Yati Magazie
ရတီ ၀တ္ထုတိုရသ
-----------------
"အလည်သွားမိတဲ့ တစ်ညတာ"
(၁)
အမေနဲ့အစ်ကိုကြီး အိမ်ကို ရောက်နေပါလား၊ မတွေ့တာကြာပြီ ဖြစ်တဲ့ အဒေါ်တွေနဲ့ ဦးလေးလည်း ရောက်နေကြတယ်။ဘာလာလုပ် တာလဲ တစ်ခါမှ ဒီလိုပြိုင်ပြီး ကျွန်မ အမျိုးတွေ ကျွန်မအိမ်ကို မလာဖူး ပါဘူး၊ လိုက်မေးတော့လည်း ဘာမှ ပြန်မပြောကြဘူး။ကျွန်မခင်ပွန်းကရော ဘယ်ကို အရေးတကြီး ဖုန်းခေါ် နေတာလဲ၊ သူ့မျက်နှာ အမူအရာကလည်း တစ်မျိုးပဲ။ ဟော သမီးလေးကရော ရှိုက်ကြီးတငင် ငိုနေတာပါလား။သမီးကို ဘာဖြစ်လို့ ငိုနေတာလဲလို့ မေးမလို့လုပ်နေတုန်း တိုက်အောက် ကို ကားတစ်စီးဝင်လာတယ်။
ကျွန်မ အဒေါ်အငယ်က ”ဟော လာပြီ လာပြီ” လို့ အော်နေတယ်။

ခဏနေတော့ ကားပေါ်က လူတွေက ခန္ဓာကိုယ်တစ်ခုကို ပုံးရှည်လေးထဲထည့်ပြီး သယ်ချသွား တယ်။ကျွန်မ သိချင်စိတ်တွေ မထိန်း နိုင်တော့လို့ ပုံးရှည်လေးထဲ လှမ်း ကြည့်လိုက်မိတယ် ။
”အလို ပုံးရှည်ထဲမှာ ကျွန်မ ပါလား”
ကျွန်မ ဘာဖြစ်တာလဲ မနေ့ည ကအထိ အကောင်းပကတိ ကျန်း ကျန်းမာမာပါပဲ။ ကျွန်မသမီးလေးရဲ့ ငိုသံကို ကြားရပြန်ပြီ။ အဒေါ် တစ်ယောက်က

”ကလေးက သိတတ်တဲ့အရွယ် ရောက်နေပြီ၊ သနားပါတယ်တဲ့”။
ကျွန်မလည်း တစ်အိမ်လုံးကို လိုက်ကြည့်နေမိတယ်၊ အမေနဲ့ အစ်ကိုကြီးကလည်း ငိုလို့ပါလား။ ဒါဆို ကျွန်မ သေသွားတာများလား၊ မဖြစ်နိုင်ပါဘူး။ ဆယ်နှစ်နေလို့မှ တစ်ခါ မနာမဖျားတဲ့ ကျွန်မ၊ ဘာ ရောဂါမှ ကြီးကြီးမားမားမရှိဘဲ သေသွားနိုင်လား။ ကျွန်မတွေးနေ ရင်း သမီးကို လှမ်းကြည့်လိုက်တော့ အငိုတိတ်သွားပြီး သူကြိုက်တတ်တဲ့ ကာတွန်းကား ဘယ်သူဖွင့်ပြလိုက် တယ်မသိဘူး၊ ပြီးတော့ ကောင် မလေးက ထမင်းခွံ့နေတာ တွေ့ရ တယ်။ တဖြည်းဖြည်း ညရောက် လာပြီး၊ ကျွန်မခင်ပွန်းရဲ့ ဧည့်သည် တွေလည်း အိမ်ကို ရောက်လာတာ တွေ့ရတယ်။

