိရမယ်။ သွက်သွက်လတ်လတ်၊
ဖြတ်ဖြတ် လတ်လတ်ရှိရမယ်။ အစားသောက်ကို စိတ်ဝင်စားရမယ်။
ချက်တတ်တာတစ်ခုတည်းတော့ မဟုတ်ဘူးပေါ့။
တချို့က ချက်တတ်တယ်။ ဒါပေမယ့် ဈေးနှုန်းနဲ့
ကျန်းမာရေးတွေကို နားမလည်ဘူး။ စီမံခန့်ခွဲမှုတွေကို
နားမလည်ဘူးဆိုရင် ဒီအလုပ်တွေကို လုပ်လို့မရပါဘူး။
ဒီလို အလုပ်တွေကိုနားလည်ပြီးတော့ ချက်နိုင်တဲ့
စားဖိုမှူးတွေကလည်း မြန်မာပြည်မှာ နည်းပါတယ်။
ဒီတော့ စားသောက်ဆိုင်ပိုင်ရှင် တစ်ယောက်အနေနဲ့
ပြောရရင် မီးဖိုချောင်ထဲမှာ အလုပ်လုပ်ရလို့ပျော်တယ်။
ဂုဏ်ယူတယ်။ ငါတို့ချက်လိုက်လို့ ဒီဟင်းတွေက
ကောင်းသွားတယ်။ လူတွေကြိုက်ကြတယ်။
နာမည်ကျော်သွား တယ်ဆိုတာကို ဂုဏ်ယူတဲ့လူတန်းစားက
အရမ်းနည်းတယ်။ ဒါကြောင့် အန်တီဆိုင်မှာဆို
အမြဲသင်နေရတယ်။ ကိုယ်လုပ်တဲ့ အလုပ်ကို
ဂုဏ်ယူပါလို့လေ။
• စားသောက်ဆိုင်တစ်ဆိုင် ဖွင့်တော့မယ်ဆိုရင် ဆောင်ရန်၊
ရှောင်ရန်လေးတွေကို ပြောပြပေးပါဦး။
- ရှောင်ဖို့ကတော့ အများကြီးပါပဲ။ ဆောင်ဖို့ကတော့
ငွေရင်းနောက်ခံ ဘယ်လောက်တတ်နိုင်သလဲ။ ငွေရင်းတတ်
နိုင်ပေမယ့် စိတ်ဓာတ်က ပိုအရေးကြီးတယ်လေ။
အောင်မြင်အောင် မလုပ်နိုင်တဲ့လူဆိုရင်
ငွေဘယ်လောက်ပဲရှိရှိ တဖြည်းဖြည်းနဲ့ ဆိုင်က
လုံးပါးပါးပြီး ကုန်မှာပဲလေ။
• ဒါဆို အောင်မြင်အောင်လုပ်ဖို့ စိတ်ဓာတ်က
အရေးကြီးတယ်ပေါ့။ ကျွန်တော့်စိတ်ထင် စေတနာလေး
ထည့်ပေးရင်ရော ပိုကောင်းမလားလို့။
- တကယ်တမ်း Professional လုပ်မယ်ဆိုရင် စေတနာက
မရှိတော့ဘူးကွယ့်။ နောက် ဒီစေတနာတွေ၊
မေတ္တာတွေဆိုတာက စာအုပ်ထဲမှာပဲရှိတာလေ။
နောက် ကိုယ့်မိသားစုမှာရှိမှာပေါ့။ အများနဲ့လုပ်တော့မယ်
ဆိုရင်တော့ Professional Prize လိုလာပြီလေ။
ဥပမာ အန်တီတို့ဆိုင်ကို ဘယ်သူပဲလာစားစား ချီးမွမ်းသွားတယ်။
အန်တီ စေတနာထားလားဆိုရင် မထားဘူးလို့တော့ မပြောပါဘူး။
ဒါပေမယ့် အန်တီ စေတနာနဲ့လုပ်တာ မဟုတ်ဘူးဆိုတာ
သေချာတယ်။ ကိုယ်လုပ်ရမယ့်အလုပ်ကို
အကောင်းဆုံးဖြစ်အောင် ကိုယ်လုပ်တယ်။ အဲဒီမှာ
တို့တွေ မြန်မာလူမျိုးတွေက ခေတ်နောက်ကျတယ်ဆိုတော့
