✠ဆရာကျောင်းပြောသော
ⓘⓡⓞⓝ ⓒⓡⓞⓢⓢ ✠
✾ ✿ ❀ ❁ ❃✾ ✿ ❀ ❁ ❃
Iron Cross ဆိုတာ ကျွန်တော့်နေမှုထိုင်မှုရဲ့
ဘဝအစိတ်အပိုင်းအဖြစ်ပါနေတုန်းပါပဲ။
ကျွန်တော်နဲ့ ကိုလေးဖြူနဲ့ ကန္တာရလမင်း တေးစီးရီးလုပ်ဖို့
ဝင်ဒါမီယာရပ်ကွက်အစမှာရှိတဲ့ ဦးတိုနီမဘုတ်ရဲ့ လင်းစတူဒီယို
အဝင်ဝက ဇီဇဝါ ရွက်ကြွေတွေပေါ်ကိုနင်းဖြတ်လျောက်ခဲ့ပြီး
ဝင်ရောက်လိုက်ခြင်းက iron cross နဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့
အဖွင့်စာမျက်နှာ ဖြစ်ခဲ့ပါတယ်။
ဦးဘွဲ့တဲ့၊ ကိုကိုလွင်တဲ့၊ ကောင်းဆက်တဲ့၊ ထွဏ်းထွဏ်းတဲ့၊
ချစ်စမ်းမောင်တဲ့ ခရမ်းတဲ့၊ ခင်မောင်သန့်တဲ့ ဗညားနိုင်တဲ့
ကျွန်တော်နဲ့ ကိုလေးဖြူ နဲ့ လင်းစတူဒီယိုတန်းလျားပေါ်မှာ
ငုတ်တုတ်ထိုင်စောင့်နေတုန်း ဟိုင်းလတ်ကားအနီရောင်နဲ့
လင်းစတူဒီယိုထဲကို ဝင်လာကြတာ အားလုံးဇာတ်လိုက်တွေ
ချည်းပဲပေါ့။
လင်းစတူဒီယိုပိုင်ရှင်ဒေါ်ဘုတ်က
အော် လေးဖြူတို့လား အေးအေး အိုင်စီလာလိမ့်မယ်
မြေနီကုန်းသွားပြီးဘရိတ်ဖတ်စားတယ် ခနနေရင်ရောက်ပြီ
အဲဒီမှာထိုင်စောင့်ဆိုလို့ ကျွန်တော်ရယ် ကိုလေးဖြူ ရယ်
မုံရွာက မောင်မှုးရယ် ၃ ယောက်လင်းစတူဒီယိုတန်းလျားပေါ်မှာ
ငုတ်တုတ်ပေါ့၊ ကျွန်တော်နဲ့ကိုလေးဖြူက ပုဆိုးတိုတိုနဲ့ဆံပင်တိုတိုနဲ့
မောင်မှုးက ဂျင်းဘောင်းဘီနဲ့ အောစတား ဦးထုတ်နဲ့။
ခဏနေတော့ ကျွန်တော်တို့ရှေ့ကတန်းလျားပေါ်ကို လာထိုင်တာက
ကိုခင်မောင်သန့် ဂျင်းဘောင်းဘီနဲ့ မြွေရေခွံခါးပတ်ကြီးနဲ့ ဆံပင်ကြီးက
ရှည်လိုက်တာမှအလွန်၊ ကိုလေးဖြူက ရွှေပြည်စိုးဖက်ကြမ်း
ဆေးလိပ်စည်းကြီးချပေးပြီး အစ်ကိုသောက်ဆိုတော့
ကိုခင်မောင့်သန့်က သူ့လက်ထဲက လပ်ကီးစထရိုက်ဆေးလိပ်ဘူးနဲ့
ဇစ်ပိုမီးခြစ်ပူးကိုင်ထားတာကိုပြရင်း ရတယ် ဒီမှာရှိတယ်တဲ့၊
ခဏနေတော့ ချစ်စမ်းမောင်က ဂျင်းဘောင်းဘီဝတ်ထားတဲ့မောင်မှုးကို
ကိုလေးဖြူကီးချိန်ရအောင်တဲ့ မောင်မှုးက ဗျာ ကျွန်တော်ကိုလေးဖြူ
မဟုတ်ဘူးဗျဆိုတော့ ဆောရီးနော်ဆောရီးတဲ့ ချစ်စမ်းမောင်ဆိုတဲ့
ညီလေးက ဆောရီးနော်ဆိုတာအဲဒီကစတာ အခုထိပဲ။
အားလုံးကိုမှတ်မိနေပါတယ် အခု iron cross တေးထုတ်လုပ်ရေး
ပိုင်ရှင်ကိုကိုလွင်က အိုင်စီတီးဝိုင်းရဲ့မန်နေဂျာ ဆေးကျောင်းသား
