Nine Nine Sanay @ နိုင်းနိုင်းစနေ
ကလေးကိုနှစ်သက်တယ်ဆိုတိုင်း သူ့ရဲ့ကောင်းကွက်ကိုပဲ ချီးမွမ်းရမယ်လို့ မဆိုပါဘူး။ သူ့ရဲ့ချွတ်ယွင်းချက်ကိုလည်း ဘယ်လိုကြည့်ရမယ်ဆိုတာ သိထားသင့်ပါတယ်။ သူ့ကို “နယူတန်နဲ့တူတယ်”ဆိုတဲ့အကြည့်နဲ့ သင်ကြည့်ခဲ့ရင် သူဟာ နယူတန်နဲ့ ပိုပိုတူလာတတ်ပါတယ်။
ကျွန်မသမီးကစ်ကစ်ကို “နယူတန်လို”လို့ ကျွန်မအမြဲပြောဆိုတတ်တယ်။ ဒါဟာ ချီးကျူးတဲ့စကားတစ်ခွန်းမဟုတ်ပါဘူး။ ဝေဖန်တဲ့စကားပါ။ ဒါဟာ နေ့စဉ်ဘဝကို သူစိတ်ဝင်စားမှုမရှိတဲ့အခါ၊ အမှားအယွင်းသေးသေးမွှားမွှားကို ကျူးလွန်မိတဲ့အခါ ကျွန်မဝေဖန်တတ်တဲ့ စကားလုံးဖြစ်တယ်။
ဒီစကားက ကစ်ကစ်ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကနေ လာတာဖြစ်တယ်။ ပုံပြင်ထဲမှာပြောထားတာက နယူတန်ဟာ သူလက်တွေ့စမ်းသပ်မှုအပေါ်မှာပဲ အာရုံစိုက်နေခဲ့တယ်။ တစ်ခါက မိတ်ဆွေတစ်ဦး သူ့ဆီအလည်ရောက်လာခဲ့တယ်။ နယူတန်က အလုပ်နဲ့လက်မခွာနိုင်ခဲ့ဘူး။ မိတ်ဆွေကစောင့်ရင်း စောင့်ရင်း နယူတန်အတွက်ပြင်ဆင်ထားတဲ့ ထမင်းကိုစားပြီး ထပြန်သွားခဲ့တယ်။ စမ်းသပ်ခန်းကနယူတန်ထွက်လာချိန် ထမင်းစားပွဲက ပြောင်းတလင်းခါနေခဲ့ပြီ။ ဒါကိုတွေ့တော့ နယူတန်က “အော်.. ငါ ထမင်းစားပြီးပြီပဲ”လို့ ကိုယ့်ဘာသာကိုယ်ရေရွတ်ပြီး စမ်းသပ်ခန်းထဲ ပြန်ဝင်သွားခဲ့တယ်။
အလုပ်တစ်ခုပေါ်မှာ ရူးသွပ်စွဲလမ်းတဲ့ ထူးချွန်သူတစ်ဦးဟာ ဘဝမှာ တုံးတိတုံးအလုပ်ရပ်တွေကို ကြိမ်ဖန်များစွာ ပြုလုပ်မိတတ်ပါတယ်။ တချို့လုပ်ရပ်က လူရယ်စရာဖြစ်သလို တချို့လုပ်ရပ်က စိတ်ညစ်ဒေါသထွက်စရာဖြစ်တယ်။ အဆင့်ဆင့်လက်ဆင့်ကမ်းလာရာကနေ ဒါတွေဟာ ဂန္တဝင်ပုံပြင်တွေဖြစ်ခဲ့ပါတယ်။ အခုလက်ရှိလက်တွေ့ဘဝမှာ ဒီလိုလူမျိုးထွက်ပေါ်ခဲ့ရင် လူအများက “စိတ်ဝင်စားမှုမရှိလို့” ၊ “မထူးချွန်လို့”လို့မြင်ပြီး စိတ်တို၊ စိတ်ညစ်ကြပါတယ်။ အထူးသဖြင့် ကလေးတွေကို သွန်သင်ဆုံးမတဲ့နေရာမှာ အတွေ့များပါတယ်။
