Myanma Light
အခြေခံပညာ ပြဋ္ဌာန်းစာအုပ်၏ လက်ရှိသင်ရိုးပါ အကြောင်းအရာ အချို့မှာ မှားယွင်းခြင်း၊ ခေတ်စနစ်နှင့် မလျော်ညီခြင်းများ ရှိနေ
9/8/2013
အခြေခံပညာ ကဏ္ဍအတွက် လက်ရှိ အသုံးပြု သင်ကြားနေသော အခြေခံပညာ ပြဋ္ဌာန်းစာအုပ်၏ သင်ရိုးပါ အကြောင်းအရာ အချို့မှာ မှားယွင်းခြင်း၊ ခေတ်စနစ်နှင့် မလျော်ညီခြင်းများ ရှိနေ၍ သင်ရိုးပါ အချက်အလက်များကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင် အသုံးပြုရန် လိုအပ်နေပြီ ဖြစ်ကြောင်း အခြေခံ ပညာကဏ္ဍ လေ့လာသုံးသပ်သူများက ဆိုသည်။
အခြေခံပညာ ကျောင်းများတွင် အသုံးပြု သင်ကြားလျက်ရှိသည့် လက်ရှိ သင်ရိုးပြဋ္ဌာန်းချက်များမှာ ၁၉၈၅ ခုနှစ်မှ စတင်ကာ နောက်ဆုံးရေးဆွဲ ပြဋ္ဌာန်းချက်များ ဖြစ်သည့်အတွက် ပုံနှိပ်ထုတ်ဝေထားသည့် ဘာသာရပ် အချို့၏ သင်ရိုးများမှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ပညာရေး စနစ်တွင် ပြဋ္ဌာန်းသင်ရိုးများသည် အများဆုံး ၁၀ နှစ်တစ်ကြိမ် နည်းပညာ ပြောင်းလဲမှုများ ရှိသည်နှင့်အမျှ ပြောင်းလဲပြင်ဆင် ရေးဆွဲမှုများ ပြုလုပ်ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံ၌ လက်ရှိသင်ကြား ပေးလျက်ရှိနေသည့် အခြေခံပညာကျောင်း သင်ရိုးများမှာ အာဆီယံ အဆင့်နှင့်အညီ နှစ်စဉ်လိုအပ်ချက်အရ အဆင့်မြှင့် ရေးဆွဲထားသည့် သင်ရိုးများ ဖြစ်သော်လည်း ပြဋ္ဌာန်းစာအုပ်များမှာ နှစ်ပေါင်း၂၀ ကျော်ကြာ ပြဋ္ဌာန်းစာအုပ်များ ဖြစ်ခြင်းကြောင့် ပြောင်းလဲလာသည့် နည်းပညာ ခေတ်နှင့်အညီ ပညာအရည်အသွေးအား လိုက်လျောညီထွေ ဖြစ်စေရေးအတွက် ဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပညာရေး အကြံပေးအရာရှိ တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
ဥပမာအားဖြင့် တက္ကသိုလ်ဝင်တန်းအတွက် သင်ကြားရန် ပြဋ္ဌာန်းထားသည့် ဓာတုဗေဒ ဘာသာရပ် စာအုပ်၌ စာမျက်နှာ အမှတ် ၃၀၇၊ နောက်ဆက်တွဲ ၁ တွင် ဖော်ပြထားသည့် အဏုမြူများ (Atoms) ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ မှားယွင်းလျက် ရှိနေကြောင်း၊ Atoms ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် Atoms အား indivisible (ခွဲခြား၍မရ)ဟု အဓိပ္ပာယ်ဖွင့်ဆို ခဲ့သော်လည်း Atoms ၏ ပေါင်းစပ်ဖွဲ့စည်းမှုများ ယှဉ်တွဲဖော်ပြထားကြောင်း သိရသည်။
ယခုအခါ Atoms အား ထပ်ဆင့် ခွဲခြားစိတ်ဖြာ၍ Proton၊ Neutron နှင့် Electron များ ရရှိနိုင်ကြောင်းကို ဖော်ပြသင်ကြားသင့်ကြောင်း လေ့လာသူများက ဆိုသည်။
''ပြဋ္ဌာန်းစာအုပ်ပါ အချက်အလက် တချို့က မှားယွင်းဖော်ပြ ထားတာကို တွေ့ရပါ တယ်။ အဲဒီဖော်ပြချက် အမှားတွေကို မပြင်ဆင်ဘဲနဲ့ ဆက်ပြီးသင်ကြားမယ်ဆိုရင် ဒီပညာရပ်တွေကို အစဦး လေ့လာကြမယ့် အခြေခံပညာ ကျောင်းသားကျောင်းသူတွေ အတွက် အဓိပ္ပာယ် ကောက်ယူမှုတွေ၊ အသိအမြင်တွေဟာ လွဲမှားမှုတွေ ဖြစ်သွားစေနိုင်မှာ ဖြစ်ပါတယ်''ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ နည်းပညာ ပညာရှင်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာသိန်းဦးဘိုးစောက ထောက်ပြ ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများအသင်းချုပ်၊ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးကလည်း ''သင်ရိုးတွေက ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်မှု အားနည်းနေပါတယ်။ ဒါ့ကြောင့် အာဆီယံနိုင်ငံများရဲ့ သင်ရိုးညွှန်းတမ်းတွေကို လေ့လာသုံးသပ်ပြီး ခေတ်နဲ့လျော်ညီတဲ့ မိမိနိုင်ငံနဲ့လည်း ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါပြီ'' ဟု အကြံပြု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်ခြင်းအား ပုံမှန်ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် သင်ရိုးပါ အကြောင်းများသည်လည်း ခေတ်နှင့် လိုက်လျောညီထွေမှု အားနည်းနေသည့် အတွက် အဆိုပါ သင်ရိုးပါ အကြောင်းအရာများကိုလည်း ခေတ်နှင့်အညီ အမြန်ဆုံး ပြန်လည်ပြုစုရန် ဆွေးနွေးလျက် ရှိကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။
''သင်ရိုးပါ အကြောင်းအရာတွေကို ခေတ်နဲ့အညီ အမြန်ဆုံး ပြန်လည်ပြုစုဖို့ သင်ရိုးညွှန်းတမ်းတွေကို ငါးနှစ်တစ်ကြိမ် သို့မဟုတ် ခုနစ်နှစ်တစ်ကြိမ် သို့မဟုတ် ၁၀ နှစ် တစ်ကြိမ် စသဖြင့် ပုံမှန်ပြန်လည် သုံးသပ်နိုင်ဖို့ အတွက် ဥပဒေ ထည့်သွင်းပြဋ္ဌာန်း ဖို့ကိုလည်း ဆွေးနွေးနေပါတယ်''ဟု ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဆိုသည်။
အခြေခံပညာ ကဏ္ဍတွင် လက်ရှိအသုံးပြု သင်ကြားလျက် ရှိနေသော စာအုပ်အတွင်း ဒီဇိုင်းရုပ်ပုံများမှာ ခေတ်မမီခြင်းနှင့် ထင်ရှားမှုမရှိခြင်း၊ လက်ရှိ ကျောင်းသုံးစာအုပ်သည် ကျောင်းသားများအတွက် စိတ်ဝင်စားမှု အလွန်အားနည်းသည့် ပုံနှိပ်မင်စာလုံးများ အသုံးပြုထားခြင်း၊ ရုပ်ပုံများ၊ မြေပုံများ ထင်ရှားမှုမရှိခြင်း၊ အချို့စာအုပ် အရွယ်အစားများမှာ သေးငယ်လွန်းခြင်းတို့ကြောင့် ကျောင်းသုံးစာအုပ်များကို နောင်တွင် ရိုက်နှိပ်ထုတ်ဝေရာတွင် ရောင်စုံ ရုပ်ပုံများ ထည့်သွင်းခြင်း၊ ပညာရေးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပုံနှိပ်သူများ၊ ပုံနှိပ်ထုတ်ဝေသူများနှင့် တွေ့ဆုံညှိနှိုင်းကာ ကောင်းမွန် ထိရောက်သော စာအုပ်ရရှိရေး ဆောင်ရွက်ရန်၊ ရုပ်ပုံများကို ပြန်လည်ရေးဆွဲ ဒီဇိုင်းဖော်ရာတွင် ကျား၊ မ ညီမျှစေသော ရုပ်ပုံများဖြစ်ရန်၊ အခြေခံပညာ သင်ရိုးဌာနခွဲ အနေဖြင့် ဌာနပြင်ပမှ သင်ရိုးဆိုင်ရာ ပညာရှင်များကို ရွေးချယ်ခန့်ထား နိုင်သည့်အပြင် သင်ရိုးရေးဆွဲမှု အပိုင်းမှ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များထံမှ အကြံဥာဏ်များ ရယူရန်၊ ဆရာများ၏ အရည်အသွေး၊ ဆရာ့လက်စွဲ စာအုပ်များ၊ ကျောင်းသုံးပုံနှိပ် စာအုပ်များ အရည်အသွေးများ တိုးတက်အောင် လုပ်ဆောင်ရန်၊ စာအုပ်များသည်လည်း သင်တန်းသားများအတွက် အားထားရသော စာအုပ်ဖြစ်ပြီး အရည်အသွေး ကောင်းမွန်စေရန်၊ အာဆီယံနိုင်ငံများ၏ သင်ရိုးညွှန်းတမ်း များကိုလည်း လေ့လာသုံးသပ်ပြီး ခေတ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် လိုအပ်သလို ပြန်လည် ပြုပြင်ဆောင်ရွက် ကြရန်လည်း မြန်မာနိုင်ငံ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း အစီရင်ခံစာတွင်လည်း အကြံပြု ဖော်ပြထားကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။