အမေရိကန်နှင့် ယုံကြည်စိတ်ဦးနှောက်တံခါး
အမေရိကားမှာ ကလေးတွေရဲ့ လုပ်ချင်တဲ့ ယုံကြည်မှုစိတ်ဓာတ်ကို ဖခင်၊မိခင်တွေ ကိုယ်တိုင်အားပေးတယ်။ ငါလုပ်ရင်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေကို ပိုပြီးဦးနှောက်ထဲရောက်သွားအောင် ပံ့ပိုးပေးတယ်။ ဓာတ်ပုံမှာ ကြည့်ပါ။ သမီးငယ်က ခုံးနေတဲ့ လှေခါးကို သူတက်လို့ရရမယ်လို့ ယုံကြည်စွာ ဖြတ်သန်းနေတယ်။ ဒါကို ဖခင်ဖြစ်သူက ကူညီပေး တယ်။ မလုပ်နဲ့ ပြုတ်ကျမယ်၊ ခြေကျိုး လက်ကျိုးဖြစ်မယ်လို့... အော်ငေါက်တာမျိုး မလုပ်ဘူး။ ဒါဟာ ကလေးငယ်တွေရဲ့ မိမိကိုယ်မိမိ ယုံကြည်တဲ့စိတ်ကို ပိုပြီးမြင့်မားလာစေတယ်။ ငါလုပ်ရင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ပိုပြီးခိုင်မာသွားစေတယ်။ အဲဒီလို စိတ်ဓာတ်မျိုးတွေနဲ့ လူ့လောကကြီးကို ရဲရဲကြီးဖြတ်ကျော်ရဲရမယ်။ အရွယ်ရောက်နေတဲ့အထိ မိဘကို မှီခိုပြီး ကလေးလို တွယ်ကပ်နေတဲ့ စိတ်ဓာတ်ကင်းရမယ်။ ငါဟာ လောကထဲက လူသားတယောက် ဒါကြောင့် မလုပ်နိုင်ဘူး ဆိုတဲ့အရာ မရှိစေရဘူး။ လောလောဆယ် မဖြစ်သေးတာဘဲရှိတယ်။ ငါလုပ်နိုင်ရမယ်။ ဒီနည်း မဖြစ်ရင် နောက်တနည်းနဲ့ ကြိုးစားမယ်။ အဲဒီလို ယုံကြည်တဲ့ စိတ်ဓာတ်တွေ လူငယ်တိုင်းမှာ ရှင်သန်နေဖို့လိုတယ်။ ရှိနေဖို့လိုတယ်။ သူများ အနောက်က ဝေလေလေ မလုပ်ဘဲ ကိုယ်ကိုယ်တိုင် ဦးဆောင်ဦးရွက်လုပ်နိုင်ရမ
ယ်။ အမေရိကားမှာ ကလေးငယ်တွေ ဆော့ကစားတဲ့အခါ မလုပ်ရဘူးလို့ အော်ငေါက်တာ ကျွန်တော်တခါမှ မမြင်ဘူးပါ။ ဒီကလေး ဘာတွေလျှောက်လုပ် နေတာလဲဆိုပြီး နှိမ်ချပြောဆိုတာမျိုးလည်း မရှိပါ။
ထူးထူးခြားခြား စဉ်းစားတတ်သော ကလေးငယ်များကို ချီးမွန်းကြတယ်။ အားပေးကြတယ်။ ထူးထူးခြားခြား လုပ်ပြ နိုင်ကြတဲ့အခါ အလွန်သဘောကျကြတယ်။ “good job” လို့အမြဲတန်း ချီးကျူးကြတယ်။ ဒါဟာ ကောင်းသော အလေ့အထ တခုပါ။ ဒါကြောင့်လည်း ရှေ့ဦးတည်ထွင်သူ အမြောက်အများ အပေါ်ထွက်ခဲ့တာဖြစ်တယ်။ ပေါ်ထွက်နေတာ ဖြစ်တယ်။
