ကျန်းမာရေးစာတိုများစုစည်းမှု
သလိပ်တွင် ပါဝင်သည့် တီဘီပိုးများအား မျိုချပါက အူတီဘီရောဂါ ဖြစ်ပွားနိုင်
အဆုတ် တီဘီရောဂါ ရှိထားပြီးသောသူများအနေဖြင့် သလိပ်တွင်ပါဝင်သော တီဘီပိုးများကို မြိုချမိသော ကြိမ်ဖန်များလာပါက နောက်ဆက်တွဲရောဂါအနေဖြင့် အူတီဘီဖြစ်နိင်ကြောင်း ဆရာဝန်များထံမှသိရသည်။
အူတီဘီအမျိုးအစား အမျိုးမျိုး ရှိပြီး အူမှာဖြစ်သည့် တီဘီ၊ အူလမ်းကြောင်းဘေးတွင်ရှိသော အကျိတ်တွင် ဖြစ်သည့် တီဘီ၊ ဝမ်းတွင်းအမြှေးပါး (Peritonium) မှာ ဖြစ်သည့် တီဘီ၊ အူသိမ် အရင်းပိုင်း (Ileum) နှင့် အူမကြီးအစ (Caceum) ဆုံသည့်နေရာ (အူအတက်ရောင်တတ်သည့် နေရာဝန်းကျင်) များတွင် ဖြစ် တတ်ကြောင်း သိရသည်။
“အထူးသဖြင့် သလိပ်မှာ တီဘီပိုးရှိရင် အဲဒီပိုးပါတဲ့ သလိပ်ကို မျိုချမိတဲ့အခါအမျိုးနဲ့အဆုတ်တီဘီကနေ အူကိုပြန့်ပြီး ဖြစ်တာများတယ်၊ အူတီဘီရောဂါရဲ့ လက္ခဏာတွေက တိတိကျကျ မရှိပါဘူး အူနဲ့ပတ်သက်ရင် ဗိုက်နာတာ၊ ဗိုက်အောင့်တာစတဲ့ ယေဘုယျဆန်တဲ့ လက္ခဏာတွေပဲ ပြတတ်တော့ ရောဂါကို စောစော သိနိုင် ဖို့က မလွယ်ပါဘူးပေါ့ အူမှာအနာဖြစ်ရင်တော့ ဗိုက်က မကြာမကြာ အောင့်တတ်ပါတယ်။ အထူးသဖြင့် ညာ ဘက်ချက်ဝန်းကျင်က အောင့်တတ်ပါတယ် အဲဒီလို ဗိုက်အောင့်ရင် သံသယ ရှိသင့်ပါတယ် ” ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာအောင်ရဲခိုင်က ပြောသည်။
အူတီဘီဖြစ်ရသည့် အကြောင်းရင်း လေးမျိုးရှိပြီး ခန္ဓာကိုယ်တွင်ဖြစ်သည့် တီဘီပိုး (ဥပမာ- အဆုတ်တီဘီ) မှ တဆင့် အူကိုပြန့်ပြီး ဖြစ်ခြင်း၊ သလိပ်မှ တီဘီပိုးရှိလျှင် အဆိုပါ ပိုးရှိသည့် သလိပ်အား မျိုချမိသည့်အခါ အူကို ပြန့်ပြီး ဖြစ်ခြင်း၊ သားငန်ရည်အကျိတ် (Lymphatic Node) မှာ တီဘီပိုးရှိလျှင် အူသို့ပြန့်ပြီး ဖြစ်ခြင်း၊နီးစပ်ရာ ဆီးလမ်းကြောင်း၊ ကျောက်ကပ်များတွင် တီဘီပိုးရှိရာမှဆင့် အူတီဘီ ဖြစ်ခြင်း (၄)မျိုးရှိကြောင်း သိရသည်။
အူတီဗီ (၄)မျိုးတွင် အဆုတ်တီဗီ နှင့် သလိပ်မှ တဆင့် ကူးစက်တတ်သော တီဘီပိုး (၂)မျိုးမှာ အူတီဘီ အဖြစ်များကြောင်း ဆရာဝန်များမှ သုံးသပ်သည်။
“အဆုတ်တီဘီပိုးကို ဆေးသောက်ပြီး ပျောက်ကင်းသွားသူတွေမှာလည်း အူမှာပိုးကပ်ငြိ နေနိုင်ပြီး အဓိကက တော့ ပိုးရှိသူတွေအနေနဲ့ သလိပ်ပါတဲ့ တံတွေးကို မျိုမချမိအောင် ဂရုစိုက်ရ တကယ်တော့ ပျမ်းမျှအားဖြင့် တီဘီပိုးက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသုံးယောက်အနက် တစ်ယောက်လောက် ရှိနေနိင်ပါတယ် ကိုယ်ခံအား ကောင်းနေတဲ့အချိန်မှာ ဘာမှမဖြစ်ပေမယ့် ကိုယ်ခံအား ကျသွားတဲ့အခါ၊ စိတ်ဖိစီးမှု များတဲ့အခါ၊ တခြား ရောဂါပိုးနဲ့ ရောဂါတွေ ဝင်လာတဲ့ အခါတွေမှာ တီဘီပိုးက ထကြွလာနိုင်ပါတယ်”ဟု အထွေထွေရောဂါကု ဒေါက်တာ ကိုဝဏ္ဏက ပြောသည်။