သူတို့အားလုံးရဲ့ မျက်နှာတွေ က ကျွန်မခင်ပွန်းကို စာနာသနားတဲ့ ပုံပေါ်နေတယ်။ ဧည့်သည်ထဲက အမျိုးသမီးတချို့က သူတို့အချင်း ချင်း ကျွန်မခင်ပွန်းကို သနားတဲ့ အကြောင်း ပြောနေကြပြန်တယ်။ ဘာလို့လဲ ကျွန်မတကယ်သေသွား တာဆိုရင် ကျွန်မကို ပိုပြီးမသနားသင့် ဘူးလား။ အခုတော့ ကျွန်မခင်ပွန်း ကိုပဲ ဝိုင်းသနားနေကြတယ်။ဘာနှင့် တူလဲဆိုတော့ ချော်လဲကျသွားတဲ့ သူရဲ့ ဘေးနားကအဖော်ကို ‘ဥုံဖွ’ လုပ်ပေးနေတာနဲ့ တူနေ တော့တယ်။ညနေက ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ သမီးလည်း ငိုရတာမောသွားပြီး ဗိုက်ဝသွားလို့ထင်ပါရဲ့၊ နှစ်နှစ်ခြိုက် ခြိုက်အိပ်ပျော်နေပြီ။ ကျွန်မခင်ပွန်း ကို ကြည့်လိုက်တော့ အိပ်ပျော်နေ တာလား၊ မျက်စိပိတ်ထားတာလား သေချာမသိ။ မျက်စိပိတ်ပြီး ငြိမ်နေ တယ် ထင်တာပဲ။ ပူဆွေးနေတာလား၊ သူတစ်ယောက်ထဲ သမီးငယ်နဲ့ ရှေ့ဆက်ရမယ့် ဘဝခရီးအတွက် စိတ်ပျက် အားလျော့နေတာများ လား။
(၂)
မနက်ရောက်တော့ ကျွန်မ သင်တန်းသူတချို့ ရောက်လာတာ တွေ့ရတယ်။ သူတို့မျက်နှာတွေ ကတော့ ကျွန်မခင်ပွန်းဧည့်သည် တွေလို သနားနေကြတဲ့ပုံတော့ သိပ် မပေါ်ဘူး။ တချို့ကလည်း ကျွန်မကို လိုက်ပို့ရမယ့်နေ့ကျရင် အားမှာ မဟုတ်လို့ မလာနိုင်တဲ့အကြောင်း ကျွန်မခင်ပွန်းကို တစ်ခါတည်း တောင်းပန်နေသံ ကြားရတယ်။တချို့ကလည်း လိုက်ပို့မှာ သေချာ သလိုလို လုပ်နေကြတယ်။ ဘာတွေ မအားကြမှာလည်း ကျွန်မ သေချာ မသိ၊ ဒါပေမဲ့ တကယ်လို့ ကျွန်မ သေသွားတာမဟုတ်ဘဲ ကျွန်မ ခင်ပွန်း သေသွားတာဆိုရင်တော့ လိုက်ပို့ဖို့ အားကြဦးမည်ထင်တယ်။ ကျွန်မကို မျက်နှာနာပြီး အားနာလို့ နေမှာ။ အခုတော့ မျက်နှာနာစရာ ကျွန်မ မရှိတော့။ကျွန်မကို လိုက်ပို့ ခြင်း၊ မပို့ခြင်းကိုလည်း ကျွန်မမသိနိုင် တော့။ ကျွန်မနဲ့ သိပ်ရင်းနှီးခဲ့တဲ့ သင်တန်းသူတချို့ကတော့ ကြောက် နေတဲ့ပုံ ပေါ်တယ်။

”အမေ ကျွန်တော် ဘော်ဒီ သွားထုတ်လိုက်ဦးမယ်” တဲ့။
ကျွန်မကို ပို့မည့်မနက်မှာ ကျွန်မခင်ပွန်းက ကျွန်မအမေကို ပြောနေသံကြားရတယ်။ ဘာလဲ ‘ဘော်ဒီ’ဆိုတာ အဲဒီလိုပဲ သုံးနှုန်းရ တာလား။ ကျွန်မကို အသက်ရှိစဉ်မှာ နာမည်တောင် တစ်ခါမှ မခေါ်ဘူး ဘဲ သူခေါ်နေကျနာမ်စားပဲ သုံးနှုန်း ခေါ်ဆိုတတ်သူ၊ အခုတော့ ဘော်ဒီ သွားထုတ်မလို့တဲ့လား။ ကျွန်မ မခံ ချင်ဖြစ်သွားမိတယ်၊ ဒါနဲ့ သူနဲ့အတူပဲ လိုက်သွားလိုက်တယ်။ ကျွန်မကို ခေတ္တထားရာ အခန်းထဲက အထုတ် မှာတော့ ကျွန်မ လန့်သွားပြီး အော် တောင် အော်လိုက်မိတယ်။

