ကို စိန်သန်း
ဆရာနဲ့ကျောင်းသား ဘယ်သူမှားလဲ
( မောက္ခပညာရေးမှ ကူးယူဖေါ်ပြပါသည် )
ကဗျာကို စကားပြေပြန်ရသောအလုပ်လောက် မိုက်မဲသောအရာမရှိဟု မြန်မာစာဆရာအကျော်အမော် တစ်ဦးက ပြောခဲ့ဖူးပါသည်။ ထိုအလုပ်ကိုပင် ကျွန်ုပ်တို့၏ဆရာများ မဖြစ်မနေလုပ်ကြရသည့်ကိစ္စမှာ မိုက်မဲမှုမဟုတ်လျှင်တောင်မှ ဝဋ်ကြွေးဟုဆိုရမည်ထင်ပါသည်။ ဖတ်ရှုလေ့လာသူ၏ ခံစားမှု၊ ရှုထောင့် အလိုက် နားလည်မှတ်ယူပုံ ကွဲပြားတတ်သည်။ ထိုသို့ကွဲပြားသည့်ကိစ္စသည် သင်ကြားသူဆရာနှင့် သင်ယူသူကျောင်းသားတို့အကြား အကွာအဝေးတစ်ခုဖြစ်သွားတတ်သည်ဆိုလျှင် စိတ်မကောင်းစရာ ဖြစ်ပါသည်။
ကျောင်းသားတစ်ဦးအနေနှင့် မိမိမရှင်းလင်းသည်များ၊ လက်ခံရန်ခက်ခဲသည်များ၊ သဘောမတူခြင်း များ အနည်းနှင့်အများရှိတတ်ပါသည်။ ယခုခေတ်မှာမှမဟုတ်ဘဲ ရှေးအခါကာလများဆီကတည်းက ရှိခဲ့ပါလိမ့်မည်။ ထို့ကြောင့်လည်း အင်းဝခေတ်စာဆို ရှင်မဟာရဋ္ဌသာရက စာသင်သားထူးချွန်ရေး လမ်းညွှန်ပန်းကုံးအဖြစ် 'သု၊ စိ၊ ပု၊ ဘာ၊ . . . . ' ကို ထားရှိခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
ပုစ္ဆေယျ-မေးမြန်းစရာရှိက မေးမြန်းသင့်သည်။ ဘာသေယျ-ပြောဆိုဆွေးနွေးဖလှယ်သင့်သည်ဟူသော အချက်များက အမှန်တကယ်လိုအပ်သော ကိစ္စဖြစ်၍သာ စာဆိုဆရာတော်က မိန့်မှာတော်မူခဲ့ခြင်းဟု ယုံကြည်ပါသည်။ ဤကဲ့သို့ဆိုလျှင် ယနေ့ကာလ စာသင်သား၊ ကျောင်းသူ၊ ကျောင်းသားလေးများ သည် မသိသည်၊ မရှင်းသည်ကို မေးမြန်း၊ ကွဲလွဲမှုများရှိနေခြင်းအပေါ် ဆွေးနွေးလုပ်ကြပါသလား၊ (သို့မဟုတ်) ဆရာများဘက်ကရော မေးမြန်းခဲ့၊ ဆွေးနွေးခဲ့လျှင် ကြည်ဖြူကျေနပ်ရှိကြပါသလား သိချင် မိပါသည်။ မလိုလားအပ်သော ရှုပ်ထွေးမှုများ ဖြစ်ကြပါသလားဟုလည်း စိုးရိမ်မိပါသည်။
မှုန်ဝါးနေလောက်အောင် မဝေးသေးသော အတိတ်ကာလဆီက ကျောင်းစာသင်ခန်းကလေး တစ်ခု အတွင်း၌ စိတ်လှုပ်ရှားဖွယ်ကောင်းသော လူသိနည်းသည့်ဖြစ်ရပ်ကလေးတစ်ခု ရှိခဲ့ဖူးပါသည်။ ပြဿနာမှာ ကဗျာတစ်ပုဒ်ကို စကားပြေပြန်ခြင်းဖြစ်ပြီး ရှုပ်ထွေးနောက်ကျိစေမှုက ဆွေးနွေးမိခြင်း ဖြစ်သည်။
