By တစ်ခါတစ်လေရေးဖြစ်တဲ့ ဒိုင်ယာရီ on Monday, December 10, 2012 at 10:30am ·
အခုတစ်လော စိတ်ထဲမယ် ဆရာဝန်တွေကို တယ်ဘ၀င်မကျချင်ဘူး။ ဒင်းတို့လုပ်ပုံတွေကြောင့် မပြောချင်ဘဲ ပြောရဦးမယ်။ ကျုပ်က မတရားမှုဆို တယ်မခံချင်ဘူး။ စိတ်ထဲမတွေ့ရင် မတွေ့သလို like လုပ်၊ share လုပ်၊ comment ၀င်ပေးတတ်တဲ့ ရဲရဲတောက် ဖေ့စ်ဘုတ်မျိုးချစ်ဗျ။
"မကျေနပ်ရင် ဘလော့ပစ်လိုက်" ဆိုတဲ့ လက်သုံးစကားနဲ့ ရွပ်ရွပ်ချွံချွှံ
တော်လှန်ခဲ့တဲ့ အမှန်တရားဘက်တော်သားကွ။ ကြီးကြီးငယ်ငယ် လူမျိုးဘာသာကျားမရွေး
ဘယ်သူမှ ဗိုလ်မထားဘဲ ဝေဖန်ဆဲဆိုခဲ့တာ ကျုပ်ပဲ။ မြန်မာပြည်ကြီးရဲ့ အလုံးစုံသော
အရေးကိစ္စကို ထိုးထွင်းသိမြင်တယ်။ တစ်နိုင်ငံလုံးရဲ့
ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဖြေရှင်းဖို့ ကျုပ်မှာ ထင်မြင်ချက်တွေ ရှိတယ်။
အဲဒီထင်မြင်ချက်တွေအားလုံးမှန်တယ်လို့ ကျုပ်ဟာကျုပ် သေချာတယ်။ အဲဒီတော့ ယဉ်ကျေးဖို့
မလိုဘူး။ တစ်ခြားရှုထောင့်ကနေ စဉ်းစားဖို့မလိုဘူး။ တစ်ဖက်သားခံသာအောင်၊
လုပ်ချင်လာအောင် ဆွဲဆောင်ပြောဆိုဖို့ နည်းလမ်းရှာဖို့ မလိုဘူး။ ဆဲဖို့ပဲလိုတယ်။
ပွဲဆူအောင်လုပ်တာဟာ အဖြေပဲ။ positive criticism ဆိုတာ သူရဲဘောကြောင်သူတွေရဲ့
အလုပ်ပဲ။ ကိုယ်မှန်တယ်ထင်ရင် ကျယ်ကျယ်လောင်လောင် ဆဲရဲရမယ်။ ကျုပ်မှာ လွတ်လပ်စွာ
ပြောဆိုပိုင်ခွင့် ရှိတယ်။ အဲဒါကို ကျုပ်ဘာသာကျုပ် အပြည့်အ၀ အသုံးချတယ်။
ခင်ဗျားမကျေနပ်ရင် ပြန်ပြော။ ရန်ဆိုတာ ဆွပေးမှ ဖြစ်တာ။ ရန်ဖြစ်ဖို့ဆို ကျုပ်ကလာထား။
ရန်ပွဲကို ရှောင်ရင် ပျော့ညံ့ရာကျတယ်။ ကိုယ်နဲ့ မတူရင် အားလုံးဟာ ရန်သူပဲ။
တစ်ယောက်ကို တစ်ယောက်တိုက်ခိုက်နေတာဟာ အကျိုးသင့် အကြောင်းသင့်ပြောတာထက် တာသွားတယ်။
သူသေကိုယ်သေ တိုက်ခိုက်ခြင်းဟာ တိုးတက်ခြင်းရဲ့ လမ်းစပဲ။
ဒီမှာ ကျုပ်ပြောမယ်။ police case ကိုတောင်
ရဲအရေးပိုင်တဲ့ ရာဇ၀တ်မှုလို့ ရေးလိုက်တဲ့ ဆရာဝန်တွေ။ "သပိတ်မှောက်သဖြင့်
