Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 26, 2012

“နှစ်ဆယ့်တနှစ်တာမလေးရှားမှာနှင့် မြန်မာအလုပ်သမားများဘ၀အကြောင်း – အပိုင်း (၁+၂)”

 
“နှစ်ဆယ့်တနှစ်တာမလေးရှားမှာနှင့် မြန်မာအလုပ်သမားများဘ၀အကြောင်း – အပိုင်း (၁)”
ကျနော်လည်း မလေးရှားအစိုးရနှင့်မြန်မာအစိုးရကြားမြေဇာပင်ဖြစ်ရရှာ အုန်းမည့် မြန်မာအမျိုးသမီးလေးများဘ၀.. ဆောင်းပါးလေးကိုအပိုင်း (၁) (၂) ရေးပြီးတဲ့နောက်ဆုံး မှာ မှတ်ချက်လေးပေးခဲ့ပါတယ်၊ မလေးရှားရောက်မြန်မာအလုပ်သမားများဘ၀ ဆိုတဲ့ ဆောင်းပါးလေးတွေ ကိုဆက်ရေးမယ်လို မှတ်ချက်ပေးခဲ့ပေမဲ့ ..တော်တော်နဲ့ မရေးနိုင်ဘူး၊ မရေးနိုင်ဆို ပြည်တွင်းမှာ လှိုင်သာယာစက်မှုဇုံ ဖက်မှာ မြန်မာအလုပ် သမားများ လုပ်ခလစာတိုပေးရေး၊ အလုပ်သမား အခွင့်ရေးပေးရေးတို့ကို တောင်းဆိုတဲ့ ဆန္ဒထုတ်ဖေါ်ကြတဲ့သတင်းတွေက တမဟုတ်ချင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာတဲ့အတွက် စိတ်က အဲဒီဖက်ကိုပြေးသွားပြီး နိုင်ငံသားအလုပ်သမားတဦး ရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်များဆိုတဲ့ ဆောင်းပါး အပိုင်း (၁) (၂) နောက် … လေဘာရုံးဘာလဲ အလုပ်သမားဝန်ကြီးဘယ်လဲ..? အစရှိတဲ့ ဆောင်းပါးတွေရေးလိုက်၊မိုးမခ၀က်ဆိုက်ဒ်ကို ပို့လိုက်၊
တခါအင်တာနက်ကနေ ကိုယ့်တိုင်းပြည်ကသတင်းတွေကို ညဖက် အချိန်ပြည့်ရှာဖတ်လိုက်နဲ့၊ စာမရေးဖြစ်တာ နဲနဲကြာပြီမို့ လက်ရှိဒီဆောင်းပါးကိုတော့ ရေးမှဖြစ်မယ်ဆိုပြီး တညလုံးထိုင်စဉ်းစားပြီး ရေးလိုက်တာ….မနက်ကျတော့ အလုပ်ကမဆင်းနိုင်တော့ဘူး၊ နောက်ပြီးအိပ်ရေးပျက်ပြီး ဖျားနေတာနဲ့ သုံးလေးရက်လောက် အလုပ်မဆင်းနိုင်တော့ အလုပ်ရှင်တရုတ်သူဌေးက ကျနော့်ကိုဖုန်းဆက်တယ်။

မလေးရှားအခေါ် ..boss .ကဖုန်းခေါ်တယ်ပေါ့ …

ကျနော်လည်း hello..လို့ ပြန်ထူးလိုက်ရုံပဲရှိသေးတယ်

ကျနော့်ကို ဖုန်းထဲကနေ တခါတည်းပြောတယ်.. you no need to come to work … တဲ့။

ကျနော်လည်းပြန်ပြောလိုက်တယ်.. good… i appreciate .လို့ … ဆိုတော့ ကျနော်လည်း အလုပ်ပြုတ်ရော။

တခါတည်းတရုတ်သူဌေးကို ကျနော်လည်းထပ်မေးတယ် ငါ့လစာလာယူမယ်.. ဆိုတော့ လကုန်မှ ပေးမယ်ပြောတယ်၊

ကျနော်ကလည်းထပ်ပြောတယ် ။

“မင်းပေးထားတဲ့အိမ်မှာ ငါနေတာမဟုတ်ဘူး၊ ငါ့ဘာသာ အိမ်ဌားနေရတာ၊ အိမ်လခမပေးရင် အိမ်ရှင်နဲ့ ငါ ပြဿနာဖြစ်မယ်၊ မင်းတို့ တရုတ်တွေအကြောင်းလည်း မင်းအသိပဲ၊ ပိုက်ဆံနဲ့ ပတ်သတ်ရင် မိဘအရင်းတောင် မင်းတို့က ရတာမဟုတ်ဘူး၊ ငါ့မှာအိမ်လခ ပေးဖို့ ပိုက်ဆံမရှိဘူး။ မနက်ဖြန်လာယူမယ် … ”

လို့ ကျနော်လည်းခပ်ပြတ်ပြတ်ပြောလိုက်ပြီးဖုန်းချပစ်လိုက်တယ်

မနက်ဖြန်ရောက်တော့ ခပ်တည်တည်နဲ့ စက်ရုံကိုသွားလိုက်တယ်။ သူဌေးတော့မတွေ့ဘူး။ ကျနော်နဲ့အလုပ်အတူလုပ်နေတဲ့ မြန်မာတယောက်ကို ကျနော့်လုပ်ခ လစာကို ကျနော်အလုပ်ဆင်းတဲ့ time card လေးနဲ့အတူ စာအိတ်လေးထဲထည့်ထားပြီး ပေးထားခဲ့တယ်။

time card. ဆိုတာလေးကိုလည်း ရှင်းပြအုန်းမယ်။ ကျနော်တို့အလုပ်ဆင်းရင်time card ထိုးရတယ်။ စက်လေးထဲကို အဲဒီကဒ်လေး ထိုးထည့် လိုက်..အ၀င်၊ အထွက် မှတ်တာပေါ့ဗျာ။ မနက် ၈ နာရီအလုပ်ဆင်းရတယ်၊ နောက်ကျရင် အဲဒီစက်လေးက မှင်ကအနက်မဟုတ်တော့ဘဲ အနီရောင်ဖြစ်သွားတယ်၊ အဲဒီလိုအလုပ်သမားအပေါ်မှာ လုပ်ငန်းရှင်တရုတ်သူဌေးက အတိအကျ ကို ကိုင်ထားတာ…အဲဒီ time card မှာ နောက်ကျလို့ မှင်နီတာတွေ့ရင် တရုတ်သူဌေးကခေါ်ပြီး ဆူတော့ပူတော့တာ။

ကျနော်ကလည်းပြန်ပြောတယ်။

“မင်းတို့ညနေငါတို့အလုပ်ဆင်းချိန်မှာလည်း တခါတလေ ပစ္စည်းတွေရောက်လို့ ပစ္စည်းတွေကုန်အောင် ချနေရတဲ့အခါ ငါတို့အိမ်အပြန်ခုလိုပဲ ငါးမိနစ် ဆယ်မိနစ်နောက်ကျတာပဲ..ဒါမျိုးကျတော့ မင်းတို့ပါးစပ်တွေပိတ်နေတယ်။ တခါတရံ ငါတို့နောက်ကျတဲ့ ၂မိနစ် ၃မိနစ်လောက်ကိုလည်း မင်းတို့အဲလိုပြောနေရင် ငါတို့အလုပ်သိမ်းချိန်မှာလည်း အတိအကျပြန်မယ်၊ တကယ်လို့ မင်းတို့ပစ္စည်းတွေ ရောက်လာတဲ့အချိန် ငါတို့အလုပ်ပြီးလို့ ပြန်မဲ့အချိန်နဲ့ကြုံနေရင် နာက်ရက်မှ ပစ္စည်းတွေချပေးမယ်။ ဘယ်လိုလည်း သဘောတူလားလို့.? ”

ကျနော်က မေးလိုက်တော့ တရုတ်သူဌေးလည်း ပါးစပ်ပိတ်နေတော့တယ်။

ကျနော်သိတယ်၊ မလေးရှားတရုတ်တွေက ပြောတတ်ဆိုတတ်၊ နားလည်နေရင် ..သိပ်မကြိုက်ချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့သူတို့လုပ်ချင်သလိုသိပ်ပြီးတော့ လုပ်လို့မရတော့လို့ပဲ။နောက်ပြီး ကျနော့်မိတ်ဆွေ မလေးတရုတ်တယောက်ကလည်း ပြောဖူးတယ်၊ တရုတ်သူဌေးတွေက ကျွမ်းကျင်တဲ့ သူ.. တတ်သိနား လည်တဲ့သူကို လိုချင်တယ်ဆိုတာ..စကားအဖြစ်ပြောတာတဲ့..တကယ်တန်းကျတော့ ဘာမှမသိရင်၊နားမလည်ရင်ပိုကြိုက်တယ်လို့ ကျနော့်ကိုပြောဖူးတယ်၊ အဲဒီတရုတ်လည်း မကြာဖူး.. အလုပ်ပြောင်းတာပဲ၊…ကျနော့်လုပ်ခလစာကို ကျနော့်ကို တိုက်ရိုက်မပေးဘူးဆိုကတဲက .. ကျနော်သဘောပေါက်ပါတယ်။

တရုတ်သူဌေး က ကျနော်နဲ့မျက်နှာချင်း မဆိုင်ချင်လို့ ပါ….ဘာပဲဖြစ်ဖြစ်လေ..ကျနော့်လစာကို ရခဲ့ပြီဖြစ်တဲ့အတွက်..ဒီလနဲ့ နောက်လ အတွက်တော့ နဲနဲအဆင်ပြေတာပေါ့။ ဒါနဲ့ ကျနော်လည်း အလုပ်မရှိတော့ အားတာနဲ့ မလေးရှားရောက် မြန်မာအလုပ်သမားများဘ၀ ..ဆိုတဲ့ ဆောင်းပါးလေးရေးရအုံးမယ်ဆိုတာ ပြန်အမှတ်ရပြီးရေးလိုက်တာပဲ.။

ကျနော်နေတဲ့ အိမ်နဲ့မျက်နှာချင်းဆိုင်ဖက်မှာ ကျနော့်အိမ်ရှေ့နဲ့ ခပ်လှမ်းလှမ်း ၀ါးသုံးပြန်လောက်မှာ တရုတ်စားသောက်ဆိုင်တဆိုင်ရှိတယ်..အဲဒီဆိုင်မှာကျနော်တို့ ညတိုင်းရေနွေးကြမ်းသောက်..လက် ဖက် ရည် သောက်နဲ့ ..အမြဲတမ်းအားပေးတဲ့ဆိုင်ဆိုတော့ ထိုင်ရတာအဆင်ပြေပါတယ်။

အဲဒီမှာညတိုင်းနီးပါးလောက်ထိုင်ဖြစ်ကြရင်း ကျနော့်ညီလိုခင်ရတဲ့အညာဖက်က အညာသားလေးတယောက်ရှိတယ်၊ သူကလည်းအင်မတန်သိချင်၊တတ်ချင်တဲ့ကောင်လေးဆိုတော့ သူမေးတာတွေကိုဒိုင်ခံရှင်းပြ၊ေ ပြောပြနဲ့ ဒီကောင်လေးလည်း ခုတော့ သူ့ အလုပ်ရှင်သူဌေးက နဲနဲအလျှော့ပေးလိုက်တယ်။အရင်ကဆို ဒီကောင်လေးအလုပ်က တလမှာ တလလုံး အလုပ်လုပ်ရတယ်၊ တရက်မှ နားရက်မရှိဘူး၊ အရင်ကတော့ မနက် ၃း ၃၀လောက်ထပြီး အလုပ်လုပ်ရတယ်.။ ပြီးတဲ့အချိန်က ညနေ ၄း ၃၀လောက်မှပြီးတယ်၊။ တနင်္ဂနွေနေ့ ၊ အများသူငါ အလုပ်ပိတ်ရက်လည်းမနားရဘူး၊ gazette holiday (သမိုင်းဝင်အစိုးရရုံးပိတ်ရက် )လည်း မနားရဘူး၊ အလုပ်သမားအခွင့်အရေးတွေ၊ မလေးရှားရဲ့အလုပ်သမားဥပဒေတွေအကြောင်းတွေကို.. ကျနော်လည်း ကျနော်လေ့လာထားသလောက် ပြောပြတော့ ကောင်လေးက တဖြည်းဖြည်းသဘောပေါက်လာပြီး တရုတ်သူဌေးကို ဥပဒေကြောင်းအရ အချက်အလက်နဲ့(meeting) မှာပြောတာ.. ခုတော့ ဒီကောင်လေး လည်း အလုပ်ချိန် မနက် ၈ နာရီဆင်းဖြစ်ပြီး တနင်္ဂနွေနေ့ဆိုရင် နားရက်ရလာတယ်။ တပါတ်ကို တရက် နားရက်ရ လာတော့တာပေါ့လေ။