လူငယ်လေးပေါ့၊ ဘာလို့သူ့ကိုပြောရတာလည်းဆိုတော့
Iron cross တီးဝိုင်းက သူမွေးဖွားပေးခဲ့လို့ပဲပေါ့၊ ဒီလူတွေကိုစုပြီး
တီးဝိုင်းအသစ်တစ်ခုလုပ်မယ်ဆိုပြီး နာမည်ရွေးကြတော့
ဦးစောဘွဲမှူးရွေးပေးတဲ့နာမည်တွေထဲမှာ Holy Cross ဆိုတာလည်း
ပါတယ်၊ မန်နေဂျာလုပ်မယ့်ကိုကိုလွင်က အဖွဲ့ထဲမှာ ခရာစ်ယာန်လည်း
ပါတယ် ဗုဒ္ဓဘာသာလည်းပါတယ် ဒီတော့ IRON CROSS လို့ပဲလုပ်။
အဲဒါ ဧပြီလ ၂၇ ရက်ပဲ့ပေါ့၊
လင်းစတူဒီယိုရယ် ၊ အိုင်စီရယ် ခေတ်များစွာကိုဖြတ်သန်းပြီး
အလုပ်များစွာလုပ်ခဲ့ပြီးနိုင်ငံတစ်နိုင်ငံတလျားရဲ့နားတွေဆီ
ပါးစပ်ဖျားတွေဆီ၊ နှလုံးသားတွေဆီကို သီချင်းများစွာပို့ဆောင်
ပေးခဲ့တယ်၊ ကျွန်တော့်ဒီဇိုင်းဆရာဘဝတစ်လျောက်လုံးမှာလည်း
IRON CROSS ဆိုတဲ့အမည်ကို အကြိမ်ကြိမ်ရေးထိုးခဲ့ရတယ်။
IRON CROSS ဆိုတာလည်း အများအမြင်ထက် အနှစ်သာရပိုင်းမှာ
ကိုကိုလွင်ပြောခဲ့သလိုပဲ ခရာစ်ယာန်နှစ်ယောက် ဗုဒ္ဓဘာသာနှစ်ယောက်နဲ့
ဒီမိုကရေစီနည်းလမ်းတကျ ချီတက်ခဲ့တဲ့ သက်တမ်းအရှည်ကြာဆုံး
တံဆိပ်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။
ကျွန်တော့်အတွက် ပထမဆုံး IRON CROSS ရှိုးက
ပြည်သူ့ရင်ပြင်မှာပြုလုပ်တဲ့ ဂုဏ်ထူးဦးသိန်းနိုင်ရဲ့မြန်မာစာကျောင်းက
ဆုနှင်းသဘင်အခမ်းအနားပဲ၊ ကိုလေးဖြူ IRON CROSS နဲ့ပထမဆုံး
စတင်ဖျော်ဖြေတဲ့ပွဲကလည်းအဲဒါပါပဲ သူ့စီးရီးကမထွက်သေးဖူး
ဆိုတာ Everything i do ပေါ့၊ ကျွန်တော်က ဂုဏ်ထူးဦးသိန်းနိုင်
ကျောင်းမှာ အဲဒီတုန်းက ကျူရှင်ဆရာပေါက်စ လုပ်နေတဲ့အချိန်၊
ခနနေတော့ ဆုနှင်းသဘင်စတယ် IRON CROSS ကမန်နေဂျာ
ကိုကိုလွင်က ဂုဏ်ထူးကျောင်းထွက်ဆိုတော့ ဆရာဦးသိန်းနိုင်က
အငိုက်ဖမ်းပြီး ထူးချွန်ကျောင်းသားဆုဆိုပြီးပေးတယ် ကိုကိုလွင်က
သွားကိုအဆုံးဖြဲပြီးဆုတက်ယူနေတဲ့အချိန်မှာ ကိုခရမ်းက ကျွန်တော်တို့နဲ့
နောက်ကမြက်ခင်းပြင်ပေါ်မှာထိုင်နေရာကနေ ထပြေးပြီး
ဒရမ်စင်မှာချိတ်ထားတဲ့ တရုပ်ဘုံကျောင်းက ငှားလာတဲ့ မောင်းကြီးကို
ဂွမ်းကနဲ တီးချလိုက်တာ ကိုကိုလွင်နဲ့ ဦးသိန်းနိုင်တင်မကဘူး
တစ်ကွင်းလုံးဝါးကနဲရယ်ကြတာမှတ်မိနေတယ်။
အခုနေပြန်ကြည့်တော့ IRON CROSS နဲ့ နေခဲ့ရတဲ့ လင်းစတူဒီယိုက
