Royal Hero Media
--------(၁)---------
'တက္ရိုဒန္အမ္ဘူဆိုတဲ့ ငါးတစ္မ်ိဳးရွိတယ္ဗ်'
'အင်း .. ဆိုစမ်းပါဦး '
'သူတစ်ပါးကို တိုက်ခိုက်နိုင်စွမ်း မရှိဘူး။ သူတစ်ပါးက သူ့ကို အလွယ်တကူမျိုနိုင်တယ်'
'ဟ .. ဘယ်သက်သာမလဲဗျ'
'မဟုတ်သေးဘူးဗျ၊ တစ်ခုတော့ရှိတယ်။ သူကအမျိုခံပြီးရင် သူ့ကိုယ်ခန္ဓာကို ကြီးထွားအောင် လုပ်ပစ်နိုင်တယ်။ ဖောင်းကားပစ်လိုက်တာပေါ့။ သူ့ကိုမျိုတဲ့ သတ္တ၀ါကို လည်ချောင်းနင်နေစေတယ်။ နောက်ဆုံး သူ့ကိုပြန်ထွေးထုတ် ပစ်ရရော'
'သြော် .. သြော် .. သူ့နည်းစနစ်ကလည်း တစ်မျိုးပဲကိုး'
'ဒါပေါ့ဗျာ .. ဘ၀ရှင်သန်ရေးအတွက် သူ့နည်းသူ့ဟန်နဲ့တော့ ရုန်းကန် ရပ်တည်ကြရတာ ပဲပေါ့။ တိရစ္ဆာန်လောကထက် ပိုပြီး ရှုပ်ထွေးတဲ့ လူ့လောကမှာလည်း နည်းစနစ်တွေ အမျိုးမျိုး သုံးရတာပဲပေါ့။ လူမှန်ရင် အဆိပ်အတောက် နည်းနည်းတော့ ရှိရမှာပေါ့'
'အေးပေါ့ဗျာ .. ဒါမှလည်း ဘ၀ကို အောင်မြင်အောင် လုပ်နိုင်မှာပေါ့ဗျာ'
သပ်ရပ်တောက်ပြောင်သော အအေးခန်း စားသောက်ဆိုင်ကြီးတစ်ခု အတွင်းမှာ ဖြစ်၏။ လူကြီးလူကောင်း နှစ်ယောက် စကားထိုင်ပြော နေကြသည်။ ၀တ်ကောင်း စားလှများ ဆင်ယင်ပြီး စကားကောင်း စကားလှများ ပြောနေကြ ခြင်းလည်း ဖြစ်နိုင်သည်။ ဤစကားများကို သူတို့ခမျာ ဖြောင့်ဖြောင့်တန်းတန်း ပြောရခြင်းမဟုတ်ပါ။ သူ့ဟန်းဖုန်းက အသံမြည်လာလိုက်၊ ကိုယ့်ဟန်းဖုန်းက အသံမြည်လာလိုက်နှင့် စကားက မကြာခဏ အရှိန် ပျက်ပျက်သွားသည်။
နံဘေးစားပွဲမှ လူငယ်တစ်ဦးကတော့ သူတို့၏စကားများကို မသိမသာ နားစွင့် နေပါသည်။ ထိုလူများကိုလည်း အထင်ကြီးပုံရပါသည်။ ထိုလူများ၏ စကား တစ်ခွန်းက သူ့ရင်ထဲသို့ ငြိဝင်ရောက်ရှိသွား၏။
'လူမှန်ရင် အဆိပ်အတောက် နည်းနည်းတော့ ရှိရမှာပေါ့'
--------(၂)--------
'ဟုတ်တယ်၊ ငါလည်း အဆိပ်အတောက် ရှိအောင် ကြိုးစားမယ်'
သန္နိဌာန်ချကာ ထိုဆိုင်ထဲမှ ထွက်လာခဲ့၏။ သို့သော် အဆိပ်အတောက် ရှိအောင် မည်သို့လုပ်ရမည်လည်း မသိချေ။ နပိုလီယံလား၊ ဘာလား၊ ထိုပုဂ္ဂိုလ်ကြီးလို အဆိပ်ကို နည်းနည်းချင်း စားကြည့် ရမည်လား၊ အဲဒါကလည်း မဟုတ်သေး။ အဆိပ် 'ပြီး'သွားလိမ့်မည်။ အဆိပ် အတောက်ရှိမည် မဟုတ်။ အဆိပ် အတောက်ရှိသော မှိုတို့၊ တွဲဖက် မစားကောင်းသော အစားအစာ တို့ကို စားပြီး အဆိပ်'စု'လျှင် ကောင်းမည်လော၊ သိပ်မလုပ်ရဲပြန်။
နောက်ဆုံးမှာ စိတ်ကို ဒုန်းဒုန်းချ ဆုံးဖြတ်၏။ ခရီးဆောင် အိတ်တစ်လုံးနှင့် ရိက္ခာ အသင့်အတင့်ယူကာ တောနက်အတွင်းသို့ သူ ခရီးနှင်လာခဲ့တော့ သည်။ တောနက်တစ်နေရာမှာ -
'ရှူး'
သူ့ကို ပါးပျဉ်းထောင်ထားသော မြွေဆိုးကြီးတစ်ကောင်နှင့် သူ ရင်ဆိုင်ရ ပါတော့သည်။ ပြူတစ်ပြူတစ် ဖြစ်နေသော မြွေဆိုးကြီး၏ လျှာက အသည်းယား ဖွယ်ရာ၊ သူ ကပျာကရာ တောင်းပန်စကား ဆိုလိုက်သည်။
'ကျွတော့်ကို ရန်မပြုပါနဲ့ .. ကျွတော်က ခင်ဗျားဆီမှာ တပည့်ခံမလို့ပါ'
'ဘာကွ .. မင်းဘာပြောတယ်'
'တကယ်ပါ .. ကျွတော် အဆိပ်အတောက် ရှိချင်လို့ပါ'
'မင်း .. ပြောတာကို ငါနားမလည်ဘူး'
'ဒီလိုပါ .. လူမှန်ရင် အဆိပ်အတောက် နည်းနည်းတော့ ရှိသင့်တယ် မဟုတ်လား .. အဲဒါကြောင့် ဟိုလေ ..'
