12 December 2012 |By Popular News
လူမင်းက ရုပ်ရှင် အစည်းအရုံးက ရိုက်ကူးတဲ့ “ချစ်သူ အစည်းအရုံး” ဆိုတဲ့ ဇာတ်ကားမှာ ထွန်းအိန္ဒြာဗို နဲ့ တွဲပြီး သရုပ်ဆောင် ရမှာဖြစ်ပြီး ယောင်တတ် တဲ့လူတစ်ယောက် အဖြစ် သရုပ်ဆောင် ရမှာလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားကြီး ရိုက်ကူး ဖြစ်မြောက်ဖို့ အတွက်နဲ့ ရိုက်ကူးဖြစ်ပုံ နဲ့ ပတ်သက်ပြီး လူမင်းက “အခုခေတ်က ဖလင်နဲ့ ရိုက်တဲ့ခေတ်လည်း မရှိတော့ဘူး။ ဒါပေမဲ့ အစည်းအရုံး မှာက ဖလင်က နှစ်ကားစာ ရှိနေတယ်။ အဲဒီ ဖလင်တွေက ဝယ်မယ့်သူလည်း မရှိဘူး။
ရိုက်မယ့်သူလည်း မရှိဘူုး။ အစည်းအရုံး အနေနဲ့ ဒီဖလင်တွေ အလဟဿ ဖြစ်မသွားအောင် က တစ်ကြောင်း၊ အစည်းအရုံး အနေနဲ့ ဒီလို အနုပညာရှင်တွေ စုစုစည်းစည်းနဲ့ စည်းလုံးမှု ကိုပြတဲ့ အနေ နဲ့ရောပေါ့။ တကယ်တော့ ရုပ်ရှင် ဆိုတာ ဖလင်နဲ့ ရိုက်တာပဲလေ။ နည်းပညာတွေ မြင့်မားလာလို့သာ နောက်ပိုင်း HD တွေဖြစ် လာတာ။ ရုပ်ရှင်ကို ရုပ်ရှင် ဖလင် စစ်စစ်နဲ့ ရိုက်တဲ့ကားပေါ့။ ဒါက နှုတ်ဆက်ပွဲကား လို့တောင် ပြောရမလားပဲ။
ဖလင်နဲ့ မရိုက်ကြတော့ဘူး ဆိုတော့ ဒီလို သဘောလေးလည်း သက်ရောက်အောင် စီစဉ်တဲ့ သဘောပါ။ ဖလင်က နှစ်ကားစာ ရှိတာဆိုတော့ ခုတစ်ကားပြီး၊ နောက်တစ်ကားထပ် ရိုက်ဖို့အတွက် ကိုယ့် သဘောအရဆို မရှိဘူး။ ဒါပေမဲ့ အစည်းအရုံး အဖွဲ့ အစည်း အရဆို ဘယ်လို ဆုံးဖြတ် မလဲမသိဘူး”လို့ ပြောပြပါတယ်။
မင်းသား ၇ ယောက်၊ မင်းသမီး ၇ယောက် ပါဝင်တာကြောင့် ဒီဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ညှိနှိုင်းခဲ့ ရတာတွေနဲ့ ပတ်သက်ပြီး လူမင်းက “အပေါ်ယံ ကြည့်ရင် အင်မတန် ခက်ခဲပြီး မဖြစ်နိုင်ဘူးလို့ ထင်လိမ့်မယ်။
ကိုယ်တိုင်လည်း စရိုက်မယ် ဆိုတုန်း က အဲဒီလိုပဲ အကုန်လုံးက အလုပ်ရှုပ်တဲ့ သူတွေချည်းပဲ၊ တစ်စု တစ်စည်းတည်း ရဖို့က မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဒါပေမဲ့ အကုန်လုံး စုပြီး ပြောလိုက်တဲ့အခါ ၅မိနစ်တောင် မကြာဘူး။ ညှိလို့ ရသွားတယ်။
စူပါမင်းသား၊ မင်းသမီးတွေဆို မကောင်းပြောချင်ကြတယ်။ အဲဒီလူတွေက အခု စုစုစည်းစည်းနဲ့ ရိုက်ကြမယ်ဆို တော့ ကိုယ်တွေ အနုပညာ သမားတွေ ရဲ့ စည်းလုံးမှု ပဲ၊ ဇာတ်ကားကို အစည်းအရုံးက ရိုက်တယ် ဆိုပြီး နိုင်ငံတကာ ထိုးဖောက်ရမယ်လို့ ကြွေးကြော်ပြီး ရိုက်တဲ့ကား မဟုတ်ပါဘူး။
ပရိသတ် လည်း ကြည့်ရတာ တန်မယ့်ကားပါ။ အခုဖလင်နဲ့ ရိုက်တဲ့ ကင်မရာကြီး က ဟောလီးဝုဒ်မှာ ကိုရိုက်တဲ့ ပရော် ဖက်ရှင်နယ် ကင်မရာပါ၊ ဖလင်အစစ်နဲ့ ရိုက်တဲ့ကား တစ်ကားကို အားပေးပါလို့လည်း ပြောချင်ပါတယ်။ ဒီမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ ကလည်း သရုပ်ဆောင်ကြေး အပြည့်အဝ မပေးနိုင်ဘူးလို့ ပြောပြတဲ့အခါ အဲဒါ တွေကို သဘောတူတယ်။
ဒီကားမှာ ပါဝင်တဲ့ မင်းသားတွေရဲ့ အနုပညာကြေး ကလည်း တစ်တန်းတည်း၊ မင်းသမီးတွေရဲ့ အနုပညာကြေးတွေ ကလည်း တစ်တန်းတည်း ပဲပေးဖို့ အတွက်ပါ။ ဈေးနှုန်းကို လည်း မသတ်မှတ် ရသေးပါ ဘူး။ အကုန်လုံးကလည်း သဘော တူတဲ့ အတွက် လေးစား ချစ်ခင်ရပါတယ်။ အားလုံး တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ဆိုတာ ကိုပြတာပါ ပဲ”လို့ ပြောပြခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။