အချို့လူများတွင် အူနံရံထူကာ အူပိတ်တတ်သောကြောင့် ယင်းအချိန်များတွင် ခွဲစိတ်ကုသရတတ်ပြီး ဗိုက်အောင့်၊ ဗိုက်နာခြင်း အစာအိမ်ရောဂါနှင့် အခြားအူလမ်းကြောင်း ရောဂါများကြောင့် မဟုတ်ဘူးဆိုလျင် အူတီဘီဖြစ်သည်ဟု သံသယ ရှိသင့်ကြောင်းနှင့် CT Scan ရိုက်လျင် ရောဂါနုစဉ်အချိန်တွင် သိရှိနိုင်ခြင်း မရှိဘဲ ရောဂါရင့်သည့် အခါမှသာ သိနိုင်ပြီး အဆုတ်တီဘီကဲ့သို့ တီဘီပိုးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်လျှင် မသိနိုင်ဘဲ ဝမ်းထဲ သွေးပါလျင် ဝမ်းအား စစ်ဆေးမှုပြုလုပ်ပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက် ပြောသည်။
အူတီဘီဖြစ်ပြီး အူပေါက်ခြင်း၊ အူပိတ်ခြင်း ဖြစ်ပေါ်ခဲ့လျင် ခွဲစိတ်ကုသမှု ခံယူပြီးသည့် အချိန်များတွင် အူတီဘီ ပိုးကင်အောင် တီဘီဆေးသောက်သုံးရန် လိုအပ်ကြောင်းသိရသည်။
တီဘီဆေးကို အနည်းဆုံး ကိုးလ-တစ်နှစ် သောက်သုံးရမည်ဖြစ်ပြီး အဆုတ်တီဘီပိုးအား ခြောက်လတာ သောက်ရမည်ဆိုသော်လည်း အူတီဘီဖြစ်လျှင် ပို၍ ကြာကြာသောက်ရမည်ဖြစ်ပြီး စစ်ဆေးမှုများကိုလည်း အမြဲပြုလုပ်ရမည်ဖြစ်သည်။
“အိပ်ခ်ျအိုင်ဗွီ ပိုးမရှိဘဲ တီဘီပိုးတစ်မျိုးတည်းသာ ကူးစက်ခံထားရသူများရဲ့ ၅ % မှ ၁၀ % ကသာ သူတို့ရဲ့ သက်တမ်းတစ်လျှောက် တီဘီရောဂါလက္ခဏာကိုခံစားကြရတယ် အိပ်ခ်ျ အိုင်ဗွီ နဲ့ တီဘီပိုးနှစ်မျိုးလုံး ကူးစက်ခံရသူများမှာ တီဘီရောဂါကို ပိုမိုဖြစ်ပွားတက်ကြတယ်။ တီဘီရောဂါ ဖြစ်ပွားနေသူတစ်ဦးဟာ ဆေးမကုသပဲ ထားလို့ရှိရင် ပျမ်းမျှ လူ ၁၀ ဦး မှ ၁၅ ဦး ထိ ကူးစက်နိင်တယ် ” ဟု အထွေထွေရောဂါကု ဆရာဝန် ဦးသန့်ဇင်က ပြောသည်။
ကမ္ဘာ့ အနှံအပြားရှိနိုင်ငံများတွင် ၁၇၀၀၀၀ ခန့် ကလေးသူငယ်များ နှစ်စဉ် တီဘီပိုးကြောင့် သေးဆုံးလျှက်ရှိ ပြီး မြန်မာနိုင်ငံတွင် နှစ်စဉ် တီဘီရောဂါ ဖြစ်ပွားသူ တစ်သိန်းကျော်ရှိကြောင်း အမျိုးသား တီဘီ ရောဂါ တိုက်ဖျက်ရေး စီမံကိန်း၏ မှတ်တမ်းများ အရ သိရှိရသည်။
မြန်မာနိုင်ငံတွင် တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းကို ၁၉၆၆- ၁၉၆၇ ခုနှစ် မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှ စတင်လျက် တီဘီ ရောဂါကို တိုက် ရိုက်ကြည့်ရှု အချိန်တို ကုထုံး (DOTS) ဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံ၍ အခမဲ့ ကုသပေးလျက် ရှိနေကြောင်း သိရသည်။
Credit: ရန်နောင်ဖြိုး-မြစ်မခ/ Myitmakha

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။