- Published on Saturday, 08 December 2012 06:43 Written by မောင်ခေတ်
ပါကစ္စတန်အမျိုးသားလွှတ်တော်က
“၂၀၁၂ အခမဲ့၊ မသင်မနေရ ပညာရေးဥပဒေ” ကို ပြဋ္ဌာန်းလိုက်ပြီဖြစ် သည်။ အသက် ၅ နှစ်မှ ၁၆
နှစ်အတွင်းကလေးသူငယ်များ၏ အခမဲ့ပညာသင်ကြားနိုင်ရေးကိုလည်း အာမခံ ချက်
အပြည့်အ၀ပေးလိုက်သည်။ ထိုဥပဒေကို ထုတ်ပြန်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
အလေးထား ကာ လေးစားလိုက်နာခြင်းလည်းဖြစ်ပါသည်။
သို့သော်
ထိုထုတ်ပြန်ထားသည့် ဥပဒေကို မည်မျှအကောင် အထည်ဖော်နိုင်မည်၊
ကျင့်သုံးအကောင်အထည်ဖော်နိုင်မည်ကတော့ စောင့်ကြည့်ရမည်ဖြစ်သည်။ ဥပဒေ သစ်ကို မကြာမီက
ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သော်လည်း မိဘများသည် သားသမီးများကို ကျောင်းပို့ရန်အတွက်
ဝန်လေးနေကြဦးမည်ဖြစ်သည်။ ဥပဒေအရ အရွယ်ရောက်ပြီးသည့် သားသမီးများကို ကျောင်းသို့
ပို့ဆောင်မှုမပြုလျှင် မိဘများကို ဒဏ်ရိုက်မည်ဖြစ်သည့်အပြင် ထောင်ဒဏ် ၃ လပါ
အပြစ်ပေးနိုင်သည်။ ကျောင်းနေအရွယ်ကလေးများကို လုပ်ငန်းခွင်များတွင်
ငှားရမ်းလုပ်ကိုင်စေသည့် အလုပ်ရှင်များကိုလည်း ဒဏ်ငွေနှင့်အတူ ထောင်ဒဏ် ၆ လ
ကျခံစေရန် ပြဋ္ဌာန်းထားသည်။
ပါကစ္စတန်နိုင်ငံသည်
ကျောင်းနေအရွယ်ကလေးသူငယ်များ ပညာဆုံးခန်းမတိုင်မီ ကျောင်းမှထွက်သွားရ သည့်ဦးရေ
ကမ္ဘာ့ ဒုတိယအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဥပဒေအရ နိုင်ငံတကာစာတတ်မြောက်ရေးကို
အကောင်အထည်ဖော်ပေးရန်လည်း ရည်ရွယ်ပုံရသည်။ ဥပဒေ ပြဋ္ဌာန်းလိုက်သည် ဆိုရုံမျှဖြင့်
ပါကစ္စတန် တွင် ကလေးများ ကျောင်းသို့ရောက်သွားမည်တော့ မဟုတ်ပေ။ ဥပဒေကို လိုက်နာရန်
အစိုးရအနေဖြင့် အရေးယူမှုများ၊ စောင့်ကြည့်မှုများ၊ အကောင်အထည်ဖော်ပေးမှုများ
အားနည်းလျှင် ပါကစ္စတန်မှကလေး များအတွက် ရင်လေးစရာ ဖြစ်နေပေလိမ့်ဦးမည်။
ဥပဒေကို
ပြဋ္ဌာန်းလိုက်ပြီး တစ်ပတ်အကြာတွင် အသက် ၁၄ နှစ်သမီးလေး မာလာလာ ယူဆပ်ဇိုင်ယာကို
တာလီဘန် သေနတ်သမားများက သေနတ်ဖြင့် ပစ်ခဲ့ကြသည်။ မာလာလာသည် အမျိုးသမီးများ ပညာသင်
ကြားခွင့်ကို အရွယ်နှင့်မလိုက် လှုပ်ရှားတိုက်ပွဲဝင်နေသူတစ်ဦးဖြစ်သည်။ ၂၀၁၃
အထွေထွေရွေးကောက်ပွဲ မတိုင်မီ လပိုင်းလောက်အလိုတွင် ထိုခြောက်ခြားစရာ
သေနတ်ပစ်မှုကြီး ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ
၁၀ ရက်နေ့တွင် ပါကစ္စတန်၌ “မာလာလာနေ့” အဖြစ် ဂုဏ်ပြုကျင်းပကြသည်။ ထိုနေ့တွင် အစိုးရ