မီးသင့်လာသော ဘုန်းဘုန်းလူနာများအမှု" ဆိုပြီး တုံးအသစ်လုပ်ပြီးမှ ထုပါလား။ ဘာလဲ
မြန်မာပြည်ကို မကောင်းစားစေချင်ဘူးလား။ အသက်စွန့်ပြီး သပိတ်မှောက်နေတဲ့သူတွေကို
ငြိုငြင်တာလား။ ဒီမိုကရေစီကို ဆန့်ကျင်ပြီး နောက်ကြောင်းပြန်လှည့်ချင်တာလား။
တစ်သက်လုံး ရေးနေကျအတိုင်း ရာဇ၀တ်မှုလို့ ရေးလိုက်ရင် အဆဲခံနိုင်ရတယ်ဆိုတာတောင်
မတွေးမိဘူးလား။ ဒီလောက်တွေးခေါ်မြော်မြင်နိုင်စွမ်းမရှိတဲ့ ဒင်းတို့ ဆရာဝန်တွေကို
ဘယ်လိုလုပ် အသက်ကို ထပ်ပြီး ယုံရတော့မလဲ။ ဒါမှမဟုတ် အဲဒီတုံးမထုဘဲနဲ့ တစ်ခုခုဖြစ်မှ
တရားရုံးကို ကိုယ်တိုင်လိုက်ရှင်းပါလား။ ဆေးရုံမှာ လူနာတွေနဲ့ လုံးလည်ချာလည်
လိုက်နေရတာကလွဲလို့ အားနေကြတာပဲ မဟုတ်လား။ မသကာ ဆမပြုတ်ရုံပေါ့။ ဆမပြုတ်တော့
ဘာဖြစ်လဲ။ အကြင်နာတရားကင်းမဲ့တဲ့ ဆရာဝန်တွေ။ ဆေးရုံက လခပေးထားတာတောင်
ညနေဆေးခန်းထိုင်ကြသေးတယ်။ ကိုယ့်ဘာသာ အိမ်မှာ အေးဆေးနေပါ့လား။ ငွေမက်ကို
မက်တယ်။
ဆေးရုံမှာ ဘာဖြစ်ဖြစ်၊ ဖြစ်သမျှ ဆရာဝန်က
တာဝန်ယူရမှာပေါ့။ မြင်းလှည်းသမားက ချသွားတာပဲ ဖြစ်ဖြစ်၊ ဆေးရုံထဲသွင်းဖို့
ထော်လီသွားရှာနေတာပဲ ဖြစ်ဖြစ်၊ မဖို့ လူခေါ်နေတာပဲ ဖြစ်ဖြစ်၊ ငွေညှစ်ချင်တဲ့
အပေါက်စောင့်က ပညာပြထားတာပဲ ဖြစ်ဖြစ် ဆရာဝန်တွေမှာ တာဝန်ရှိတယ်။ မြေပြင်ပေါ်မှာ
လူတစ်ယောက်လုံးချထားတာတောင် မသိရအောင် အထဲမှာ ဆရာဝန်တွေ ဘာလုပ်နေလဲ။ ခင်ဗျားတို့
ဒီလောက်ပဲ အလုပ်ရှုပ်သလား။ တွေ့ပြီဆိုရင်လည်း မြန်မြန်ကလေး ပြေးလားလေ။ ဘာလို့
ဒီလောက်ကြာနေတာလဲ။ ဓာတ်ပုံရိုက်တဲ့သူကတောင် ရိုက်ပြီးသွားပြီ။ ခင်ဗျားတို့က
ရောက်မလာသေးဘူး။ ပြောတဲ့သူလောက်တောင် လုပ်တဲ့သူက မလုပ်နိုင်ဘူးလား။ ကျုပ်တောင်
ဝေဖန်ပြီးသွားပြီ။ ခင်ဗျားတို့ က လုပ်လို့ ပြင်လို့ မပြီးသေးဘူး။ ခင်ဗျားတို့
ဆရာဝန်တွေ တော်တော်လိုသေးတာပဲ။ ဘယ်လူနာရောက်သလဲလို့ အားအားရှိ အပြင်ကို
ထွက်ကြည့်နေပါ့လား။ အပြင် ထွက်မကြည့်နိုင်ရအောင်၊ ဆေးရုံလာတဲ့လူနာကို