ဝမ်းလျှာမှောက်သွားနေတဲ့ ကလေးငယ်တဦး အိမ်အဝ တံခါးနားရောက်တော့ တခါးကိုကုတ်ပြီး အားယူထတယ်။ ပထမအကြိမ် မအောင်မြင်ဘဲ ကလေးက ဘေးကိုပြုတ်ကျသွားတယ်။ ထပ်ပြီးကုတ်တက်ပြန်တယ်။ ဒါကို မိခင်က သဘောကျစွာနဲ့ ကြည့်နေတယ်။ သုံးလေးကြိမ်လောက်လုပ်ပြီးတဲ့အခါ ကလေးငယ်ဟာ ခြေမခိုင့်တခိုင် တုန်တုန်ရီရီနဲ့ တခါးကိုကိုင်ပြီး ရပ်နိုင်သွားတယ်။ မိခင်ဖြစ်သူက လက်ခုပ်တီးပြီး အားပေးလိုက်တယ်။ နောက်တော့ “good job baby” ဆိုပြီး အားပေးတဲ့အနမ်းနဲ့ ကလေးငယ်ကိုနမ်းပြီး ချီလိုက်တယ်။ မိခင်နဲ့အတူ ပြုံးနေတဲ့ ကလေးငယ်ကို ကျွန်တော်တွေ့ လိုက်ရတယ်။ ကျွန်တော်ငယ်ငယ် မြန်မာပြည်မှာ နေစဉ်က ကလေးတွေ တခုခုလုပ်မယ်လို့ ကြိုးစားလိုက်တိုင်း တခုခုဖြစ် တော့မှာဘဲဆိုပြီး စိုးရိမ်တတ်တဲ့ မြန်မာမိခင် အများစုနှင့် ယခု ကျွန်တော်တွေ့လိုက်ရသော အမေရိကန် မိခင်တို့၏ စဉ်းစား တွေးခေါ်ပုံမှာ ပြောင်းပြန်ဖြစ်နေပါတော့တယ်။
အမေရိကန်မိခင်တို့တွင် စိုးရိမ်စိတ်မှ ရှိပါလေစဟု ကျွန်တော်အတွေးရောက်ရပါတယ်။ တကယ်တော့ သူတို့ဟာ ကြိုးစားတတ်တဲ့စိတ်ကို သဘောကျနှစ်ခြိုက်တဲ့သူတွေပါ။ အမြဲတန်း တပါးသူကို မှီချင်တဲ့စိတ်ဓာတ်ကို မကြိုက်တဲ့သူတွေ ပါ။ လူရယ်လို့ဖြစ်လာရင် ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင်အောင် လုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်ကို ငယ်ငယ်ကတည်းက ခေါင်းထဲရောက်အောင် သင်ပြပေးနိုင်ခဲ့တဲ့သူတွေပါ။
ကလေးတွေရဲ့ စိုးရိမ်တတ်တဲ့စိတ်ဓာတ်ကို ပျောက်အောင်လုပ်ပြီး မိမိကိုယ်ကို ယုံကြည်စိတ်ပြည့်လာအောင် သွန်သင်ပေးတဲ့ နည်းမျိုးစုံကို အမေရိကားမှာ ကျွန်တော်တွေ့ရပါတယ်။ အဖေ၊အမေတွေကိုယ်တိုင် သားသမီးတွေနဲ့ အတူ ကစားတဲ့ လူမှုဆက်ဆံရေးမျိုးကိုလည်း အမေရိကားရောက်မှ ကျွန်တော်မြင်ဘူးခဲ့ပါတယ်။ သားသမီးနဲ့ မိဘတို့ရဲ့ ပွင့်လင်းတဲ့ လူမှုဆက်ဆံရေးမျိုးကို အမေရိကားမှာ လက်တွေ့မြင်ရချင်ပါ။
တနှစ်လောက်သာရှိသေးတဲ့ ကလေးငယ်ကို မိခင်ကိုယ်တိုင်က ဆီဆော်အမြင့်ပေါ်ကနေ လျှောချစေပြီး စီးစေတဲ့ မြင်ကွင်းမျိုးကိုလည်း ကျွန်တော်အမေရိကားရောက်မှ မြင်ဘူးခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက ကလေးငယ်တွေရဲ့ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေကို ကင်းနေအောင် လေ့ကျင့်ပေးတာကို တွေ့ရတယ်။ ယုံကြည်စိတ်ရှိလာအောင် လေ့ကျင့် ပေးတာကို တွေ့ရတယ်။ ကလေးငယ်တွေ ကစားနေရင်း မတော်တဆပြုတ်ကျသွားတဲ့အခါ “Is OK” လို့ နှစ်သိမ့်ပေးတဲ့ အလေ့ဟာ အမေရိကားမှာ အသားကျနေပါပြီ။