ကို ပြည်သူတွေကလည်း တောင်းဆိုမှုတစ်ခုကို လက်မှတ်များရေးထိုးကာ အစိုးရအား
လက်တုံ့ပြန်ခဲ့သည်။ ထိုတောင်းဆိုချက်မှာ အစိုးရသည် သမီးမိန်းကလေးများ
ကျောင်းတက်ရန်အတွက် မိဘများကို ပညာသင် ထောက်ပံ့ကြေးပေးရန်ဖြစ်သည်။ သို့ဖြစ်ရာ
အစိုးရသည် မာလာလာအရေးကို အလေးပေးသည့်အနေဖြင့် ကလေးများ ပညာသင်ကြားခွင့်ရရေးကိုပါ
ဆောင်ရွက်ပေးရတော့မည့်တာဝန် ပခုံးပေါ်ရောက်လာပြန်သည်။
နိုင်ငံရေးသဘောဆောင်နေသည့်
အမျိုးသားပညာရေးမူဝါဒကို ချမှတ်လိုက်ရခြင်းသည် အစိုးရအတွက် လည်း
အကြပ်အတည်းကိုဖြစ်စေသည်။ ပါကစ္စတန်တွင် ကလေးပေါင်း ၂၅ သန်းခန့် ကျောင်းထွက်ထားရ သည်။
ထိုအထဲတွင် ယခုမှ ကျောင်းပြန်တက်ရန် မူလတန်းလျှောက်လွှာရရှိထားသူ ၇ သန်းပါဝင်သည်။
ကျောင်းသားတွေကို ကျောင်းသို့ပြန်လာရန်သာ ခေါ်ထားသော်လည်း အဆောက်အအုံ၊
စာသင်ခန်းစသည့် ကျောင်း၏ရုပ်ပိုင်းဆိုင်ရာ အနေအထားတွေက အလုံအလောက်မရှိ။
အစိုးရကျောင်းများ၏ ၆၂ ရာခိုင်နှုန်း ခန့်တွင်သာ အိမ်သာတွေရှိသည်။
လျှပ်စစ်မီးသုံးနိုင်သည့် ကျောင်းတွေက ၃၉ ရာခိုင်နှုန်းခန့်သာဖြစ်သည်။
ပါကစ္စတန်တွင်
“တစ္ဆေကျောင်း” ဟုခေါ်သည့်ကျောင်းပေါင်း ၂၅၀၀၀ ခန့်ရှိသည်။ တစ္ဆေကျောင်းဆိုသည် မှာ
စာရွက်ပေါ်တွင်သာ အမည်ခံကျောင်းဟုပြထားပြီး၊ အခြား ရည်ရွယ်ချက်အမျိုးမျိုးဖြင့်
အသုံးပြုနေသော နေရာများဖြစ်သည်။ ဥပမာ တိရစ္ဆာန်မွေးမြူသည့်နေရာ၊ လူဆိုးဂိုဏ်းများ၏
ဌာနချုပ်၊ မူးယစ်ဆေးဝါးဖြတ် ရန် ကုသဆောင်၊ တရားမ၀င်လက်နက်ပုန်းများ
သိုလှောင်ရာနေရာများအဖြစ် အသုံးပြုနေသော အမည်ခံ ကျောင်းများဖြစ်သည်။
တစ္ဆေကျောင်းရှိသလို တစ္ဆေဆရာတွေလည်းရှိသည်။ ထိုဆရာတွေသည် စာမသင်ရ သော်လည်း
ထိုကျောင်းများတွင် လစာတွေထုတ်စားနေကြသူများဖြစ်သည်။ အစိုးရဘဏ္ဍာထဲမှ ရူပီး သန်း
နှင့်ချီပြီး လစဉ်ဆုံးရှုံးနေရသည်။
လက်ရှိ
ပါကစ္စတန်နိုင်ငံအနေအထားသည် ကပ်ဘေးဒုက္ခများကို ရင်ဆိုင်နေရသလို၊ လုံခြုံရေးအနေအထား
ကလည်း တစ်နေ့တစ်ခြား ဆိုးရွားနေသည်။ လွန်ခဲ့သည့် ၃ နှစ်ခန့်ကတည်းက နွေခေါင်ခေါင်
ရေတွေကြီးပြီး ကျောင်းတွေပျက်စီးကုန်သည်။ ထိုပျက်စီးနေသည့် ကျောင်းများအတွင်း
အိုးပျောက်အိမ်ပျောက်တွေက ၀င်နေကြသည်။ ကလေး ၁ ဒသမ ၈ သန်းခန့်
ကျောင်းမတက်နိုင်ရခြင်းတွင် ထိုအကြောင်းတရားများကို လည်း
ထည့်တွက်ရမည်ဖြစ်သည်။
အနောက်မြောက်ပိုင်းရှိ
