Burma-Newselite
အသွားနှင့် အပြန်
-----------------------
ရေးသားသူ- ခင်မေဇော်(၀ါရှင်တန် ဒီစီ)
(7Day ဂျာနယ်တွင်ဖော်ပြခဲ့ပြီးသည့်ဆောင်းပါး ဖြစ်ပါသည်။)
မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာနှစ်ခု ရွေးချယ်
လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းက မြန်မာပြည်သူများ လူနေမှုပုံစံကို ပြောင်းလဲစေ ပါလိမ့်မည်။
အရှေ့တောင်အာရှတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးနည်းပညာအား အနည်းဆုံးမြန်မာတွင် နောင်ငါးနှစ်အတွင်း နိုင်ငံ၏ ၈၀ ရာခိုင်နှုန်း
သော ဒေသတို့တွင် ကြိုးမဲ့ဆက်သွယ်ရေးဝန်ဆောင်မှုများ
ပေးတော့မည်ဖြစ်ပြီး အင်တာနက်ကလည်း နေရာအနှံ့ရောက်ပေတော့ မည်။ ဆက်သွယ်ရေးနည်းပညာချို့တဲ့လှသော နိုင်ငံတွင် သတင်း အချက်အလက် အားနည်းနေ၍လည်း တိုးတက်မှုက ဟန့်တားပိတ်ဆို့ ခံနေရသည်။ ဆက်သွယ်ရေးအားကောင်းလာသည်နှင့်အမျှ လုပ်ငန်းကိုင်ငန်းများကောင်းလာမည်။ ပြည်တွင်းရေးရာ၊ ပြည်ပရေးရာများလည်း စိတ်ဝင်စားသူများထံရောက်နိုင်မည်။ မြန်မာနိုင်ငံတွင် ဆဲလ်ဖုန်း ကိုယ်စီနှင့် လမ်းသွားရင်း စကားပြောနေသူ၊ ဖုန်းကိုသုံးပြီး အီးမေးလ်ပို့၊ စာပို့လုပ်နေကြသူ၊ မကြာခဏ ဖုန်းကို ကြည့်ပြီး မက်ဆေ့ခ်ျဝင်၊ မ၀င်စစ်နေကြသူ၊ ဓာတ်ပုံတဖျတ်ဖျတ်ရိုက်ပြီး အချင်းချင်း ပို့နေကြမည့် သူများကို မြို့အနှံ့ မြင်ရတော့မည် ဖြစ်သည်။
တစ်ချိန်ထဲတွင် ကမ္ဘာကြီး၏ အခြားဘက်ခြမ်း၌ ဆက်သွယ်ရေး နည်းပညာ များက လူတို့၏ အချိန်များစွာကို ၀ါးမျိုချုပ်ကိုင်နေသည်ကို တွေ့ရသည်။ ၈၄ ရာခိုင်နှုန်းသော အမေရိကန်များက သူတို့၏ဆဲလ်ဖုန်းနှင့် ခွဲခွာ၍ မဖြစ်နိုင်ဟု ခံယူထားကြောင်း လေ့လာချက်တစ်ခုက ဆို၏။
ဆဲလ်ဖုန်းနှင့် ငွေတောင်းခံလွှာများကို ပေးချေနိုင်သည်။ အလုပ်ကိစ္စနှင့်
အချိန်မရွေး ဆက်သွယ်လုပ်ကိုင်နိုင်ပြီး လမ်းခရီးမှ အလုပ်လုပ်ကိုင်နိုင် သဖြင့် အလုပ် တွင်သည်ဆိုသည့် အဆင်ပြေမှုများရှိသော်လည်း အများစု သည် မိမိတို့၏ ဆဲလ်ဖုန်းအပေါ် မှီခိုမှုများလာကြသည်။ လူတစ်ယောက် ၏ နေ့တစ်နေ့တာ ကို ထိုစက်ပစ္စည်းများက ချုပ်ကိုင်ထားလိုက်တော့သည်။