အပြင်မှာထွက်မကြိုရအောင် ခင်ဗျားတို့က ဘာမို့လဲ။ ဂျူတီကုတ်ဝတ်ရတယ်ဆိုပြီး
ဘ၀င်မြင့်မနေနဲ့။ ဆေးရုံ level မှာ ဖြစ်သမျှပြဿနာ ဆေးရုံ level နဲ့ ဖြေရှင်းလို့
မရရအောင် ခင်ဗျားတို့ ဆရာဝန်လုပ်နေပြီး management မတတ်ဘူးလား။ ပြောတော့ ၆နှစ်တောင်
သင်ခဲ့ရတယ်ဆို။ ၀န်နဲ့အား မမျှလည်း ဆရာဝန်မှာပဲ တာဝန်ရှိတယ်။ တိုင်းပြည်နဲ့ စနစ်ကို
လွှဲမချနဲ့။ ကိုယ့်ကိစ္စ ကိုယ်တာဝန်ယူ။ ခင်ဗျားတို့ ဆေးကုချင်လို့ ဆရာဝန်လုပ်တာ
မဟုတ်ဘူးလား။ ဘယ်သူက အတင်းလုပ်ခိုင်းလို့လဲ။ ကိုယ့်ဘာသာ ငွေမက်ပြီး
ဆရာဝန်လုပ်ချင်တာကိုး။ ပင်ပန်းလည်း သေအောင်ကု။ ဆရာဝန်ဆိုတာ လူ့အသက်နဲ့
ဆိုင်တဲ့အလုပ်။ 24/7 တာဝန်ရှိတယ်။ 24/7 တာဝန်သိရမယ်။ ဆေးရုံမှာ ဆေးမရှိလည်း
ဆရာဝန်မှာ တာဝန်ရှိတယ်။ ဒီဆေးကဘာလို့ မရှိရတာလဲ။ ခင်ဗျားတို့ ဘုံးထားတာ နေမှာ။
ရှိအောင်လုပ်ပေး။ ဆရာဝန်ပဲဟာ ဆေးမရှိ ဆေးဖိုးစိုက်ပြီး ကုပေါ့။ လာသမျှလူနာ
စိုက်မကုရအောင် ခင်ဗျားတို့ ဆရာဝန်စိတ်မရှိဘူးလား။ ခင်ဗျားတို့ ဆွေမျိုးမိဘတွေဆို
စိုက်မကုဘဲနေမလား။ ခင်ဗျားတို့ ဆွေမျိုးသားချင်းတွေကို စိုက်ကုသလို
လာသမျှလူနာကိုလည်း စိုက်ကုပေး။ ကျုပ်တို့ကို သေစေချင်တာလား။ ဘယ်မှာလဲ
လူသားချင်းစာနာထောက်ထားမှု။ ဘာလဲ ပိုက်ဆံမပေးနိုင်တဲ့ လူနာမို့ မကုချင်တာလား။
ပြောတော့ ဆရာဝန်တွေဆို။
ကုရင်အချိန်မီသေးတဲ့ ရင်သားကင်ဆာကို ရမ်းကုဆီမှာ
ကျုပ်ဘာသာကျုပ် ကျေနပ်လို့ အိမ်တိုင်ချွတ်ပြီး ရောဂါကျွမ်းတဲ့အထိကုတယ်။
အခြေအနေဆိုးလာတော့ ဆေးရုံမှာ ဆရာဝန်နဲ့ သွားပြတယ်။ ဆရာဝန်က ခွဲရမယ်၊ ပြီးရင်
ဓာတ်ကင်ရမယ်လို့ ပြောတယ်။ ဆေးရုံမှာ ကုန်လိုက်တဲ့ ပိုက်ဆံကလည်း သောက်သောက်လဲ။
ခွဲခန်းခကအစ ဓာတ်ဆီဖိုးအဆုံး ပေးရတယ်။ ဓာတ်ကင်ဖို့လည်း လနဲ့ချီပြီး စောင့်ရတယ်။
ကိုယ့်ထမင်းကိုယ် ၀ယ်စားရတယ်။ ကိုယ့်ဆေးကိုယ်ဝယ်သောက်ရတယ်။ ပြည်သူ့ဆေးရုံသာ ဆိုတယ်။
ဘာမှ အလကား မရဘူး။ ဒါပိုက်ဆံညာယူတာ။ ဒင်းတို့ အိတ်ထဲပဲ ထည့်မှာ။ ဆေးရုံမှာ ကြုံရတဲ့