စေတနာလို့ပြောတာပေါ့။ အခု ကိုအာဂလည်းကြားတာပဲ
ဆိုင်ကိုလာစားတဲ့လူတစ်ယောက် သူအရမ်းကျေနပ်သွားလို့
အန်တီ့ကို စကားလာပြောတယ်။ သူ့ကို အန်တီက ဘယ်လိုလုပ်
စေတနာထားနိုင်မှာလည်း။ ဒါပေမယ့် ကိုယ့်ရဲ့ပညာနဲ့ သူ့ကို
Professional ကျကျလုပ်ပေးလိုက်တယ်။ ဒါစေတနာ
မဟုတ်ဘူး Professional ပါ။ ဒါကြောင့် အန်တီ့
အလုပ်သမားတွေကို အမြဲတမ်းပြောတယ်။ စေတနာရယ်၊
မေတ္တာရယ်၊ သစ္စာရယ်ကို အိမ်မှာထားခဲ့ပါ။ ဒါတွေက
အိမ်ကမိသားစုအတွက် ပိုလိုအပ်ပါတယ်လို့။ အလုပ်ကို
လာလို့ရှိရင် ကိုယ်လုပ်သောအလုပ်ကို ကောင်းအောင်
လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကိုယူခဲ့ပါလို့လေ။ နိုင်ငံခြားတွေမှာ
လုပ်နေကြတာပဲ။ စေတနာဆိုတာ မရှိနိုင်ဘူးလေ။
Professionalism ပဲရှိတယ်။ Professionalism ဆိုတာ
ဘာလဲဆိုတော့ အတန်းအောင်ပြီး ဘွဲ့တွေရမှ။ ဆရာဝန်တို့၊
အင်ဂျင်နီယာတို့ဖြစ်မှ မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့အလုပ်ကို
တိတိကျကျ နားလည်ပြီးတော့ မမှားအောင်လုပ်တတ်တဲ့
အလုပ်သမားတိုင်းက Professional ပေါ့။
ဆိုက်ကားနင်းတယ်ဆိုလည်း ဆိုက်ကားလေးကို
ခနော်နီ၊ ခနော်နက် မဟုတ်ဘဲနဲ့ကျွမ်းကျွမ်းကျင်ကျင်
မှန်မှန်နင်းပြီး သက်သောင့်သက်သာစီးရရင် ကောင်းလိုက်
တာပေါ့။ ဒီလိုပဲ Taxi မောင်းတဲ့လူကလည်း စောင့်ပြီး
မောင်းနေရင် နောက်ကလူက ဘုရားတနေရတယ်လေ။
ဒီလိုမဖြစ်အောင်လုပ်မှလေ။ ပဲပြုတ်ရောင်းရင်လည်း
ကောင်းကောင်းလေးနဲ့ ပဲကို အရသာကောင်းကောင်း
ဖြစ်အောင် လုပ်ပြီးတော့ ရောင်းလိုက်ရင်လည်း
ဒါ Professional ပဲလေ။ ဒီတော့ ကိုယ်လုပ်တဲ့အလုပ်ကို
ကောင်းအောင်လုပ်တတ်သောလူဟာ Professional ပဲလေ။
• အန်တီဘ၀မှာ လေးစားအားကျ အတုယူရတဲ့လူရှိလား။
- ပြောရမယ်ဆိုရင် မြန်မာပြည်မှာတော့ တစ်ယောက်မှမရှိဘူး။
ဘာဖြစ်လို့လည်းဆိုတော့ မြန်မာပြည်ကိုလာရင် အန်တီကို
သင်ပေးတဲ့လူ တစ်ယောက်မှမရှိဘူး။ နိုင်ငံခြားမှာ
အခုထက်ထိပဲ အန်တီအရမ်းချစ်ပြီးတော့ အရမ်းခင်တဲ့၊
အန်တီ သူတို့ဆီက ရသင့်၊ ရထိုက်တဲ့ ပညာတွေကို