မိုးလင်းပြီဆိုသည်နှင့် ဆဲလ်ဖုန်းကွန်ပျူတာဖွင့်ပြီး ညအိပ်ခါနီးအချိန်အထိ ဆဲလ်ဖုန်းနှင့် ကွန်ပျူတာကို စစ်နေကြသူများ ပို၍များပြားလာပြီး စွဲလမ်း
မှီခိုမှု အဆင့်တစ်ခုကို ရောက်လာကြောင်း စိတ်ပညာရှင်များက ဆိုသည်။ အမေရိကန်နိုင်ငံက လမ်းမများပေါ်၊ ရထားပေါ် ဘတ်စ်ကားပေါ် ခရီးသွားများသည် မိမိအနားတွင်ရှိသော သူများကိုပင် သတိမပြု မိကြတော့ပါ။ ကားပေါ်၊ ရထားပေါ်ရောက်သည်နှင့် ဆဲလ်ဖုန်းကိုယ်စီ ထုတ်ပြီး ပြောကြ၊ ရေးကြ၊ ဖတ်ကြလေတော့သည်။ ပစ္စည်းအားလုံးကို အိတ်ထဲစုထည့်ထားလျှင်ပင် ဆဲလ်ဖုန်းကို လက်တစ်ဖက်က ထုတ်၍ ကိုင်ထားလေ့ရှိကြသည်။
ရုတ်တရက် ဖုန်းဝင်လာလျှင် အမြန်ကိုင်နိုင်ရန်၊ စာပို့နိုင်ရန်စသဖြင့်။
နောက်ပိုင်းတွင်တော့ကားမောင်းသူများကိုပင် ကားမောင်းရင်း စာရိုက်လျှင် ဒဏ်တပ်မည်။ ကားမောင်းရင်း ဖုန်းဆက်လျှင် ဒဏ်တပ်မည် ဆိုသည့် ဥပဒေများ ထုတ်လာရသည့်အထိ ဖြစ်လာသည်။ ကားမောင်းရင်း ဖုန်းကိုအသုံးပြုသောကြောင့် ယာဉ်တိုက်မှုများဖြစ်လာကြသည်။ ဥပမာ-၀ါရှင်တန်ဒီစီ မြို့တော်တွင် ကားမောင်းရင်း ဖုန်းကို လက်ကကိုင်ပြီး ပြောလျှင် ဒဏ်ငွေဒေါ်လာ ၁၀၀ ဒဏ်တပ်ခံရသည်။
မိမိတို့၏ ကွန်ပျူတာနှင့် ဆဲလ်ဖုန်းများအပေါ် မှီခိုမှုကို စိန်ခေါ်လိုသူများ အတွက် အမေရိကန်နိုင်ငံမြောက်ကယ်ရိုလိုင်းနားပြည်နယ်က သဘာဝတောထဲတွင် နွေရာသီ စခန်းသစ်တစ်ခု ဖွင့်လှစ်လိုက်သည်။ နည်းပညာကင်းမဲ့ဇုန်စခန်းဟု ဆိုသည်။ ထိုစခန်းကို ၀င်ရောက်သူများက အ၀င်တွင် သူတို့၏ စက်ပစ္စည်းများ အားလုံးကို ပေးအပ်ခဲ့ရသည်။ ထိုနွေရာသီစခန်းကို စိတ်ဝင်စားသူများပြီး သတ်မှတ်လူဦးရေ
မြန်မြန်ဆန်ဆန်ပင် ပြည့်သွားခဲ့သည်။ ရက်ရှည်တော့ မဟုတ်ပါ။ သုံးရက်စခန်းသာဖြစ်၏။