”ဘုရားရေ…” ဖားပြုပ်ကြီး တစ်ကောင်နဲ့တူနေတဲ့ ကျွန်မဘော်ဒီ (သူတို့ပြောသလို)၊ ကျွန်မ အမြဲတမ်း ဂုဏ်ယူကျေနပ်ခဲ့ရတဲ့ ကျစ်လျစ် တောင့်တင်းတဲ့ ကျွန်မကိုယ်ခန္ဓာ၊
ဘာလို့တစ်ရက် နှစ်ရက်အတွင်းမှာ ဒီလောက်ဖြစ်သွားရတာလဲ။ ကျွန်မခင်ပွန်းကတော့ မကြည့် ရက်လို့လား၊ မကြည့်ချင်တော့လို့ လား မသိ။

”အစ်မကြီးတို့ပဲ ကြည့်ကောင်း အောင်လုပ်ပေးလိုက်ကြပါ”
ဆိုပြီး တာဝန်ယူဆောင်ရွက် ပေးနေကျ အစ်မကြီးတွေလက်ထဲ ကို ကျွန်မဘော်ဒီအပ်ပြီး ပြန်သွား တယ်။ ကျွန်မဘဝမှာ ကျွန်မမျက်နှာ ကို မိတ်ကပ်အကြိမ်ကြိမ် အပြင်ခံရ
ဖူးပါတယ်။ ဒီတစ်ခါ အဆင်မပြေဆုံး ပဲ၊ ပြင်ဆင်ပေးနေသူ အစ်မကြီးက ကျွန်မရဲ့ ခေါင်းရင်းဘက်ကနေ ခုံတစ်လုံးနဲ့ထိုင်ပြီး ကျွန်မ မျက်နှာကို ကင်းဗတ်တစ်ခုလို သဘောထားပြီး ပန်းချီဆွဲသလို လျှောက်ဆွဲနေတော့ တယ်။ သူကိုင်ထားတဲ့ နှုတ်ခမ်းနီဘူး ကိုကြည့်လိုက်တော့ အမယ် … အရောင်စုံပါလား၊ ကျွန်မသုံးနေကျ Giffarine Tester နှုတ်ခမ်းနီဘူး နဲ့တောင် တူနေသေးတော့တယ်။

”ဟာ အဲဒီအနီရောင်ကြီး မဆိုးပါနဲ့ ကျွန်မသိပ်မုန်းတဲ့အရောင်၊ ကျွန်မက အသားသိပ်မဖြူတော့ အဲဒီအရောင် ဆိုးလိုက်ရင် တောသူ နဲ့ တူသွားရော၊ ကျွန်မအကြိုက် Lc ၂၉ အရောင်လေးများ မရှိဘူး လား”။ကျွန်မ ဘာပဲပြောပြော အချိန် ငါးမိနစ်လောက်အတွင်းမှာ သူ့ တာဝန် သူလုပ်ပြီးသွားပြီ။
(၃)
ကျွန်မ အိမ်ပြန်ရောက်လာပြန် တယ်။ ကားတန်းကအရှည်ကြီး လိုက်ပို့တဲ့သူတွေလည်း မနည်းပါ လား။ အထူးသဖြင့် ကျွန်မခင်ပွန်းရဲ့ ရုံးအသိုင်းအဝန်းက များတယ်။ ‘ဝန်သေတစ်မတ်၊ ဝန်ကတော်သေ တစ်ကျပ်’ ဆိုတာ ဒါမျိုးပြောတာထင် ပါရဲ့။ ဒါတောင် ကျွန်မခင်ပွန်းက ဘာဝန်မှ မဟုတ်သေးဘူး။

