Burma-Newselite
"ပျက်သုဉ်းကျရှုံးသော နိုင်ငံများအညွှန်းကိန်းနှင့် မြန်မာနိုင်ငံ"
ဆောင်းပါးရှင် - ခင်မေဇော် (ဆဲဗင်းဒေးတွင်ဖော်ပြခဲ့သော ဆောင်းပါး)
အစိုးရက ထိန်းချုပ်နိုင်မှုအားနည်းခြင်း (သို့မဟုတ်) ထိန်းချုပ်နိုင်မှု လုံးဝမရှိခြင်းကြောင့် လူမှုရေး၊ နိုင်ငံရေး အဆောက်အအုံများ ပြိုကျပျက်သုဉ်းနေသည့် နိုင်ငံများကို Failed State ဟု ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ကြသည်။
ဤစကားရပ်ကို ယခင်က ရံဖန်ရံခါအသုံးပြုခဲ့သော်လည်း အမေရိကန်အဖွဲ့တစ်ခုဖြစ်သည့် US Think Tank Fund for Peace ငြိမ်းချမ်းရေးအကြံပေးအဖွဲ့နှင့် ပူးပေါင်းထားသည့် သြဇာကြီးသည့် Foreign Policy နိုင်ငံခြားမူဝါဒရေးရာမဂ္ဂဇင်းက ၂၀၁၅ ခုနှစ်က စတင်ပြီး ပျက်သုဉ်းနေသော နိုင်ငံများအညွှန်းကိန်း Failed State Index ကို နှစ်စဉ်ထုတ်ဝေခဲ့သည့်အချိန်မှစ၍ Failed State ဆိုသော စကားရပ် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ခေတ်စားလာခဲ့သည်။
ထိုသို့ ပျက်သုဉ်းသည်ဟုဆိုရာတွင် အဆင့်အမျိုးမျိုး အခြေအနေ အမျိုးမျိုးရှိရာ နိုင်ငံတကာက အရေးပေါ် ၀င်ရောက်ဖျန်ဖြေကိုင်တွယ်ရန် လိုအပ်သော ပျက်သုဉ်းမှုအဆင့်၊ ကျဆုံးမှုအဆင့်များနှင့် အကူအညီ လိုနေသည့် အားနည်းသည့်အဆင့်ရှိ နိုင်ငံများလည်း ပါဝင်သည်။ ပျက်သုဉ်းသောနိုင်ငံဖြစ်ခြင်းကို မည်သို့ အဓိပ္ပာယ်ဖွင့်ပြီး အညွှန်းကိန်းတွင် ပါဝင်နေမှုက လက်တွေ့တွင် မည်သို့သော ရိုက်ခတ်မှုမျိုး ဖြစ်စေပါသနည်း။
လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအညွှန်း အချက် ၁၂ ချက်အပေါ် အခြေခံပြီး ဤအညွှန်းကိန်း အဆင့်များကို စီစဉ်သတ်မှတ်သည်ဟု သိရသည်။
လူမှုရေးအညွှန်းအချက်လေးချက်ရှိရာတွင် ပထမအချက်တွင် ရောဂါဘယ
နှင့် သဘာဝဘေးဒဏ်တို့၏ ဖိစီးမှုကြောင့် အစိုးရက သူ၏ ပြည်သူများကို ကာကွယ်မှုပေးနိုင်စွမ်း မရှိခြင်း (သို့မဟုတ်) မကာကွယ်လိုခြင်းကြောင့် လူထုအပေါ် ဖိစီးမှုဖြစ်ခြင်း ပါဝင်သည်။ နောက်တစ်ချက်မှာ လူများ
နေရာပြောင်းရွှေ့ ရခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်း စသည်တို့ကြောင့် လူမှုရေးလုပ်ငန်းများ လိုအပ်လာသည့်အပြင် လုံခြုံရေးအန္တရာယ် ကြုံကြရခြင်း ဖြစ်သည်။ တတိယအချက်မှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်ခြင်း၊ အာဏာမဲ့မှုများကြောင့် လူအုပ်စုများအကြား အကြမ်းဖက်မှုများ တင်းမာမှုများ ဖြစ်ပေါ်ခြင်းကလည်း အချက်တစ်ခု
ဖြစ်သည်။ စတုတ္ထ လူမှုရေးအညွှန်းကိန်းတွင် လူများအတွက် အခွင့်အလမ်း နည်းပါးသောကြောင့် ပညာတတ်များ၊ လူအရင်းအမြစ်များ၊ လုပ်သားများ နိုင်ငံမှ စွန့်ခွာထွက်သွားရခြင်းလည်း ပါဝင်သည်။