ကျနော်ကလည်း ဒီကောင်လေးကို ညီလေးအရင်းတယောက်လို ချစ်ခင်တော့ အနေအထိုင်၊ အ၀တ်အစား ၀တ်တာကအစ၊ စကားပြောတာအဆုံးပေါ့.. သင်ပေးထားတယ်။ ကောင်လေးက အစစအရာရာပြောင်းလဲလာတာကို သူ့အလုပ်ရှင်သူဌေးက ရိပ်မိတယ်၊ သူ့အလုပ်မှာလည်း တခြားဗမာအလုပ်သမား လေးယောက်လောက် ရှိသေးတယ်၊ အဲဒီကောင်တွေကတော့ ဘာမှမသင်ဘူး၊ သိလည်းမသိချင်ဘူး၊ သူတို့ကတော့ မနက်လင်း အလုပ်လုပ်လိုက်၊ အလုပ်ပြီးရင် အရက်ကလေးသောက်လိုက်၊ အပျင်းပြေ ဖဲ ရိုက်လိုက်နဲ့၊ မလေးစကားလည်းဘာမှ ဟုတ်တိပတ်တိမသိဘူး၊ အင်္ဂလိပ်လိုတော့ . .ဝေးရော့ပဲ…. ဆိုတော့၊ ကျနော့်ကောင်လေးနဲ့ အဲဒီလေးယောက်နဲ့တော့ တခြားစီပဲလေ၊ခံယူချက်ချင်း၊ ယုံကြည်ချက်ချင်းမတူကြဘူးကိုး။

ကျနော်ကောင်လေးက ကွန်ပြူတာကို ကျနော့်ဆီက သင်တယ်၊အခြေခံပေါ့လေ၊ ပြီးတော့ ငွေလေးစုပြီး လက်တော့ပ်လေး ( laptop ) .. တလုံးဝယ်လိုက်တော့ …ဟော … အခုတော့ အရင်လို အချိန်ပြည့်အလုပ်ကြမ်းသမား မဟုတ်တော့ပဲ .. ကွန်ပြူ တာလေးနဲ့ ရုံးခန်းထဲမှာ စာရင်းရေးရတယ်၊ ပစ္စည်းစာရင်းတွေကို ကွန်ပြူတာနဲ့ ရေးပြီးမှတ်ရတယ်၊ လစာကိုလည်း သူဌေးက တိုးပေးလိုက် တယ်.. တိုးပေးလိုက်တာက အကောင်းတိုပေးလိုက်တာ မဟုတ်ဘူး၊ ဒီကောင်လေးက အလုပ်သမားအခွင့်အရေးတွေ၊ အလုပ်သမားဥပဒေတွေအကြောင်းကို အရင်နဲ့စာရင် သိတတ်နားလည်လာတော့ ၊တနင်္ဂနွေ အလုပ်ပိတ်ရက်တင်မဟုတ်ဘူး၊ gazette holiday..( သမိုင်းဝင်ရုံးပိတ်ရက် )တွေ ပါ.. နားရက်.( သို့ ).လုပ်ခလစာ သုံးဆတွေ ထပ်တောင်းလာတော့မှာသိလို့ ..သူ့အလုပ်ရှင်သူဌေးက သူ့ကို ကြိတ်ပြီးလစာတိုးပေးလိုက်တယ်၊ ဒါပေမဲ့လည်း ဒီကောင်လေးက တောက်မဲ့မီးခဲတရဲရဲ လို့ ပဲ ပြောရမလားပဲ၊ လုပ်ငန်းရှင်ဖြစ်ချင်တယ် တဲ့။

တရုတ်တွေဆီမှာ အလုပ်သမားအဖြစ်နဲ့ မလုပ်ချင်တော့ဘူး၊ ဒီနှစ်ကုန်ရင် သူက အလုပ်ထွက်မယ် ၊ ပြီးတော့ လုပ်ငန်းတခုကို လုပ်မယ်တဲ့…။ ကျနော်ကလည်း သဘောတူတယ်၊ အေး.ကောင်းတယ်..အားပေးတယ်.လုပ်ကွ.. …။ ချမ်းသာတာကောင်းတယ်လို့ … ကျနော်လည်းပြော လိုက်တယ်။

ကောင်လေးကသူ့ မြန်မာပြည်တုန်းက ဆိုင်ကယ်လည်း မမောင်းတတ်ဘူး၊ ကားလည်း မမောင်းတတ်ဘူး၊ ကောင်လေးက ကျနော့်ကိုသင်ပေးပါဆိုလို့ ကျနော်လည်း သင်ပေးလိုက်တာ ခုတော့ မလေးရှားမှာ ဆိုင်ကယ်တွေမောင်း၊ ကားတွေလည်းမောင်းတတ်နေပြီ။ အမှန်အတိုင်းပြောရရင် အဲလိုလူငယ်လေးတွေကို ကျနော် မြေတောင်မြှောက်ပေးရတာ ကျေနပ်တယ်။

သူကပြောသေးတယ်။ coolie is must becoming coolie , coolie is not becoming rich man ..တဲ့။ သူက ကျနော့်ကို အဲလိုပြောတော့ ကျနော် တော်တော်သဘောကျတယ်၊ ဟုတ်တယ်လေ. အလုပ်သမားဟာ အလုပ်သမားပဲဖြစ်လာမှာပေါ့၊ အလုပ်သမားဟာ လူချမ်းသာတော့ ဘယ်ဖြစ်ပါ့မလဲ.. အဲ. .ဖြစ်ချင်ရင်တော့ အလုပ်သမားဘ၀မှာကတည်းက အလုပ်လုပ်ရင်း ပညာဆည်းပူးပေါ့၊ ပညာဆည်းပူးရင်းလည်း အလုပ်လုပ်ပေါ့၊ မလေးရှားမှာ လျှပ်စစ်မီးမှန်တယ်၊ကွန်ပြူတာတွေ လွယ်လင့်တကူ ၀ယ်လို့ရတယ်၊ အင်တာနက်လိုင်းကိုလည်း မြန်မာပြည်မှာလို ဘာအတွက် သုံးတာလဲ.ဟိုမေး သည်မေး ဘာမှအစစ်ခံစရာမလိုဘူး၊

ဒီတော့ ကိုယ့်တိုင်းပြည်မှာ မှန်မှန်မပေးနိုင်တဲ့ လျှပ်စစ်မီးနဲ့သုံးမှရတဲ့ ကွန်ပြူတာသင်တာ၊ တတ်ထားတာ ကောင်းတာပေါ့၊

အလုပ်သမားအတွေးမျိုးမတွေးနဲ့.. လုပ်ငန်းရှင်အတွေးမျိုး.. လုပ်ငန်းရှင်အနေအထိုင်မျိုး.. လုပ်ငန်းရှင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ သိ တတ်၊နားလည်ရမဲ့ အတွေးအခေါ်တွေ၊ သင်ယူလို့ရတဲ့ပညာတွေကိုေ လ့လာကျိုးစားထားရင်တော့ အလုပ်သမားဘ၀ က လွတ်နိုင်ပါတယ်လို့. . ပြောလိုက်ဘူးပါတယ်။

● ကျနော် ဗမာပြည်ကပြေးလာပြီ..

ကျနော်မလေးရှားကို ၁၉၉၀ ရွေးကောက်ပွဲမဲပေးပြီးတော့ ထွက်လာတာပဲ။ အထဲမှာလည်း နေလို့က သိပ်အဆင်မပြေတော့ဘူး၊

သိပါတယ်..’’ ထောက်’’(ထောက်လှမ်းရေး)တွေကလည်း ကျနော့်အိမ်ကို လာမေးကုန်ပြီ၊ ထောက်လှမ်းရေးသတင်းပေးများကလည်း ကျနော့်အိမ်နားမှာ ၀ဲဝဲနေတယ်၊ကျနော့်သူငယ်ချင်းတယောက် (ယခုအမေရိကန်တွင်နေထိုင်သူ)ကိုတော့ ကျနော့်ရှေ့တင်ဆွဲသွားပြီ။.

သူ အထဲရောက်သွားပြီးနောက် ၁၉၈၉ အာဇာနည်နေ့ချီတက်ပွဲမှာ ကျနော်လည်းပါတယ်။ စုရပ်က အခုအန်အယ်ဒီရုံးချုပ်ရှေ့မှာပေါ့။ အစက အန်တီစုကိုယ်တိုင် လူထုနဲ့ ချီတက်မယ်ပေါ့။ ၁၈.ရက်နေ့ ညတညလုံး အန်တီစုတို့ လူကြီးတွေနဲ့ ချီတက်ဖို့ကို အကြိတ်အနယ် တိုင်ပင်ကြတယ် ပြောတယ်။ နောက်တော့ အန်တီစုကပြောလိုက်တယ်၊ကိုယ့်အိမ်ကနေပဲ အာဇာနည်ကြီးတွေကို အရိုအသေပြု.. အလေးပြုပါလို့ ပြောတယ် လို့ပြောပါတယ်။

အဲဒီအချိန်က ဘဘဦးတင်ဦးက ရုံးအဆောက်အဦးအတွင်းထဲကနေ ခေါင်းဆောင်တွေကိုပြောပြနေတာကို မြင်နေရတယ်။ ကျောင်းသားတွေရော၊လှုပ်ရှားတက်ကြွတဲ့ လူငယ်တွေရော လူအုပ်ကတော်တော်များတယ် ၊နောက်…. အားလုံး ဆက်ပြီး ချီတက်မယ်လို့ ခေါင်းဆောင်ပိုင်းကပြောတယ်။အားလုံးကလည်း ချီတက်မယ်ဆိုပြီး ဆုံးဖြတ်ပြီး ချီတက်ကြတာ။ .ရွှေတိဂုံအရှေ့ဖက်မုဒ် မှာစစ်တပ်က တန်းစီပြီးစောင့်နေပြီ၊ တီအီးစစ်ကားတွေရော..လက်နက်အပြည့်အစုံ.သေနတ်ထိပ်မှာလည်း ဘက်နက်ဂ် တွေနဲ့.၊ကျနော်တို့ လူအုပ်စုတွေအားလုံးကလည်း ဆက်ပြီးချီတက်ကြတယ်၊ စစ်တပ်ကလည်း လူစုခွဲဖို့ အသံချဲ့စက်နဲ့အော်နေရင်း သူတို့ကလည်း ကျနော်တို့လူအုပ်ဖက်ကို တိုးလာပြီ၊ ကျနော်တို့ကလည်းဆက်ချီတက်ရင်း ရှေ့ဆုံးက ကျောင်းသားအုပ်စုထဲက ခေါင်းဆောင်က. ပန်းချီပန်းပုကျောင်းရှေ့နားက မကျီးပင်အောက်နားလည်း ရောက်ရော.ကျနော်တို့ရှေ့ဆက်သွားလို့ မဖြစ်တော့တဲ့အတွက်. .. ဒီမှာတင်ပဲ လွမ်းသူ့ပန်းခွေတွေကိုချပြီး.. အာဇာနည်တွေကိုဂုဏ်ပြုမယ်လို့ ပြောပြီး ပန်းခွေတွေလည်းချပြီး အလေးပြုတုန်းမှာပဲ စစ်ခွေးတွေကပြေးလာပြီး ကိုက်တော့တာပဲ။

အားလုံးလည်းဝရုန်းသုံးကားပေါ့ဗျာ။ အားလုံးပြေးသူပြေးကြ၊ ဒဏ်ရာရတဲ့သူတွေနဲ့ ၊သွေးထွက်သံယိုတွေပေါ့။ ကျနော်လည်း အတော်ခံလိုက်ရတာ၊ဒါပေမဲ့ဘုန်းကြီးကျောင်းထဲကို ၀င်ပြေးရင်းနဲ့ လွတ်သွားခဲ့တယ်၊ ဘုန်းဘုန်းတွေကတော့ … ”တောက်” တခေါက်ခေါက်နဲ့ မိန်းကလေး၊ ယောင်္ကျားလေး အားလုံးကို ကျောင်းထဲကိုသွင်းပြီး ဒဏ်ရာရတဲ့သူတွေကို ဆေးထည့်ပေးတာ။ အားလုံး လုပ်ပေးကြတာကို ခုထိ ကျနော်မြင်ယောင်နေသေးတယ်။