ခီဘာ ပါ့ခ်ထွန်ခ၀ါပြည်နယ်တွင် တာလီဘန်စစ်သွေးကြွများက ကျောင်းပေါင်း ၇၁၀ ကို
ဖျက်ဆီးလိုက်ကြသည်။ ထို့ကြောင့် ကလေးပေါင်း ၆၀၀၀၀၀ ခန့် တစ်နှစ်ကျော်
ကျော်ပညာရေးနှင့် ဝေးခဲ့ကြရသည်။ ကလေးတွေ ပညာရေးအတွက် လုံခြုံမှုကိုပင် မပေးနိုင်သည့်
အနေအထားဖြစ်သည်။
ထိုသို့သော
အနေအထားများတွင် ပါကစ္စတန်နိုင်ငံသည် ကုလသမဂ္ဂ၏ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး
ပန်းတိုင်ကို လှမ်းနိုင်ဖို့ ဝေးနေဦးမည်သာဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင်
ထောင်စုနှစ်ပန်းတိုင်က ၈၈ ရာခိုင်နှုန်း စာတတ်မြောက်ရမည်၊ ရာနှုန်းပြည့်
မူလတန်းပညာကို သင်ကြားနိုင်ရမည်ဆိုခြင်းမှာ ပါကစ္စတန်နှင့်
အလှမ်းဝေးနေဦးမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစိုးရအနေဖြင့်လည်း ပညာရေးအတွက်
ဘတ်ဂျက်တွေ ပုံအောသုံးရန် အနေအထားမရှိ။ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်တွင် ပါကစ္စတန်သည် ပညာရေး
အတွက် ခွဲဝေပေးသည့် အသုံးစရိတ်မှာ ၂ ဒသမ ၃ သန်းသာဖြစ်သည်။ ထိုအချိန်တွင်
ပါကစ္စတန်နိုင်ငံ၏ ကာကွယ်ရေးအတွက် နိုင်ငံ GDP မှထုတ်ယူသုံးစွဲနေသည့် ဘတ်ဂျက်မှာ ၁၈
ဒသမ ၄ ရာခိုင်နှုန်းခန့်ဖြစ်ရာ ပညာရေးနှင့် ကာကွယ်ရေးအသုံးစရိတ် အဆပေါင်းများစွာ
ကွာခြားနေကြောင်းတွေ့ရသည်။
ပါကစ္စတန်ပညာရေး
အထူးစီမံကိန်းဆောင်ရွက်ချက်သည် ယမန်နှစ်ကပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အစိုးရ သည်
ထိုစီမံချက်အတွက် ရူပီးငွေ ဘီလီယံ ၁၀၀ ခန့်အပိုသုံးလိုက်ရသည်။ ဒေါ်လာငွေ ၁
ဘီလီယံခန့်ဖြစ် သည်။ သို့သော် ပညာရေးအတွက် ရေရှည်စီမံကိန်းများဖြင့် ပန်းတိုင်ကာ
မနီးနိုင်သေးသည့် အနေအထား တွင်ဖြစ်သည်။ ပြည်တွင်းရှိ နိုင်ငံရေးနှင့်
လူမှုရေးအဖွဲ့အစည်းတွေကလည်း ပညာရေးအတွက် နိုင်ငံ GDP မှ ၄ ရာခိုင်နှုန်းခန့်
အသုံးပြုရန် ၀ိုင်းဝန်းတိုက်တွန်းနေကြသည်။ အကယ်၍ အစိုးရသည် မာလာလာကို
လေးစားဂုဏ်ပြုရိုးမှန်လျှင် ထိုပညာရေးအသုံးစရိတ်ကို ခွင့်ပြုရမည့်
အနေအထားသို့ရောက်နေသည်။ ထုတ်ပြန်ထားသည့် ဥပဒေကို အကောင်အထည်ဖော်နိုင်မည့်
နည်းလမ်းမှာလည်း မှတစ်ပါး အခြားမရှိ ဆိုသည့် အနေအထားသို့ ရောက်နေသည်။
မှတ်ချက်။
။ Huma Yusuf ၏ Ghost Education ကို မှီငြမ်းပါသည်။
http://www.maukkha.org/index.php/feature-article/2639-2012-12-08-06-43-20
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။