အမေရိကားမှာမွေးတဲ့ လူငယ်တွေဟာ ငယ်စဉ်ကတည်းက ကြောက်စိတ်ကင်းခဲ့ကြတာမို့ အရွယ်မရောက်ခင် ကတည်းက ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေပေါ်ကိုယ်ရပ်ချင်တဲ့စိတ် အလွန်ပြင်းထန်ကြတာကို တွေ့ရတယ်။ သူတို့ကိုယ် သူတို့ယုံကြည်ကြတယ်။ လူငယ်တွေဟာ သူတို့အချင်းချင်း လူမှုဆက်ဆံရေးမှာလည်း သွက်လက်ကြတယ်။ လူကြီးတွေနဲ့ ဆက်ဆံရာမှာလည်း စိုးရိမ်တတ်တဲ့အလေ့ မရှိကြဘူး။ ပြောရဲဆိုရဲ ရှိကြတယ်။
အမေရိကားမှာ မွေးဖွားကြီးပြင်းကြတဲ့ ကလေးတွေဟာ အော်ငေါက်တာ မခံရဘဲ ကြီးပြင်းခဲ့ကြရသူတွေဖြစ်တယ်။ ခြိမ်းခြောက် မခံရဘဲ ကြီးပြင်းခဲ့ကြရသူတွေဖြစ်တယ်။ သူတို့လုပ်ချင်တာကို လွတ်လပ်စွာ လုပ်ခွင့်ရပြီး ကြီးပြင်းကြရသူတွေ ဖြစ်တယ်။ သူတို့ရဲ့ ဦးနှောက်စဉ်းစားဥာဏ်ကို ပိတ်ပင်မခံရဘဲ ကြီးပြင်းခဲ့ကြရတယ်။ တဦးတယောက်ရဲ့ လွမ်းမိုးထားခြင်း မခံရဘဲ ကြီးပြင်းကြရတယ်။ သူများခိုင်းမှ လုပ်တတ်တဲ့ အလေ့အထထက် ကိုယ်တိုင်လုပ်တတ်တဲ့ အလေ့အထ ငယ်စဉ် ကတည်းက ရခဲ့ကြသူတွေဖြစ်တယ်။ အကြောက်တရားကင်းပြီး ကြီးခဲ့ရသူတွေဖြစ်တယ်။ စဉ်းစားတွေးခေါ်တတ်တဲ့ အတွေးအခေါ်ကို လက်တွေ့အသုံးချပြီး ကြီးခဲ့ကြသူတွေ ဖြစ်တယ်။
လူငယ်တွေရဲ့ လွတ်လပ်စွာ ယုံကြည်နေတဲ့စိတ်ဓာတ်ကို အသုံးချခွင့်ရှိစေရမယ်။ အဲဒီလို အသုံးချနိုင်ဖို့ လူကြီးတွေ က ကူညီဖို့လည်း လိုတယ်။ လူငယ်တွေရဲ့ စဉ်းစားနိုင်တဲ့၊ တွေးခေါ်နိုင်တဲ့ ဦးနှောက်တံခါးကို ဖွင့်ထားပေးခြင်းသည် အနာဂတ်ရဲ့ တိုင်းပြည်တိုးတက်မှုတံခါးပေါက်ကြီးကို ဖွင့်ထားခြင်းနှင့် တထပ်တည်းဖြစ်တယ်ဆိုတာကို အမေရိကန်နိုင်ငံ က လူငယ်တွေကိုကြည့်ပြီး ကျွန်တော်သိလိုက်ရပါတော့တယ်။
မင်းကျော်ကျော်ထွန်း(မော်လမြိုင်)
၂၀၁၃ အောက်တိုဘာလ ရ-ရက်၊ တနလာင်္နေ့။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။