သူတို့က သင်ပေးတာလည်းရှိတယ်။ ကိုယ်ကလည်း
သူတို့ကို အတုယူတဲ့ မိတ်ဆွေရင်းနှစ်ယောက်ရှိတယ်။
သူတို့က အင်္ဂလိပ်လူမျိုး လင်မယားနှစ်ယောက်ပါ။
သူတို့က တော်တော်လည်း ချမ်းသာပါတယ်။ သူတို့ရဲ့
နေပုံ၊ ထိုင်ပုံ၊ ၀တ်ပုံ၊ စားပုံ၊ ပြောပုံ၊ ဆိုပုံတွေနဲ့ နှစ်ပေါင်း
၃၀ ကျော်လောက် အန်တီက နီးနီးကပ်ကပ်ပေါင်းလာတော့
သူတို့ရဲ့ ကောင်းတဲ့အကျင့်လေးတွေကို ကိုယ်က
သင်ယူခဲ့တာပေါ့။ သူတို့လင်မယားနှစ်ယောက်ဆီမှာ
အတုယူမိတာက သူတို့က အမှန်ကိုပဲပြောတတ်လို့ပါ။
သူတို့စိတ်ထဲမှာ မကြိုက်ဘူးဆိုတာကို လူတိုင်းကိုပြောတယ်။
လက်မခံရင် မခံဘူးပြောတယ်။ မကောင်းတဲ့ပစ္စည်းဆိုရင်
လှည့်တောင်မကြည့်ဘူး။ သူတို့နဲ့သွားရင် ပစ္စည်းမကောင်း
တာဆိုရင် ကြည့်တောင်မကြည့်ရဲဘူး။ ကြည့်လိုက်မိရင်လည်း
သူက မကြည့်နဲ့ ဒါက မင်းအတွက်မဟုတ်ဘူးလို့
ပြောတော့တာပဲ။ နောက် အ၀တ်အစားတစ်ခုခု သူတို့ရှေ့မှာ
မှားမှားယွင်းယွင်းဝတ်သွားရင် ဘယ်က၀ယ်လာတာလဲ၊
ဘာလုပ်တာလဲ စသဖြင့်ပေါ့။ သူတို့နဲ့ အတူတူမနေပေမယ့်
မကြာခဏပေါင်းဖြစ်တော့ သူတို့ရဲ့ အမှန်ပြောတတ်တာကို
အတုယူတယ်။ နောက်တစ်ခုက ပိုက်ဆံပေးရပေမယ့်
မတန်ဘူးထင်ရင် ချက်ခြင်းပြောတယ်။
ဥပမာ စားသောက်ဆိုင်မှာ စားနေရင်း စားမကောင်းဘူးဆိုရင်
ဒါမကောင်းဘူး ပြန်ယူသွားဆိုပြီး ပြောတယ်။ အဲဒီလို
မှန်တာကို ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲတာတွေကို သူတို့ဆီက
တတ်တယ်။ အားနာတဲ့စိတ် မရှိဘူးပေါ့။ မတရားလည်း
ပြောတာမဟုတ်ဘူး။ ကိုယ်က တစ်ကျပ်ပေးစားလို့
ငါးမူးဖိုးပဲရရင် လက်မခံဘူးဆိုတာ ပြောရဲတဲ့ စိတ်ကိုပြောတာပါ။
မြန်မာပြည်မှာရော အတုယူရမယ်လူ မရှိဘူးဆိုတာက
အလုပ်အနေနဲ့တော့မရှိဘူး။ ဒါပေမယ့် မြန်မာပြည်မှာ
အန်တီ ရိုသေတဲ့လူနှစ်ယောက်တော့ရှိတယ်။
အန်တီဆယ်လီပါ။ သူက အသက် ၉၀ လောက်ရှိပြီ။
နောက်တစ်ယောက်က အန်တီအေဒယ်။ သူလည်း
အသက် ၉၀ ရှိပြီ။ အဲဒီအမျိုးသမီးကြီးနှစ်ယောက်က
မနက် ၈ နာရီဆိုရင် အလှပြင်ဆင်ပြီးတော့ ကျော့နေတာပဲ။