”သြော် ကျွန်မနှယ် မမြင်သင့် တာတွေ လျှောက်မြင်နေပြန်ပါပြီ၊ ရေသန့်ဘူးနဲ့ ယပ်တောင်ရပြီးသား သူတွေကလည်း ဘာလို့ ထပ်ယူနေ ကြတာလဲ၊ မရသေးတဲ့သူတွေ အတွက် ထားလိုက်ပါဦးလား”
ဟော အမျိုးသမီးတစ်စု ကား ပေါ်က ပြန်ဆင်းသွားတယ၊် ဘာလို့ ဘာလိမ့်။
”တို့ထိုင်တဲ့ဘက်အခြမ်းက နေပူတယ် နောက်ကားရွေ့ရ အောင်”
ဆိုမှပဲ လိုက်ပို့ရမယ့် ခရီးတို လေးအတွက် အပူဒဏ်မခံနိုင်လို့ ကားပြောင်း စီးကြမှန်းသိရတော့ တယ်။
တစ်လမ်းလုံးလည်း စကား ပြောလာတာ ဆူညံနေကြတာပဲ။ကျွန်မနဲ့ပတ်သက်တာဆိုလို့ ကျွန်မ ရဲ့အသက် ဘယ်လောက်လဲဆိုတာပဲ စိတ်ဝင်စားကြတယ်။ သေတဲ့သူရဲ့ အသက်က သူတို့ထိုးနေကြဂဏန်း တွေမှာ ထွက်တတ်တယ်ဆိုပဲ။သူတို့ တွေ အခုမှ တွေ့ကြရတယ်ထင်တယ်၊ ပြောစရာ စကားကုန်သွားလို့ ကား ထဲမှာ အသံတိတ်သွားတယ်လို့ မရှိ ဘူး။ အေးလေ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတာဆိုတော့ ဒီလိုကိစ္စရှိမှပဲ တွေ့ဖြစ်ကြတော့မှာပေါ့။ တဖြည်း ဖြည်းနဲ့ ကားတန်းရှည်ကြီးက အဝေးပြေးဂိတ်ကို ကျော်လာပြီ ဆိုရင်ပဲ ရှူဆေးထုတ်ရှူသူက ရှူ၊ နှာခေါင်းကို လက်ကိုင်ပဝါအုပ်သူက အုပ်နဲ့၊ ခပ်ရှည်ရှည်လမ်းသွယ်လေး အတိုင်းမောင်းလာကြပြီး ခဏနေ တော့

”ဟင် ရောက်တောင် ရောက်ပြီ လား မြန်လိုက်တာတဲ့” ပြောနေကြ ပြန်တယ်။ ကားပေါ်ကလူတွေ ဆင်းကြပြီ၊ ဟင် ဘယ်လိုဖြစ်လို့ တစ်ယောက် နှစ်ယောက်က ကျန်နေခဲ့ရတာလဲ အကုန်မဆင်းကြဘူးလား။
”လာ အစ်မကြီးဆင်းလေ” လို့ ကားအောက်က တစ်ယောက် လှမ်း ပြောသံကို ကားပေါ်က အစ်မကြီး က ”မဆင်းတော့ပါဘူး၊ ပြီးလို့ ပြန်တက်ရင် ဒူးက မကောင်းတော့ သူများတွေလို လွယ်လွယ် မတက် နိုင်လို့ ကားပေါ်မှာပဲ ကျန်ခဲ့တော့ မယ်” တဲ့။ကျွန်မကို လိုက်ပို့တာလား၊ ကားလိုက်စီးတာလားလို့ စဉ်းစား နေမိတယ်။ လိုက်ပို့တဲ့သူတွေထဲက တချို့ ကျွန်မကို လာကြည့်ကြတယ်။
”ပြင်ထားတာ လှသားပဲနော်”တဲ့။
တစ်ယောက်ရဲ့ ပြောသံကို ကြားလိုက်ရလို့ ကျွန်မကိုယ် ကျွန်မ ကြည့်လိုက်မိတယ်။
”အမယ် အခုလိုဆိုတော့လည်း အကြည့်ရ မဆိုးတော့ပါဘူး”။
မနက်ကတွေ့ခဲ့ရတဲ့ ကျွန်မရဲ့ ဖားပြုပ်ခန္ဓာကိုယ်ကြီးကို အဝတ် တွေ၊ ပန်းစည်းတွေနဲ့ ဖုံးပေးထား ပါလား။ မနက်က ကျွန်မမကြိုက်လို့ ချေးများခဲ့တဲ့ မျက်နှာလည်း အခု ကျတော့ အဆင်ပြေနေသားပဲ။