အဆင်မပြေမှုတွေအားလုံး၊ မပြည့်စုံမှုတွေအားလုံး ဆရာဝန်တွေ မှာပဲ လုံးဝဥသုံ
တာဝန်ရှိတယ်။ အလကား ဆရာဝန်တွေ...ထွီ။
မအိပ်ရလို့၊ လူနာများလို့၊ ပင်ပန်းလို့
ဟောက်မိတာပါဆိုပြီးတော့ မဟုတ်တန်းတရား ဆင်ခြေတွေလာမပေးနဲ့။ ဆရာဝန်ဆိုတာ လူမဟုတ်ဘူး။
ဆရာဝန်ဆိုတာ ဆရာဝန်။ ဘာဖြစ်ဖြစ်ပြုံးထားရမယ်။ ချိုသာနိုင်ရမယ်။ တစ်နေ့ကို
လူနာရာကျော်ကြည့်ရတယ်ဆိုပြီး ဘွာတေးလာလုပ်တာတော့ လက်မခံနိုင်ဘူး။
ခင်ဗျားတို့ဆရာဝန်တွေကို ကြည့်ရတာ လူနာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြချင်ပုံမရဘူး။
ပြီးပြီးရော ကြည့်ချင်နေပုံပဲ။ မျက်နှာကြောကလည်း တင်းလို့။ အိမ်က ကလေးနေမကောင်းလို့
ဟုတ်လား။ အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေ ရှိလို့ ဟုတ်လား။ တော်စမ်းပါ။
သူများနိုင်ငံက မနက် ၁၀ ယောက်၊ ညနေ ၁၀ ယောက်ကုရတဲ့ GP တွေလို မချိုသာတာ၊
အချိန်မပေးနိုင်တာ ခင်ဗျားတို့ ညံ့တာပဲ။ ဘယ်လုပ်နိုင်မလဲ။ ခင်ဗျားတို့
မြန်မာဆရာဝန်တွေက အဆင့်မှ မမီတာ။ ရှက်တတ်ရင် သေလိုက်တော့။ ကျန်တဲ့
အစိုးရရုံးတွေမှာသာ လုပ်စားနေတဲ့ ၀န်ထမ်းကြီးငယ်တွေကို ကျုပ်တို့က
ဟုတ်ကဲ့ပါဆရာဆိုပြီး ချိုချိုသာသာနဲ့ ပြောမယ်။ ဆေးရုံရောက်လာရင်တော့ ခဏစောင့်ရတာနဲ့
တွေ့ပြီပဲ။ မီးပွင့်သွားမယ်။ ကျုပ်အမျိုးကို အနည်းဆုံးတော့ ဘန်ကောက်ဆေးရုံက
ကုသလိုကု။ မကုနိုင်ရင် ခင်ဗျားတို့ အသုံးမကျလို့။ နိုင်ငံတကာကလို မကုနိုင်ရင်
နိုင်ငံတကာ အဆင့်မီ ဥပဒေနဲ့တွေ့သွားမယ်။ တရားမစွဲရင်တောင် နိုင်ငံတကာ အဆင့်မီ စတုတ္ထ
မဏ္ဍိုင်နဲ့ တွေ့သွားမယ်။ ဖွ ...... ဦး ...... မှာ။
မသေမချင်းမှတ်ထား။ ဆရာဝန်အားလုံးဟာ
လူယုတ်မာတွေချည်းပဲ။ ကျန်တဲ့သူတွေသာလျှင် တိုင်းပြည်ကို တည်ဆောက်နေတာ။ အဲဒီထဲမှာ
ဆရာဝန်မပါဘူး။ ဆရာဝန်ဆိုတာ သူ့မိသားစုကောင်းစားဖို့လောက် သိပြီး အားအားရှိ
ပိုက်ဆံရဖို့ ဆေးခန်းပဲထိုင်ချင်နေတဲ့ တစ်ကိုယ်ကောင်းသမားတွေ။ ဘာ ......