နောက်အဲဒီကစပြီးအန်တီစုကိုလည်း ဆူပူမှု့ဖြစ်အောင်လှုံ့ဆော်တယ်၊ဘာညာဆိုပြီးထိမ်းသိမ်းလိုက်တာပဲ။ အဲဒီချီတက်ပွဲကနေ. ကျနော် လည်းအိမ်ပြန်ရောက်တော့ အခြေအနေက မကောင်းတော့ဘူးဆိုတာကို သိတယ်၊သူငယ်ချင်းတွေကလည်းသတိပေးနေကြပြီဆိုတော့ကျနော်လည်းနယ်မှာရှိတဲ့ကျနော့်အမျိုးတွေဆီကိုရောက်သွားတယ်၊ နယ်မှာလည်းကျနော်အခါအခွင့်ရရင်ရသလိုခါကြီးရက်ကြီးတွေမှာ စာတွေဖြန့် တာတွေလုပ်တာပဲ၊နောက်တော့ ၁၉၉၀ .မှာ အထွေထွေရွေးကောက်ပွဲလုပ်တော့ ရန်ကုန်အိမ်ပြန်ရောက်လာပြီး အန်အယ် ဒီအောင်နိုင်ရေးကို တဖက်တလမ်းကနေလုပ်တာပဲ၊ဒါပေမဲ့ကျနော်က ပါတီမ၀င်ဘူး၊ အဲဒီနောက်မှာတဖြည်းဖြည်းအခြေအနေကဆိုးသထက်ဆိုးလာတော့ ..ကျနော်လည်း ..လစ်တာပဲ. ကောင်းတယ်ဆိုပြီး ပြည်ပကို မြ၀တီကနေ မဲဆောက်၊မဲဆောက်မှာ သုံးရက်လောက်နေလိုက်သေးတယ်၊ ..နောက် .သူငယ်ချင်းတွေနဲ့ အတူ မလေးဖက်ကိုရောက်လာတယ်..ကျနော်တို့ခေတ်က မလေးထဲကို ထိုင်းကနေ လူပွဲစားကို ပိုက်ဆံပေးပြီး ခိုးဝင်လာရတာ၊ ညဖက်တွေမှာ ချောင်းကူး၊ မြောင်းကူးနဲ့၊ ထိုင်းနယ်စပ် ဆွန်ဂိုင်းဂလုပ်နဲ့ မလေးနယ်စပ်ကိုတာဘာဒူးမြို့ ကြားထဲမှာချောင်းတခုရှိတယ်၊ အဲဒီချောင်းကို လူပွဲစားတွေနဲ့ ညဖက် ၂ နာရီလောက်ကြီးကို ခိုးဖြတ်ရတယ်၊အဲဒီချောင်းကို ဖြတ်တာလဲပြောရအုန်းမယ်၊ချောင်းရဲ့အကျဉ်းဆုံးနေရာ မလေးဖက်ကမ်းကိုပွဲစားတွေက စက်လှေနဲ့ညနေမိုးချုပ်ချုပ်လောက်ကတဲက ကြိုးတန်းပြီးချည်ထားခဲ့တာ၊ ကြိုးတစကို ဆွန်ဂိုင်းဂလုပ်ဖက်ကကမ်းစပ်နားမှာမမှောင်ခင်တော့ရေထဲမှာမြှုပ်ထားလိုက်ပြီးကြိုးစကိုတနေရာဖွက်ပြီးချည်ထားတယ်၊ကျနော်တို့သွားမဲ့ညဖက် ၂နာရီလောက်မှာလူတွေအုပ်စုလိုက်ဆင်းလာပြီးအဲဒီကြိုးကိုလက်ကနေကိုင်ထားရင်းအဲဒီချောင်းကိုကူးရတာပဲ၊ချောင်းက ရေက လည်ပင်းလောက်ရောက်လိုက်၊ရင်ညွန့်လောက်ရောက်လိုက်၊တခါတခါ ရေထဲကချိုင့်တွေထဲဆင်းမိရင်းပါးစပ်လောက်ထိရောက်လိုက်နဲ့၊မလေးဖက်ကမ်းရာဘာတောထဲကိုရောက်အောင်ကူးသွားရတာပဲ။

အဲဒီကတဆင့် ရာဘာတောတွေထဲကို မြွေမကြောက်..ကင်းမကြောက်..ရင်ညွန့်လောက်ရှိတဲ့ ကိုင်းပင်တွေထဲကနေ ဖြတ်လာရတာ၊ မှောင်မဲနေလို့ ဘာမှလည်းမမြင်ရဘူး၊ နားတွေလည်းအူနေပြီး ထမင်းတွေလည်း ငတ်တယ်၊အဲဒီရာဘာတောထဲမှာ တညအိပ်ရသေးတယ်၊အခြေအနေမကောင်းလို့..သို့မဟုတ်..မလေးဖက်ကလူနဲ့မချိပ်မိသေးလို့ လို့ပြောတာပဲ၊ တောထဲမှာစကားကျယ်ကျယ်ပြောလို့မရဘူး၊ ကုပ်နေရတာ၊အဲဒီအခါထမင်းကတော့ဥပုတ်ဒ် စောင့်ရတာပေါ့၊ နောက်အဲဒီကနေဘူတာကိုအစုလိုက်တွေသွားရတယ်၊လက်မှတ်ကမလေးဖက်ကလူကကြိုဝယ်ထားပြီးသား.ရထားလာတော့ ရထားစီးပေါ့။ရထားပေါ်မှာလည်းစကားလုံးဝမပြောရဘူး၊ပွဲစားကကျွေးရင်စားရတယ်၊မကျွေးရင်ငတ်တယ်၊နောက်တော့..ကေအယ်..kualalumpur. ကိုရောက်ပေါ့…နောက်ပွဲစားကအလုပ်ထည့်ပေးတယ်၊ အဲဒီအချိန်တုန်းက မလေးရှားမှာ ဗမာလူမျိုးက ခုလောက်မရှိဘူး၊ အလုပ်တွေကလည်းတနေ့မှ မလေးရင်းဂစ်. ၁၆ရင်းဂစ်ပဲပေးတာ၊..အဲဒီတုန်းက မလေးရှားက မလေးလူမျိုးရော၊ မလေးရှားတရုတ်ရော၊ မလေးအိန္ဒိယလူမျိုးတွေရော..ဗမာနိုင်ငံသားဆိုတာကို သိပ်မသိကြသေးဘူး၊ ဘယ်ကလာလဲ..လို့ ကျနော့်တို့ကိုမေးရင် i come from burma.. လို့ ပြောရင် ..သူတို့မသိဘူး၊ ဘားမားဆိုတာကို သူတို့မကြားဖူးဘူးဗျ ၊ အဲဒီကာလက မလေးတရုတ်တွေအများစုက အင်္ဂလိပ်စကားကို broken တောင် မပြောနိုင်ကြသေးဘူး၊ မလေးရဲတွေကလည်း ကျနော်တို့ကို မလေးလူမျိုးပဲ ထင်နေတာ.. မလေးလူမျိုးကိုကြည့်ချင်ရင် ဗမာလူမျိုးကို သာ ကြည့်လိုက်..အတူတူပဲ..အရပ်အမောင်း၊ အသားအရေ..အကုန်တူတယ်. မလေးလူမျိုးတွေကလည်းအိမ်မှာနေရင် ကျနော်တို့လိုပဲ လုံချည်ဝတ်တယ်..အဲဒီလုံချည်ကို သူတို့ကဘယ်လိုဝတ်သလဲဆိုရင်ကျနော်တို့ ဗမာဘုန်းကြီးတွေ သင်းပိုင်ဝတ်သလို ရှေ့ပိုင်းကခေါက်ပြီးဝတ်ကြတယ်၊ င်္အကျီကိုလည်း ကျနော်တို့ဗမာတွေလိုပဲ ၀တ်တယ်၊ ထမင်းစားတော့လည်း ကျနော်တို့ဗမာတွေလိုပဲ လက်နဲ့ပဲ လက်ဆေးပြီးထမင်းစားတယ်၊ မလေးတရုတ်တွေကတော့ ဇွန်း ခရင်းနဲ့..သို့.. တူ တွေနဲ့ စားကြတယ်၊ နယ်မြေအလိုက်မလေးရဲတွေက ပတ္တရောင်လှည့်တဲ့အခါ မီးတန်းကားပေါ့.( .ကားခေါင်မိုးပေါ်မှာမီးတန်းပါတဲ့ကား.. ) တချို့တော့လည်း ဆိုင်ကယ်တွေနဲ့ နှစ်စီးသုံးစီးလောက် အုပ်စုလိုက် လှည့်တယ်၊တခါကတော့ ကျနော်ကလည်း အလုပ်ပိတ်ရက် တနင်္ဂနွေနေ့မှာကိုယ့်ပတ်ဝန်းကျင်နားကို ရှောက်သွားကြည့်တယ်၊ စားသောက်ဆိုင်ဆိုင်းဘုတ်တွေ၊အလုပ်ကုမ္မဏီ ဆိုင်းဘုတ်တွေကို တွေ့တော့ လိုက်ဖတ်ကြည့်တာပေါ့လေ၊ သူတို့ဆိုင်းဘုတ်တွေကလည်း အင်္ဂလိပ်အက္ခရာနဲ့ရေးထားတာ..ဒါပေမဲ့ ..ကျနော်နားမလည်ဘူးဖြစ်နေတယ်..( ဥပမာ)..ဆိုပါတော့..အင်္ဂလိပ်လို. restaurant..ဟာ..ဗမာလိုတော့ စားသောက်ဆိုင်ပေါ့.. ဒါပေမဲ့ ကျနော်တွေ့နေရတဲ့ အင်္ဂလိပ်စာက ..restoran. ဖြစ်နေတယ်။

ကျနော်တို့နားလည်တာက အင်္ဂလိပ်လိုပြောတတ်ရင် ဘယ်နိုင်ငံဖြစ်ဖြစ်ရတယ်လို့ပဲထင်နေတာကိုး၊သူတို့မိခင်ဘာသာစကားရှိတာကိုကျနော်တို့နားမလည်ဘူး၊မသိခဲ့ဘူး၊ထိုင်းလည်းအဲလိုပဲ၊ဒါပေမဲ့ထိုင်းက ထိုင်းအက္ခရာနဲ့ရေးထားတာဆိုတော့ရှင်းတယ်လေ၊ မလေးရှားနိုင်ငံကမိခင်ဘာသာစာကတော့မလေးအက္ခရာတွေနဲ့ရှိမယ်လို့ပဲနားလည်ထားတာဆိုတော့၊စားသောက်ဆိုင်တွေ၊ကုမ္မဏီဆိုင်းဘုတ်တွေလိုက်ကြည့်ပြီးလိုက်ဖတ်ရင်းနဲ့ ကျနော်လည်း ဇဝေဇ၀ါဖြစ်နေတယ်၊..ငါ…များအင်္ဂလိပ်စာလုံးပေါင်း မှားနေသလားပေါ့.. မေးရအောင်ကလည်း အဲဒီကာလက ဗမာက ကျနော်နေတဲ့နားမှာ သိပ်မရှိဘူး၊ ရှိတဲ့ဗမာတွေကလည်း တဦးနဲ့ တဦး မခေါ်မပြောကြဘူး၊ ဘာဖြစ်လို့ဆိုတော့ အဲဒီကာလက ခိုးဝင်လာကြတာဆိုတော့ “ ရဲ “ မသိစေချင်တာလဲပါတယ်၊ ဗမာလိုတွေပြောရင် “ ရဲ” ကသိမယ်၊ ဒါကြောင့် အဲဒီကာလက ဗမာအချင်းချင်းလည်း စကားမပြောကြဘူး၊ အဲဒီတုန်းက ဗမာလူမျိုးဆိုလို့ မလေးမှာ..ရန်ကုန်ကလူတွေလောက်နဲ့ မွန်လူမျိုးတွေလောက်ပဲ ရှိကြတာ၊ မွန်တွေကလည်း တောသူတောင်သားမွန်တွေများပါတယ်၊အတန်းပညာသိပ်မရှိကြဘူး၊ တချို့ ဗမာစကားကိုတောင် ကောင်းကောင်းမပြောတတ်ကြဘူး၊