(၄)
ကျွန်မကို တွန်းရွှေ့ထုတ်လာတဲ့ အချိန်၊ လိုက်ပို့တဲ့သူတွေက ကား ပေါ်တက်စောင့်နှင့်ပြီ။ဆွေမျိုး တချို့တော့ ကျန်နေတာ တွေ့ရ တယ်။အခန်းထဲကို ဘယ်သူဝင် လိုက်မှာလဲ မေးတော့ ခင်ပွန်းက သူ ဝင်မယ်ပြောတယ်။ အစ်ကိုကြီးက

”အစ်ကို ဝင်လိုက်သွားမှာဆို ရင် ကျွန်တော် မလိုက်တော့ဘူး နော်” တဲ့။
ဘာလို့လဲ မောင်နှတွေထဲမှာ ကျွန်မနဲ့အစ်ကိုကြီးက အရင်းနှီး ဆုံးနဲ့ သံယောဇဉ်အရှိကြဆုံးမဟုတ် ဘူးလား။ ညီမရဲ့ နောက်ဆုံးခရီးကို မကြည့်ချင်တာလား၊ မကြည့်ရက် တော့လို့လား သူကိုယ်တိုင်မှပဲ သိမယ်ထင်တယ်။ မီးရှိန်တွေက ပူလိုက်တာ၊ ရင်ဘတ်ပေါ်မှာလည်း တစ်ခုခုနဲ့ ဖိထားသလို လေးနေတာ ပဲ။ အသက်ရှူလို့တောင် မရချင် တော့ဘူး။ နောက်ဆုံးတော့ ကျွန်မ တွန်းထိုး ရုန်းကန် အော်လိုက်မိတော့ တယ်။
ခင်ပွန်းက ကျွန်မကို လှုပ်နိုးနေ တယ်၊ အဲဒီအချိန်ကျမှ မျက်စိဖွင့် ကြည့်လိုက်တော့ သမီးက သူ့ထုံးစံ အတိုင်း ကျွန်မရင်ဘတ်ပေါ် တက် အိပ်နေပြန်ပြီ။ သမီးတစ်ကိုယ်လုံး လည်း ချွေးတွေရွှဲနေပါလား။ ကျွန်မ မှာလည်း ရေငတ်နေပြီး ကျောမှာ ချွေးတွေရွဲနစ်လို့။ ဆောင်းတွင်းအိပ် မက် ကယောက်ကယက်လို့ ပြောကြ တယ်၊ အေးလွန်းလို့ မက်တာလို့ ကြားဖူးတာပဲ။ ဒါပေမဲ့ ဒီနှစ်ရန်ကုန် ဆောင်းကတော့ သေချင်လောက် အောင်ကို ပူနေတော့တာပဲ။ပူလွန်း လို့ ကယောက်ကယက် မက်နေတာ နေမှာ။ အိပ်ရာထဲမှာ ဟိုဒီလှိမ့်ရင်း ပြန်အိပ်မပျော်တော့တာနဲ့ လျှောက် စဉ်းစားနေမိတယ်။ ကျွန်မ အင်္ဂလိပ် ကဗျာလေးတစ်ပုဒ် ကြားဖူးတယ်၊ ရေးတဲ့သူက အမျိုးသမီးကဗျာ ဆရာမပဲ။ သူသေသွားတဲ့အခါ ကျန်ရစ်ခဲ့မယ့် သူတွေအတွက် သောကမပိုရအောင် အလုပ်တွေ မရှုပ်အောင်လို့ စပ်ပေးခဲ့တာလို့ ကျွန်မထင်တာပဲ။ ကျွန်မ တစ်ယောက်ထဲ အဲဒီကဗျာလေးကို တိုးတိုးလေးဆိုကြည့် နေမိတယ်။
I shall not see the shadow
I shall not feel the rain
I shall not hear the nightingale
Sing on as if in pain.
I shall not feel the rain
I shall not hear the nightingale