အခုထက်ထိလည်း အဲဒီလိုပဲ။ သွားလာလှုပ်ရှားနေတုန်းပဲ။
သူတို့တွေလိုလည်း အန်တီလည်း ဖြစ်ချင်တယ်။
သူတို့နှစ်ယောက်ကိုတော့ အရမ်းလေးစားတယ်။ အတုယူတယ်။
• နောက်ဆုံး စားသောက်ဆိုင်ဖွင့်ချင်တဲ့ လူတွေအတွက်
အန်တီ အကြံပေးချင်တဲ့ စကားလေးကရော။
- အန်တီအမြင်နဲ့ ပြောရမယ်ဆိုရင်တော့ စားသောက်ဆိုင်
လုပ်ငန်းက ကောင်းသောအသက်မွေးခြင်းတစ်ခုပါ။
ငွေရချင်လို့ပဲဖြစ်ဖြစ်၊ ၀ါသနာပါလို့ပဲဖြစ်ဖြစ်၊ အကြောင်း
အမျိုးမျိုးကြောင့် ဒီစားသောက်ဆိုင်လုပ်ငန်းကိုဝင်ခဲ့လို့
ဖွင့်ခဲ့မယ်ဆိုရင် အဓိကကတော့ Originality တော့လိုတယ်။
သူများပုံစံ ခိုးချတာတော့ မဖြစ်စေပါနဲ့ အတုယူလို့တော့
ရပါတယ်။စောစောကပြောခဲ့သလို အန်တီတို့
ပဲဟင်းချိုကိုစခဲ့တယ်။ အဲဒီလိုမျိုး လိုက်လုပ်မယ့်အစား
ကိုယ့်နည်းကိုယ့်ဟန်နဲ့ အခြားဟာတစ်ခုခုကို
လုပ်ဖို့ကောင်းပါတယ်။ သူများဟိုဟာလုပ်လို့
လိုက်လုပ်တိုင်းလည်း မကောင်းဘူးလေ။
ကိုယ့်ကိုယ်ပိုင် စိတ်ကူးသစ်နဲ့ တီထွင်မှလည်း
ကိုယ့်ဆိုင်နာမည်ထွက်မယ်လေ။ ဥပမာ အန်တီတို့ ဆိုင်က
ဘဲသားဟင်းက ကောင်းတယ်။ ဒီလိုအရသာမျိုးက
ဘယ်ဆိုင်မှမရဘူး။ နောက် ရခိုင်ကြာဆံသုပ် စသဖြင့်ပေါ့။
ဒါတွေက ကိုယ့်ရဲ့ Originality လေ။ ဒီလိုမျိုး ကိုယ့်ရဲ့
ကိုယ်ပိုင်ဟန်နဲ့ ဟင်းလေးတွေကိုပြုလုပ်ရင်
အောင်မြင်နိုင်ပါတယ်။ သူများက မြန်မာဆိုင်ကို
ဒီလိုဖွင့်လိုက်တာ အောင်မြင်တာကိုမြင်ပြီးတော့
ပိုက်ဆံရှိလို့ လိုက်ဖွင့်တာက အဆင်မပြေနိုင်ပါဘူး။
ဆိုလိုတာက အတုယူတာ ကောင်းပါတယ်။ အန်တီလည်း
သူများဆိုင်တွေသွားလို့ ကောင်းတာလေးတွေမြင်လာရင်
အတုယူတာပါပဲ။ ဒါပေမယ့် သူများဟာကို ပုံတူကူးချတာကတော့
မကောင်းဘူးလေ။
Green Elephant Restaurants
ရန်ကုန်-အမှတ်၃၃၊ သီရိမင်္ဂလာလမ်း (အာတီးယားလမ်း)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၁-၅၃၇ ၇၀၆၊ ၅၃၆ ၄၉၈
၀၉-၇၃၁၉၀၃၉၈၊
၀၉-၇၃၂၃၃၁၀၆
၀၉-၇၃၂၃၃၁၀၇
.....................................
အာဂ (မေးမြန်းသည်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။