တချို့ကတော့ ဗမာနဲ့ စကားမပြောချင်တာလည်းပါတယ်၊ သူတို့ကလည်း “မွန်” လူမျိုး ဆိုပေမဲ့ ..ဒီကတရုတ်တွေ..ဒီမလေးနိုင်ငံသားများက မေးရင် ထိုင်းလူမျိုးလို့ပြောထားတာ..အဲဒီမွန်တွေက ထိုင်းမှာအနေကြာပြီးမှ မလေးကိုလာကြတာဆိုတော့ဒီမှာသူတို့ ထိုင်းလူမျိုးပါလို့ပြောထားတတ်တယ်၊ ဒီတော့ သူတို့ကိုလည်း ထိုင်းပဲ ထင်တာပေါ့။ ကျနော်လည်း စောစောပြောတဲ့ ဆိုင်းဘုတ်တွေက အင်္ဂလိပ်စာလုံးနဲ့တော့ရေးတယ်၊အသံထွက်က တမျိုးကြီးဖြစ်နေတာပေါ့လေ၊ နောက်.တော်တော်ကြာမှ မလေးလိုရေးထားတာဆိုတာသိရတာ၊ မလေးစကား ဟာလည်း A .to.Z အင်္ဂလိပ်အက္ခရာ သုံးပြီး မလေးအသံထွက်တာဆိုတာကို နောင်များတော်တော်ကြာမှ သိခဲ့ရတာပါ၊ အဲဒီကာလက မလေးရှားဝန်ကြီးချုပ်က ဒေါက်တာမဟာသီယာမိုဟာမက်ဖြစ်ပြီး…ဒု ၀န်ကြီးချုပ်ကတော့ အခု အတိုက်အခံပါတီ.P K R.ကခေါင်းဆောင်. .အန်န၀ါအီဘရာဟင် ပါပဲ၊…နိုင်ငံခြားရေးဝန်ကြီးကတော့အဲဒီကာလတုန်းက ..ဗမာပြည်ကို ၁၉၉၇ခုနှစ်မှာ အာစီယံထဲကိုဆွဲသွင်းဖို့ ၀န်ကြီးချုပ်ဖြစ်သူ မဟာသီ ရဲ့အစီအစဉ်နဲ့ ဗမာပြည်ကို လွန်းပြန်ခဏခဏသွားနေတဲ့ အက်ဒ်ဗ်ဒူလာဘာဒါဝီ ပဲဖြစ်တယ်.( နောင်တချိန်မှာဝန်ကြီးချုပ်မဟာသီအနားယူတော့ .မဟာသီကိုယ်တိုင်ဝန်ကြီးချုပ်အဖြစ်တင်ပေးခဲ့ပြီး..များမကြာမှီပဲ.. မဟာသီ နဲ့ ရန်ဖက်ဖြစ်ခဲ့သူ )တို့ဖြစ်ပါတယ်။

အဲဒီတုန်းက မလေးငွေဈေးက ယူအက်စ် တဒေါ်လာကို မလေးရှားရင်းဂစ်.၂. ၅၀ ဆင့် ပဲ ဖြစ်ပါတယ်၊ အဲဒီကာလဆီတုန်းက ကေအယ်ကိုသွားရင်. ၆၀ဆင့် ပဲပေးရပြီး မီနီဘတ်စ်ကား ပန်းနုရောင်လေးတွေပြေးဆွဲကြပါတယ်၊ လက်ဖက်ရည်တခွက်ကိုလည်း ၆၀ ဆင့်.၊..ပလာတာ..မလေးမှာတော့ ရိုတီ ခေါ်ပါတယ်၊အဲဒီရိုတီကလည်း ၅၀ ဆင့် ပဲရှိပြီး ကြက်ဥတလုံးကို ၁၀ဆင့် ၁၅ ဆင့်ပဲ ရှိပါတယ်၊ ထိုကာလက အိမ်ကိုငွေလွှဲရင် မြန်မာငွေ .တသောင်း..နှစ်သောင်းပေါ့၊ သုံးသောင်းလောက်ငွေလွှဲနိုင်တဲ့သူများကတော့ မာန ကြီးတခွဲသားနဲ့ ပါပဲ၊ အဲဒီတုန်းက မလေး တရင်းဂစ်ကို မြန်မာလို၂၅ ကျပ်နဲ့..တခါတရံ.၂၈.၃၀ကျပ်အများဆုံးပဲ ငွေဈေးပေါက်ပါတယ်၊ အဲဒီကာလက ကျနော်တို့ဗမာလူမျိုးတွေဟာ ၀တ်တာစားတာကအစ မလေးနဲ့တူတဲ့သူက မလေးလိုလိုက်ပြီး ၀တ်စားဆင်ယင်ကြသလို ၊ အသားဖြူတဲ့သူ တရုတ်နဲ့တူသူကတော့ တရုတ်စတိုင်လိုက်ပြီး ၀တ်စားဆင်ယင်ကြပါတယ်၊ ဘာဖြစ်လို့အဲလို တူတဲ့စတိုင်တွေ လိုက်ဝတ်ကြသလဲ ဆိုရင် အဲဒီတုန်းက ရဲ ကိုယ် တိုင်က.. မလေးလား ..? ဗမာလူမျိုးလားကို မခွဲ တတ်ပါဘူး၊ ဗမာကလည်း မလေးလို ၀တ်စားထားပြီး ဗမာစကားမပြောရင် လုံးဝ မလေးပါပဲ…ထိုစဉ်ကာလကရဲတွေလည်းမျက်စီလည်ပြီးမလေးအစစ်ကိုဗမာထင်ပြီးပါစ့်စပိုစ့်ဆို ပြီး တောင်းလို့တောင်း၊တကဲ့မလေးအစစ်တွေကတော့လူကြားသူကြားမှာသူတို့ကိုရဲကစစ်လား ဆေးလားလုပ်တဲ့အတွက်ဒေါသတွေထွက်ပြီး ပြန်အော်တဲ့အတွက် ..ရဲ ကလည်းရှက်ပြီး.မလေးလို(.မအဖ်ကန်ဆာရာ)…ဆောရီး .. ဆိုပြီးတောင်းပန်ပြီးလှည့်ပြေးတော့တာပါပဲ။

ထိုကာလများဆီတုန်းက မလေးလိုတတ်ရင်အရာရာအဆင်ပြေသလို..အင်္ဂလိပ်ပြောတတ်ရင်တော့ အရမ်းကိုအထင်ကြီးပါတယ်၊အဲဒီတုန်းက လုပ်ငန်းရှင်တရုတ်သူဌေး အယောက်တရာ မှာ( ၆၀ ) လောက်က အင်္ဂလိပ်လိုစကားကောင်းကောင်းမပြောတတ်ပါဘူး။ အဲဒီတုန်းက တရုတ်တွေက ကျနော်တို့ဆီကနေ အင်္ဂလိပ်စာကို အလုပ်ခိုင်းရင်းနဲ့ ပြန်သင်ယူသွားပါတယ်၊ အင်္ဂလိပ်လိုကျနော်တို့ကပြောတာကို တရုတ်သူဌေးတွေနားမလည်ရင် စာလုံးပေါင်းပြရပါတယ်၊ အဲဒီစာလုံးပေါင်းကို သူတို့ကမှတ်ထားပြီးတော့ အင်္ဂလိပ်-တရုတ် ဒစ်ရှင်နရီ ကို ပြန်လှန်ပြီး စာလုံးပေါင်းအဓိပ္ပါယ်ပြန်ရှာကြပါတယ်၊ ကျနော်တို့ကိုလည်း မလေးတရုတ်တွေတော်တော်အထင်ကြီးပါတယ်၊ လေးလဲလေးစားကြပါတယ်၊ အလုပ်သမားတဦး .အထူးသဖြင့် ကျနော်တို့ဗမာတွေကို အလုပ်သမားအခွင့်အရေးအပြည့်နီးပါးပေးပါတယ်၊ နေစရာပေးတယ်၊ရေခဲသေတ္တာ၊ပန်ကာ၊ဂစ်မီးဖို၊ ဂစ်အိုး၊ မွေ့ယာ၊ ခေါင်းအုန်း၊အစရှိသဖြင့်ပေးပြီးနေမကောင်းတဲ့အခါ ကုမ္မဏီက အကောင့်ဖွင့်ပေးထားတဲ့ ဆေးခန်းကို သွားပြရပါတယ်၊ ဆေးခန်းကို ပိုက်ဆံပေးစရာမလိုပါဘူး၊ ကုမ္မဏီကလုပ်ပေးထားတဲ့ ကဒ်လေးသာပြလိုက်ရင်ပြီးပါပြီ၊ ဆရာဝန်ရဲ့ဆေးထောက်ခံချက်နဲ့ ဆရာဝန်ခွင့်ပြုပေးထားတဲ့ရက်အထိ ..သက်သက်သာသာ အနားယူခွင့်ရှိပါတယ်။

အဲဒီကာလက မြန်မာပြည်ဟာ ဘယ်နားမှာရှိမှန်းမသိလို့ အတော့် ကို ရှင်းပြရသေးတယ်၊ ရှင်းပြပေမဲ့လည်း မသိတဲ့သူကများပါတယ်၊ ထိုင်းကိုတော့ သူတို့သိကြပါတယ်၊ ထိုင်းနိုင်ငံရဲ့ တဖက်ကလို့ ပြောပြလို့ ..အင်း ..အော် ..လို့သာ ပြောပေမဲ့ တော်တော်များများဟာ မသိကြဘူး။

အဲဒီကာလက အဖြစ်အပျက်တွေကို ကျနော်ပြန်စဉ်းစားတိုင်း ပြုံးနေမိတော့တယ်၊ ဘာလို့လည်းဆိုတော့ ဗမာဆိုလို့ လက်ချိုးရေလို့ ရတဲ့ အချိန်ပါ၊ တခါတရံ ကွာလာလမ်ပူ မြို့ထဲမှာ မိန်းကလေးတွေကို မလေးတရုတ်မ ထင်ပြီးနောက်ကနေ ကျနော့်သူငယ်ချင်းများက ပေါက်ကရစကားတွေနဲ့ ဗမာလိုပြောပါတယ်၊