မှတ်မှတ်ရရဆိုလျှင် နဝမတန်းပြဋ္ဌာန်းချက် ကဗျာတစ်ပုဒ်ဖြစ်သော ဆရာမငွေတာရီ၏ 'သာသည့်မြေ သို့' ဟူသည့် ကဗျာသင်ခန်းစာနေ့ ဖြစ်ပါသည်။ စာဆိုဆရာမ၏ တိုင်းကျိုးပြည်ပြု ကဗျာများထဲမှ တစ်ပုဒ်ဖြစ်သည်။ 'အလှထူးပါဘိ၊ မြဖူးပြာအငုံနှင့်၊ . . .' အစချီကာ ဖွံ့ဖြိုးတိုးတက်နေပြီးသော နိုင်ငံ ကြီးများ၏ သာယာလှပခေတ်မီပုံများကို ရောင်စုံပန်းအလှများနှင့် မွှေးပျံ့ဝေစည်နေသည့် ဥယျာဉ်ခြံ ကြီးနှင့် တင်စားဖွဲ့ဆိုထားသည်။ သင်ပြသူဆရာ၏ အသံသြဇာ၊ အာဘော်ကလည်း ကောင်းလှသည်။ ကျောင်းသား၊ ကျောင်းသူများမှာ ငြိမ်သက်စွာနာယူမှတ်သားနေကြသည်။ ကဗျာ၏ ဒုတိယစာပိုဒ် ရောက်လေပြီ။
“ငါ့ခြံကြည့်ပြန်တော့
မချိပူဗွေဖြာခဲ့
မြေပြာမှာ နေစာမတင့်နိုင်ဘု
စိမ်းရင့်ရောင် နွယ်ချုံပုတ်တွေက
ရှုပ်ထွေး ကလိမ်ခွေယှက်
အားပျက်စရာ”
မိမိတိုင်းပြည်ကလေး၏ ဆင်းရဲနွမ်းပါးနိမ့်ကျကာ အစစအရာရာ နောက်ကျခေတ်မမီ ဖြစ်နေသဖြင့် စိတ်ပျက်အားငယ်ပုံကို ပြုပြင်စောင့်ရှောက်မွမ်းမံပေးသူမရှိသော ချာတူးလန်ခြံနှင့် ထင်ဟပ်ပြပါသည်။ တကယ်ဆိုလျှင်တော့ ကျောင်းသင်ခန်းစာတစ်ပုဒ်အနေဖြင့် သိပ်ရှုပ်ထွေးစရာ မရှိလောက်အောင် ရှင်းလင်းသော ပသာဒဂုဏ်မြောက်အဖွဲ့ပင် ဖြစ်သည်။ သို့သော် ဟိုစာလေးတို့တိ၊ သည်ကဗျာလေးတို့ တိဖတ်လေ့ရှိပြီး အလွန်စပ်စုလျှာရှည်သော မောင်အောင်ဝင်းဆိုသော ငတိကျောင်းသားကြောင့် မလိုလားအပ်သော ရှုပ်ထွေးနောက်ကျိစရာ ဖြစ်ရပါတော့သည်။
“ဆရာ . . . ကျွန်တော်ဖတ်ထားဖူးတာက 'မွဲပြာခြောက်သွေ့နေသောမြေပေါ်မှာ နေစာမြက်ပေါက်၍ သော်မှ မတင့်တယ်ပါ' လို့ပြန်တာဆရာ။ အဲဒါလေးကို . . .”
မထင်မှတ်ဘဲထ၍ ဆွေးနွေးလိုက်တော့ မိကျောင်းသား အောင်ဝင်စကားကြောင့် ဆရာမှာ ရုတ်တရက် ကြောင်သွားပုံရပါသည်။ ထို့နောက် မျက်နှာကြီး နီမြန်းသွားသည်ဟု ထင်ပါသည်။ ဆရာက 'မွဲပြာ ရောင်မြေပြင်ပေါ်မှာ နေရောင်ခြည်စာလေးမျှ မကျရောက်နိုင်ပါ' ဟု စကားပြေပြုခဲ့ခြင်းဖြစ်သည်။ ဆရာနှင့် ကျောင်းသားနားလည်မှုလွဲကြလေပြီ။ အတန်းသားအားလုံးက အောင်ဝင်းကို ကြည့်လိုက် ကြသည်။ တချို့က မကြည်သောအကြည့်၊ တချို့က နားမလည်နိုင်သောအကြည့်၊ တချို့က ဒီကောင် တော့ ဒုက္ခရောက်တော့မယ်ဟု အဓိပ္ပာယ်ထွက်သောအကြည့်များဖြင့် ဝိုင်းကြည့်နေကြသည်။
မောင်အောင်ဝင်းလေးကတော့ သူမှားသွားပြီလားဟုတွေးကာ ချွေးတွေပြန်ပြီး ဆရာ့ကိုမကြည့်ရဲတော့ ပါ။ ထိုင်လို့လည်းမရ၊ ခဏအကြာတွင်-
“အေးကွ . . .၊ တချို့ကလေးတွေက ဟိုစာဖတ်သလို၊ ဒီစာဖတ်သလိုနဲ့ ဆရာကိုစမ်းသလို ဘာလို လုပ်ချင်တတ်ကြတယ်ကွ။ အေး . . . ငါကတော့ရပါတယ် . . .”