ကလေးအများစုရဲ့ငယ်ဘဝမှာ အရာတစ်ခုခုကို ရူးသွပ်ခုံမင်တာမျိုးရှိကြတယ်။ ဒါမှမဟုတ် စိတ်ဝင်တစားနဲ့ ကြက်က ဘယ်ကနေပထမဆုံးဖြစ်လာခဲ့သလဲလို့ တွေးတောတတ်ကြတယ်၊ ထမင်းစားဖို့ တကြော်ကြော်ခေါ်တဲ့ အမေ့အသံကိုတောင် မကြားနိုင်လောက်တဲ့အထိ ကစားပွဲထဲမှာ နစ်ဝင်တတ်ခဲ့တယ်၊ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ပြစာအုပ်ကိုကြည့်ရင်း အိပ်သာတက်အပေါ့သွားဖို့၊ အိမ်စာလုပ်ဖို့တောင် မေ့တတ်ခဲ့ကြတယ်။ ကလေးငယ်အယောက်တစ်ထောင်မှာ ရူးသွပ်ခုံမင်တဲ့အရာ အမျိုးပေါင်းတစ်ထောင်ရှိနိုင်ပါတယ်။ လူကြီးအနေနဲ့ကြည့်ရင် ဒီအရာတွေဟာ စိတ်ဝင်စားစရာမကောင်းသလို ရိုးစင်းသာမန်ပါတယ်။ ကလေးငယ်တွေဟာ ကလေးဆန်တဲ့အတွက်ကြောင့်ရော ဘဝအတွေ့အကြုံမရှိတဲ့အတွက်ကြောင့်ပါ မကြာခဏဆိုသလို လူရယ်စရာဖြစ်တဲ့ လုပ်ရပ်တွေပြုမူမိတတ်ပါတယ်။ ပြဿနာလေးတချို့တောင် ဖန်တီးလိုက်တတ်ပါသေးတယ်။
ကလေးတွေအမှားလုပ်တတ်မှန်း၊ ကလေးတွေအမှားလုပ်မိချိန် ကလေးကို သေသေချာချာ ပြောပြရှင်းပြရမယ်မှန်း လူတော်တော်များများသိကြပါတယ်။ ဒါပေမယ့် တကယ်တမ်း ဒီလိုအဖြစ်မျိုးနဲ့ကြုံလာတဲ့အခါ ကလေးအပေါ် စိတ်တိုဒေါသထွက်တာ၊ အော်ငေါက်တာ ပြီးတော့ “ငါ အစောကြီးကတည်းကပြောသားပဲ.. ဒါတောင် နင်က လုပ်သေးတယ်…..”၊ “ဘာလုပ်လုပ် နမော်နမဲ့ပါလား” ဆိုတဲ့စကားမျိုးနဲ့ ဆိုဆုံးမတတ်တယ်။ ကိစ္စပြီးရင် နောင်တရပြန်တယ်။ နောက်တစ်ခါ ဒီလိုအဖြစ်မျိုးနဲ့ကြုံလာပြန်ရင်လည်း ဒီလိုပဲ စိတ်တိုဒေါသဖြစ်ပြန်တယ်။
တချို့အုပ်ထိန်းသူတွေက “ငါက စိတ်ဆတ်တယ်၊ စိတ်သဘောထားမကောင်းဘူး”ဆိုတာမျိုးနဲ့ ကိုယ့်ကိုယ်ကို လွှတ်ငြိမ်းခွင့်ပေးတတ်ကြတယ်။ “စိတ်ဆတ်တယ်၊ စိတ်သဘောထားမကောင်းဘူး”ဆိုတာက အုပ်ထိန်းသူအတွက် ပြဿနာအသေးအမွှားဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ဒါဟာ ကလေးတစ်ယောက်ကို ဆိုးရွားတဲ့အကျိုးဆက်တွေ သယ်ဆောင်ပေးလာနိုင်ပါတယ်။ ကလေးပြုလုပ်မိတတ်တဲ့ “အသေးအမွှားအမှား”ဟာလည်း နာတာရှည်ရောဂါအဖြစ် အမြစ်တွယ်လာနိုင်ပါတယ်။ ဒါမှမဟုတ် ဒေါသကြီးတာမျိုး၊ ခေါင်းမာတာမျိုး၊ အမှားကိုမပြုပြင်ဘဲ အမှားကိုထပ်တလဲလဲ လုပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။