စခန်းဝင်ကြသူများကို ဆေးစွဲသူများ ဆေးဖြတ်သလို နည်းပညာစွဲသူများကို နည်းပညာနှင့် ခေတ္တဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ စခန်းဝင်သူများသည် ဆဲလ်ဖုန်းနှင့် အတူမွေးဖွားလာသည့်အလား တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံမှုများကို ဆဲလ်ဖုန်းမှ အီးမေးလ်မှ၊ တစ်ဆင့်အများဆုံး လုပ်ခဲ့ကြသူများဖြစ်၏။ သို့သော် စခန်းတွင် အခြားသူစိမ်းတစ်ဦးနှင့် မျက်နှာချင်းဆိုင် ဆက်ဆံပြောဆိုကြသည်။ စက်ပစ္စည်းကြားခံမရှိဘဲ တစ်ဦးနှင့်တစ်ဦး မျက်လုံးချင်းဆိုင်ပြီး စကားပြောဖြစ်ကြသည့် ဤသာမန်အဖြစ်ကိုပင် ထူးခြားမှုတစ်ခုလို ခံစားရသည်ဟု စခန်းဝင်သူ အချို့က ၀န်ခံပြောဆိုကြသည်။ လူပိုဆန်လာသည်ဟုလည်း ဆိုကြသည်။
တစ်ရက်လျှင် ၁၂ နာရီနှင့် အထက် ကွန်ပျူတာရှေ့တွင် ထိုင်နေခဲ့ရသူများ ကလည်း စနေ၊ တနင်္ဂနွေ ပိတ်ရက်နှစ်ရက်တွင်ဆဲလ်ဖုန်း၊ ကွန်ပျူတာ တို့ကို စွန့်ခွာရသည့် အတွေ့အကြုံက လွတ်မြောက်ခြင်းတစ်မျိုးဖြစ်သည် ဟု ပြောဆိုသည်။ သို့သော် မိမိလက်တွင်းတွင် ထိုစက်ပစ္စည်းများ ရှိနေပါက အသုံးမပြုဘဲနေရန် မလွယ်ကြပါ။ ထို့ကြောင့်လည်း အလားတူ နည်းပညာကင်းမဲ့ဇုန်စခန်းများ အစီအရီ ပေါ်လာပြီး တစ်ရက်မျှ
နှစ်ရက်မျှဖြစ်စေ ဤစက်ပစ္စည်းများ ကြားက လွတ်မြောက်ရာ လမ်းကြောင်း ရှာသူက ရှာနေကြလေ၏။
လူမှုအသိုင်းအ၀ိုင်းတစ်ရပ်သည် သဘာဝနှင့် ကင်းကွာမှုများလာလျှင် စိတ်ဖိစီးမှုဒဏ်ကို ခံရပြီး အခါအားလျော်စွာ ရိုးရှင်းသော
နေထိုင်မှုကို လိုလားတောင့်တကြကြောင်း၊ စိတ်ကျန်းမာရေးအတွက် ဤလုပ်ရပ်မျိုးကိုလည်း လိုအပ်ကြောင်း နည်းပညာကင်းမဲ့ဇုန်
စခန်းဖွင့်လှစ်ခဲ့သူက မှတ်ချက်ချ ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိလိုအပ်နေသည့် ဆက်သွယ်ရေးကိရိယာများ နည်းနေ၍ ထိုပြဿနာမျိုး များများစားစား မရှိသေးပါ။ သို့သော် လူမှုရေး ကွန်ရက်သုံးသူ များပြားလာနေပြီး မိုဘိုင်းဖုန်းကိုင်သူများက ဖေ့စ်ဘွတ်ပေါ် တွင် နာရီများစွာရှိနေနှင့်ကြပြီး ဖြစ်သည်။
ငါးနှစ်အကြာတွင် တစ်ပြည်လုံးကို ပြန့်မည့် မိုဘိုင်းဆက်သွယ်ရေးများက တစ်ဆင့် မြန်မာများကလည်း ကမ္ဘာ့ အခြားဘက်ခြမ်းက သူများကို အမီလိုက်ကြပေဦးတော့မည်။ ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။