အဲလိုမိန်းကလေးတွေနောက်ကနေ ပေါက်ကရစကားတွေနဲ့ ပြောနေပေမဲ့..ထိုမိန်းကလေးများကဘာမှပြန်မပြောပါ၊..အဲလိုစကားပြန်မ ပြောတော့ မလေးတရုတ်မ လို့ပဲ ထင်နေပြီးနောက်ကနေ ကပ်ပြီး ပေါက်ကရစကားတွေထပ် ပြောရင်းနဲ့ အဲဒီမိန်းကလေးတသိုက်ဟာ ယခု MYDIN…ယခင်က MATROJAYA. ကုန်တိုက်.ဘေးနားက ဒေါင့်ချိုးနားလည်းရောက်… ဘတ်စကားပေါ်တက်ခါလဲနီးရော ..ဗမာလို ကျနော်တို့ကို ပစ်ပစ်နှစ်နှစ် ဆဲသွားပါတော့တယ်၊ အဲဒီအခါမှ ကျနော့်သူငယ်ချင်းတွေ ဗမာမ တွေမှန်းသိပြီး ရှက်ကိုးရှက်ကန်းဖြင့် တချိုးထဲ သုတ်ခြေ တင်ပါတော့တယ်၊ အဲဒီတုန်းက ဗမာမတွေဟာ အသားဖြူသူများကမလေးတရုတ်မ စတိုင်ဝတ်စားထားရင် လုံးဝ ဗမာလား..? မလေးတရုတ်မလား..? ဘယ်လိုမှ ခွဲ လို့ မရဘူး၊အဲဒီကာလတွေက မလေးရဲတွေက ပါစ်စပိုစ့် မရှိရင် ..နောက်ပါမစ်မရှိရင် ဖမ်းပါတယ်၊ ငွေတောင်းပါတယ်၊ ငွေမပေးနိုင်ရင် camp. လို့ခေါ်တဲ့ နိုင်ငံခြားသားများထိမ်းသိမ်းထားတဲ့နေရာ၊ ထိုင်း camp နဲ့လုံးဝမတူပါဘူး။ တနည်းအားဖြင့်…ထောင် ..ပါပဲ …အဲဒီကိုပို့လိုက်ကြလို့ပါ၊ အဲဒီထဲရောက်ခဲ့ရင်တော့ ..ငွေမလိုက်နိုင်သူများ တော်တော်နဲ့ ပြန်မထွက်နိုင်တော့ပါဘူး၊ ငွေလိုက်နိုင်တဲ့သူဖြစ်ဖြစ်၊ အချိန်စေ့လို့ပဲဖြစ်ဖြစ်၊ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်တော့မယ်ဆိုရင် ရဲ..ကားတွေနဲတင်လာတဲ့.့ လွတ်ရက်စေ့သူများ၊ ငွေပေးနိုင်သူများ၊ ကို ထိုင်းနယ်စပ်ကိုမလေးအခေါ်.. buang… ဗွမ်း.. သွားလွှတ်ပါတယ်၊ ထိုင်းနယ်စပ်က လူကုန်ကူးသူ ပွဲစားများကတော့ ရာဘာတောထဲက ကြိုစောင့်နေပါတယ်၊ မလေးရဲတွေနဲ့ အချိန်းအချက်လုပ်ထားသူတွေပါ၊ နယ်စပ်ရာဘာတောထဲမှာ မလေးရဲတွေလွှတ်လိုက်တဲ့သူတွေကို ကြိုစောင့်နေတဲ့ လူပွဲစားများကသူတို့ အိမ်၊ ထိုင်းဖက်ခြမ်းကဆွန်ဂိုင်းဂလုပ်(ထ် ) ဖက်ကိုခေါ်သွားပါတယ်၊

ထမင်းမစားရသေးရင် ထမင်းကျွေးပါတယ်၊ပြီးတာနဲ့ မေးပါတော့တယ်၊ ကွာလာလမ်ပူ မှာဘယ်သူရှိသလဲ? အကို၊ မောင်နှမ၊ အသိမိတ်ဆွေရင်း၊ ရှိသလားမေးပါတယ်၊ရှိတယ်ဆိုရင် ဖုန်းဆက်ပြီး မလေးကိုပြန်တက်လာဖို့အတွက်ငွေတင်ပို့ပေးဖို့ ပြောခိုင်းပါတယ်၊ ငွေကို ပွဲစားလူကုန်ကူးသူတွေက သူတို့ ထိုင်းဘဏ်အကောင့်ထဲကို အရင်အထည့်ခိုင်းပါတယ်၊ ငွေရောက်ပြီးဆိုမှ အဲဒီလူကို မလေးထဲကိုပွဲစား သို့.. “ ရဲ” တွေနဲ့ ပြန်ချိပ်ပြီး ပြန်တင်ပါတယ်၊ ထိုင်းနယ်စပ်မြို့ ဆွန်ဂိုင်းဂလုပ်( ထ် )ကနေ ကွာလာလမ်ပူအရောက်ကို မလေးငွေအဲဒီကာလက တထောင်ကျော်ပေးရပါတယ်။

တချို့သူများကျတော့လည်းအရမ်းကို သနားဖို့ကောင်းပါတယ်၊ ပိုက်ဆံတင်ပေးမဲ့သူကလည်းမရှိ၊ ဆိုရင်တော့ အဲဒီထိုင်း ဆွန်ဂိုင်းဂလုပ်( ထ် )ကလူကုန်ကူးသူလူပွဲစားများကတော့အဲဒီလူကိုငါးဖမ်းစက်လှေကိုအပြီးရောင်းစားလိုက်ကြပါတော့တယ်၊

တချို့ကျတော့လည်း နဲနဲလူစိတ်ရှိတဲ့လူပွဲစားများကတော့ သူတို့ နယ်စပ်မြို့လေးထဲတင်အလုပ်သွင်းပေးပြီး အလုပ်ခိုင်းပါတယ်၊ အလုပ်လုပ်ခနဲ့မလေးထဲကို ပြန်တင်မဲ့ကုန်ကျစားရိတ်ကိုရပြီဆိုတဲ့အခါကြတော့မှမလေးထဲကို ပြန်တင်ပေးကြပါတယ်၊ အများစုကတော့ ငါးဖမ်းစက်လှေကို အပြီးေ၇ာင်းစားလိုက်တာပါပဲ။..အဲလိုနဲ့ဘ၀ ပျက်သွားရတဲ့သူတွေ အများကြီးပါ။

အဲဒီအချိန်ကာလတုန်းကတော့ မလေးရှားကို ရန်ကုန်အသိုင်းအ၀န်းနဲ့ မြို့နေလူတန်းစား ပညာတတ်လူငယ်တွေပဲလာကြတာများပါတယ်။ ဒါကြောင့် အဲဒီအချိန်အခါက ဗမာတွေဟာ မလေးနဲ့တူတဲ့သူက မလေးလိုဝတ်စားကြသလို၊ မလေးတရုတ်နဲ့တူတဲ့သူကလည်း မလေးတရုတ်မတွေလို ၀တ်စားကြရခြင်းပဲ ဖြစ်ပါတယ်၊ မိန်းကလေးတွေဆို တချို့ဆို ဘ၀ တွေပျက်သွားကြတာဒုနဲ့ဒေးပါပဲ။

အဲဒီဆွန်ဂိုင်းဂလုပ်(ထ် ) လို့ ကျနော်ပြောတဲ့နေရာက မြေပုံအရဆိုရင်ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်မြို့လေးပါ၊ အများစုက ထိုင်းနိုင်ငံသား အစ္စလာန် ကိုးကွယ်ကြသူများပါတယ်၊ နောက်..မလေးစကားလည်းပြောပါတယ်၊ မလေးနိုင်ငံကတော့ ထိုနယ်စပ်မြို့လေးက အစ္စလာန်ကိုးကွယ်ပြီး မလေးစကားလည်းပြောတဲ့ထိုင်းနိုင်ငံသားထိုသူများကို မလေးအနွယ်လို့သတ်မှတ်ထားတာပါ၊

အဲဒီနေရာဟာ ခဏခဏ ဗုံးပေါက်တာတွေ..သေနတ်နဲ့ ပစ်သတ်ခံရတာတွေခုချိန်ထိဖြစ်ပွားနေဆဲပါ၊ ဒုစရိုက်နယ်မြေလို့တောင်ပြောလို့ရပါတယ်၊ မူးယစ်ဆေးဝါးလည်း ပေါပါတယ်၊ မလေးနိုင်ငံထဲမှာ ရဲအဖမ်းခံရပြီးလို့ ရှင်းလို့မရရင်တော့ ..camp ထဲေ၇ာက်..တဖန် camp ထဲကနေ နယ်စပ်ကို ခေါ်သွားပြီးပြန်လွှတ်ပေးတဲ့အချိန်မှာရုပ်ရည်ချောမောတဲ့ဗမာမိန်းကလေးတွေခဗျာ… ဘ၀ပျက်ကြရတာများပါတယ်၊ အဲဒီကာလက ရုပ်ရည်ချောမောတဲ့ဗမာမိန်းကလေးတွေကို မလေးရဲတွေကလည်း ဖမ်းမိလို့ငွေမပေးနိုင်ရင် ပတ္တရောင်ကားထဲတင်မုဒိမ်းကျင့်ပါတော့တယ်၊ တခါကဆိုရင် ဗမာလင်မယားစုံတွဲ တတွဲပါ၊ အလုပ်ကပြန်လာရင်းလမ်းမှာ ပတ္တရောင်လှည့်တဲ့ မီးတန်းကားနဲ့ တိုး ပြီး ရဲစစ်တဲ့အခါမှာ ပါမစ်မရှိတာကြောင့် ရဲကလင်မယားနှစ်ယောက်စလုံးကို ဖမ်းပြီးကားပေါ်တင်ခေါ်သွားပါတယ်၊ ကားထဲမှာ ပိုက်ဆံဘယ်လောက်ပါလဲ မေးပါတယ်၊ အဲဒီလင်မယားမှာ ပိုက်ဆံပါသော်လည်း ရဲတောင်းသလောက်မပါကြပါဘူး၊ ကောင်မလေးကချောချောလှလှလေးဆိုတော့ ရဲကပိုက်ဆံ ပိုတောင်းတာပါ၊ မပေးနိုင်မှန်းသိလို့ ပိုတောင်းတာဖြစ်ပါတယ်.မပေးနိုင်တော့ ယောင်္ကျားဖြစ်တဲ့ကောင်လေးကို အဆောက်အဦးအပျက်ကြီးထဲကိုခေါ်သွားပြီး လက်ကို လက်ထိပ်ခတ်ထားပြီး ရဲတယောက်စောင့်နေပြီး ကျန်တဲ့ရဲ တယောက်က ပတ္တရောင်လှည့်တဲ့ကားပေါ်တင်မုဒိမ်းကျင့်ပါတော့တယ်၊ ပြီးတော့မှ ယေင်္ကျားကိုလက်ထိပ်ခတ်ပြီးစောင့်နေတဲ့ ရဲ နဲ့ လူချင်းလဲပြီးနောက် ရဲတယောက်က ထပ်ပြီး မုဒိမ်းကျင့်ပါတယ်။

နှစ်ယောက်စလုံးပြီးပြီ ဆိုတော့မှ အဲဒီလင်မယားကို ကားထဲပြန်ထည့်ပြီး သူတို့ စဖမ်းခဲ့တဲနေရာကို ပြန်လာချပေးခဲ့ပါတယ်၊ အဲဒီအချိန်ဟာ မှောင်နေပါပြီ၊ အဲဒီ ဗမာလင်မယားအလုပ်ကပြန်လာတဲ့အချိန်ဟာ ညဖက် ၉နာရီပါ၊ OT..အချိန်ပိုဆင်းခဲ့လို့ အိမ်ပြန်နောက်ကျနေတာပါပဲ၊ ဒီလိုမျိုးအဖြစ်ဆိုးများနဲ့ ကြေကွဲစရာ ကျနော်တို့ဘ၀တွေကို အဲဒီကာလတွေက ရုန်းကန်ကြရင်း၊ တချို့လည်း ဘ၀တွေပျက်ကြ၊အရှက်တကွဲ အကျိုးနဲ အဖြစ်ဆိုးတွေနဲ့ ဘ၀တွေ နိဂုံးချုပ်သွားပါတော့တယ်။.

● မှတ်ချက်
နှစ်ဆယ့်တနှစ်တာမလေးရှားမှာ..နှင့်.. ယနေ့ မြန်မာအလုပ်သမားများဘ၀ထိ.. ဤဆောင်းပါးကို အပိုင်းလိုက်ခွဲပြီး တင်ပြသွားပါ့မယ်လို့ လေးစားစွာဖြင့် အသိပေးပါရစေ။

ကျနော်မောင်လူဝေးပါ။
E.MAIL.mgluuway@gmail.com
kualalumpur. malaysia.
from;http://moemaka.com/
Lay Lay Ko shared New MyanmarFoundation's photo.
 