Sing on as if in pain.
Dreaming through the twilight
That doth not rise nor set
Haply I may remember
And haply may forget
That doth not rise nor set
Haply I may remember
And haply may forget
Christina Rossetti
ငါသေသွားတဲ့အခါ ငါ့အုတ်ဂူ ပေါ်မှာ ငါအရိပ်ရအောင်ဆိုပြီး မင်း အပင်တွေ ဘာတွေ စိုက်တာ လုပ် မနေပါနဲ့၊ ငါမြင်နိုင်မှာမှ မဟုတ် တာ။ ငါ့ကို မိုးစိုနေလား မစိုနေဘူး လားလည်း ငါသိမှာမှ မဟုတ်တော့ တာ။ နိုက်တင်ဂေးငှက်ရဲ့ နာကျင် ကြေကွဲစွာ ဆိုနေတဲ့ သီချင်းသံတွေ ကိုတောင် ငါကြားနိုင်တော့မှာ မဟုတ်ရင် မင်း ကြေကွဲခံစားရနေ တာလည်း ငါသိနိုင်မှာ မဟုတ်ပါဘူး၊ အမှောင်အတိကျနေတဲ့ နေရာမှာ ရောက်နေတဲ့ ငါ့အဖို့တော့ နေဝင် ချိန် နေထွက်ချိန်တွေဆိုတာလည်း မသိနိုင်တော့ဘူးလေ။ မင်းနဲ့ငါ အတူ ကြည်နူးခဲ့တာတွေရော၊ နာကျင်ခံစားခဲ့ဖူးရတာတွေရော ငါ မှတ်မိချင်လည်း မှတ်မိမယ်၊ မေ့ချင် မေ့နေမှာပဲလေ။ အဲဒီတော့ မင်း အများကြီး ခံစားမနေပါနဲ့လို့ ပြော နေသယောင်ပါ။ အဆိုတော် ဆောင်းဦးလှိုင် သီချင်းထဲကလို
‘ကမ္ဘာဟာ သူ့အချိန်တိုင်းသူ လည်ပတ်ဦးမှာပါ…၊ ဆောင်း နွေ မိုး တွေ မလွတ်တမ်းရောက်လာ နေကျ…တကယ် တို့ဝေးရင် တစ်ရက်ပဲ မင်းငိုပါ…”ပေါ့။
(၅)
ကျွန်မတစ်ကယ်ပဲ သေသွား ခဲ့ရင် သမီးလေးက ကျွန်မအိပ်မက် ထဲကလို ကာတွန်းကားလေးကြည့် ရင်း တဖြည်းဖြည်း သူ့အမေကို မေ့ သွားမှာလား။ ကျွန်မ ချစ်ခင်ပွန်းက ရော သူ့အချိန်တိုင်းသူ လည်ပတ် နေတဲ့ ကမ္ဘာကြီးထဲမှာ အဆင်ပြေပြေ ဆက်နေသွားနိုင်မှာလား။ ကျွန်မ သင်တန်းသူတွေကရော တစ်ချိန်က ခင်မင်ခဲ့ဖူးတဲ့ သင်တန်းဆရာမကို တမ်းတနေကြဦးမှာလား။ တကယ် တော့ ဒါတွေ အားလုံးက အရေး မကြီးပါဘူး၊ အသက်ရှင်လှုပ်ရှား နေချိန်လေးအတွင်း သူတို့တွေ အတွက် ကျွန်မ အသုံးဝင်နေတယ် ဆိုရင် ကျွန်မ ဘာလို့အဝေးကြီးကို လှမ်းမျှော်ကြည့်နေတော့မှာလဲ နော်။

ခင်သန္တာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။