ပုံရိပ်တွေက အားလုံးသွားတွေဖြဲပြီး ပျော်နေတဲ့ပုံရိပ်တွေပဲ၊
လင်းစတူဒီယိုကကြူကြူစိန်တွေရဲ့ ဖုန်းတွေခိုးနားထောင်နေတာတွေက
ကိုကိုလွင်ကဦးဆောင်မယ်၊ SLEEPING BAG ထဲမှာ ခေါင်းပဲဖော်ပြီး
ဝင်အိပ်တဲ့ ချစ်စမ်းမောင်ဘေးမှာ ပန်းအိုးလေးထောင်ပြီးအသုဘ
အခမ်းအနားလိုပြင်ဆင်တာတွေက ကိုခင်မောင်သန့်ကဦးဆောင်မယ်
ဦးဘွဲ့ကို ခန္တာကိုယ်ဝ ဝကြီးနဲ့ထလိုက်ပြီးလိုက်အောင် စဖို့က ကိုခရမ်းက
ဦးဆောင်မယ်။
အဲဒီလိုနေ့ရက်တွေနဲ့အတူ လင်းစတူဒီယိုတံခါးဝက ဇီဇဝါပွင့်တွေက
ကြွေလိုက်ဝေလိုက်ပဲ၊ ဇီဇဝါရွက်ခြောက်တွေပေါ်ကိုနင်းပြီးခနနေတော့
အငဲရောက်လာမယ်၊ဘိုဘိုရောက်လာမယ်၊ ညီပုလေးရောက်လာမယ်၊
ခရစ္စတိုဖာရောက်လာမယ်၊ စီယံရောက်လာမယ်၊ ဖိုးဖန်ရောက်လာမယ်
မာရဇ္ဇရောက်လာမယ်၊ ဇော်ပိုင်ရောက်လာမယ်၊ R ဇာနည်ရောက်လာမယ်
တင်ဇာမော်ရောက်လာမယ်၊ မဒီရောက်လာမယ်၊ ချောစုခင်ရောက်လာမယ်
ဆုန်သင်းပါရောက်လာမယ်။
ဇီဇဝါပွင့်တွေကို ၁၂ရာသီပန်းလို့တောင် ခေါ်တယ်မဟုတ်လား။
ကျွန်တော့်တစ်ယောက်ထဲအမြင်ပြောရရင်
IRON CROSS ကြောင့်လေးဖြူဖြစ်သလို လေးဖြူကြောင့် IRON CROSS
ဖြစ်ခဲ့တယ်လို့ဆိုချင်ပါတယ်၊လေးဖြူဖက်က စကားလေး ကျွန်တော့်ကို
ပြောဖူးတာရှိပါတယ် ငါတစ်ယောက်ထဲချိုပြီး ကျန်တဲ့သူတွေ ခါးနေလို့
ဘယ်လိုကောင်းနိုင်ပါ့မလဲ ဘယ်သူတွေဘယ်လောက်ဆိုခတွေရနေတယ်
ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့်အားလုံးချိုမှကောင်းမှာပေါ့တဲ့၊
အဲဒါ အဆိုတော်တစ်ကျပ်ရရင် တီးဝိုင်းပလေယာတစ်ယောက်ခြင်းစီ
တစ်ကျပ်ရကြတဲ့ မျှတမှုနဲ့အခြေခံထားတဲ့ တစ်လတစ်ကြိမ်ဒီအဆိုတော်
တွေနဲ့ပဲ ခင်ဗျားတို့အားပေးနေကြတဲ့ IRON CROSS ဆိုတဲ့အမည်နဲ့ ငွေရတုကျော် ခရီးဆက်နေဆဲ တစ်ခုတည်းသောတီးဝိုင်းပါပဲ။
အဲဒါ မန်နေဂျာဒေါက်တာကိုကိုလွင်စခဲ့တဲ့
ခရစ်ယာန်နှစ်ယောက် ဗုဒ္ဓဘာသာနှစ်ယောက်နဲ့ ဒီမိုကရေစီနည်းလမ်း
တကျချီတက်ခဲ့တဲ့ မြန်မာပြည်က IRON CROSS ဆိုတဲ့
တစ်ခုတည်းသော သက်တမ်းအရှည်ကြာဆုံးသောတီးဝိုင်းပါ။
IRON CROSS BANDသက်တော်ရာကျော်ရှည်ပါစေသော်။
Credit - ဆရာကျောင်း ✍ ဒီဇိုင်းမျိုးဆွေသန်း ✍

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။