“ မြန်မာအလုပ်သမားများဘ၀အကြောင်း - အပိုင်း (၂)”
ပြီးခဲ့တဲ့အပါတ်ကတော့ နှစ်ဆယ့်တနှစ်တာ မလေးရှား မှာ နှင့် မြန်မာအလုပ်သမားများဘ၀အကြောင်း ဆောင်းပါး အပိုင်း (၁) htt...p://www.facebook.com/photo.php?fbid=459826450747078&set=a.166537670075959.45356.100001591812651&type=3&theater ကိုရေးပြီး ကျနော့်ဆီကို ဆက်ရေးဖို့တိုက်တွန်းကြတဲ့အီးမေးလ်တွေနဲ့ ကွန့်မန့်လေးတွေဖတ်ရတော့ ကိုယ့်တွေ့ခံစားနေရသူတွေများသားပဲလို့လည်း တွေးမိရင်း ပြုံးမိပါတယ်။

အဲဒီ ကာလများကတော့KUALALUMPUR မှာ ဗမာဆိုင်ဆိုတာလုံးဝမရှိသေးဘူးလေ။ ယခု MY DIN.. အရင်ကတော့ METROJAYA ပေါ့။ ကျနော်တို့ ဗမာတွေအများစု ရှိတဲ့နေရာက အဲဒီ.CENTRAL MARKET. တို့ . MY DIN. တို့ .KOTARAYA .. ရယ်.. BANKOK BANK.. ရှေ့ က ကွက်လပ်လေးပါပဲ။ အခုလိုလည်း ဗမာကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေ လည်းမရှိသေးပါဘူး။ အဲဒီတုန်းက အင်္ဂလိပ် လိုပြော တတ်ရုံနဲ့ သိပ်ပြီးခရီးမပေါက်ဘူး။ မလေးလိုကို ပြောနိုင်ဆိုနိုင်မှ အဆင်ပြေပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ မလေးအိန္ဒိယ အများစု ကတော့ အင်္ဂလိပ်စကားကိုပြောနိုင်တာများပါတယ်။ မြို့တွင်းပြေးဆွဲနေတဲ့မီနီဘတ်စ်လေးတွေကလည်း သီးသန့်ကားဆိုပြီးရှိသေးတယ်။ မှန်အလုံပိတ်ကားလေးတွေပေါ့ဗျာ၊ သူကတော့ အဲယားကွန်းပါတယ်။ ရိုးရိုးမီနီဘတ်စ်လေးတွေကတော့ အဲယားကွန်းမပါဘူး။ ရိုးရိုး မီနီ ဘတ်စ်ကတော့ ကားခကို အပိုင်းလိုက်ခွဲယူတာ ...သီးသန့်မီးနီဘတ်စ်လေးတွေကတော့ ဘယ်မှာဆင်းဆင်း ခရီးဆုံး..ကေအယ်လ်ခ အထိ ယူတယ်..သူက သီးသန့်မီနီဘတ်စ် အဲယားကွန်းကိုး။ အဲဒီအချိန်ကာလများဆီက ငွေလွှဲရင် အခု ဆွန်ဂိုင်းဝမ်းနဲ့ လော့ထ်တဲန်း lot .10 plaza နားက ဟွန်ဒီငွေလွှဲလုပ်တဲ့ ဦးတင်ရွှေလား.ဦးခင်ရွှေလား (နံမည်မေ့နေ)..မသိဘူး ..ရှိတယ်။ သူဆီမှာ ငွေသွားလွှဲရတယ်။ မလေးရှား မှာ ပထမဆုံးငွေ လွှဲလုပ်တဲ့သူတွေပေါ့။ အဲဒီတုန်းက ငွေလွှဲရင်ကြာတယ်။ တပါတ် ..နှစ်ပါတ်လောက်ထိကို ကြာတတ်တာ.၊ အဲဒီတုန်းက လုတာတွေ ၊ယက်တာတွေ မရှိဘူး။ ဆိုင်ကယ်စီးဆောင်းတဲ့ ဦးထုပ် ဟဲလ်မက် တွေဆိုရင် ဆိုင်ကယ်ပေါ်မှာတင်ထားခဲ့တာ၊ ဆိုင်ကယ်နောက်ကြည့်မှန်ဂိုင်းပေါ်ချိပ်ထားခဲ့ ၊ တညလုံးထား လုံးဝမပျောက်ဘူး။ ဘယ်သူကမှ မယူဘူး။ စိတ်ချရတယ်။နောက်ပြီး နေရာ ဒေသ မတူဘူး။ တချို့နေရာဒေသက ရဲတွေကြတော့ ပိုက်ဆံတောင်းတတ်တယ်။ စာအုပ်မရှိရင် ပါမစ်မရှိရင်ပေါ့။ တချို့နေရာတွေမှာတော့ ရဲ တွေက အကူအညီတောင်ပေးကြတယ်။တနေရာနဲ့တနေရာမတူဘူး။ အဲဒီတုန်းကကျနော်တို့လူငယ်တွေကြားမှာ ခေတ်စားတာ တခု ရှိ တယ်။ အဲဒါကဘာလဲဆိုတော့ ရွှေ မကျင်နဲ့ ၊ ငါး မမျှားနဲ့ ၊ မြင်းမစီးနဲ့ဆိုတဲ့ စကားပဲဗျ ...အထာစကားတွေပေါ့။ ရွှေမကျင်နဲ့ဆိုတာ ရွှေမ တွေကို ကြင်နာတာတွေမလုပ်နဲ့ ..(ရွှေမဆိုတာ ဗမာမိန်းကလေးများကိုဆိုလို) ပြဿနာတက်မယ်ပေါ့။ အဲလိုဆိုလိုတာ။ ငါးမမျှားနဲ့ ဆိုတာ က မူးယစ်ဆေးဝါးပေါ့။ (ကွန်မက်သာဇင်ခေါ်မယ်ထင်တယ်) ချောင်းဆိုးရင်သောက်တဲ့ဆေးလို့ ပြောတယ်။ ပန်းရောင်အရည်လေးတွေ ..အဲဒါကို ဘာနဲ့ရောထားလည်း ကျနော်လည်းသိပ်မသိဘူး။

အဲဒီတုန်းက အထာစကားကတော့ ငါး စားတယ်... ငါးမျှားတယ်ပေါ့။ ငါးစွဲသွားရင်လည်း ဘိန်းစားလိုပဲ ဖြစ်နေတာ..လူရုပ်မပေါက်ဘူးလေ။ နောက် မြင်းမစီးနဲ့ဆိုတာ .. အဲဒီတုန်းက စနိုကာဆိုင် (ဘိလိယက်ထိုးတာပါပဲ) တွေမှာ စနိုကာထိုးတယ်။ ... အဲဒီနောက်မှာ မြင်းလောင်း တဲ့စက်တွေရှိတယ်။ မြင်းပြိုင်ပွဲ ပေါ့ ..ပိုက်ဆံကို ကောင်တာမှာ အကြွေသွားလဲ ရတယ်။ပြီးရင် ကိုယ်ကြိုက်တဲ့စက်ခုံရှေ့မှာ လူတွေဝိုင်းစုပြီး လောင်းကြပေါ့၊ မြင်းက စုံတွဲပေါ့။ ကိုယ်ကြိုက်သလောက်ထိုးလို့ရတယ်။ ကိုယ်ထိုးတဲ့ မြင်းစုံတွဲနံပါတ်က ပန်းဝင်ရင် ပိုက်ဆံအမ်းပေး တယ်။ အဆနဲ့ လျှော်တာပေါ့။ အဲဒီမြင်းကလည်း စိတ်ဝင်စားစရာကောင်းတယ်။ အစပထမထိုးရင်တော့ တခါ နှစ်ခါ သုံးခါလောက်တော့ လျှော်ပေးလိုက်တာပဲ။ တကျပ်ဖိုးထိုးလိုက်ရင် တခါတလေ ၁၀၀ ရင်းဂစ်လောက် လျှော်ပေးတယ်။ ကျနော်လည်း ဟုတ်ပြီဆိုရင် မြင်းရုံထဲမှာ မြင်းလောင်းတာ။ ပထမ တရက်နှစ်ရက်ကတော့ တနေ့ကို ရင်းဂစ် ၆၀ ကျော်ရလိုက်၊ ၁၀၀ကျော်ရလိုက်နဲ့ ဟုတ်နေတယ်။ နောက်နေ့တွေ လည်းကြတော့ ကျနော်ကလည်း လောဘတက်ပြီး နဲနဲများများလေးထိုးတာ။ ထိုးရင်းထိုးရင်းနဲ့ နောက်ဆုံးတော့ လက်ဖက်ရည်သောက်ဖို့ တောင်မကျန်တော့ဘူး။ အကုန် ကုန်ပါလေရော။ အဲဒီလို မြင်းထိုးလို့ ရှုံးတဲ့အခါဆိုရင် (မြင်းကန်တယ်လို့ခေါ်တယ်) ရှိသမျှ လစာ အကုန် ကုန်တာပဲ။ ဒါကြောင့် မြင်းမစီးနဲ့လို့ ပြောဆိုကြတာပါ။

ဒီလိုနဲ့ ၁၉၉၂ - ၉၄ လောက်ထိ မလေးလူငယ်တွေအများစုက ဆံပင်အရှည်ထားကြတယ်။ ဗမာလူငယ်တွေလည်း ဆံပင်အရှည်ထားကြတယ်။ တီရှပ်အနက်ရောင်တွေ၊ဂျင်းဘောင်းဘီအနက်ရောင်တွေပေါ့။ မလေးနိုင်ငံသားလူငယ်တွေရော ဗမာနိုင်ငံသားလူငယ်တော်တော်များများလည်း အဲဒီအတိုင်းပဲ ..တီရှပ်အနက် ..ဂျင်းဘောင်းဘီအနက်တွေနဲ့ ၊ တီရှပ်ရဲ့ရင်ဘတ်က စတေကာတံဆိပ်တွေကလည်း မိုက်ကယ်ဂျက်ဆင် ပုံတွေ၊ အရိုးခေါင်းပုံတွေနဲ့ တော်တော်ခေတ်စားနေတဲ့အချိန်ပဲ။ အဲဒီတုန်းကမလေးရှားမှာ ဘာတွေခေတ်စားနေသလဲဆိုရင် မူးယစ်ဆေးဝါး နံပါတ်သရီးနဲ့ နံပါတ်ဖိုးတို့နဲ့ ဘဏ်တွေမှာ ဓါးမြတိုက်တာ အရမ်းခေတ်စားတယ်။ နောက်ပြီး ကျနော်တို့ဗမာလူမျိုးတွေ တော်တော်များများ ထိုးတတ်ကြတဲ့ tattoo (ဆေးမှင်ကြောင်အရုပ်) ဆိုတာ မလေးနိုင်ငံမှာ အထူးအဆန်းပဲ။ အဲလို tattoo အရုပ်ထိုးထားတဲ့သူဆိုရင် လူမိုက် တွေ လို့သဘောထားတယ်။ တကယ်လည်း အဲဒီတုန်းက မလေးရှားမှာ gangster ဆိုတဲ့လူဆိုးလူမိုက်တွေဟာ tattoo ရုပ်တွေပါတယ်။ ကျနော့်သူငယ်ချင်းက လက်မောင်းမှာ tattoo ထိုးထားတယ်။ စိန်ဂေါ်လီဂိုဏ်း ပေါ့။ ဗမာပြည်မှာတော့ တချိန်က ရုပ်ရှင်မင်းသားကျော်ဟိန်းက အဲဒီစိန်ဂေါ်လီဂိုဏ်းကလို့ပြောကြတယ်။ ကျော်ဟိန်းလက်မောင်းနှစ်ဖက်စလုံးမှာ စက်ဝိုင်းပုံတွေ tattoo ရုပ်တွေပါတာကိုး။ ကျနော်တို့ ခေတ် ဗမာပြည်မှာလည်း ကျော်ဟိန်းကခေတ်စားတဲ့အချိန်ဆိုတော့ သူလည်း အားကျပြီးထိုးခဲ့တယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီကောင်က ကရာတေးတို့..လက်ဝှေ့တို့ကို ကောင်းကောင်းတတ်တယ်။ လူကလည်း ခပ်သွက်သွက်ဆိုတော့ သူ့ကိုတော့ တရုတ်တွေကရော မလေး တွေကရော “ကျွတ်” တယ်ပေါ့ဗျာ။ တော်ရုံတန်ရုံ တော့ သူ့ကိုသာခေါ်လိုက် ..ကိစ္စအားလုံးကို ပြီးတယ်။ နောက်ဒီကောင်ကအင်္ဂလိပ်စကားတင်မဟုတ်ဘူး။ မလေးစကားကိုလည်း တော်တော်ပြောနိုင်တယ်။ ဒီကောင့်ကို တရုတ်သူဌေးတွေကခေါ်တာ .. “တိုက်ဂေါ်” လို့ ခေါ်တယ်။ တိုက်ဂေါ် ဆိုတာ မလေးအခေါ်မှာတော့ လူဆိုးတွေလူမိုက်တွေပေါ့။