လိပ်ပတ်လည်အောင် သူရှင်းပြရ၏။ သူ့စကားအသွားအလာကို ခေတ်မီသော မော်ဒန်မြွေကြီးက နားလည်ပါသည်။
'ကောင်းပြီလေ .. မင်းကို ငါ့တပည့်အဖြစ် လက်ခံပါ့မယ်'
ထိုသို့ဖြင့် ထိုမြွေကြီးထံမှာ သူ သုံးနှစ် သုံးမိုး တပည့်ခံခဲ့ရပါသည်။ အဓိကက ထိုမြွေကြီးလိုပဲ သူ့မှာ အဆိပ် အတောက်ရှိရေး။ ဖြစ်ချင်တော့ သူဆရာတင် သည့် မြွေကြီးကလည်း အင်မတန် အစွမ်းထက်သည့် မြွေကြီးဖြစ်နေသည်။ သားကောင်ကို ဖမ်းဆီး ၀ါးမျိုသည့် နေရာတွင် စံထားအပ်သူ ဖြစ်လေသည်။ သူ အလွန်အင်မတန် အထင်ကြီးမိ၏။
ထိုမြွေကြီးကို ခြေဆုပ်လက်နယ် ပြုစုကာ သုံးနှစ်သုံးမိုး တပည့်ခံခဲ့ပါ၏။ မြွေတွေ ဘယ်လို ရှူးရှူးပေါက်မှန်း မသိသော်လည်း ထိုမြွေကြီးကို သူ ရှူးရှူးပါ တည် ပေးရ၏။ အတော်တော့ ဒုက္ခရောက်ရ လေသည်။ မည်သို့ပင်ဖြစ်စေ ဆရာ့ထံမှ ထွက်ခွာရမည့် အချိန်သို့ ရောက်လာခဲ့၏။ ဆရာဖြစ်သူ မြွေကြီးက သံဝေဂ ရသံနှင့် ပြောလာသည်။
'ကဲ .. ငါ့တပည့် မင်းလည်းပညာစုံပြီ'
'ဟုတ်ကဲ့ .. တောကောင်ငယ်တွေကို ကွှန်တော် လျှာပြူတစ်ပြူတစ်လုပ်ပြီး ဖမ်းတတ်ပါပြီ'
'လူ့လောကထဲကို ပြန်ဝင်ပါတော့ .. ဆရာခွင့်ပြုပါတယ်'
'ဟုတ်ကဲ့ ဆရာ'
လူ့လောကထဲသို့၊ လူ့အသိုင်းအ၀ိုင်းထဲသို့ သူပြန်ရောက်လာပါ တော့သည်။
--------(၃)--------
မြို့ပြ၏ ညဉ့်အလင်းရောင်ကပင်လျှင် ဆည်းဆာဆန်နေသည်။ မှိန်ပျပျ အစီအစဉ် ကြေညာသူ မိန်းကလေး၏ အင်္ဂလိပ် စကားအဆုံးမှာ ပရိသတ် အပေါင်းက ခန်းမအလယ်မှ စုရုံးပြီး တ၀ုန်းဝုန်း ကခုန်ကြတော့သည်။ နိုက်ကလပ်တစ်ခုသို့ သူရောက်နေခြင်း ဖြစ်သည်။ သူလည်း အများနည်းတူ ၀င်ရောက် ကခုန်လေသည်။ သို့သော် သူကခုန်သည်က မြွေလိမ်မြွေ ကောက်ကြီး ဖြစ်နေသည်။
သူ့အလွန်ပဲ ဖြစ်ပါလိမ့်မည်။ လူငယ် တစ်ယောက်နှင့် ဆိုးဆိုးရွားရွား ၀င်တိုက် မိ၏။
'ဟာ .. ခင်ဗျား .. ဘယ်လိုလူလဲဗျ .. မကတတ်ဘူးလား'
'အေး .. မကတတ်တော့ မင်းဘာလုပ်ချင်လို့လဲ .. မင်းရော ကတတ်လို့လား .. ရမ်းသမ်း ခုန်နေပြီးတော့'