ဆရာ စိတ်ဆိုးသွားသည်။ သို့သော် တတ်နိုင်သမျှတော့ စိတ်ကိုထိန်းချုပ်ပြီး ခံစားမှုကိုထုတ်ပြောကာ အတန်းဆင်းလိုက်ပါသည်။ နှုတ်တောင်မဆက်လိုက်ကြဟု ထင်ပါသည်။ မိန်းကလေးများဘက်မှ ပွက်စိပွက်စိအသံလေးများက အောင်ဝင်းလေးဆီသို့ ဦးတည်နေတော့၏။ ထိုစဉ် မမျှော်လင့်ဘဲ ဆရာ ပြန်ရောက်လာသည်။
နှုတ်မဆက်ရန်လက်ကာပြပြီး မိန်းကလေးဘက်အခြမ်းကို မေးလိုက်ပါသည်။
“ဟေ့ . . မင်းတို့နေစာမြက်လို့ကြားဖူးလား၊ မြေစာလို့ကြားဖူးလား”
“မြေစာပဲ ကြားဖူးပါတယ် ဆရာကြီး”
ကျောင်းသူလေးများက သံပြိုင်ညီညာဖြေလိုက်ကြသည်။ တစ်ဖန်ဆရာက ယောက်ျားလေးဘက် အခြမ်းကို ထိုမေးခွန်းမေးပြန်ပါသည်။ ကျောင်းသားအဖွဲ့ကလည်း 'မြေစာမြက်' ပဲဖြေပါသည်။ ဆရာ့ မျက်နှာမှာ မူလအသားရောင်ပြန်ဖြစ်သွားပါပြီ။
“မင်းကရော . .”
ငမိုက်သားမောင်အောင်ဝင်း တစ်ဦးတည်းအတွက် မေးခွန်းဖြစ်သည်။ အောင်ဝင်းလေးက ဒီမေးခွန်း သူ့ဆီရောက်လာမည်ကို သိနေပြီးသားဖြစ်သော်လည်း ဆက်လက်မိုက်မဲဆဲ ဖြစ်ပါသည်။
“ကျွန်တော် . . နှစ်ခုစလုံး ကြားဖူးတယ်ဆရာ”
ပိုဆိုးသွားသည်။ ဆရာက ဘာမှမပြောတော့ဘဲ ချာခနဲလှည့်ထွက်သွားပါလေတော့သည်။ မောင် အောင်ဝင်းလေးလည်း အူလည်လည်နှင့် ကျန်ရစ်ခဲ့ပါသည်။ တစ်ခုတော့တော်ပါသေး၏။ 'အထောက် အထား၊ ကိုးကားပြစမ်း' ဟု မခိုင်း၍သာ။ အကယ်၍ခိုင်းခဲ့လျှင် လျှာရှည်ကျောင်းသားလေးက အရိပ် အကဲမသိ၊ အလိုက်ကန်းဆိုးမသိစွာ-
“ချိုးနှစ်ကောင်၊ ထနောင်းပင်ညီနောင်က၊
လွမ်းအောင်ကူချွဲ။
ပန်းတော်ဖြူ၊ ပင်မြက်နေစာထူလှ
ဖိုးတောင်သူ့တဲ”
ဟူသည့် ကဗျာလေးကို ရွတ်ချင်နေပါသေးသည်။ ဤသို့ဆိုလျှင် ဘာတွေဘယ်လိုဖြစ်လာမည်နည်း။ ဆရာနှင့် ကျောင်းသား ဘယ်သူမှားသလဲ မဝေခွဲတတ်ခဲ့ကြပါ။ အခုထိလည်း မဆုံးဖြတ်တတ်သေးပါ။ တစ်ခုခုကတော့ မှားနေမှာသေချာပါသည်။ ။
The Yangon Times Daily
Written by ခင်အောင်ဝင့်
http://maukkha.org/index.php/book-store/essay-maukkha/3609-2013-08-04-12-50-24

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။