အဲဒီတုန်းက ပြဿာနာတခုခု ဖြစ်လို့ မေးကြရင် မင်းက “ တိုက်ဂေါ်” လားလို့ မေးလေ့မေးထ ရှိကြတယ်။ ဗမာတွေကလည်း အဲဒီကာလက ချစ်စရာအလေ့တခုကို ကျနော်ပြောအုန်းမယ်။ ဗမာမိန်းကလေးတွေက တခြားနိုင်ငံသား..မလေးတရုတ်တို့ မလေးတို့နဲ့ယူတာ မရှိသ လောက် နဲတယ်။ ယူလည်းမယူကြဖူး။ အမျိုးချစ်တာလား.. နိုင်ငံခြားသား မယုံတာလားမသိဘူး။ ဗမာ ဗမာအချင်းချင်းပဲ ယူလေ့ရှိတယ်။ ရည်းစားထားရင်လည်း အဲလိုပဲ။ ဒါပေမဲ့ အဲဒီတုန်းက ဗမာမိန်းကလေးတယောက်ကို လွန်လွန်ကျုးကျုးလုပ်မိပြီဆိုရင်တော့.. ယူတော့ပဲ ၊ မယူပဲနဲ့ ထားရစ်ခဲ့တယ်ဆိုရင် အဲဒီကျန်ခဲ့တဲ့မိန်းကလေးက တခြားဗမာယောင်္ကျားလေးတွေကိုပြောပြလိုက်။ အဲဒီကောင် မချောင်ဘူး။ မြေ လှန်ရှာတာ.. သူများနိုင်ငံမှာ ကိုယ့်ဗမာမိန်းကလေးမယူနိုင်ဘဲနဲ့ စော်ကားရသလားဆိုပြီးတော့ ၀ိုင်းသမတော့တာပဲ။ မိန်းကလေးတွေကို အဲဒီကာလက တော်တော်လေးကို တန်ဖိုးထားကြပါတယ်။မောင်နှမသားချင်းလိုကို ဂရုစိုက်ကြတယ်။ များသောအားဖြင့်လည်း မြို့နေလူ တန်းစားများကြတယ်။ အဲဒီတုန်းက မလေးရှားကို လာကြတဲ့သူတွေတော်တော်များများက ကျောင်းဆရာတွေ၊ ဆရာဝန်တွေ၊ အင်္ဂျင်နီယာ ဆင်းတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ အထက်တန်းစာရေးမတွေ၊ စာရေးတွေ၊ အဲလိုလူတွေများပါတယ်။

အဲဒီတုန်းက အလုပ်တခုကနေ နောက်တခုကိုပြောင်းရင်ပွဲစားခ ပေးရတယ်။ အလုပ်အမျိုးအစားနဲ့ ၀င်ငွေပေါ်မူတည်ပြီး ပွဲစားခပေးရတယ်။ ပွဲစားခက ရင်းဂစ် ၁၅၀ ကနေ ၂၅၀ ထိကိုပေးရတာ။ အဲဒီတုန်းက မလေးရှားကိုလာရင် ပုံစံနှစ်မျိုးနဲ့လာကြတယ်။ တမျိုးက အောက် လမ်း ခေါ်တဲ့ ကျနော်တို့လာတဲ့ပုံစံမျိုး။ ချောင်းကျော်..မြောင်းကျော်ပေါ့ဗျာ။ နောက်တမျိုးက ရန်ကုန်ကနေပြီးတော့ တရားဝင် passport နဲ့ ရန် ကုန် ထိုင်းသံရုံးမှာဗီဇာယူပြီး ထိုင်းကိုအရင်လာတယ်။ ထိုင်းက လေဆိပ်က အဲဒီတုန်းက ဒွန်မောင်းလေဆိပ်ပဲ။ အခုသုဝဏ္ဍဘုမ္မိ လေဆိပ် ဆိုတာမရှိသေးဘူး။ ဒွန်မောင်းလေဆိပ်ကို မြန်မာနိုင်ငံကူး passport နဲ့ဝင်ပေါ့။ အဲဒီကနေ ဗီဇာတလတုံးလေး ထုပေးလိုက်တယ်။ အဲဒီက နေ ရထားနဲ့ မလေးနယ်စပ်မြို့လေးဖြစ်တဲ့ ဆွန်ဂိုင်းဂလုပ်ဂ်ကို ဆင်းရပြီး မလေးထဲကိုခိုးဝင်ကြရတာပါ။

အခုလို ကောလင်း (calling) ဆိုတာ အိမ်မက်တောင်မမက်နိုင်သေးတဲ့ အချိန်ကာလတွေပေါ့။ မြန်မာပြည်မှာလည်း စစ်အာဏာရှင်စစ်တပ် နဲ့အတူ ဗိုလ်ခင်ညွန့် (ထောက်လှမ်းရေး) တန်ခိုးထက်နေတဲ့အချိန်ပေါ့။ ထိုင်းဖက်ကမ်း ဆွန်ဂိုင်းဂလုပ်ဂ်ကနေ ဒီဖက်မလေးနယ်စပ်မြို့ ကိုတာဘာဒူးဖက်ကို ခိုးဝင်မိပြီလဲဆိုရော ထိုင်းဗီဇာနဲ့ မြန်မာpassport က သုံးမရတော့ဘူး။ အဲဒီတုန်းက မလေးရှားမှာ အလုပ်လုပ်ခွင့်ပါ မစ် ( permit ) ဆိုတာ မပေးသေးဘူး။ ဟိုးအရင် ရထားတဲ့သူတွေသာ ရှိကြတာ။ အဲဒီတုန်းက မလေးပါမစ်က တံဆိပ်တုံးကြီးတွေထုပေးတာ၊ နှစ်ခုတွဲလေး။ တခုက အကြီး၊ တခုကအသေးလေး။

ကျနော်တို့အရင်ကျတဲ့သူတွေကတော့ passport က ခုလို သေးသေးလေးမဟုတ်ဘူး။ အကြီးကြီးပဲ။ လက်တ၀ါးလောက်ရှိတယ်။ ဓါတ်ပုံကို တော့ ပထမစာမျက်နှာအတွင်းဖက်မှာ ကလစ်ကြီးနဲ့ ရိုက်ထားပြီး ဓါတ်ပုံတခြမ်းလောက်ကို passport ထုတ်ပေးတဲ့ဌာနက တံဆိပ်အ၀ိုင်းတုံးကြီးထုပေးထားတယ်။ အဲဒီလိုသူတွေသာ အလုပ်လုပ်ခွင့်ပါမစ်တွေရှိကြတာဆိုတော့ အဲဒီတုန်းက အလုပ်လုပ်ခွင့်ပါမစ်ရှိတဲ့သူတွေကလူနည်းစု.. ဟိတ်ကြီးဟန်ကြီးနဲ့ ပေါ့။ သူတို့က ဘယ်ကိုမသွားနဲ့ ..ဘယ်နေရာကိုမသွားနဲ့ လို့ခြိမ်းခြောက်ပြီးပြောထားရင် ကျနော်တို့လည်း မသွားရဲတော့ဘူး။ ကိုယ်ကအဲဒီတုန်းကဘာမှမရှိဘူးလေ။ တော်ကြာ..... ရဲဖမ်းမိလို့ မရှင်းနိုင်ရင် camp ထဲရောက်၊ အဲဒီကနေ မြန်မာ ပြည်ပြန်ပို့ရင် ...နိုင်ငံရေးနဲ့မကင်းတဲ့သူတွေဆိုတော့ ဗိုလ်ခင်ညွန့်လက်ထဲရောက်ရင် အမဲ ဖျက်တော့မှာကိုး။ ဒီတော့ ကျနော်တို့လည်း သတိထားရတာပေါ့။

passport နဲ့ ထိုင်းနိုင်ငံထိ တရားဝင်ပေမဲ့ မလေးရှားနိုင်ငံထဲလည်းရောက်ရော တရားမ၀င်တော့ဘူး။ မလေး ပါမစ် ( permit ) အလုပ်လုပ်ခွင့်ပါမစ်မှမရှိပဲကိုး၊ ဆိုတော့ မလေးအလုပ်လုပ်ခွင့်ပါမစ်မရှိပဲနဲ့ ကေအယ်လ်မြို့ထဲကို လမ်းသလားတဲ့ သူတွေတော့ ရဲ နဲ့တွေ့ရင် ရဲက အလုပ်လုပ်ခွင့်ပါမစ်ရှိမရှိမေးတယ်စစ်တယ် ၊မရှိရင်တော့ ရဲ က ဖမ်း၊ . KOTARAYA နားမှာမိရင်တော့ .KOTARAYA.ကုန်တိုက်ဘေးက လမ်းကြိုလမ်းကြားလေးထဲကိုလက်ဆွဲခေါ်သွားပြီးအကုန်နှိုက်ရှာတော့တာ ၊ အဲလိုပဲ METROJAYA,ကုန်တိုက်နားမှာမိရင် အဲဒီကုန်တိုက်ဘေးဒေါင့်နေရာမှာတို့၊တခါ BANKKOK ဘဏ်နားမှာမိရင်လည်း ခပ်လှမ်းလှမ်းချောင်တခုခုတို့နေရာမျိုး.. CENTRAL MARKET လိုနေရာမျိုးမှာရဲ ဖမ်းမိရင်လည်း အဲဒီစင်ထရယ်မားကက် နောက်ဖက်လူမမြင်တဲ့နေရာကို လက်ဆွဲခေါ်သွားပြီးအကုန်နှိုက်ရှာပြီး တွေ့ရင်အကုန်ယူတော့တာ၊ရှာလို့မတွေ့ရင် . ငွေတောင်းတယ်။မပေးနိုင်ရင်( camp ) ထဲကို ပို့တော့တာပဲ။တခါကတော့ ကျနော်ကို ရဲ ဖမ်းတယ်။ မြို့ထဲမှာမဟုတ်ဘူး။ cheras baru. ဖက်မှာ၊..ရဲ က မီးတန်းကား ( petrol )ကင်းလှည့်တဲ့ကားပေါ့။ကျနော့်ကို ကားထဲအတင်းထည့်ပြီး ကားမောင်းနေရင်းနဲ့ နောက်ခန်းထဲမှာ နောက်ရဲတယောက်က ကျနော့်ဂျင်းဘောင်းဘီခါးပတ်ကိုအတင်းချွတ်ခိုင်းတယ်။