စီးပွားရေးအညွှန်းအချက် နှစ်ချက်ကို ထည့်သွင်းစဉ်းစားရာတွင် (၁) ဆင်းရဲချမ်းသာမှု၊ လူများလုပ်ကိုင်နိုင်သည့် အခွင့်အရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု မညီမျှခြင်းနှင့် တိုင်းတာသည်။ (၂) လူများ အလုပ် လက်မဲ့ဖြစ်မှု၊ လူငယ်များ အလုပ်မဲ့မှု၊ တစ်ဦးချင်းဝင်ငွေနိမ့်မှု၊
ငွေဖောင်းပွမှု၊ ငွေသုံးစွဲနိုင်မှုနည်းပါးခြင်းနှင့် အစိုးရ၏ ကြွေးမြီများနှင့် တိုင်းတာသည်။
နိုင်ငံရေးနှင့် စစ်ရေးအညွှန်း လေးချက်တွင်-
(၁) အစိုးရတွင်း လာဘ်စားမှု၊ အစိုးရ၏ ထိရောက်စွာအုပ်ချုပ်နိုင်မှု၊ ဒီမိုကရေစီအဆင့်အတန်း၊ မူးယစ်ဆေးကုန်သွယ်မှု၊ ဆန္ဒပြကန့်ကွက်မှုများ၊ အာဏာပြိုင်မှုများ၊ ရွေးကောက်ပွဲ မျှတမှုများ၊ တရားဝင် စီးပွားကုန် သွယ်ရေး စသည့် အညွှန်းများကို ထည့်သွင်းထားသည်။
ထို့အပြင် (၂)လူမှုရေးဝန်ဆောင်မှုတွင် ရေသန့်နှင့် မိလ္လာ၊ စာတတ်မြောက်မှု၊ ရဲလုံခြုံရေး၊ ရာဇ၀တ်မှု၊ အဆောက်အအုံများ၊ ဖုန်းအင်တာနက် စသည့် ဆက်သွယ်ရေးများ၊ လျှပ်စစ်စွမ်းအင်ရရှိမှု၊ လမ်းပန်းဆက်သွယ်ရေးတို့နှင့် တိုင်းတာသည်။
နောက်နိုင်ငံရေး တိုင်းတာမှုအချက် (၃) မှာ လူ့အခွင့်အရေး နှင့် ဥပဒေစိုးမိုးရေးဖြစ်ပြီး ၎င်းကို စာနယ်ဇင်းလွတ်လပ်ခွင့်၊ လူမှုရေးနိုင်ငံရေးလွတ်လပ်ခွင့်၊ နိုင်ငံရေးအကျဉ်းသား၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ဘာသာရေးဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်းတို့နှင့် တိုင်းတာသည်။
(၄) လုံခြုံရေးအပိုင်းတွင် ပြည်တွင်းစစ်၊ လက်နက်ငယ်ထုတ်လုပ်ဖြန့်ဖြူးမှု၊ အကြမ်းဖက်မှု၊ စစ်တွင်းထိခိုက်သေဆုံးမှု၊ စစ်တပ်လှုပ်ရှားမှု၊ သူပုန်လှုပ်ရှားမှု၊ ဗုံးဖောက်ခွဲမှုနှင့် နိုင်ငံရေးအခြေခံဖြင့် ဖမ်းဆီးခြင်းတို့ဖြင့် တိုင်းတာသည်။
အထက်ပါ တိုင်းတာသည့် အညွှန်းကိန်း ၁၂ ချက်အရ ထုတ်ပြန်သော ပျက်သုဉ်းနေသည့် နိုင်ငံများစာရင်းကို ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက အမှတ်စဉ် ၂၆ တွင် ဖော်ပြခံရသည်။
မြန်မာထက်ပို၍ ပျက်သုဉ်းသောနိုင်ငံအဖြစ် မြောက်ကိုရီးယားက အမှတ်စဉ် ၂၃ တွင် ရှိသည်။ အဆိုးရွားဆုံးအညွှန်းကိန်းပြဆိုသည့်နိုင်ငံမှာ ဆိုမာလီယား ဖြစ်ပြီး ၎င်းနောက်တွင် ကွန်ဂို၊ ဆူဒန်တို့က ကပ်လျက် လိုက်ပါသည်။ သီရိလင်္ကာက ၂၈၊ ဘင်္ဂလားဒေ့ရှ်က ၂၉ နှင့် နီပေါက ၃၀ တွင် မြန်မာထက် အခြေအနေ ပိုကောင်းနေသည်။
အမေရိကန်နှင့် အခြားနိုင်ငံများက Failed State ဟု သတ်မှတ်ခံရသည့်
နိုင်ငံများနှင့်ပတ်သက်ပြီး ၎င်းတို့၏ သံတမန်ရေးရာနှင့် စစ်ရေး ဆက်ဆံမှုတို့တွင် ပြန်လည်စိစစ်ကြသည်။ ဤအညွှန်းသည် အဆိုပါနိုင်ငံများကို နိုင်ငံတကာက မည်သို့မည်ပုံဆက်ဆံရန်
လိုအပ်ကြောင်း လည်း အကြံပေးနေသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း ရောဘတ်ဂိတ်ကတော့ ယနေ့ခေတ်ကာလတွင် အဆိုပါပျက်သုဉ်းသည့်နိုင်ငံများက ကမ္ဘာ့လုံခြုံရေးအတွက် အဓိကခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်နေသည်ဟု ဆိုပါသည်။