လူနာတွေများလို့ ည၁၁နာရီ ထိုးသွားတာ ဟုတ်လား။ စောင့်နေတဲ့သူတွေကို ကုပေးရမှာ
တာဝန်ပဲ ဟုတ်လား။ အပိုတွေ။ ပိုက်ဆံလိုချင်ရင် လိုချင်တယ်ပေါ့။
ပြန်လွှတ်လိုက်ပေါ့ဗျာ။ သေလည်း အေးတာပဲ။ မသေရင် နောက်နေ့ သူတို့ လာစောင့်ဦးမှာပေါ့။
ခင်ဗျားစောင့်ရတာမှ မဟုတ်ပဲ။ ခင်ဗျား ဒီလောက်ထိ အပင်ပန်းခံတာ ပိုက်ဆံရဖို့ကလွဲရင်
တစ်ခြားအကြောင်းကြောင့် မဖြစ်နိုင်ဘူး။ လူကြားကောင်းအောင် လျှောက်ပြောမနေနဲ့။
အသပြာမက်တဲ့၊ ဆရာဝန်မပီသတဲ့ ဆရာဝန်တစ်ချို့
ကျုပ်တွေ့ဖူးတယ်။ ဟုတ်တယ်။ ဒီအပေါ်မှာ မူတည်ပြီး ကျုပ်ကောက်ချက်ချပြီးပြီ။
အဲဒီကောက်ချက်က ဘာလဲဆိုတော့ ရှိရှိသမျှ ဆရာဝန်အားလုံး ဒီပုတ်ထဲက ဒီပဲတွေပဲ။
ကျုပ်ကောက်ချက်မှန်တယ်ဆိုတာ ကျုပ်သေချာတယ်။ ကျုပ်ထင်ရင် အဲဒါမှန်တော့တာပဲ။
တစ်ခြားဖြစ်စရာ မရှိဘူး။ ရှင်းရှင်းပြောမယ်။ အခုခေတ်ကြီးမှာ စေတနာဆရာဝန်ဆိုတာ
မရှိတော့ဘူး။ တစ်ယောက်တစ်လေမှ မကျန်ဘူး။ ရှိရှိသမျှ၊ တစ်ယောက်မကျန် မြန်မာပြည်က
ဆရာဝန်အားလုံး ငွေမက်တဲ့ ဖွတ်ကျားတွေပဲ။ ကျုပ်ပြောရာချင်ရာ ကျုပ်ပြောမယ်။
ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းချင်ရမ်းမယ်။ ခင်ဗျားတို့က ဆရာဝန်မို့လို့
ပြုံးပြုံးလေး နားထောင်။ မျက်နှာကို တံတွေးနဲ့ ထွေးသွားရင်တောင် ဆက်ပြုံးထား။
မျက်နှာတစ်ချက်မပျက်နဲ့။ ပြန်လည်း မဖြေရှင်းနဲ့။ မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲ
ဖြစ်ဖြစ် ငြိမ်ခံ။ လုံးဝပြန်မပြောနဲ့။ ပုထုဇဉ်ပီပီ မခံနိုင်လို့ ပြန်ပြောလို့ကတော့
အဲဒါ ဝေဖန်မှုကို လက်မခံနိုင်တဲ့သူပဲ။ တစ်ယောက်ချင်း ပြန်ပြောရင်
ကတ်ကတ်လန်အောင်ရန်တွေ့တဲ့၊ ဆရာဝန်မပီသတဲ့ အောက်တန်းစားဆရာဝန်လို့ သတ်မှတ်မယ်။
အားလုံးက ၀ိုင်းပြောရင် တစ်ကောင်ထိလို့ အားလုံးအာတဲ့ ကျီးတွေလို့ သတ်မှတ်မယ်။
ဆရာဝန်ဆိုတာ လူယုတ်မာ၊ ဆရာဝန်ဆိုတာ
စိုင်းအောင်တင့်၊ ဆရာဝန်ဆိုတာ လူသားမျိုးနွယ်စု တစ်ရပ်လုံးရဲ့ ရန်သူ။ ဆရာဝန်တွေကို
နိုင်သလောက် ချေမှုန်းသုတ်သင်ပစ်ရမယ်။ ဆော်သာဆော်၊ အားအားရှိငွေမက်၊
ဟောက်စားလုပ်နေတဲ့ဟာတွေ။ သူတို့ဆိုရင် ရေးသားရေး။ အဲလိုရေးမှ ဒင်းတို့ ငြိမ်မှာ။
ရေး လို့မှ အားမရသေးရင် ချောင်းရိုက်၊ ဓါးနဲ့ထိုး။ မသေသေးရင် အုတ်ခဲနဲ့ ထုခဲ့။ အဲ
မတော်တဆ ကိုယ့်လက်မ ကိုယ်ထုမိခဲ့ရင်တော့ ဆရာဝန်ဆီသွားပြမယ်။ ကျုပ်မှ မကုတတ်တာ။
အကုခံရင်းနဲ့ အဆင်ပြေရင် တစ်ခါလောက် ထပ်ဆဲခဲ့ဦးမယ်။ ဟုတ်တယ်လေ ဒင်းတို့က လူယုတ်မာ၊
ဒါနဲ့ပဲ တန်တာ။ ဟဲဟဲ....
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။