ကလေးငယ်ကြီးပြင်းရင့်သန်ဖို့ “အမှားလုပ်မိ”တာဟာလိုအပ်ကြောင်း အုပ်ထိန်းသူတွေ သိထားသင့်ပါတယ်။ သူတို့ကိုယ်တိုင် ဘဝမှာတွေ့ကြုံရတဲ့ အတွေ့အကြုံနဲ့သင်ခန်းစာတွေက သင်နှုတ်ခမ်းက အကြိမ်တစ်ရာမက ပြောဆိုဆုံးမနေတဲ့စကားတွေထက် သူတို့ကိုပိုမှတ်မိစေပါတယ်။ “အမှားလုပ်”တယ်ဆိုတာ ကြီးပြင်းရာလမ်းတစ်လျှောက်မှာ ကလေးငယ်တွေ သင်ကိုသင်ယူရတဲ့ သင်ခန်းစာတစ်ခုပါ။ အမှားလုပ်မိရင်း သင်ခန်းစာယူရင်းနဲ့ သူတို့ကိုယ်သူတို့ ပြန်ဆန်းစစ်တာမျိုး၊ ဆင်ခြင်တာမျိုး၊ တွေးတောတာမျိုး လုပ်နိုင်ပါလိမ့်မယ်။
ကလေးတွေ တစ်ခါတလေလုပ်မိတဲ့ “အမှား”တွေထဲက အုပ်ထိန်းသူကို အချိန်ကုန်၊ ငွေကုန်ကြေးကျဖြစ်စေခဲ့ရင် ဒီအချိန်၊ ဒီငွေကြေးတွေဟာ ကလေးငယ်ကြီးပြင်းဖို့အတွက် ပေးဆပ်လိုက်ရတဲ့ အဖိုးအခလို့မှတ်ယူပြီး ကလေးရဲ့ကြီးပြင်းရင့်သန်မှု၊ အောင်မြင်မှု၊ ထူးချွန်မှုတွေနဲ့ ပြန်လဲယူနိုင်ပါတယ်။ ကစားစရာကားသစ်တစ်စင်းကို သူဖျက်ပစ်လိုက်တာဟာ လေယာဉ်ငယ်တစ်စီးကို သူတီထွင်လိုစိတ်၊ ဖန်တီးလိုစိတ်ကို နှိုးဆွပေးလိုက်တာလည်းဖြစ်နိုင်တယ်။ ဒီကနေ့ သူဟင်းကြော်တာတူးသွားတာဟာ မနက်ဖြန်မှာ ဒီထက်ကောင်းတဲ့ဟင်းတစ်ခွက်ကို သူချက်နိုင်ဖို့လည်းဖြစ်တယ်။ ကလေးငယ်လုပ်ခဲ့မိတဲ့အမှားတွေကို တည့်မတ်မှန်ကန်တဲ့အကြည့်နဲ့ ကြည့်ပေးခြင်းအားဖြင့် ဒါဟာ သူတို့အတွက် ပိုကောင်းအောင် လုပ်ဆောင်ခွင့်ရတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုလို့ ခံစားမိမှာပါ။ ဒီလိုခံစားမိတာနဲ့ ရင်ထဲက ဒေါသမီးတွေလည်း ငြိမ်းသွားပါလိမ့်မယ်။ “နယူတန်လို”ဆိုတာက ကလေးငယ်ရဲ့ပြဿနာကို အုပ်ထိန်းသူတွေ ဘယ်လိုဖြေရှင်းသလဲ၊ ဘယ်လိုနည်းလဲ ဝေဖန်သွန်သင်ဆုံးမသလဲဆိုတာပဲဖြစ်တယ်။
(ရေးလက်စ တစ်ဝက်တစ်ပျက်ပါ...ကြားထဲက စာပိုဒ်တချို့ကိုလဲဖြုတ်ပြီး တင်ပါတယ်... "မိခင်ကောင်းက ဆရာသမားကောင်းထက် သာလွန်တယ်"ဆိုတဲ့ စာအုပ်ထဲက ဖြစ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။