ပြီးတော့ ..ဂျင်းဘောင်းဘီဇစ်ကို အတင်းဖွင့်ပြီး အတွင်းခံ ဘောင်းဘီထဲကိုလက်နှိုက်ရှာတယ်။ အဲဒီတုန်းက ကျနော်ကမလေးလိုသိပ်မကျွမ်းကျင်သေးဘူး။အင်္ဂလိပ်လိုပဲပြောလိုက်တယ်။ အတွင်းခံဘောင်းဘီထဲမှာ ပိုက်ဆံမရှိဘူး။ ..*** ပဲ ရှိတယ် လို့ကျနော်ပြောလိုက်တယ်။ စိတ်ကလည်းညစ်နေတဲ့အချိန်၊နောက်ပြီးပိုက်ဆံကလည်း ငါးကျပ်ပဲပါတာဆိုတော့ ပေးလိုက်ရတယ်။ ပိုက်ဆံဂျင်းဘောင်းဘီ ရှေ့အိပ်လေးထဲ ထည့်ထားတာ၊ ၊ ပြီးတော့ ..ကားပေါ်ကနေ အတင်းဆင်းခိုင်းတယ်။ သူဆင်းခိုင်းတဲ့နေရာကို ကျနော်ကမသိဘူး။ဒါနဲ့ ..ဒီနေရာကို ငါမသိဘူး။ မင်းတို့ငါ့ကို ဖမ်းခဲ့တဲ့မှတ်တိုင်ကိုပြန်ပို့ပေးလို့ပြောလို့ ..ပြန်တော့ပို့ပေးတယ်။ပိုက်ဆံငါးကျပ်ကိုအတင်းယူသွားတယ်။ လမ်းစားရိတ် ပြား ၇၀ ဆင့်တောင်မနဲတောင်းယူရတယ်။ မလေးကရဲ တွေ..အဲလောက် ငတ်ကြီးကျ တာ .? ..အဲဒီတုန်းက လစာထုတ်လို့ မြို့ထဲကိုငွေလွှဲဖို့သွားမယ်ဆိုရင် တော်တော်သတိထားရတယ်။ ရဲ နဲ့ တိုးလို့ကတော့ ရဲက တွေ့သမျှ အကုန်သိမ်းတော့တာ၊ တခါသား ဆို ..ကျနော်သူ့ငယ်ချင်း ကမာရွတ်က ၊ မင်းမင်း တဲ့ ..သူက လစာကို လေးငါးလလောက်စုထားတာ ၊ သူတို့မိသားစုနေတဲ့အိမ်ဂရံကိုမိဘတွေက အဆင်မပြေလို့ပေါင်ထားတာကို ပြန်ရွေးပေးဖို့ ငွေမှီအောင်လေးငါးလစုထားတဲ့ငွေ သွားအလွှဲမှာ ယခု MYDIN, အရင်က METROJAYA. ပေါ့။အဲဒီမှာ ရဲ က ဖမ်းပြီး စစ်တာ ..အလုပ်လုပ်ခွင့်ပါမစ် မရှိတော့ ရဲ က ပါသမျှ ငွေ အားလုံးကို အကုန်ယူလိုက်တယ်။ မင်းမင်း ခဗျာ ...ထိုင်ရှိခိုးပြီးတောင်းပန်တာ ၊ မရဘူး ...ရဲက မင်းမင်းဆီက မလေးငွေ ၄၀၀၀ကျော်လောက်လည်း ယူလည်းပြီးတော့ ပြေးတော့တာ ..ရဲက အဲဒီနေရာမှာကို မနေတော့ဘူး။ မင်းမင်းခဗျာမျက်နှာပေါ်က မျက်ရည်တွေ တသွင်သွင်စီးကျလာပြီးဒီကောင်လည်းဘာမှကိုစကားမပြောနိုင်တော့ပဲ ငုပ်တုပ်ထိုင်နေရင်း မျက်ရည်တွေကအဆက်အပြတ် ကိုစီးကျလာတာ .. ကျနော့်ရင်ထဲမှာတော်တော်ထိခိုက်တယ်။ ခုချိန်ထိ မျက်လုံးထဲက မထွက်ဘူး။ နောက်ပြီး ရန်ကုန်ကမာရွတ်မှာရှိနေတဲ့ သူ့မိသားစု အိမ်ဂရံပေါင်ထားတာကို သူ့မိသားစု ဘယ်လိုရှင်းမလဲ ..? သူမိသားစု မရှင်းနိုင်လို့ ဒီမလေးရှားမှာရှိတဲ့ သူ့သားကိုလှမ်းပြီးအကူအညီတောင်းခါမှ ဒီမှာဒီလို ဖြစ်ရတယ်ဆိုတော့း ကျနော်လည်း သက်ပြင်းရှည်ကြီးကိုပဲ မှုတ်ထုတ်လိုက်မိတော့တယ်။ ရဲ ထွက်မသွားခင် ကျနော်က ရဲ ကို ပြန်မေးသေးတယ်။ မင်းက ပိုက်ဆံတွေအကုန်ယူတော့ ငါတို့က ဘယ်လိုပြန်မလဲ လို့ပြန်မေးပြောပြောစဉ်က ရဲ က ဘယ်မှာနေတာလဲ မေးပြီး အပြန်ဘတ်စ်စကားခ ဆိုပြီးရင်းဂစ် ၂ ကျပ် ပြန်ပေးခဲ့တယ်။ နောက်.. ကျနော် မင်းမင်းကို စိတ်ပြေအောင် စောင့်ပြီးခေါ်ပြီးမှ လိုင်းကား ဘတ်စကားအမှတ် 61 နဲ့ ပြန်လာခဲ့တော့တယ်။

အဲဒီတုန်းက နိုင်ငံခြားသားတွေကို လုတာ၊ယက်တာ ရိုက်တာ၊နှက်တာတွေ ၁၉၉၄ လောက်ထိသိပ်မရှိသေးဘူး။ အထူးသဖြင့် ကျနော်တို့ ဗမာ တွေကို သိပ်ပြီးတော့မလုပ်ရဲဘူး။ ဗမာတော်တော်များများက ကိုယ့်သူဌေးကိုတောင် လစာမပေးတာတို့၊ ကလိမ်ကကျစ်လုပ်တာ တို့လုပ်လာရင် သူဌေးကို ပြန်ပြီး စိန်ခေါ်တာ၊ချိန်းခြောက်တာ ၊ ပြန်ပြီးလုပ်တာတွေ ရှိတယ်။အဲဒီတုန်းက စနိုကာ မြင်းဂိမ်းဆိုင်တွေမှာတော့ လုတာ ယက်တာတွေ ရှိလာပြီ ၊ ဘာဖြစ်လို့လည်းဆိုတော့ စနိုကာချည်းပဲ ဖွင့်ရင် သိပ်တွက်ခြေမကိုက်ဘူး။ လောင်းကစားဂိမ်းပါတွဲဖွင့်မှ တွက်ခြေကိုက်တာကိုး၊ အဲဒီလောင်းကစားကလည်း မလေးရှားမှာ လိုင်စင်မပေးဘူး။ ခုချိန်ထိလည်း ရှိတယ်။ အခုတော့ ကွန်ပြူတာနဲ့ပေါ့လေ၊အရင်တုန်းကလို စက်ခုံကြီးတွေနဲ့ မဟုတ်တော့ဘူး။ ခုလည်း ဂိမ်းဆိုင်တွေဆိုတာ လိုင် စင် မရှိဘူး မပေးဘူး။ နောက် တဖြည်းဖြည်းနဲ့ ကေအယ်လ် မှာလည်း မြန်မာကုန်စုံရောင်းတဲ့ဆိုင်တွေ ၊ စတိုးတွေ၊ စားသောက်ဆိုင်တွေနဲ့ ဖွင့်လာကြတယ်။

ယခု မလေးရှားကေအယ်လ် မှာ အစောဆုံးဗမာဆိုင်တွေကတော့( ဇေယျာ ) ..ကို တင်မောင်ဆွေ ပါပဲ၊ နောက် ကိုသက်လွင်တို့( သိဓ္ဒိ၀င်ဆိုင်) နောက် ( အိန္ဒြာ ) ကိုခင်မောင်ဝင်း တို့ မရှေးမနှောင်းပါပဲ ၊ ဇေယျာ ဆိုင်က ( ကိုတင်မောင်ဆွေ )က အရင်တုန်းက ချောင်ကစ်ဖက်မှာနေတာ၊ ချောင်ကစ်က အဲဒီတုန်းကတော်တော်စည်တဲ့နေရာ၊ ရှုပ်တဲ့နေရာတခုပါ၊ မူးယစ်ဆေးဝါးနဲ့ မိန်းမလိုချင်ရင် ချောင်ကစ်သာ သွား;..ပေါ တယ်။ ကိုယ်ကတောင်ရှာစရာတောင်မလိုဘူး .သူတို့ကကိုထွက်လာပြီးလက်ဆွဲခေါ်တာ၊ ရင်းဂစ် ၁၀ .၁၅ ကျပ် ကနေ အစားစားပေါ့လေ၊ ဇေယျာ ကိုတင်မောင်ဆွေဆိုရင်လည်း အဲဒီ ချောင်ကစ်ဖက်ကနေပြီးတော့ ကျိုးစားပြီးတက်လာရတာ၊ ခုတော့စားသောက်ဆိုင်တွေပါဖွင့်ထားပြီးကြီးပွားတိုးတက်နေပါပြီ။ ဘ၀တွေကို တော်တော် နာခဲ့တဲ့သူတွေပေါ့။ကိုခင်မောင်ဝင်း ( အိန္ဒြာ )တို့လည်း အတူတူပါပဲ၊ အဲဒီဝန်းကျင်များကဆိုရင် ဟွန်ဒီငွေလွှဲလုပ်တဲ့သူမှန်သမျှက ငွေလွှဲမဲ့သူတွေရှိတဲ့နေရာကိုငွေလွှဲမဲ့သူများရင် လာပြီးတော့ ငွေကောက်ကြရတာ၊ ရဲ ပြဿာနာတွေ ရှိလို့ပါပဲ။

ဒီလိုနဲ့ .. ၁၉၉၅. ၁၉၉၆ ကျတော့ အလုပ်လုပ်ခွင့်ပါမစ်တွေ မလေးရှားအစိုးရ က ဖွင့်ပေးတယ်။ ပထမဆုံးပဲ ..ဗမာကိုတော့ အထူးစပါယ်ရှယ် ဆိုပြီးတော့ ဗီဇာကြေးက ၁၉. ၅၀ ယူထားတာတွေ့တယ်။ တခြား .ဘင်္ဂလားဒေ့ရှ် တို့ ၊ အင်ဒိုနီးရှားတို့ ၊ပါကစ္စတန်တို့၊ အိန္ဒိယတို့ ကတော့ ကျနော်တို့ထက် နည်းတယ်။ အတိအကျတော့ ကျနော်လည်းမမှတ်မိတော့ဘူး။ အဲဒီဝန်းကျင်က မလေးရှားမှာ နိုင်ငံရေးတက်ကြွသူ ဆိုလို့ကျနော်သိတာ.. ကျနော်ရယ် ၊ ကိုမင်းကျော်ရယ်၊ နောက် မစိမ်းခက် ( ကလန်းဖက်မှာနေ ) သမီးလေးတယောက်နဲ့၊ သူ့အမျိုးသားက ကလန်းဖက်က စက်ရုံတရုံမှာအလုပ်လုပ်တယ်။ မစိမ်းခက်က ABSDF ကျောင်းသားတပ်မတော်က တပ်ဖွဲ့ဝင်တွေလိုပြောတယ်။ မစိမ်းခက်ဆိုရင် မြန်မာ့ဥယျာဉ်စားသောက်ဆိုင်မှာ ပန်းကန်ဆေးအလုပ်လုပ်ရင်းနဲ့ ကို နိုင်ငံရေးလှုပ်ရှားမှု့တွေကို လုပ်ခဲ့တာတွေ့ရတယ်။ တခါကများဆိုရင် မစိမ်းခက် က ထိုင်းကိုအောက်လမ်းကနေ ဆင်းသွားတယ်။ အပြန်မှာ ကျောင်းသားအလံတော်နဲ့ ထိုင်းကမြန်မာသံရုံးကိုကျောင်းသားတပ်မတော်က ၀င်စီးတဲ့အခွေကိုမလေးထဲကို သွင်းလာတာ၊ သယ်လာရင်းနဲ့ ရှေ့မှာ check point တွေ့တာနဲ့ မစိမ်းခက်လည်း ကြောက်လန့်ပြီး ကျောင်းသားအလံတော်နဲ့ ထိုင်းသံရုံးကို ၀င်စီးတဲ့ တိတ်အခွေကို တောထဲမှာ ပစ်ထားခဲ့ရတယ်။မစိမ်းခက်လည်း တော်တော့်ကို နှမြောပြီး စိတ်ထိခိုက် စိတ်မကောင်းဖြစ်ရတာကို ကျနော့်အိမ်မှာ ကျနော့်ကို အသေးစိတ်ကိုပြောပြခဲ့တယ်။ အဲဒီကာလက ကျနော်တို့နိုင်ငံရေးလှုပ်ရှားတဲ့အုပ်စုတွေက အစည်းအဝေးလုပ်ရင် ကလန်းကားဂိတ် ( ယခု ပါဆာဆီးနီး ကားဂိတ် ) အဲဒီကုန်တိုက်ပေါ်မှာ ကွန်ပြူတာ ကဖေးဆိုင်မှာ တရက်ကို ဘယ်လောက်ပေးမယ်ဆိုပြီး အစည်းအဝေး တွေလုပ်ကြတယ်။ အဲဒီရက်ဆိုရင် အဲဒီကွန်ပြူတာဆိုင်က ပိတ်ပေးထားတယ်။ နေရာ ဌားတာပေါ့ ။ မစိမ်းခက်လည်း သမီးလေးတယောက်နဲ့ တော်တော့်ကို ရုန်းကန်ခဲ့ရရှာတယ်။ ( ယခုတော့ ဘယ်ရောက်နေလဲမသိတော့ )

(မှတ်ချက်). နှစ်ဆယ့်တနှစ်တာ မလေးရှားမှနှင့် မြန်မာအလုပ်သမားများဘ၀အကြောင်း အပိုင်း (၃) အနေနဲ့ဖြင့် ယခင်အချိန်က.. jalan minkaung .u thant ..လမ်းရှိ မြန်မာသံရုံး ရဲ့နှိပ်စက်ပုံတွေကိုထပ်မံတင်ပြပါအုန်းမည်။

ကျနော်မောင်လူဝေးပါ။
E.MAIL.mgluuway@gmail.com
kualalumpur. malaysia.
from;http://moemaka.com/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။