ပျက်သုဉ်းသည်။ ကျရှုံးသည်။ ပျက်ကွက်သည်၊ အားနည်းသည်၊ ချွတ်ယွင်းသည်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သော ဝေါဟာရကို
အဓိပ္ပာယ်ဖွင့်ပုံ အနည်းငယ် ကွာခြားကြသည်။ တချို့ကလည်း အကြမ်းဖက်မှုများအပေါ် ထိန်းချုပ်နိုင်မှုမရှိခြင်း၊ အစိုးရက ၎င်းတို့ပိုင်နက် အတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို မဆောင်ကျဉ်းနိုင်ခြင်းကို ကျရှုံးသည့်နိုင်ငံဟု အဓိပ္ပာယ်သတ်မှတ်သည်။ ထိုအစိုးရများသည် စီးပွားရေးဖွံ့ဖြိုးမှုကို မစွမ်းဆောင်နိုင်ဘဲ ၎င်းပြည်သူများအတွက်
ကောင်းမွန်သော လူမှုရေးဆောင်ရွက်ချက်များကိုလည်း မပေးဝေနိုင်ဟု ဆိုသည်။
အကြမ်းဖက်မှုများ၊ စစ်ရေးအဖွဲ့များ၊ စီးပွားရေးမညီမျှမှု ကြီးမားလွန်းခြင်း များ ဖြစ်ပေါ်သဖြင့် ထိုအားနည်းသော ကျရှုံးသော နိုင်ငံများသည် ကမ္ဘာမှုပြုသည့် စီးပွားရေး၊ သတင်းအချက်အလက် ဖြန့်ဝေရေး၊ လုံခြုံရေး စသည်တို့အတွက် အဟန့်အတားဖြစ်စေရုံမျှသာမက ထိုအရာများကို ထိခိုက်ပျက်စီးစေရန် ခြိမ်းခြောက်နေသည်ဟု ဆိုသည်။ ၎င်းတို့၏ နိုင်ငံတွင်းမှ မတည်ငြိမ်မှုများက အိမ်နီးချင်းနိုင်ငံ ထိုမှ ကမ္ဘာကို ပျံ့ နှံ့လာစေပြီး အကြမ်းဖက်အဖွဲ့ များ ဖြစ်ပေါ်လာရေးကိုလည်း အားပေးနေသည်ဟု ဆိုသည်။
အမှတ်စဉ် နေရာ ၁ သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွင် အစိုးရ၏ စွမ်းဆောင်နိုင်မှု အနည်းဆုံး ကျရှုံးသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ ၁၇၈ နိုင်ငံ တွင် ၎င်းပြည်သူများအတွက် အအောင်မြင်ဆုံး စွမ်းဆောင်နိုင်သည့် အမှတ်စဉ် ၁၇၈ တွင် ဖင်လန်နိုင်ငံကို ဖော်ပြထားပြီး ၎င်းနောက်တွင် မှ ဆွီဒင်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ဒိန်းမတ်တို့ဖြစ်သည်။
မြန်မာနိုင်ငံသည် ထို Failed State အညွှန်း စတင်ထုတ်ဝေကတည်းက ကျရှုံးသော နိုင်ငံအဖြစ် ထည့်သွင်းခံရသည်။ ၂၀၀၅ ခုနှစ်တွင် အမှတ်စဉ် ၂၃၊ ၂၀၀၆ တွင် ၁၈၊ ၂၀၀၇ ခုနှစ်တွင် ၁၄၊ ၂၀၀၈ တွင်၊ ၁၂၅၊ ၂၀၀၉ တွင် ၁၃၊ ၂၀၁၀ တွင် ၁၆၊ ၂၀၁၁ တွင် ၁၈၊ ၂၀၁၂ တွင် ၂၁ နှင့် ယခုနှစ် ၂၀၁၃ တွင် အမှတ်စဉ် ၂၆ တွင် ထည့်သွင်းသတ်မှတ်ခံရသည်။
အဆိုပါအဆင့်နေရာများသည် အခြားနိုင်ငံများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများတိုးတက်မှု ဆုတ်ယုတ်မှုများနှင့် ဆက်စပ်နေသော်လည်း အစိုးရ၏ စီမံအုပ်ချုပ်နိုင်မှု အနည်းဆုံးဖြစ်ခဲ့သည့် ၂၀၀၈ ခုနှစ် (အဆင့် ၁၂) ကထက်စာလျှင် မြန်မာနိုင်ငံတွင်း
ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုနှစ် (အဆင့် ၂၆)သို့ အခြေအနေ တိုးတက်လာသည်ဟု ယူဆနိုင်ပါသည်။
http://7daydaily.com/story/2722#.UhN5t39GZJw

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။