ထိုကောင်လေး၏ အပေါင်းအသင်းများ ၀ိုင်းအုံလာ၏။ သူမကြောက်ရွံ့မိပါ။ လျှာကို ပြူတစ်ပြူတစ်လုပ်ပြီး တိုက်ခိုက်ရန် စောင့်နေလိုက်သည်။ အကုန်လုံး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြ၏။ သူ လျှာ ပြူတစ်ပြူတစ် လုပ်သည်ကိုပင် အဆန်းတကြယ်လ်ုပြီး ၀ိုင်းကြည့် နေကြ၏။ သူက အခွင့်အရေးကို လက်လွှတ် မခံပါ။ ထိုလူငယ်ကို ပြေးကိုက်လိုက်သည်။
'ဟေ့လူ .. ဟေ့လူ .. အား .. လုပ် .. လုပ်ကြပါဦး'
ကပွဲက ၀ရုန်းသုန်းကား ဖြစ်သွားသော်လည်း ရန်ပွဲမှာ သူနိုင်လိုက်ပါသည်။ သူ ကျေနပ်လေသည်။ သူ့မှာ အဆိပ် အတောက်ရှိပြီဟု သူ့ဘာသာ ထင်မိ လေသည်။
နောက်ပိုင်းမှာလည်း ရန်ပွဲများစွာ သူဖြစ်ပွားလေသည်။ လမ်းမပေါ်မှာ၊ စားသောက်ဆိုင်မှာ၊ မီနီမတ်ထဲမှာ စသည်ဖြင့်။ သူ၏ လျှာပြူတစ်ပြူတစ် တိုက်ကွက်ကို မည်သူမှ မခံနိုင်ချေ။ အားလုံးက မျက်လုံးပြူးကြီးနှင့် ၀ိုင်းကြည့်ရင်း အငိုက်မိ အရေးနိမ့် သွားကြ၏။ သူ့ဘ၀က အောင်မြင်ပါသည်။ သို့သော် သူမနိုင်သည်က ခွေး ကိုဖြစ်၏။
ဘယ်သူမွေးထားသော ခွေးလဲမသိ .. ပလက်ဖောင်းပေါ်မှာ သူ့ကို လိုက်ကိုက် လေသည်။
'ဟဲ့ခွေး .. ဟဲ့ခွေး'
ထိုခွေး၏ အန္တရာယ်ကို ကာကွယ်နိုင်ရန် လျှာကို ပြူတစ်ပြူတစ်လုပ်ရင်း တိုက်ကွက်ကို သူပြင်ပါသည်။ ထို့နောက်မှာမှ သတိရ၏။ ခွေးကို သူက ပြေးကိုက်၍ မကောင်းချေ။ ထိုအချိန်မှာပဲ ခွေးက သူ့ကို လိုက်ကိုက်တော့၏။ သဘာဝခုခံမှု သီအိုရီအရ သူပြေးရပါ တော့သည်။ ဘေးမှ ၀ိုင်းကြည့်နေသူ အားလုံးက ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြလေသည်။
'ဟေး..'
ခွေးကိုပင် လက်ခုပ်လက်ဝါးတီးပြီး အားပေးလိုက်ကြ သေးသည်။ သူ့အတွက် အတော် အရှက်သည်းရသော ကိစ္စတစ်ခု ဖြစ်လေသည်။
--------(၄)-------
ကျွန်တော် မေတ္တာရပ်ခံချင်ပါသည်။
အကယ်၍သာ ..
ဘာအဆိပ်အတောက်မှ မရှိဘဲ လူတွေကို လျှာထုတ်ပြနေသူနှင့် တိုးလျှင် သူ့ကို ခွင့်လွှတ်ပေးကြပါ။ သူသည် ၀ိညာဉ်အင်အား လျော့နည်းသူ ဖြစ်ပါသည်။ ဘ၀မှာ အဆင်မပြေဘဲ လုပ်မိလုပ်ရာ လျှောက်လုပ်နေသူ ဖြစ်ပါသည်။ ကောင်းနိုး ရာရာလေးတွေကို ရွေးချယ် လုပ်ကိုင်ရင်းက အကြိမ်ကြိမ် မှားယွင်းနေသူ ဖြစ်ပါသည်။ သူ့ကို ခွင့်လွှတ်ပေးကြပါ။
ပြည့်စုံအောင် ဖြည့်ပြောရလျှင် ထိုလူ့အမည်မှာ 'တာရာမင်းဝေ'ဖြစ်ပါသည်။
------ @ -------
တာရာမင်းဝေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။