ဟယ်ရီပေါ်တာစာအုပ်ကို မူရင်းကော၊ မြန်မာဘာသာပြန်ကော၊ တရုတ်လိုကော ကျွန်မ,မဖတ်ဖူးသလို သူ့ရုပ်ရှင်ကိုလည်း နံပါတ်(၁) ကြည့်ပြီးနောက်ပိုင်း ကျန်တဲ့အပိုင်းတွေကို ဆက်မကြည့်ဖြစ်ခဲ့ပါဘူး။ အခုဖတ်မိတာလေးတစ်ခုက ဟယ်ရီပေါ်တာရဲ့ စာအုပ်တစ်အုပ်မှာ "Erised stra ehru oyt ube cafru oyt on wohsi" ဆိုပြီး ထွင်းထားတဲ့ မှော်မှန်တစ်ချပ် ရှိပါသတဲ့။ ဖတ်ဖူးတဲ့လူတွေ ဘယ်စာအုပ်မှာပါတယ်ဆိုတာကို သိကြမယ်ထင်ပါတယ်။
အဲဒီစာကြောင်းကို တရုတ်ဘာသာပြန်စာအုပ်တွေမှာ ဘာသာပြန်စာရေးဆရာတွေက ဘာသာမပြန်ဘဲ ဒီအတိုင်း “ Erised stra....... ” ဆိုပြီး ရေးထည့်ထားကြပါသတဲ့။ ကျိန်စာလိုလို ဂါထာလိုလို ဒီစာကြောင်းမှာ လျှို့ဝှက်ချက်တွေပါတယ်လို့လည်း ဆိုပါတယ်။ ဒါကို ဘာသာပြန်ဆရာတွေက သေချာဂရုတစိုက် ဘာသာမပြန်ဘဲ မူရင်းစာရေးသူရဲ့အတွေးကို ချန်လှပ်ခဲ့ကြတယ်။
Erised ဆိုတဲ့စလုံးက Desire ကနေ လာတယ်လို့ ဆိုထားပါတယ်။ အဓိပ္ပာယ်က “လိုအင်ဆန္ဒ၊ ရမ္မက်” ဖြစ်တယ်။ Desire ဆိုတဲ့စာလုံးရဲ့ အက္ခရာတွေကို ရှေ့နောက်ပြောင်းပြန်လှန်ပြီး မှန်ပေါ်မှာ Erised လို့ ထွင်းထားတာဖြစ်တယ်။
"Erised stra ehru oyt ube cafru oyt on wohsi" စာကြောင်းအားလုံးကို အက္ခရာတွေရှေ့နောက် ပြောင်းပြန်လှန်ကြည့်တဲ့အခါ " Ishow no tyo urfac ebu tyo urhe arts desire" ဆိုပြီး ရပါတယ်။ စာလုံးပေါင်းတွေကို သေချာစီကြည့်တော့ “I show not your face but your hearts desire!” လို့ ရပြန်တယ်။ ဒါကို အဓိပ္ပာယ် ပြန်ရရင် “ကျွန်တော့်(ကြေးမုံပြင်)ပေါ်မှာ ခင်ဗျားမျက်နှာကိုပြတာ မဟုတ်ဘူး... ခင်ဗျားအသည်းနှလုံးရဲ့ လိုအင်ဆန္ဒ ရမ္မက်ကိုပြတာပါ” လို့ ဆိုပါတယ်။
ဒါကြောင့် Dumbledore က ဟယ်ရီပေါ်တာကို “ ကမ္ဘာပေါ်က အပျော်ဆုံးလူသားသာလျှင် ဒီမှော်မှန်ကို သာမန်မှန်အဖြင့် အသုံးပြုနိုင်မယ်” လို့ ပြောခဲ့တယ်။
လှပတဲ့ ကိုယ့်ရုပ်ရည်အပြင်ပန်းသဏ္ဍာန်ကို မှန်ထဲကြည့်တတ်ကြသလို ရမ္မက်လောဘကင်းတဲ့ ကိုယ့်အသည်းနှလုံးကိုလည်း မှန်ထဲကြည့်မြင်တတ်ကြဖို့ဖြစ်ပါတယ်။
http://harrypotter.wikia.com/wiki/Mirror_of_Erised
နိုင်းနိုင်းစနေ (Saturday, December 06, 2008)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။